ဟီမိုဂလိုဘင် အေဝမ်းစီ (HbA1c) စစ်ဆေးခြင်းသည် ယခုခေတ် ဆီးချိုရောဂါကုသမှုတွင် မပါမဖြစ် အရေးကြီးသော စစ်ဆေးမှုတစ်ခုဖြစ်လာသည်။ A1c ဟုလည်း အလွယ်တကူခေါ်ကြသည်။ ထိုစစ်ဆေးမှုသည် လွန်ခဲ့သည့်သုံးလအတွင်း မိမိ၏ခန္ဓာကိုယ် သွေးတွင်းသကြားဓာတ် ပျမ်းမျှပမာဏကို ပြပေးသည့် ဓာတ်ခွဲစစ်ဆေးမှုဖြစ်သည်။
A1c ပမာဏ များသည်နှင့်အမျှ လွန်ခဲ့သောသုံးလအတွင်း သွေးတွင်းသကြားဓာတ် များနေသည်ကို ဖော်ပြသည်။ ပုံမှန်သွေးတွင်းသကြားဓာတ်ကို စစ်ဆေးလျှင် လက်ရှိအချိန်၏ အခြေအနေကိုသာ သိမည်ဖြစ်သည်။
A1c စစ်ဆေးမှုကို ဓာတ်ခွဲခန်းတွင်လည်းကောင်း၊ ဆေးရုံ၊ ဆေးခန်းတွင်းရှိ ချက်ချင်းစစ်ဆေး၍ အဖြေထုတ်ပေးသည့်စက် (point-of-care test) များဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။
သွေးတွင်းသကြားဓာတ် ပမာဏ မြင့်မားနေသောအခါ သွေးထဲမှ သကြားဓာတ်များသည် သွေးနီဥ (Red Blood Cell) အတွင်းရှိ ဟီမိုဂလိုဘင် (Hemoglobin) ခေါ် ပရိုတင်းဓာတ်နှင့် အလိုအလျောက် တွယ်ကပ်လာသည်။ HbA1c ဆိုသည်မှာ ထိုသကြားဓာတ်များနှင့် ဟီမိုဂလိုဘင်တို့ တွယ်ကပ်ပေါင်းစပ်ထားခြင်းကို တိုင်းတာခြင်းဖြစ်ပြီး၊ သွေးတွင်း သကြားဓာတ်များလေလေ HbA1c ဖြစ်ပေါ်မှု များလေလေဖြစ်သည်။ သကြားဓာတ်များ ဤသို့တွယ်ကပ်ခြင်းသည် သွေးနီဥ မပျက်စီးမချင်း ပြန်လည်ပြုတ်ထွက်ခြင်းမရှိဘဲ ကျန်ရှိနေသည်။ သွေးနီဥတစ်လုံး၏ သက်တမ်းမှာ ပျမ်းမျှ သုံးလဖြစ်သောကြောင့် HbA1c သည် လွန်ခဲ့သည့် သုံးလအတွင်းရှိ သွေးချိုအခြေအနေကို ခန့်မှန်းဖော်ပြနေခြင်း ဖြစ်သည်။ HbA1c အဖြေကို စုစုပေါင်း ဟီမိုဂလိုဘင်၏ ရာခိုင်နှုန်း (percentage) အဖြစ် ဖော်ပြသည်။
ပြုလုပ်ရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
ဆီးချိုရောဂါ၏ အောက်ပါအခြေအနေများကို သိရှိရန် HbA1c ကို စစ်ဆေးရသည်။
- ဆီးချိုရောဂါ ရှိမရှိ
- အကြိုဆီးချိုရောဂါ ဖြစ်နေခြင်း ရှိမရှိ
- သွေးတွင်းအချိုဓာတ် ထိန်းနိုင်ခြင်း ရှိမရှိ
HbA1c ကို မိမိတွင် ဆီးချိုရောဂါ ဖြစ်နိုင်သည်ဟု သံသယရှိပါက (၃) နှစ် တစ်ကြိမ် စစ်ဆေးနိုင်သည်။ လူနာသည် အကြိုဆီးချိုရောဂါ ဖြစ်နေပါက တစ်နှစ်လျှင် တစ်ကြိမ် စစ်သင့်သည်။ ဆီးချိုရောဂါရှိနေပါက သွေးတွင်းအချိုဓာတ်ထိန်းသိမ်းမှု ကောင်းမွန်သူများတွင် အနည်းဆုံး (၆) လလျှင် တစ်ကြိမ် စစ်သင့်သည်။ အင်ဆူလင်ထိုးနေသူများနှင့် ဆီးချိုမထိန်းနိုင်သူများအနေနှင့် သုံးလလျှင် တစ်ကြိမ် စစ်သင့်သည်။
အကယ်၍ မိမိ၏မိသားစုဆရာဝန်မှ ဆီးချိုဆေးပြောင်းခဲ့လျှင် သို့မဟုတ် ဆေးအသစ်စခဲ့လျှင်လည်း ဆရာဝန်မှ HbA1c ကို အနည်းဆုံး (၃) လအကြာတွင် ပြန်လည်စစ်ဆေးလိမ့်မည်။
HbA1c စစ်ဆေးခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ
HbA1c စစ်ဆေးခြင်းသည် ပုံမှန် လက်ထိပ်ဖောက်၍ စစ်ဆေးခြင်းနှင့်မတူဘဲ သွေးချိုအခြေအနေကို ပိုမိုတိကျစွာ ဖော်ပြနိုင်သည်။
- ရေရှည် သွေးချိုထိန်းချုပ်မှုကို သိရှိနိုင်ခြင်း
HbA1c သည် လွန်ခဲ့သည့် သုံးလအတွင်းရှိ ပျမ်းမျှသွေးချိုပမာဏကို ပြသသည်။ Glucometer စက်ဖြင့် လက်ထိပ်ဖောက်၍ စစ်ဆေးခြင်းသည် ထိုဖေါက်စစ်သည့်အချိန်၏ သွေးချိုပမာဏကိုသာ သိနိုင်ပြီး အစားအသောက်၊ လေ့ကျင့်ခန်းစသည်တို့အပေါ် မူတည်၍ အပြောင်းအလဲ ရှိနိုင်သည်။ HbA1c သည် ထိုသို့အပြောင်းအလဲမဖြစ်ဘဲ ရေရှည်သွေးချိုထိန်းသိမ်းမှု ကောင်းမကောင်းကို သိရှိစေသည်။ - နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်သတိပေးခြင်း
HbA1c ပမာဏ မြင့်တက်နေခြင်းသည် သွေးချိုထိန်းချုပ်မှု မကောင်းကြောင်းကို ပြသပြီး၊ အချိန်ကြာလာသည်နှင့်အမျှ ကျောက်ကပ်၊ မျက်စိ၊ အာရုံကြောနှင့် နှလုံးကဲ့သို့သော ကိုယ်တွင်းအင်္ဂါများ ပျက်စီးနိုင်ကြောင်း အရေးတကြီး သတိပေးနေခြင်းဖြစ်သည်။ - ပျမ်းမျှ သွေးချိုပမာဏ (eAG) ကို ခန့်မှန်းနိုင်ခြင်း
HbA1c တန်ဖိုးမှတစ်ဆင့် ပျမ်းမျှသွေးချိုပမာဏ (estimated average glucose – eAG) ကို ခန့်မှန်းတွက်ချက်နိုင်သည်။ ဆေးခန်းသုံး စက်အများစုသည် HbA1c အဖြေနှင့်အတူ eAG ကိုပါ တစ်ပါတည်း ဖော်ပြပေးလေ့ရှိသည်။
စမ်းသပ်စစ်ဆေးပုံအဆင့်ဆင့်
စစ်ဆေးရန် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မလိုအပ်ပါ။ အစားအသောက် သီးသန့်ရှောင်ရန် မလိုပါ။ လက်ဖျံသွေးပြန်ကြောမှ သွေးကိုယူ၍ ဓာတ်ခွဲခန်းပို့ စစ်ဆေးမည်။ အချို့ဆေးခန်းများတွင် point-of-care test စက်များ ရှိပါက လက်ချောင်းထိပ်မှ သွေးကိုဖောက်၍ စစ်ဆေးနိုင်သည်။
သိရှိနိုင်သော အဖြေများ
HbA1c ပမာဏကို ရာခိုင်နှုန်း (percentage %) ဖြင့် ဖော်ပြသည်။ ပုံမှန်လူတစ်ဦးတွင် HbA1c သည် (4% – 5.6 %) ကြားတွင်သာရှိသည်။
| HbA1c level | ရောဂါအခြေအနေသတ်မှတ်ချက် |
|---|---|
| 5.7-6.4% | အကြိုဆီးချိုရောဂါ |
| >6.5% | ဆီးချိုရောဂါရှိနေခြင်း |
| >9% | ဆီးချိုရောဂါ၏ နောက်ဆက်တွဲများ ဖြစ်နိုင်ခြေ များလာသည် |
| >10% | အင်ဆူလင်ဖြင့် ကုသရန်လိုသည့် အခြေအနေဖြစ်သည် |
HbA1c များလာသကဲ့သို့ ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး ဖြစ်နိုင်ခြေလည်း များလာမည်ဖြစ်သည်။ ထို့ကြောင့် ယခုခေတ်တွင် HbA1c ကိုကြည့်၍ ဆေးညှိကုသသောကုထုံးသည် စံကုထုံးဖြစ်သည်။ HbA1c ကို (6.5 -7%) အောက်သို့ရောက်ရန် ရည်ရွယ်ပြီး ဆီးချိုရောဂါဆေးဝါးများကို ညှိနှိုင်းသောက်ရန်လိုသည်။ သို့မှသာ ဆေးသောက်ခြင်း၏ အကျိုးကို ခံစားရမည်ဖြစ်သည်။ ဆေးသောက်နေသော်လည်း HbA1c သည် သတ်မှတ်ဂဏန်းပမာဏသို့ မရောက်ပါက အကျိုးမရှိပါ။
HbA1c အလွန်နည်းပါက ဆီးချိုဆေးများကို ဆရာဝန်နှင့်တိုင်ပင်၍ ပြန်လည်ညှိနှိုင်းရန် လိုအပ်သည်။ သို့မဟုတ်ပါက သကြားဓာတ်အလွန်ကျခြင်း ဖြစ်နိုင်သည်။
HbA1c အဖြေမှားနိုင်သည့် အခြေအနေများ
ဆီးချိုရောဂါရှိသော်လည်း ဖြစ်သင့်သည့်ပမာဏထက် နည်းနေသည့်အကြောင်းရင်းများ
- သွေးနီဥများကွဲခြင်းရောဂါ
- အချို့မွေးရာပါ သွေးရောဂါများ
- လတ်တလော သွေးသွင်းထားခြင်း
- လတ်တလော သွေးထွက်လွန်ထားခြင်း
- ထရိုင်ဂရစ်စရိုက် အဆီချိုး များနေခြင်း
- အသည်းခြောက်ခြင်း (Cirrhosis of liver)
- သံဓာတ်အားဆေး သောက်ထားခြင်း
- ကိုယ်ဝန်ဆောင်
- ဗီတာမင် စီ၊ ဗီတာမင် အီး အများအပြား သောက်ထားခြင်း
ဆီးချိုရောဂါမရှိသော်လည်း ဖြစ်သင့်သည့် ပမာဏထက် များနေသည့် အကြောင်းများ
- အရက်စွဲခြင်း
- ဘီလီရူဘင် အဝါဓာတ်များခြင်း
- သံဓာတ်နည်းသည့် သွေးအားနည်းရောဂါ
- ဗီတာမင် ဘီ-၁၂ ချို့တဲ့ခြင်း
- နာတာရှည်ကျောက်ကပ်ရောဂါ
HbA1c စစ်ဆေးခြင်း၏ အားနည်းချက်များ
ဆီးချိုရောဂါ ဖြစ်ခါစလူနာများတွင် HbA1c သည် မတက်ပါ။ ထိုအချိန်တွင် Random Blood Glucose သို့မဟုတ် Fasting Blood Glucose တို့ဖြင့်သာ ဆီးချိုရောဂါကို ရှာဖွေနိုင်သည်ဖြစ်သည်။
ထို့အပြင် ဆီးချိုရောဂါလူနာတိုင်းကို စစ်ဆေး၍ မရနိုင်ပါ။ ရှားပါးဆီးချိုရောဂါ အမျိုးအစားအချို့၊ ရောဂါအခံတချို့နှင့် နာတာရှည် နောက်ဆက်တွဲရောဂါများရှိနေပါက HbA1c အဖြေသည် မှားနိုင်သဖြင့် မိမိ၏မိသားစုဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စစ်ဆေးသင့်သည်။
References:
- American Diabetes Association. (n.d.). Glycated hemoglobin (A1C) test. Retrieved September 10, 2025, from https://www.webmd.com/diabetes/glycated-hemoglobin-test-hba1c
- Diabetes UK. (n.d.). HbA1c: Looking after diabetes. Retrieved September 10, 2025, from https://www.diabetes.org.uk/about-diabetes/looking-after-diabetes/hba1c
Published: 30 August 2024
Last updated: 23 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.