Intrauterine insemination (သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း)

Intrauterine insemination (သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း)

သားအိမ်တွင်းသို့ သုက်ပိုးထည့်ခြင်းဆိုသည်မှာ အမျိုးသမီး သားဥကြွေချိန်တွင် အမျိုးသားသုက်ရည်ထဲမှ လှုပ်ရှားမှု အားအကောင်းဆုံးနှင့် ကျန်းမာသန်စွမ်းဆုံး သုက်ပိုးများကို ရွေးချယ်ပြင်ဆင်ပြီး သားအိမ်အတွင်း ထည့်သွင်းပေးသောနည်းဖြစ်သည်။ သားသမီးရရန် ခက်ခဲနေသော အိမ်ထောင်ရှင်များအတွက် ကူညီပေးနေသောနည်းပညာများထဲမှ ရိုးရှင်းသော နည်းပညာတစ်ခုဖြစ်သည်။ သားသမီးရရှိရန် ခက်ခဲစေသော အကြောင်းရင်း များစွာရှိနေပြီး ထိုအကြောင်းများစွာထဲမှ အချို့သောအခက်အခဲများကို ဤနည်းဖြင့် ဖြေရှင်းပေးနိုင်သည်။

Intrauterine insemination image
ပြုလုပ်သင့်သောအခြေအနေများ
  • ဇနီးနှင့် ခင်ပွန်း စစ်ဆေးမှုများ အားလုံးကောင်းသော်လည်း သားသမီးရရန် ခက်ခဲနေခြင်း
  • သားအိမ်ခေါင်းကျဉ်းနေသော သို့မဟုတ် သားအိမ်ခေါင်း ပုံမှန်မဟုတ်သော အမျိုးသမီးများ
  • အမျိုးသမီးနှင့်အတူ လိင်ဆက်ဆံချိန်တွင် သုက်ပိုးထုတ်ရန် ခက်ခဲသူများ (သို့မဟုတ်) အမျိုးသားဆီးပြွန်အဝ ပုံမှန်မဟုတ်သူများ (Abnormal Urethral Opening)
  • သားသမီးရယူခြင်းကို ခက်ခဲစေနိုင်သည့် ကင်ဆာကုထုံးမခံယူမီ၊ အမျိုးသားလိင်အင်္ဂါနှင့် ပတ်သက်သောရောဂါများ ကုသမှုမခံယူမီ မိမိ၏သုက်ပိုးကို ကြိုတင်သိမ်းဆည်းထားပြီး သိမ်းဆည်းထားသော သုက်ပိုးများကို ပြန်လည်ဖျော်ယူ၍ အသုံးပြုလိုသူများ

မပြုလုပ်သင့်သောအခြေအနေများ

  • သားဥပြွန်ချို့ယွင်းချက်ရှိသူများ
  • သွေးလုံးရောဂါရှိသူများ
  • အမျိုးသမီးအင်္ဂါရောင်ရမ်းသော ရောဂါရှိဖူးသူများ မပြုလုပ်သင့်ပါ

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း၏အကျိုးကျေးဇူးများ

ဤနည်းပညာ၏အားသာချက်မှာ အမျိုးသားသုက်ပိုးများ အမျိုးသမီး၏သားဥအနီးသို့ ဝင်ရောက်ရသော လမ်းကြောင်းကို တိုစေခြင်း၊ ကျန်းမာသန်စွမ်းသော သုက်ပိုးအများစု မမျိုးဥနားသို့ ရောက်နိုင်ခြင်း စသည့် အကြောင်းများကြောင့် ကိုယ်ဝန်ရနိုင်ခြေ ပိုများသည်။ အမျိုးသမီးအင်္ဂါအတွင်းသို့ ပိုးဝင်၍ ရောင်ရမ်းနိုင်ခြေမှာလည်း အလွန်နည်းပါးသည်။

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပုံအဆင့်ဆင့်
  • အမျိုးသမီးသားဥကြွေချိန်ကို တွက်ချက်ခြင်း (LH test, HCG စသည့် ဟော်မုန်းများစစ်ဆေးခြင်း၊ အာထရာဆောင်း ရိုက်ခြင်းဖြင့် တွက်ချက်နိုင်သည်)
  • သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်မည့်နေ့တွင် ပိုးသတ်၍ သန့်စင်ထားသော ဘူးအတွင်းသို့ အမျိုးသားသုက်ရည်ကို ထုတ်ယူခြင်း
  • သုက်ပိုးထုတ်ပြီးသည်နှင့် ဓါတ်ခွဲခန်းတွင် သုက်ပိုးသန့်စင်မှုအဆင့်ဆင့်ကို ပညာရှင်မှ ပြုလုပ်ခြင်း
  • ရွေးချယ်သန့်စင်ထားသော သုက်ပိုးများကို အမျိုးသမီးသားအိမ်တွင်း ထည့်သွင်းပေးခြင်း

အမျိုးသမီး၏ မွေးလမ်းကြောင်းတွင်းသို့ ဘဲနှုတ်သီးကိရိယာထည့်၍ အမျိုးသမီး သားအိမ်ခေါင်းကို ရှာဖွေသည်။ ထို့နောက် ရွေးချယ်သန့်စင်ထားသော သုက်ရည်ကို အထူးစီမံထုတ်လုပ်ထားသော ပိုက်ပျော့လေးဖြင့် သားအိမ်ခေါင်းမှတစ်ဆင့် သားအိမ်တွင်းသို့ ထည့်သွင်းပေးသည်။

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပြီးပါက ဝမ်းဗိုက်အောက်ပိုင်း အနည်းငယ် အောင့်နိုင်သည်မှလွဲ၍ မခံမရပ်နိုင်အောင် နာကျင်မှုမရှိပါ။ သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပြီး (၁) ရက် (၂) ရက်အတွင်း သွေးအနည်းငယ်ဆင်းနိုင်သည်။ သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း နည်းပညာကို လစဉ်ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ပါက အောင်မြင်နိုင်ခြေပိုများသည်။ အောင်မြင်မှုနှုန်းမှာ အမျိုးသမီးအသက်၊ သားသမီးရရန် ခက်ခဲသောအကြောင်းအရာများပေါ် မူတည်သည်။

ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးခြင်း

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပြီး (၁၄) ရက်အကြာတွင် ဆီးနှင့် သွေးစစ်ဆေးခြင်းဖြင့် ကိုယ်ဝန် ရှိမရှိကို သိရှိနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း နည်းပညာတွင် အမျိုးသမီးသားဥကြွေစေရန်‌ ဆေးများအသုံးပြုရသဖြင့် မမျိုးဥတစ်လုံးထက်ပို၍ ကြွေနိုင်သောကြောင့် အမြွှာကိုယ်ဝန်ရနိုင်ခြေ ပိုများသည်။ မွေးရာပါ ချို့ယွင်းချက်ရှိနိုင်ခြေရာခိုင်နှုန်းမှာ သဘာ၀အတိုင်းရသော ကိုယ်ဝန်နှင့် တူညီသည်။

References:

  1. Intrauterine insemination (IUI) patient education fact sheet. (n.d.). ReproductiveFacts.org. Retrieved August 30, 2024, from https://www.reproductivefacts.org/news-and-publications/fact-sheets-and-infographics/intrauterine-insemination-iui/

Published Date: 30 August 2024

Share

Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.