Intrauterine insemination (သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း)

Intrauterine insemination (သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း)

သားအိမ်တွင်းသို့ သုက်ပိုးထည့်ခြင်းဆိုသည်မှာ အမျိုးသမီး သားဥကြွေချိန်တွင် အမျိုးသားသုက်ရည်ထဲမှ လှုပ်ရှားမှု အားအကောင်းဆုံးနှင့် ကျန်းမာသန်စွမ်းဆုံး သုက်ပိုးများကို ရွေးချယ်ပြင်ဆင်ပြီး သားအိမ်အတွင်း ထည့်သွင်းပေးသောနည်းဖြစ်သည်။ သားသမီးရရန် ခက်ခဲနေသော အိမ်ထောင်ရှင်များအတွက် ကူညီပေးနေသော နည်းပညာများထဲမှ ရိုးရှင်းသော နည်းပညာတစ်ခုဖြစ်သည်။ သားသမီးရရှိရန် ခက်ခဲစေသော အကြောင်းရင်းများစွာရှိနေပြီး ထိုအကြောင်းများစွာထဲမှ အချို့သောအခက်အခဲများကို ဤနည်းဖြင့် ဖြေရှင်းပေးနိုင်သည်။

Intrauterine insemination image
ပြုလုပ်ရန်လိုအပ်သော အခြေအနေများ
  • ဇနီးနှင့် ခင်ပွန်းတို့တွင် စစ်ဆေးမှုများ အားလုံးကောင်းသော်လည်း သားသမီးရရန် ခက်ခဲနေခြင်း
  • သားအိမ်ခေါင်းကျဉ်းနေသော သို့မဟုတ် သားအိမ်ခေါင်း ပုံမှန်မဟုတ်သော အမျိုးသမီးများ
  • အမျိုးသမီးနှင့်အတူ လိင်ဆက်ဆံချိန်တွင် သုက်ပိုးထုတ်ရန် ခက်ခဲသူများ (သို့မဟုတ်) အမျိုးသားဆီးပြွန်အဝ ပုံမှန်မဟုတ်သူများ (Abnormal Urethral Opening)
  • သားသမီးရယူခြင်းကို ခက်ခဲစေနိုင်သည့် ကင်ဆာကုထုံးမခံယူမီ၊ အမျိုးသားလိင်အင်္ဂါနှင့် ပတ်သက်သောရောဂါများ ကုသမှုမခံယူမီ မိမိ၏သုက်ပိုးကို ကြိုတင်သိမ်းဆည်းထားပြီး ထိုသိမ်းဆည်းထားသော သုက်ပိုးများကို ပြန်လည်ဖျော်ယူ၍ အသုံးပြုလိုသူများ
မပြုလုပ်သင့်သောအခြေအနေများ
  • သားဥပြွန်ချို့ယွင်းချက်ရှိသူများ
  • သွေးလုံးရောဂါ (endometriosis) ရှိသူများ
  • အမျိုးသမီးအင်္ဂါရောင်ရမ်းသော ရောဂါရှိဖူးသူများ မပြုလုပ်သင့်ပါ

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများ
ဤနည်းပညာ၏အားသာချက်မှာ အမျိုးသားသုက်ပိုးများ အမျိုးသမီး၏သားဥအနီးသို့ ဝင်ရောက်ရသော လမ်းကြောင်းကို တိုစေခြင်း၊ ကျန်းမာသန်စွမ်းသော သုက်ပိုးအများစု မမျိုးဥနားသို့ ရောက်နိုင်ခြင်းစသည့် အကြောင်းများကြောင့် ကိုယ်ဝန်ရနိုင်ခြေ ပိုများသည်။ အမျိုးသမီးအင်္ဂါအတွင်းသို့ ပိုးဝင်၍ ရောင်ရမ်းနိုင်ခြေမှာလည်း အလွန်နည်းပါးသည်။

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပုံအဆင့်ဆင့်
  • အမျိုးသမီးသားဥကြွေချိန်ကို တွက်ချက်ခြင်း (LH test, HCG စသည့် ဟော်မုန်းများစစ်ဆေးခြင်း၊ အာထရာဆောင်း ရိုက်ခြင်းဖြင့် တွက်ချက်နိုင်သည်)
  • သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်မည့်နေ့တွင် ပိုးသတ်၍ သန့်စင်ထားသော ဘူးအတွင်းသို့ အမျိုးသားသုက်ရည်ကို ထုတ်ယူခြင်း
  • သုက်ပိုးထုတ်ပြီးသည်နှင့် ဓာတ်ခွဲခန်းတွင် သုက်ပိုးသန့်စင်မှုအဆင့်ဆင့်ကို ပညာရှင်မှ ပြုလုပ်ခြင်း
  • ရွေးချယ်သန့်စင်ထားသော သုက်ပိုးများကို အမျိုးသမီးသားအိမ်တွင်း ထည့်သွင်းပေးခြင်း

အမျိုးသမီး၏ မွေးလမ်းကြောင်းတွင်းသို့ ဘဲနှုတ်သီးကိရိယာထည့်၍ အမျိုးသမီး သားအိမ်ခေါင်းကို ရှာဖွေသည်။ ထို့နောက် ရွေးချယ်သန့်စင်ထားသော သုက်ရည်ကို အထူးစီမံထုတ်လုပ်ထားသော ပိုက်ပျော့လေးဖြင့် သားအိမ်ခေါင်းမှတစ်ဆင့် သားအိမ်တွင်းသို့ ထည့်သွင်းပေးသည်။

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပြီးပါက ဝမ်းဗိုက်အောက်ပိုင်း အနည်းငယ်အောင့်နိုင်သည်မှလွဲ၍ မခံမရပ်နိုင်အောင် နာကျင်မှုမရှိပါ။ သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပြီး (၁)ရက် – (၂)ရက်အတွင်း သွေးအနည်းငယ် ဆင်းနိုင်သည်။ သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း နည်းပညာကို လစဉ်ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ပါက အောင်မြင်နိုင်ခြေ ပိုများသည်။ အောင်မြင်မှုနှုန်းမှာ ပြုလုပ်မှုခံယူမည့် အမျိုးသမီး၏အသက်၊ သားသမီးရရန် ခက်ခဲသော နောက်ခံအကြောင်းအရာများပေါ် မူတည်သည်။

သတိပြုဆင်ခြင်ရမည့်အချက်များ

သားအိမ်တွင်း သုက်ပိုးထည့်သွင်းကုသမှု ခံယူပြီးနောက် သတိပြုဆင်ခြင်ရမည့်အချက်များနှင့် လိုက်နာရမည့်အချက်များမှာ_

  1. အနားယူခြင်း
    • စိတ်ရော ကိုယ်ပါ ကောင်းစွာ အနားယူပါ
    • ဖြစ်နိုင်လျှင် အိပ်စက်အနားယူပါ
    • အလေးအပင်များ မခြင်း ရှောင်ကြဉ်ပါ
  2. အာဟာရ
    • အာဟာရပြည့်ဝစွာ စားသုံးပါ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကျန်းမာရေးနှင့်ညီညွတ်သော အသားဓာတ်၊ ကစီဓာတ်များ မျှတစွာ စားပေးပါ
    • ရေများများ သောက်သုံးပေးပါ
    • ရှောင်ကြဉ်ရန် _ ကော်ဖီအလွန်အကျွံသောက်ခြင်း၊ အသင့်ပြုလုပ်ထားသောအစားအစာများ၊ အရက်သောက်သုံးခြင်း၊ မာကျူရီဓာတ်များသောငါးများ၊ အချိုကဲသောအစားအစာများနှင့် ဆီကြော်စာများ
  3. ဆေးဝါး
    • ဆရာဝန်မှ ညွှန်ကြားထားသော ဆေးဝါးများကို တိကျစွာ သောက်သုံးပေးပါ
  4. ရှောင်ကြဉ်ရမည့် အပြုအမူများ
    • ဆေးလိပ်သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်ပါ
    • အမျိုးသားနှင့် လိင်ဆက်ဆံခြင်းကို အနည်းဆုံး (၃) ရက်ခန့် ရှောင်ကြဉ်ပါ
    • စိတ်ဖိစီးမှု များစေနိုင်သော အပြုအမူနှင့် အကြောင်းအရာများကို ရှောင်ကြဉ်နေထိုင်ပါ
    • ရေနွေးကန်၊ ရေနွေးချိုးခန်းများတွင် ရေစိမ်ခြင်း၊ ရေပူပူဖြင့် ချိုးခြင်းများ ရှောင်ကြဉ်ပါ

ချက်ချင်းဆေးကုသမှုခံယူရန် လိုအပ်သော လက္ခဏာများ
အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်ထံ ချက်ချင်းပြသရန် လိုအပ်သည်။

  • ဝမ်းဗိုက်တွင် လွန်စွာမအီမသာဖြစ်ခြင်း (ပြင်းထန်သောနာကျင်ကိုက်ခဲမှု)
  • မိန်းမကိုယ်မှ သွေးဆင်းများခြင်း
  • အဖျားတက်ခြင်း
  • မိန်းမကိုယ်မှ ပုံမှန်မဟုတ်ဘဲ အနံ့ဆိုးနှင့် အရည်များဆင်းခြင်း

ကိုယ်ဝန်ရှိ၊ မရှိစစ်ဆေးခြင်း
သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း ပြုလုပ်ပြီး (၁၄) ရက်အကြာတွင် ဆီးနှင့် သွေးစစ်ဆေးခြင်းဖြင့် ကိုယ်ဝန် ရှိမရှိကို သိရှိနိုင်သည်။

နောက်ဆက်တွဲဆိုးကျိုးများ

သားအိမ်တွင်းသို့ သုက်ပိုးထည့်သွင်းခြင်း နည်းပညာတွင် အမျိုးသမီးသားဥကြွေစေရန်‌ ဆေးဝါးများ အသုံးပြုရသဖြင့် မမျိုးဥတစ်လုံးထက်ပို၍ ကြွေနိုင်သောကြောင့် အမြွှာကိုယ်ဝန်ရနိုင်ခြေ ပိုများသည်။ မွေးရာပါချို့ယွင်းချက် ရှိနိုင်ခြေရာခိုင်နှုန်းမှာ သဘာ၀အတိုင်းရသော ကိုယ်ဝန်နှင့်တူညီသည်။

References:

  1. American Society for Reproductive Medicine. (2021). Intrauterine insemination (IUI) [Patient education fact sheet]. Retrieved August 19, 2025, from https://www.reproductivefacts.org/news-and-publications/fact-sheets-and-infographics/intrauterine-insemination-iui/

Published Date: 30 August 2024

Last updated: 4 November 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.