မျက်လုံးနာကျင်ကိုက်ခဲခြင်း (Eye pain) သည် မျက်လုံး၏ အနောက်ဘက်၊ အတွင်းပိုင်း သို့မဟုတ် မျက်လုံးတစ်ဝိုက်တို့တွင် စူးရှသော နာကျင်မှု (sharp)၊ ကိုက်ခဲမှု (aching) သို့မဟုတ် တစ်ဆစ်ဆစ်နာကျင်မှု (throbbing) စသည့်ဝေဒနာများ ခံစားရခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရခြင်း၊ ရောင်ရမ်းခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ကြောင့် ဖြစ်ပေါ်နိုင်ပြီး မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ခံစားရနိုင်သည်။ မျက်လုံးနာကျင်ကိုက်ခဲခြင်းသည် အဖြစ်များပြီး စိုးရိမ်စရာမရှိသော်လည်း တစ်ခါတစ်ရံ ပြင်းထန်နိုင်သောကြောင့် ဆေးကုသမှုခံယူရန် လိုအပ်နိုင်သည်။ ဖြစ်ပေါ်ရသည့် အကြောင်းရင်းပေါ် မူတည်၍ မျက်စဥ်းခပ်ခြင်း၊ မျက်စိ အကာအကွယ်ပေးခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်း အစရှိသောနည်းလမ်း အမျိုးမျိုးဖြင့် ကုသမှု ခံယူနိုင်သည်။
ပိုးဝင်ခြင်းကြောင့် မျက်စိနီမြန်းခြင်း (Conjunctivitis) ကို မျက်စိနာခြင်းဟု လူသိများပြီး ၎င်းသည် မျက်လုံးနာကျင်ကိုက်ခဲခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာထဲမှ တစ်ခုဖြစ်သည်။ အဆိုပါမျက်စိနာခြင်းတွင် ပြင်းထန်သော နာကျင်ကိုက်ခဲမှုထက် မျက်စိထဲတွင် ခိုးလိုးခုလုဖြစ်ခြင်း (Grittiness) ကို ပို၍ခံစားရတတ်သည်။
မျက်လုံးနာကျင်ကိုက်ခဲခြင်း ဖြစ်စေနိုင်သော မျက်လုံးအစိတ်အပိုင်းများ
- မျက်ကြည်လွှာ (Cornea) – အလင်းစုစည်းနိုင်သော မျက်လုံးအရှေ့ဘက်ရှိ ကြည်လင်သည့် ပြတင်းပေါက်ကဲ့သို့ အလွှာ
- မျက်သားအဖြူ (Sclera) – မျက်လုံး၏ အဖြူရောင်အစိတ်အပိုင်း
- မျက်မြှေး (Conjunctiva) – မျက်သားအဖြူနှင့် မျက်ခွံအတွင်းပိုင်းကို ဖုံးအုပ်ထားသည့် အလွန်ပါးလွှာသော အဖုံးလွှာ
- မျက်နက်ဝန်း (Iris) – မျက်လုံး၏ အရောင်ရှိသော အပိုင်းနှင့် အလယ်ဗဟိုရှိ မျက်ဆံ
- မျက်လုံးအိမ် (Orbit) – ဦးခေါင်းခွံထဲရှိ မျက်လုံးနှင့် ၄င်း၏ ကြွက်သားများ တည်ရှိရာ အရိုးအိမ်
- မျက်လုံးပြင်ပကြွက်သားများ (Extraocular muscles) – မျက်လုံးကို လှည့်ပတ်နေသော ကြွက်သားများ
- အာရုံကြောများ (Nerves) – မျက်လုံးမှ ဦးနှောက်ဆီသို့ အမြင်ဆိုင်ရာ အချက်အလက်များ သယ်ဆောင်ပေးသော အာရုံကြောများ
- မျက်ခွံများ (Eyelids) အစရှိသော မျက်လုံးအစိတ်အပိုင်းများတွင် နာကျင်မှုများ ဖြစ်ပေါ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မျက်လုံးနာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများစွာ ရှိသည်။ ၄င်းတို့မှာ_
- ရောဂါပိုးဝင်ခြင်း (Infections)
မျက်လုံးကို လက်နှင့်ပွတ်သပ်ကိုင်တွယ်မိသည့်အခါ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး သို့မဟုတ် မှိုပိုး အစရှိသော ရောဂါပိုးမွှားများသည် လက်မှတစ်ဆင့် မျက်လုံးသို့ ကူးစက်နိုင်သည်။ ခန္ဓာကိုယ်၏ အခြားသောနေရာများမှလည်း မျက်လုံးဆီသို့ ရောဂါပိုးများ ကူးစက်ပျံ့နှံ့နိုင်သည်။ - မျက်ကပ်မှန်တပ်ခြင်း (Contact lenses)
မသန့်ရှင်းသော မျက်ကပ်မှန် သို့မဟုတ် မိမိနှင့် အံဝင်ဂွင်ကျမဖြစ်သော မျက်ကပ်မှန်ကို တပ်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် မျက်ကပ်မှန်ကို သတ်မှတ်ထားသည့် အချိန်ထက် ပိုမိုကြာမြင့်စွာ တပ်ဆင်ထားခြင်း (ဥပမာ _ ညအိပ်သည့်အချိန်တွင်ပါ ဝတ်ဆင်ခြင်း) သို့မဟုတ် သင့်လျော်စွာ ပြန်လည်ထားရှိခြင်း မပြုလုပ်ပါကလည်း မျက်စိပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ - ဓာတ်မတည့်မှုများ (Allergies)
ပန်းဝတ်မှုန်များ၊ ဖုန်မှုန့်များ သို့မဟုတ် တိရိစ္ဆာန်များနှင့် ဓာတ်မတည့်မှု ရှိပါက မျက်လုံးယားယံပြီး နာကျင်မှုများ ဖြစ်ပေါ်နိုင်သည်။ - အဆိပ်အတောက်များ (Toxins)
စီးကရက်မီးခိုးများ၊ လေထုညစ်ညမ်းစေသော အရာများ၊ ရေကူးကန်ရှိ ကလိုရင်းဓာတ် သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် ဓာတုပစ္စည်း အမျိုးအစားများနှင့် ထိတွေ့ခြင်းကြောင့် မျက်လုံးယားယံပြီး နာကျင်လာနိုင်သည်။ - ရောင်ရမ်းခြင်း (Inflammation)
ရောဂါပိုးများ၊ ကိုယ်ခံအားစနစ်တုံ့ပြန်မှုများကြောင့် မျက်လုံးများ ရောင်ရမ်းခြင်း သို့မဟုတ် အရောင်ပြောင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ မျက်လုံး၏ အဖြူရောင်အစိတ်အပိုင်းသည် အနီရောင်သို့ ပြောင်းသွားကာ အလင်းဒဏ်ကို မခံနိုင်ဘဲ မျက်စိနာကျင်မှုဝေဒနာကို ခံစားရနိုင်သည်။ - မျက်လုံးတွင်း ဖိအားများခြင်း (Increased eye pressure)
မျက်လုံးအတွင်းရှိ အရည်များ ကောင်းစွာမစီးဆင်းနိုင်သောအခါ မျက်လုံးအတွင်း ဖိအားများလာပြီး မျက်စိနာကျင်ခြင်း ဖြစ်ပေါ်လာနိုင်သည်။ - ပြင်ပမှ အရာဝတ္တုများ (Foreign bodies)
မျက်လုံးထဲတွင် ပြင်ပမှ အရာဝတ္တုတစ်ခုခု (ဖုန်မှုန်ကဲ့သို့သော အရာ) သည် မျက်လုံးကို ယားယံစေနိုင်ပြီး နောက်ဆက်တွဲအနေဖြင့် မျက်လုံးနာကျင်ကိုက်ခဲလာနိုင်သည်။
အတွေ့ရများသော မျက်လုံးပြဿနာများနှင့် ယှဥ်တွဲလာသော လက္ခဏာများ
| မျက်လုံးပြဿနာများ | ယှဥ်တွဲလာတတ်သော လက္ခဏာများ |
|---|---|
| ပြင်ပမှ အရာဝတ္ထုများ (Foreign bodies) | မျက်ရည်ထွက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ မျက်လုံးထဲ တစ်စုံတစ်ခု ရှိသကဲ့သို့ ခံစားရခြင်း |
| မျက်ကြည်လွှာ ပွန်းပဲ့ခြင်း (corneal abrasion) | မျက်လုံးထဲတွင် တစ်စုံတစ်ခု ရှိနေသကဲ့သို့ ခံစားရခြင်း၊ မျက်ရည်ကျခြင်း၊ မျက်လုံးနီရဲခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း၊ အမြင်ဝေဝါးခြင်း |
| မျက်မြှေးရောင်ရမ်း၍ မျက်စိနာခြင်း (Conjunctivitis) | မျက်လုံး ခိုးလိုးခုလုခံစားရခြင်း (gritty sensation)၊ ပူစပ်ပူလောင်ခံစားရခြင်း၊ မျက်လုံးများ စေးကပ်နေခြင်း |
| အလွန်ပြင်းထန်ခေါင်းတစ်ခြမ်းကိုက် ရောဂါ (Cluster headache) | မျက်လုံးပတ်လည်တွင် စူးရှသော၊ ပူလောင်သော သို့မဟုတ် အပ်နှင့်ဖောက်သကဲ့သို့ ခံစားရခြင်း |
| ရောဂါပိုးဝင်ခြင်း (Infections) | မျက်လုံးနီရဲခြင်း၊ အမြင်ဝေဝါးခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း |
| ရေတိမ်ရောဂါ (Glaucoma) | အမြင်အာရုံထိခိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း |
| မျက်လုံးခြောက်ခြင်း (Dry eye) | မျက်လုံးထဲတွင် တစ်စုံတစ်ခု ရှိနေသကဲ့သို့ ခံစားရခြင်း၊ အလင်းဒဏ် မခံနိုင်ခြင်း |
| မျက်လုံးအတွင်းသား ရောင်ရမ်းခြင်း (Uveitis) | စာဖတ်သောအခါ ပိုမိုဆိုးရွားစွာ နာကျင်ခြင်း၊ မျက်လုံးနီရဲခြင်း၊ မျက်ရည်ကျခြင်း၊ အမြင်အာရုံထိခိုက်ခြင်း |
| မျက်လုံး အာရုံကြောများ ရောင်ရမ်းခြင်း (Optic neuritis) | အမြင်အာရုံဆိုင်ရာ ပြဿာနာများ၊ အရောင်မြင်ရပုံ ပြောင်းလဲခြင်း |
| မျက်နှာရိုးအတွင်းပိုင်းရှိ လေခိုအိတ်များ ရောင်ရမ်းခြင်း (Sinusitis) | နှာခေါင်း၊ မျက်လုံးနှင့် နဖူးတစ်ဝိုက်တွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ တင်းနေခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း |
| မျက်စိစွန်ခြင်း (Stye) | မျက်ခွံအနားစွန်းတွင် နာကျင်သော အဖုအပိမ့်ထွက်ခြင်း |
ဆေးရုံ၊ ဆေးခန်းပြသရန်
အလွန်ပြင်းထန်သော မျက်လုံးနာကျင်ကိုက်ခဲခြင်း၊ အလင်းဒဏ်မခံနိုင်ခြင်း၊ အမြင်အာရုံထိခိုက်ခြင်း၊ အရောင်မြင်ရပုံပြောင်းလဲခြင်း၊ မျက်လုံး အလွန်နီရဲနေခြင်း စသည်တို့ကို ခံစားရပါက မိသားစုဆရာဝန်များနှင့် အမြန်ဆုံး တိုင်ပင်ပြသရန် လိုအပ်သည်။ မိသားစုဆရာဝန်များမှ စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက မျက်စိအထူးကုဆရာဝန်များထံသို့ လွှဲပြောင်းကုသပေးလိမ့်မည်။
အကယ်၍ အောက်ဖော်ပြပါလက္ခဏာများ ဖြစ်ပေါ်လာပါက ဆေးရုံအရေးပေါ်ဆေးကုဌာနသို့ သွားရောက်ကုသမှုခံယူရန် လိုအပ်သည်။
- မျက်လုံးနှင့် ပတ်သက်သော ရောဂါလက္ခဏာများ ရုတ်တရက်ဖြစ်ပေါ်ခြင်း
- မျက်လုံးနာကျင်မှုကြောင့် ညဘက်အိပ်ရာမှ နိုးလောက်အောင် နာကျင်ခြင်း
- မျက်ကပ်မှန်တပ်ဆင်ပြီးနောက် မျက်လုံးနာကျင်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်း
- ပြင်းထန်သော ခေါင်းကိုက်ခြင်းနှင့် မျက်လုံးနာကျင်မှုတွဲနေခြင်း
- လွန်ခဲ့သော (၄) ပတ်ခန့်က မျက်လုံးခွဲစိတ်ကုသမှုခံယူထားပြီးနောက် ပြင်းထန်စွာနာကျင်လာခြင်း သို့မဟုတ် အမြင်အာရုံဆုံးရှုံးခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
- မျက်လုံးထဲ တစ်ခုခုစူးဝင်နေခြင်း (ဥပမာ _ ဖန်စ သို့မဟုတ် ကျောက်သဲစ) တို့ဖြစ်ကြသည်။
ရောဂါရှာဖွေခြင်း
မျက်စိအထူးကုဆရာဝန်သည် မျက်လုံးနာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို ရှာဖွေနိုင်ရန် မျက်လုံးကို သေချာစွာ စမ်းသပ်စစ်ဆေးပြီး လိုအပ်လျှင် အောက်ဖော်ပြပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။
- အလင်းတန်းကျဥ်းမှန်ပြောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း (Slit-lamp examination) – မျက်လုံး၏ အစိတ်အပိုင်းအားလုံးကို တောက်ပသော အလင်းရောင်အသုံးပြု၍ ကြည့်ရှုစစ်ဆေးခြင်း
- မျက်စိသူငယ်အိမ် ကျယ်စေသော မျက်စဥ်းဆေးများ (Dilating drops) အသုံးပြု၍ မျက်လုံးတွင်း ကြည့်ရှုစစ်ဆေးခြင်း
- မျက်လုံးတွင်း ဖိအားတိုင်းတာသော ကိရိယာ (Tonometer) ကို အသုံးပြု၍ စစ်ဆေးခြင်း
ကုသခြင်း
မျက်လုံးနာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေသော အကြောင်းရင်းများပေါ် မူတည်၍ အောက်ပါနည်းလမ်းများအတိုင်း ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ကုသမှုခံယူနိုင်သည်။
- ရောဂါပိုးဝင်ခြင်း
- ပဋိဇီဝပိုးသတ်ဆေးများ၊ မှိုပိုးသတ်ဆေးများ သို့မဟုတ် ဗိုင်းရပ်စ်ပိုးသတ်ဆေးများ ပါဝင်သော မျက်စဥ်းဆေးများအသုံးပြုခြင်း
- မျက်လုံးနာခြင်းနှင့် ဓာတ်မတည့်ခြင်းတို့အတွက် သောက်ဆေးများဖြင့် ကုသခြင်း
- မျက်ရည်တုများကို အသုံးပြုခြင်း
- မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
- မျက်လုံးထိခိုက်ဒဏ်ရာ ရပါက အမြန်ဆုံး ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူပါ
- ဆေးကုသမှုမခံယူမီအထိ မျက်လုံးကို အကာအကွယ်တစ်ခုခုဖြင့် ဖုံးအုပ်ကာကွယ်ထားပါ၊ ဓာတုပစ္စည်းများထိတွေ့မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်းမဟုတ်ပါက မျက်လုံးကို ရေဖြင့်ဆေးကြောခြင်း မပြုလုပ်ပါနှင့်
- မျက်လုံးထဲတွင် ကပ်နေသော အရာဝတ္ထုတစ်ခုခုကို ကြိုးစား၍ ဖယ်ရှားခြင်း မပြုလုပ်ရပါ
- မျက်လုံးကို ပွတ်သပ်ခြင်း သို့မဟုတ် ဖိအားပေးခြင်း မပြုလုပ်ပါနှင့်
- မျက်လုံးသွေးထွက်နေပါက အက်စ်ပရင် (Aspirin) သို့မဟုတ် အရောင်ကျဆေး (anti-inflammatory drugs) များ သောက်သုံးခြင်း ရှောင်ကြဥ်ရန် လိုမလို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ၊ ထိုဆေးများသည် သွေးထွက်ခြင်းကို ထိန်းချုပ်ရန် ပိုမိုခက်ခဲနိုင်သောကြောင့်ဖြစ်သည်
- မျက်လုံးရောင်ရမ်းခြင်း
- မျက်လုံးရောင်ရမ်းခြင်းအတွက် စတီးရွက်ပါဝင်သော မျက်စဥ်းဆေးများနှင့် လိုအပ်လျှင် ပဋိဇီဝပိုးသတ်ဆေး သို့မဟုတ် ဗိုင်းရပ်စ်ပိုးသတ်ဆေး ပါဝင်သော မျက်စဥ်းဆေးများဖြင့် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကုသရန် လိုအပ်သည်
- မျက်ကြည်လွှာ ပွန်းပဲ့ခြင်း
- အချိန်ကြာလာသည်နှင့် အမျှ အလိုအလျောက် သက်သာပျောက်ကင်းသွားနိုင်သည်၊ လိုအပ်လျှင် ဆရာဝန်မှ ပဋိဇီဝပိုးသတ်ဆေးလိမ်းဆေး သို့မဟုတ် မျက်စဥ်းဆေးများကို ညွှန်ကြားပေးနိုင်သည်
- ရေတိမ်ရောဂါ
- မျက်လုံးတွင်း ဖိအားလျော့ကျစေသော မျက်စဥ်းဆေးများ၊ သောက်ဆေးများဖြင့် ကုသမှု ခံယူနိုင်သည်၊ အကယ်၍ ဆေးဝါးများနှင့် မသက်သာပါက ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သည်
- မျက်စိစွန်ခြင်း
- အဝတ်အသန့်ကို ရေနွေးနွေးဖြင့်စိမ်ကာ မျက်ခွံတစ်ဝိုက်တွင် ကပ်ပေးပြီး နေအိမ်၌ပင် ကုသမှုခံယူနိုင်သည်၊ ပြင်းထန်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း မျက်စဥ်းဆေးများ၊ ပဋိဇီဝပိုးသတ်ဆေးများ သို့မဟုတ် ခွဲစိတ်ကုသခြင်းများဖြင့် ကုသမှုခံယူနိုင်သည်
မျက်လုံးနာကျင်ကိုက်ခဲနေစဥ် သတိပြုလိုက်နာရန် လိုအပ်သည့်အချက်များ
- မျက်နှာ သို့မဟုတ် မျက်လုံးကို သန့်ရှင်းရေးလုပ်သောအခါ သန့်ရှင်းသော အဝတ်စ သို့မဟုတ် တစ်ရှူးတို့ကို အသုံးပြုခြင်း
- လက်ကို မကြာခဏ စင်ကြယ်စွာ ဆေးကြောခြင်း (အထူးသဖြင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အိမ်သာတက်ပြီးသည့်အချိန်)
- လက်၊ လက်ချောင်းများနှင့် မျက်လုံးကို မထိအောင် သတိထားခြင်း
- မျက်လုံး ရောဂါပိုးဝင်နေသည့်အချိန်တွင် မျက်ကပ်မှန် အသုံးပြုခြင်းမှ ရှောင်ကြဥ်ခြင်း
- ရောဂါပိုးဝင်နေစဥ် မျက်လုံးတစ်ဝိုက် မိတ်ကပ်လိမ်းခြင်းမှ ရှောင်ကြဥ်ခြင်း
ကာကွယ်ခြင်း
မျက်လုံးအတွက် ကောင်းမွန်သော အလေ့အကျင့်များကို ဂရုတစိုက်ထိန်းသိမ်းခြင်းဖြင့် မျက်လုံးနာကျင်ကိုက်ခဲခြင်းအများစုကို ကာကွယ်နိုင်သည်။ ၄င်းတို့မှာ_
- လက်သန့်ရှင်းရေးကို အထူးဂရုစိုက် ထိန်းသိမ်းပါ
- မျက်လုံးကို မကိုင်တွယ်မီ လက်များကို သေချာစွာ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ
- မျက်နှာကို နေ့စဥ် သန့်ရှင်းရေးပြုလုပ်ပါ
- မျက်ကပ်မှန်များ သန့်စင်ခြင်းနှင့် ထားသိုခြင်းများကို သတ်မှတ်ထားသည့်အတိုင်း စနစ်တကျလုပ်ဆောင်ပါ
- အာရုံစိုက်လုပ်ဆောင်ရသည့် အလုပ်များ လုပ်ဆောင်သည့်အခါ ၂၀-၂၀-၂၀ စည်းမျဥ်းအတိုင်း မိနစ် (၂၀) အကြာ အာရုံစူးစိုက်လုပ်ဆောင်ပြီးချိန်တိုင်း ပေ (၂၀) အကွာအဝေးတွင်ရှိသော တစ်စုံတစ်ခုကို စက္ကန့် (၂၀) ကြာအောင် ကြည့်ပေးပါ
- မျက်လုံးများကို မလိုအပ်ဘဲ ထိခြင်း၊ ပွတ်ခြင်းကို ရှောင်ရှားပါ
- မျက်လုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ
- သင့်လျော်သော မျက်လုံးအကာအကွယ်ပစ္စည်းများကို အသုံးပြုပါ
- အမြင်အာရုံ ပြောင်းလဲမှုကို ဂရုစိုက်ပါ
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပါ
References:
- National Health Service. (n.d.). Eye pain — symptoms. Retrieved November 27, 2025, from https://www.nhs.uk/symptoms/eye-pain/
- All About Vision. (n.d.). Overview of pain in the eye. Retrieved November 27, 2025, from https://www.allaboutvision.com/conditions/symptoms/eye-pain/overview-of-pain-in-eye/
- Cleveland Clinic. (n.d.). Eye pain. Retrieved November 27, 2025, from https://my.clevelandclinic.org/health/symptoms/17796-eye-pain
- WebMD. (n.d.). Eye pain: Causes, symptoms, diagnosis, and treatment. Retrieved November 27, 2025, from https://www.webmd.com/eye-health/eye-pain-causes-symptoms-diagnosis-treatment
Published: 23 January 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
