မျက်စိညောင်းညာခြင်းသည် ကြာရှည်စွာ စာဖတ်ခြင်း၊ ကားမောင်းခြင်း၊ ကွန်ပျူတာ ဖန်သားပြင်နှင့် အခြားဒစ်ဂျစ်တယ်ပစ္စည်းများကို အာရုံစိုက်ကြည့်ရှုခြင်းတို့ကို အလွန်အမင်း ပြုလုပ်ခြင်းတို့ကြောင့် မျက်လုံးများ ပင်ပန်းနွမ်းနယ်ခြင်းဖြစ်ပြီး အတွေ့ရများသည့် အခြေအနေတစ်ခုဖြစ်သည်။ မျက်စိညောင်းညာခြင်းသည် မပြင်းထန်သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ပုံမှန်အားဖြင့် ခဏတာသာ ဖြစ်ပေါ်လေ့ရှိပြီး မျက်လုံးကို အနားပေးလိုက်သောအခါ သို့မဟုတ် မျက်စိညောင်းညာမှုကို သက်သာစေနိုင်သော အရာများကို လိုက်နာလုပ်ဆောင်ခြင်းဖြင့် သက်သာပျောက်ကင်းနိုင်သည်။ သို့ရာတွင် အချို့အခြေအနေများတွင် မျက်စိညောင်းညာခြင်းသည် ဆေးကုသမှုခံယူရန် လိုအပ်သည့် အခြေခံ မျက်လုံးပြဿနာများ ရှိနေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
မျက်စိညောင်းညာခြင်း ဖြစ်ပေါ်ရသော အဓိကအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဒီဂျစ်တယ်ပစ္စည်းများ၏ ဖန်သားပြင်ကို အာရုံစိုက်ကြည့်ရှုခြင်း (ဥပမာ _ ကွန်ပျူတာ၊ ဖုန်း အသုံးပြုခြင်း၊ ဗီဒီယိုဂိမ်းများ ကစားခြင်း)
- မျက်လုံးအနားမပေးဘဲ စာဖတ်ခြင်း
- ခရီးဝေး ကားမောင်းနှင်ခြင်း
- ကြာရှည်စွာ အာရုံစိုက်လုပ်ဆောင်ရသည့်အရာများ ပြုလုပ်ခြင်း (ဥပမာ _ အပ်ချုပ်ခြင်း၊ လက်မှုပညာများ ဖန်တီးခြင်း)
- တောက်ပသော အလင်းရောင် သို့မဟုတ် မျက်စိကျိန်းစပ်သော အလင်းရောင်နှင့် ထိတွေ့ခြင်း
- အလွန်မှိန်သော အလင်းရောင်တွင် မြင်ရရန် အာရုံစိုက်ကြည့်ခြင်း
- မျက်လုံးခြောက်သွေ့ခြင်း သို့မဟုတ် မျက်လုံးအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများ (Refractive errors) ကဲ့သို့သော အခြေခံမျက်လုံးပြဿနာများ
- စိတ်ဖိစီးမှုရှိခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း
- ပန်ကာ၊ အပူပေးစနစ် သို့မဟုတ် လေအေးပေးစက်တို့မှ ထွက်လာသော ခြောက်သွေ့သည့် လေများနှင့် တိုက်ရိုက်ထိတွေ့ခြင်း
ကွန်ပျူတာနှင့် ဒီဂျစ်တယ်ပစ္စည်းများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သော မျက်စိညောင်းညာခြင်း (Computer vision syndrome or digital eye strain)
ကွန်ပျူတာဖန်သားပြင် သို့မဟုတ် မိုဘိုင်းဖုန်းကဲ့သို့သော အနီးကပ်အရာဝတ္ထုတစ်ခုခုကို ကြည့်သည့်အခါ မျက်လုံးအတွင်းရှိ မှန်ဘီလူးသည် သဘာဝအလျောက် ကျုံ့သွားသည်။ ဖန်သားပြင်ကို အချိန်ကြာမြင့်စွာ ကြည့်သည့်အခါ မှန်ဘီလူးသည် ပြန်လည်ဖြေလျော့ရန် အခွင့်အရေးမရှိဘဲ မျက်စိပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေသည်။
ဤမျက်စိပင်ပန်းနွမ်းနယ်မှုသည် မျက်တောင်ခတ်ခြင်း လျော့နည်းသွားခြင်းကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ မျက်တောင်ခတ်ခြင်းသည် မျက်လုံးတွင် မျက်ရည်အလွှာ ပြန်လည်အားဖြည့် ဖြန့်ဖြူးပေးခြင်းကို တာဝန်ယူလုပ်ဆောင်ပေးခြင်းဖြင့် မျက်ကြည်လွှာ၏ မျက်နှာပြင်တစ်လျောက် ချောမွေ့စေပြီး အမြင်အာရုံကို ပိုမိုကောင်းမွန်စေရန် ကူညီပေးသည်။ အချိန်ကြာမြင့်စွာ မျက်တောင်မခတ်ဘဲကြည့်ရှုခြင်းကြောင့် မျက်လုံးမျက်နှာပြင်သည် လေထုနှင့် ထိတွေ့မှုပိုများလာစေပြီး အငွေ့ပျံမှု ပိုမိုဖြစ်ပေါ်စေသည်။ ထိုအခါ မျက်ရည်အလွှာတွင် အပေါက်ငယ်များ ဖြစ်ပေါ်လာကာ မျက်ကြည်လွှာမျက်နှာပြင် ညီညာမှု ပျက်ယွင်းလာသဖြင့် အမြင်ဝေဝါးလာပြီး မျက်စိညောင်းညာခြင်းကို ဆက်လက်ဖြစ်ပေါ်စေသည်။ ဤအခြေအနေသည် တစ်ရက်လျှင် (၂) နာရီ သို့မဟုတ် (၂) နာရီထက်ပို၍ ဖန်သားပြင်ကို ဆက်တိုက်ကြည့်ရှုသူများတွင် ဖြစ်ပွါးနိုင်ခြေ အများဆုံးဖြစ်သည်။ မျက်လုံးကြွက်သား မညီမျှခြင်း သို့မဟုတ် မျက်လုံအလင်းယိုင်ခြင်းဆိုင်ရာ ပြဿနာများရှိလျှင်လည်း မျက်စိညောင်းညာခြင်း ပို၍ဆိုးရွားစေနိုင်သည်။
ကွန်ပျူတာအသုံးပြုခြင်းသည် ပုံနှိပ်စာအုပ်ဖတ်ခြင်းထက် မျက်စိညောင်းညာမှု ပို၍ဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကွန်ပျူတာအသုံးပြုစဥ် မျက်တောင်ခတ်ခြင်း ပို၍နည်းပါးခြင်း
- ဒီဂျစ်တယ်ဖန်သားပြင်ကို သင့်တော်သော အကွာအဝေး သို့မဟုတ် ရှုထောင့်မှ ကြည့်ခြင်း
- စက်များ၏ အလင်းပြန်ခြင်း သို့မဟုတ် ရောင်ပြန်ဟပ်ခြင်း
- စက်များ၏ နောက်ခံအရောင်နှင့် စာသားအရောင်များအကြား အချိုးအစားမညီခြင်းတို့ကြောင့်ဖြစ်သည်။
မျက်စိညောင်းညာခြင်း ဖြစ်ပေါ်နိုင်ခြေများသော အရာများမှာ_
- ကွန်ပျူတာ သို့မဟုတ် ဒီဂျစ်တယ်ဖန်သားပြင် အရှေ့တွင် ကြာရှည်စွာ အလုပ်လုပ်ခြင်း
- မျက်လုံးအာရုံစိုက်ရန် လိုအပ်သော အလုပ်တာဝန်များ အချိန်ကြာမြင့်စွာ လုပ်ဆောင်ခြင်း
- မျက်လုံးခြောက်ခြင်း (Dry eyes)
- မျက်လုံးအတွင်း ကြွက်သားပြဿနာများ ရှိခြင်း
- အဝေးပြေးလမ်းများတွင် ကားမောင်းနှင်ခြင်း (အထူးသဖြင့် လေတိုက်ခြင်းကြောင့် မျက်လုံးများအား တိုက်ရိုက်ထိခိုက်ခြင်း) တို့ဖြစ်ကြသည်။
ယှဥ်တွဲလာတတ်သော လက္ခဏာများ
မျက်စိညောင်းညာခြင်းနှင့်အတူ ယှဥ်တွဲတွေ့ရှိရနိုင်သော လက္ခဏာများမှာ_
- မျက်စိနာခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ယားခြင်း သို့မဟုတ် ပူစပ်ပူလောင်ဖြစ်ခြင်း
- မျက်ရည်ထွက်ခြင်း သို့မဟုတ် မျက်လုံးခြောက်ခြင်း
- အမြင်အာရုံဝေဝါးခြင်း သို့မဟုတ် ပုံရိပ်နှစ်ထပ်မြင်ခြင်း (Diplopia)
- ခေါင်းကိုက်ခြင်း
- လည်ပင်း၊ ပခုံး သို့မဟုတ် ခါးနာခြင်း
- အလင်းဒဏ်မခံနိုင်ခြင်း
- အာရုံစူးစိုက်ရန် ခက်ခဲခြင်း
- မျက်လုံးကို ဆက်လက်ဖွင့်ထားနိုင်စွမ်းမရှိသကဲ့သို့ ခံစားရခြင်းတို့ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ
မျက်စိညောင်းညာခြင်းကြောင့် ပြင်းထန်သော ရေရှည်ဆိုးကျိုးများ မရှိပါ။ သို့သော် ၎င်းသည် စိတ်အနှောင့်အယှက် ဖြစ်စေခြင်းနှင့်အတူ ပင်ပန်းနွမ်းနယ်မှုကို ပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့် အာရုံစူးစိုက်မှုအား လျော့ကျစေသည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
မျက်စိကို အနားပေးခြင်း သို့မဟုတ် မျက်စိညောင်းညာခြင်း ဖြစ်ပေါ်စေနိုင်သည့် အရာများကို လျှော့ချခြင်းဖြင့် မသက်သာပါက မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
မျက်စိညောင်းညာခြင်း အများစုသည် အလိုအလျောက် သက်သာသွားလေ့ရှိသည်။ သို့သော် ညောင်းညာမှုသည် ကြာရှည်လာခြင်း သို့မဟုတ် ပြင်းထန်လာခြင်း ရှိပါက အခြားသော အခြေခံ မျက်လုံးပြဿနာများ ရှိမရှိ စစ်ဆေးရန် လိုအပ်သည်။ မျက်စိအထူးကုဆရာဝန်များသည် ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းခြင်းနှင့် မျက်လုံးစမ်းသပ်မှုများ ပြုလုပ်ပေးမည်။ ဤစမ်းသပ်မှုများတွင် အမြင်အာရုံနှင့် အလင်းယိုင်မှုဆိုင်ရာ (Refractive) ပြဿနာများ၊ မျက်လုံးကြွက်သား ညှိနှိုင်းမှုများ စသည်တို့ပါဝင်သည်။ လိုအပ်ပါက မျက်လုံးအတွင်းဖက် အစိတ်အပိုင်းများကို ကြည့်ရှုစစ်ဆေးသည့် ကိရိယာ (Ophthalmoscope) ဖြင့်လည်း စမ်းသပ်စစ်ဆေးနိုင်သည်။
ကုသခြင်း
ယေဘုယျအားဖြင့် မျက်စိညောင်းညာခြင်းကို နေ့စဉ် အလေ့အထများ ပြောင်းလဲခြင်းဖြင့် ကုသနိုင်သည်။ အခြေခံမျက်စိပြဿနာရှိပါက ၎င်းကို ကုသရန် မျက်မှန် သို့မဟုတ် မျက်ကပ်မှန်များ တပ်ဆင်ရန် လိုအပ်သည်။
- မျက်လုံး ခြောက်သွေ့မှုကို သက်သာစေရန် မျက်ရည်တု (Artificial Tears) အသုံးပြု၍ မျက်လုံးကို အစိုဓာတ် ထိန်းသိမ်းပေးနိုင်သည်
- ဒစ်ဂျစ်တယ်ပစ္စည်းများကြောင့် ညောင်းညာခြင်းကို လျှော့ချရန်အတွက် အဓိက အကြံပြုချက်မှာ ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာရန်ဖြစ်သည်
- မိနစ် (၂၀) ကြာ အာရုံစိုက်ပြီးနောက် ပေ (၂၀) အကွာရှိ အရာဝတ္ထုတစ်ခုခုကို စက္ကန့် (၂၀) ကြာ ကြည့်ရှု၍ အနားယူရန် လိုအပ်သည်
ကာကွယ်ခြင်း
မျက်စိညောင်းညာခြင်းသည် စိတ်အနှောင့်အယှက်ဖြစ်စေသောကြောင့် ကာကွယ်ရန် အောက်ပါအချက်များကို လိုက်နာသင့်သည်။
- အလင်းရောင်ကို သင့်တော်အောင် ချိန်ညှိပါ။
- စာဖတ်သည့်အခါ သို့မဟုတ် အနီးကပ်အလုပ် လုပ်သည့်အခါ အလင်းထုတ်ပေးသည့် အရာဝတ္ထု အရင်းအမြစ်ကို မိမိနောက်တွင် ထားပါ
- အလင်းရောင် မျက်လုံးထဲသို့ တိုက်ရိုက် မကျစေရန် အကာပါသော မီးခွက်မျိုးကို အသုံးပြုပါ
- မကြာခဏ အနားယူပါ
- ၂၀-၂၀-၂၀ စည်းမျဉ်း ကို လိုက်နာပါ
- တစ်နေ့တာအတွင်း နာရီပေါင်းများစွာ အာရုံစူးစိုက်လုပ်ဆောင်ခြင်းမှ အနားယူပါ (ဥပမာ _ အပြင်ဘက်သို့ လမ်းလျှောက်ထွက်ခြင်း)
- မျက်စိညောင်းညာမှု သဘောကို နားမလည်သေးသော ကလေးငယ်များတွင် ဖန်သားပြင်ကြည့်ရှုချိန် (Screen time) ကို ကန့်သတ်ပါ
- မျက်လုံးစိုစွတ်မှုကို ထိန်းသိမ်းပါ
- မျက်ရည်တုများကို ပုံမှန်အသုံးပြုပါ
- ရေငွေ့ထိန်းစက် (Humidifier) အသုံးပြုခြင်း၊ မျက်လုံးခြောက်သွေ့မှု လျော့ချနိုင်ရန် အပူထိန်းကိရိယာ၏ လေထုတ်လွှတ်မှု အရှိန်နှုန်းကို ချိန်ညှိခြင်း၊ မီးခိုးငွေ့ရှောင်ကြဥ်ခြင်းတို့ ပြုလုပ်ပါ
- ဆေးလိပ်သောက်နေပါက ဆေးလိပ်ဖြတ်ပါ
- မှန်ကန်သောပစ္စည်းများ အသုံးပြုခြင်းနှင့် ဖန်သားပြင် ချိန်ညှိခြင်း
- မျက်မှန် သို့မဟုတ် မျက်ကပ်မှန် လိုအပ်မှု ရှိမရှိ မျက်စိဆရာဝန်နှင့် တိုင်ပင်ပါ
- ကွန်ပျူတာ အသုံးပြု၍ နာရီများစွာ အလုပ်လုပ်နေသူရများအတွက် အလင်းပြန်ခြင်းကို လျှော့ချပေးသည့် အလွှာ (Anti-Reflective Coating) ပါဝင်သော ကွန်ပျူတာများနှင့် မျက်မှန်များကို အသုံးပြုပါ။
References:
- Cleveland Clinic. (n.d.). Eye strain. Retrieved November 25, 2025, from https://my.clevelandclinic.org/health/diseases/21059-eye-strain
- EyeWiki. (n.d.). Computer Vision Syndrome (digital eye strain). Retrieved November 25, 2025, from https://eyewiki.org/Computer_Vision_Syndrome_(Digital_Eye_Strain)
- Healthline. (n.d.). Eye strain. Retrieved November 25, 2025, from https://www.healthline.com/health/eye-health/eye-strain#eyewear
- Johns Hopkins Medicine. (n.d.). Eyestrain. Retrieved November 25, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/eyestrain
- Mayo Clinic. (n.d.). Eyestrain: Diagnosis & treatment. Retrieved November 25, 2025, from https://www.mayoclinic.org/diseases-conditions/eyestrain/diagnosis-treatment/drc-20372403
Published: 24 December 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.
