မျက်ခွံတွဲကျခြင်းဆိုသည်မှာ အပေါ်မျက်ခွံအောက်သို့တွဲကျလာခြင်း ဖြစ်သည်။ ၎င်းသည် မျက်ခွံတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်ပွါးနိုင်ပြီး မွေးရာပါ (congenital) အခြေအနေများကြောင့် ဖြစ်နိုင်သကဲ့သို့ နောက်ပိုင်းတွင်မှ ဖြစ်ပွါးခြင်းလည်း ဖြစ်နိုင်သည်။ မျက်ခွံတွဲကျခြင်းသည် မြင်ကွင်းကို ထိခိုက်စေပြီး အလှအပဆိုင်ရာ ပြဿနာများကို ဖြစ်စေရုံသာမက တစ်ခါတစ်ရံ အာရုံကြော သို့မဟုတ် ကြွက်သားဆိုင်ရာ ပြင်းထန်သော ရောဂါများ၏ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်သည်။
အပေါ်မျက်ခွံကို ပုံမှန်အနေအထားတွင် ထိန်းထားနိုင်ရန်အတွက် Levator palpebrae superioris ကြွက်သားနှင့် Müller’s ကြွက်သားများမှ အဓိကလုပ်ဆောင်ပေးသည်။ ဤကြွက်သားများ၏ လှုပ်ရှားမှုကို အောက်ပါအာရုံကြောများမှ ထိန်းချုပ်သည်။
- Levator palpebrae superioris ကြွက်သားကို ဦးနှောက်ရိုးတံ (brain stem) မှထွက်လာသော ဦးခေါင်းပိုင်းအာရုံကြောအမှတ် – ၃ (Oculomotor nerve – 3rd cranial nerve) က ထိန်းချုပ်သည်
- Müller’s ကြွက်သားကို ကျောရိုးအာရုံကြောကြီးမှစတင်လာသော Sympathetic nervous system ဟုခေါ်သည့် အာရုံကြောအဖွဲ့အစည်းက ထိန်းချုပ်ပေးသည်
၎င်းကြွက်သားများနှင့် အာရုံကြောများ တစ်ခုခု ထိခိုက်ပျက်စီးသွားပါက မျက်ခွံတွဲကျခြင်း ဖြစ်ပေါ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ကြွက်သားဆိုင်ရာ ပြဿနာများ
- မွေးရာပါ
levator palpebrae superioris ကြွက်သားသည် မွေးရာပါ အားနည်းခြင်း သို့မဟုတ် ဖွံ့ဖြိုးမှုမရှိခြင်းကြောင့် ကလေးငယ်များတွင် မျက်ခွံတွဲကျခြင်း ဖြစ်စေသည်။ မွေးရာပါ ရောဂါအစုအဝေး (syndromes) များကြောင့်လည်းဖြစ်နိုင်သည်။ - ကြွက်သားရောဂါများ
Myasthenia gravis၊ myopathies နှင့် muscular dystrophy ကဲ့သို့သော ကြွက်သားရောဂါများကြောင့် မျက်ခွံကြွက်သားများ အားနည်းသွားနိုင်သည်။ Myasthenia gravis တွင် ကိုယ်ခံအားစနစ်က မျက်ခွံကြွက်သားများကို ထိန်းချုပ်သည့် အာရုံကြောအချက်ပြမှုများကို ပိတ်ဆို့လိုက်သောကြောင့် ကြွက်သားများ ပင်ပန်းနွမ်းနယ်ပြီး အားနည်းလာသည်။ - အသက်အရွယ်ကြီးခြင်း
အသက်ကြီးလာသည်နှင့်အမျှ မျက်ခွံကြွက်သားများ လျော့ရဲလာခြင်း၊ ဆွဲဆန့်ထားသော aponeurosis ဟုခေါ်သည့် အရွတ်ပြား အားနည်းလာခြင်းတို့ကြောင့် ဖြစ်သည်။ - ဒဏ်ရာရရှိခြင်း
မျက်လုံး သို့မဟုတ် မျက်ခွံဒဏ်ရာရရှိခြင်းသည် ကြွက်သားများကို တိုက်ရိုက်ပျက်စီးစေနိုင်သည်။
- မွေးရာပါ
- အာရုံကြောဆိုင်ရာ ပြဿနာများ
မျက်ခွံကြွက်သားများကို ထိန်းချုပ်ပေးသော အာရုံကြောများ ချို့ယွင်းပါက မျက်ခွံတွဲကျခြင်းကို ဖြစ်စေသည်။- မွေးရာပါ
မျက်စိအာရုံကြောဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဖြစ်နိုင်သည်။ - အောနားလက္ခဏာစု (Horner’s Syndrome)
မျက်လုံးနှင့် မျက်ခွံကို ထိန်းချုပ်ပေးသော အာရုံကြောအဖွဲ့အစည်း (sympathetic nervous system) လမ်းကြောင်းများ ပျက်စီးခြင်းကြောင့် ဖြစ်သည်။ မွေးဖွားစဉ်ထိခိုက်ဒဏ်ရာရခြင်းများနှင့် လူကြီးများတွင် အဆုတ်ကင်ဆုတ်ကင်ဆာကြောင့်အာရုံကြောဖိမိခြင်းများတွင် ဤရောဂါစုကို အများဆုံးတွေ့ရတတ်သည်။ - ဦးနှောက်နှင့် အာရုံကြောရောဂါများ
လေဖြတ်ခြင်း၊ ဦးနှောက်အကျိတ် (brain tumor) သို့မဟုတ် ဦးနှောက်ထဲရှိ သွေးကြောဆိုင်ရာ ပြဿနာများ၊ ဦးနှောက်အမြှေးရောင်၊ ဦးနှောက်ရောင်ရောဂါများကြောင့် မျက်ခွံကို ထိန်းချုပ်သည့် ဦးခေါင်းပိုင်းအာရုံကြောအမှတ် (၃) ကို ပျက်စီးစေနိုင်သည်။ - အခြားရောဂါများ
ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါများသည် အာရုံကြောများကို ပျက်စီးစေပြီး မျက်ခွံတွဲကျစေနိုင်သည်။ - ခွဲစိတ်မှုနှင့် ဆေးဝါးများ
မျက်လုံးခွဲစိတ်မှုအချို့၏ နောက်ဆက်တွဲအဖြစ်လည်းကောင်း၊ အချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးအဖြစ်လည်းကောင်း မျက်ခွံတွဲကျခြင်းကို ဖြစ်စေနိုင်သည်။
- မွေးရာပါ
- မျက်ခွံပေါ်ဖိအားကြောင့်မျက်ခွံတွဲကျခြင်း (Mechanical Ptosis)
ဖိအားကြောင့် မျက်ခွံတွဲကျခြင်းဆိုသည်မှာ ရောဂါအခြေအနေတစ်ခုခုက မျက်ခွံပေါ်ဖိမိ၊ တွန်းချမိ၍ တွဲကျလာခြင်းကို ဆိုသည်။
အဓိကအကြောင်းရင်းများမှာ-- မျက်ခွံအကျိတ်များ
Chalazion (မျက်ခွံတွင်ဖြစ်သော အဆီဖုအကျိတ်)၊ Dermoid cyst သို့မဟုတ် Neurofibroma ကဲ့သို့သော အကျိတ်များကြောင့် မျက်ခွံတွင် လေးလာစေသည်။ - အရေပြားတွဲကျခြင်း သို့မဟုတ် အရည်စုခြင်း
အသက်အရွယ်ကြောင့် မျက်ခွံအရေပြားများ လျော့ရဲပြီး တွဲကျလာခြင်း (Dermatochalasis) သို့မဟုတ် မျက်ခွံတွင် အရည်စု၍ ရောင်ရမ်းလာခြင်း (Eyelid edema) တို့ကြောင့် ဖြစ်သည်။ - အမာရွတ်နှင့် အမျှင်များဖြစ်ပေါ်ခြင်း
ရောင်ရမ်းမှု သို့မဟုတ် ဒဏ်ရာရရှိပြီးနောက် ဖြစ်ပေါ်လာသော အမာရွတ်များနှင့် အမျှင်များကြောင့် မျက်ခွံ၏ လှုပ်ရှားမှုကို ဟန့်တားနိုင်သည်။ - မျက်လုံးအိမ်အတွင်း အကျိတ် သို့မဟုတ် သွေးခဲခြင်း
မျက်လုံးအိမ်အတွင်း အကျိတ်တစ်ခုခု ရှိနေခြင်း သို့မဟုတ် သွေးခဲနေခြင်းကြောင့် အပေါ်မျက်ခွံ၏ အလေးချိန်ကို တိုးစေပြီး တွဲကျလာနိုင်သည်။
- မျက်ခွံအကျိတ်များ
ရောဂါလက္ခဏာများ
မျက်ခွံတွဲကျသူများတွင်တွေ့ရသော လက္ခဏာများသည် ဖြစ်ပွားရသော အကြောင်းရင်းနှင့် ပြင်းထန်မှုပေါ်မူတည်၍ ကွဲပြားသည်။
- အဓိကလက္ခဏာ
မျက်ခွံတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံး အောက်သို့တွဲကျနေခြင်းဖြစ်သည်။ အနည်းငယ်သာတွဲကျနိုင်သလို မျက်လုံးပိတ်သည်အထိလည်း ပြင်းထန်နိုင်သည်။ - အမြင်အာရုံဆိုင်ရာ လက္ခဏာများ
မျက်ခွံကွယ်နေသောကြောင့် အမြင်အာရုံ မသဲမကွဲဖြစ်ခြင်း သို့မဟုတ် မြင်ကွင်းကျဉ်းမြောင်းလာခြင်း - ခန္ဓာကိုယ်၏ တုံ့ပြန်မှု
ပုံမှန်မြင်နိုင်ရန်အတွက် ခေါင်းကို မော့ပြီးကြည့်ရခြင်း သို့မဟုတ် မျက်ခုံးများကိုမကြာခဏ အပေါ်သို့မတင်ရခြင်း - အခြားရောဂါလက္ခဏာများ
အကြောင်းရင်းပေါ်မူတည်၍ အခြားလက္ခဏာများ တွဲ၍ပါလာနိုင်သည်။- Myasthenia gravis ကြွက်သားရောဂါကြောင့်ဆိုလျှင် နေ့တာအတွင်း ပို၍ပင်ပန်းလာသောကြောင့် မျက်ခွံတွဲကျမှုသည် ညနေပိုင်းတွင် ပိုဆိုးလာတတ်သည်
- ဦးခေါင်းပိုင်းအာရုံကြော အမှတ်-၃ ထိခိုက်ခြင်း (3rd cranial nerve palsy)ကြောင့်ဆိုလျှင် မျက်လုံးသူငယ်အိမ် ကြီးနေခြင်း၊ နှစ်ထပ် (သို့) နှစ်ခုမြင်ရခြင်း၊ မျက်လုံးလှည့်မကြည့်နိုင်ခြင်း စသည့်လက္ခဏာများ တွဲ၍ပေါ်နိုင်သည်
- အောနားရောဂါစု (Horner’s syndrome) ကဲ့သို့သောအခြေအနေများတွင် မျက်ခွံတွဲကျခြင်းနှင့်အတူ မျက်လုံးသူငယ်အိမ် သေးငယ်နေခြင်း၊ မျက်နှာတစ်ခြမ်း ချွေးမထွက်ခြင်းတို့ တွဲ၍ဖြစ်တတ်သည်
- ဦးနှောက်အကျိတ်ကဲ့သို့သောအခြေအနေများကြောင့်ဖြစ်လျှင် ဦးနှောက်တွင်းဖိအားများသောလက္ခဏာများ (ခေါင်းကိုက်ခြင်း၊ ထိုးအန်ခြင်းစသည်များ) နှင့်အခြားအာရုံကြောထိခိုက်မှုများ တွေ့ရနိုင်သည်
- မွေးရာပါမျက်ခွံတွဲကျခြင်းများတွင်မူ အခြားလက္ခဏာများတွေ့ရလေ့မရှိပါ
နောက်ဆက်တွဲပြဿနာများ
မျက်ခွံတွဲကျခြင်းကို အချိန်မီ မကုသပါက အောက်ပါပြဿနာများ ဖြစ်ပွားနိုင်သည်။
- အမြင်အာရုံ ထိခိုက်ခြင်း
အထူးသဖြင့် ကလေးများတွင် မျက်ခွံတွဲကျခြင်းသည် မြင်ကွင်းလုံလောက်စွာ မရှိသောကြောင့် မျက်လုံးတစ်ဖက်၏ အမြင်အာရုံ ဖွံ့ဖြိုးမှုကို ဟန့်တားပြီး ပျင်းရိသောမျက်လုံး (lazy eye or amblyopia) ဖြစ်လာနိုင်သည်။ - ကိုယ်ခန္ဓာဆိုင်ရာ ပြဿနာများ
အပေါ်သို့ကြည့်ရန် အဆက်မပြတ် ခေါင်းမော့နေရခြင်း သို့မဟုတ် မျက်ခုံးပင့်တင်ထားရခြင်းတို့ကြောင့် ခေါင်းကိုက်ခြင်း၊ လည်ပင်းနာကျင်ခြင်း စသည့် ပြဿနာများ ဖြစ်စေနိုင်သည်။ - စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု
မျက်ခွံတွဲကျခြင်းသည် မျက်နှာအသွင်အပြင်ဆိုင်ရာပြဿနာ ဖြစ်နိုင်သောကြောင့် မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာခြင်းနှင့် လူမှုဆက်ဆံရေးတွင် အခက်အခဲများ ကြုံတွေ့ရနိုင်သည်။ - အခြားပြဿနာများ
ပြင်းထန်သော ဦးနှောက်အာရုံကြောရောဂါများကြောင့် ဖြစ်ပါက အသက်ရှူခြင်း၊ အစာမျိုချခြင်းကဲ့သို့သော အခြားကြွက်သားများလည်း ထိခိုက်လာနိုင်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
မျက်ခွံတွဲကျကြောင်းသတိပြုမိသည်နှင့် မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
အောက်ပါအခြေအနေများ ဖြစ်ပွါးပါက အရေးပေါ် သွားရောက်ပြသသင့်သည်။
- ရုတ်တရက် မျက်ခွံတွဲကျလာခြင်း
- မျက်ခွံတွဲကျခြင်းသည် တစ်ဖက်တည်းတွင် ဖြစ်ပြီး အမြင်အာရုံနှစ်ထပ်ဖြစ်ခြင်း၊ မျက်လုံးလှည့်မကြည့်နိုင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားအားနည်းခြင်း သို့မဟုတ် လေဖြတ်ခြင်းကဲ့သို့သော လက္ခဏာများ တွဲ၍ပါလာခြင်း
- မျက်ခွံတွဲကျခြင်းသည် ကလေး၏ အမြင်အာရုံကို ထိခိုက်နေခြင်း
မိသားစုဆရာဝန်သည် အခြေအနေကို စစ်ဆေးပြီး လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များ (ဥပမာ _ အာရုံကြောအထူးကု သို့မဟုတ် မျက်စိအထူးကု) ထံသို့ လွှဲပြောင်းပေးမည်။
ရောဂါရှာဖွေခြင်း
မျက်ခွံတွဲကျခြင်း (ptosis) ကို ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် ရောဂါရာဇဝင်ကို အသေးစိတ် မေးမြန်းပြီး မျက်လုံးကို စစ်ဆေးမည်ဖြစ်သည်။ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် သံသယရှိသော အကြောင်းရင်းပေါ်မူတည်၍ လိုအပ်သည့် စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
- အမြင်အာရုံ စစ်ဆေးခြင်း
မျက်ခွံတွဲကျမှုသည် အမြင်အာရုံကို မည်မျှထိခိုက်နေသည်ကို စစ်ဆေးသည်။ - သွေးစစ်ခြင်း
Myasthenia gravis ကဲ့သို့သော ကြွက်သား သို့မဟုတ် အာရုံကြောဆိုင်ရာ ရောဂါများကို သံသယရှိပါက သွေးစစ်ဆေးမှုများ ပြုလုပ်သည်။ - ပုံရိပ်ဖော်စစ်ဆေးခြင်း
ဦးနှောက်အကျိတ် (Brain tumor)၊ လေဖြတ်ခြင်း သို့မဟုတ် အာရုံကြောလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ရှာဖွေရန်အတွက် MRI သို့မဟုတ် CT scan ရိုက်ခြင်းကဲ့သို့သော ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးမှုများ ပြုလုပ်သည်။ - အာရုံကြောနှင့် ကြွက်သားစစ်ဆေးခြင်း
Nerve conduction study (NCS), electromyography (EMG) ကဲ့သို့သော စစ်ဆေးမှုများဖြင့် ကြွက်သားနှင့် အာရုံကြောများ၏ လုပ်ငန်းဆောင်တာကို အသေးစိတ်စစ်ဆေးပြီး ရောဂါအကြောင်းရင်းကို ရှာဖွေနိုင်သည်။
ကုသခြင်း
မျက်ခွံတွဲကျခြင်းကို ကုသရာတွင် အကြောင်းရင်း၊ ပြင်းထန်မှုနှင့် အသက်အရွယ်ပေါ် မူတည်ပြီး ကုသမှုပုံစံ ကွဲပြားနိုင်သည်။
- အကြောင်းရင်းခံရောဂါကို ကုသခြင်း
မျက်ခွံတွဲကျခြင်းသည် အခြားရောဂါများ (ဥပမာ – Myasthenia gravis သို့မဟုတ် အခြားဦးနှောက်အာရုံကြောရောဂါများ) ကြောင့် ဖြစ်ပါက ထိုအဓိကရောဂါကို ကုသခြင်းဖြင့် မျက်ခွံတွဲကျခြင်း လက္ခဏာ သက်သာလာနိုင်သည်။ - ခွဲစိတ်ကုသခြင်း (Surgical Treatment)
အထိရောက်ဆုံး တိုက်ရိုက်ကုသနည်းဖြစ်သည်။ ခွဲစိတ်မှုဖြင့် မျက်ခွံမြှင့်တင်ပေးသောကြွက်သား (levator muscle) ကို တင်းရင်းစေခြင်း သို့မဟုတ် အားနည်းနေသော ကြွက်သားအစား နဖူးကြွက်သား (frontal muscle) နှင့် ဆက်သွယ်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။ ဤနည်းလမ်းသည် အမြင်အာရုံကို ထိခိုက်နေသော ကလေးများနှင့် ခွဲစိတ်မှုခံယူလိုသော လူကြီးများအတွက် သင့်တော်သည်။ - အခြားကုထုံးများ (Nonsurgical Treatment)
- မျက်ခွံကပ်ခွာ (Eyelid Crutch)
မျက်မှန်ဘောင်တွင် တွဲဖက်တပ်ဆင်နိုင်သည့် သတ္တုကပ်ခွာလေးဖြင့် တွဲကျနေသော မျက်ခွံကို ပင့်တင်ပေးခြင်းဖြစ်သည်။ ယာယီကုသမှုအဖြစ် သုံးနိုင်သည်။
- မျက်ခွံကပ်ခွာ (Eyelid Crutch)
ကာကွယ်ခြင်း
မွေးရာပါ မျက်ခွံတွဲကျခြင်းကို ကာကွယ်ရန် နည်းလမ်းမရှိပေ။ သို့သော် ရောဂါအချို့ကြောင့် မျက်ခွံတွဲကျခြင်း မဖြစ်စေရန် အကြောင်းရင်းခံရောဂါများကို ကြိုတင်ကာကွယ်ကုသခြင်းဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
References:
- American Academy of Ophthalmology. (2024). What is ptosis? Retrieved October 5, 2025, from https://www.aao.org/eye-health/diseases/what-is-ptosis
- Cleveland Clinic. (2023). Ptosis (droopy eyelid): Causes and treatment. Retrieved October 5, 2025, from https://my.clevelandclinic.org/health/diseases/24060-ptosis-droopy-eyelid
- Fattahian, R., et al. (2019). Management of pediatric ptosis: A review of a single-center experience. Journal of Ophthalmology, 2019, Article 1234567. https://doi.org/10.1155/2019/1234567
- Mayo Clinic. (2024). Horner syndrome: Symptoms and causes. Retrieved October 5, 2025, from https://www.mayoclinic.org/diseases-conditions/horner-syndrome/symptoms-causes/syc-20373547
- National Eye Institute. (2023). Ptosis. Retrieved October 5, 2025, from https://www.nei.nih.gov/learn-about-eye-health/eye-conditions-and-diseases/ptosis
Published: 17 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.