Dandruff (ဦးရေပြားဗောက်ထခြင်း)

Dandruff (ဦးရေပြားဗောက်ထခြင်း)

ဦးရေပြားဗောက်ထခြင်း (Dandruff) သည် အတွေ့ရအများဆုံးနှင့် အဖြစ်အများဆုံးသော ဦးရေပြားပြဿနာတစ်မျိုး ဖြစ်သည်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး၊ ယောက်ျားလေးများတွင် ပို၍တွေ့ရတတ်သည်။ ဦးရေပြားပေါ်တွင် အဖြူရောင် သို့မဟုတ် အဝါရောင် အဖတ်များ၊ အချပ်များအဖြစ် တွေ့ရှိရသည်။ ၎င်းတို့ကို တစ်ခါတစ်ရံ မျက်ခုံး၊ မုတ်ဆိတ်မွေးနှင့် ပခုံး စသည့်နေရာများအထိ တွေ့ရနိုင်သည်။ ဗောက်များသည် ဦးရေပြားယားယံခြင်းကို ဖြစ်စေသည့်အပြင် လူမှုပတ်ဝန်းကျင်တွင် စိတ်မသက်မသာဖြစ်ခြင်း၊ ယုံကြည်မှုလျော့နည်းခြင်း စသည်တို့ကိုလည်း ဖြစ်စေသည်။

Dandruff image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဦးရေပြားဗောက်ထခြင်းသည် ဦးရေပြားရှိ အဆီဂလင်းများမှ အဆီများထုတ်လုပ်မှု လွန်ကဲခြင်းကြောင့်ဖြစ်သော အပျော့စား အ‌ရေပြားရောင်ရမ်းခြင်း (Seborrheic dermatitis) ဖြစ်သည်။ ဦးရေပြားဗောက်ထခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ ၎င်းတို့မှာ_

  1. မှိုပိုးကြောင့်ဗောက်ထခြင်း
    • Malassezia ဟုခေါ်သော မှိုတစ်မျိုးလွန်ကဲမှုကြောင့် ဗောက်ထခြင်းဖြစ်နိုင်သည်၊ အဆိုပါမှိုသည် ပုံမှန်အနေဖြင့် ဦးရေပြားတွင်ရှိနေတတ်ပြီး အဆီလွန်ကဲပါက ပို၍များပြားလာကာ ဗောက်ထခြင်းကို ဖြစ်စေသည်
  2. အဆီပြန်၊ ခြောက်သွေ့သော ဦးရေပြား
    • ခြောက်သွေ့သော ဦးရေပြားဖြစ်ပါက ဦးရေမှ အဆီကိုပုံမှန်ထက်ပို၍ ထုတ်ပေးခြင်းကြောင့် အဆီထုတ်လုပ်မှု လွန်ကဲပြီး ဗောက်ထခြင်းကို ပို၍ဖြစ်စေသည်
  3. ဦးရေပြား ရောင်ရမ်းခြင်း
    • ဆံသားပြုပြင်သော ထုတ်ကုန်အချို့၏ ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်းကြောင့် ဦးရေပြားရောင်ရမ်းခြင်းဖြစ်ပြီး ဗောက်ထနိုင်သည်၊ ထို့ကြောင့် မိမိဦးရေပြားနှင့် ကိုက်ညီသည့် ဆံသားနှင့် ဦးရေပြားပြုပြင်သော ထုတ်ကုန်များကို ရွေးချယ်အသုံးပြုရန် လိုအပ်သည်
  4. အချို့ဦးရေပြားပြဿနာများ
    • နှင်းခူ၊ ခုခံအားမူမမှန်တုံ့ပြန်ခြင်းကြောင့် အရေပြားရောင်ရမ်းခြင်း (Psoriasis) စသော ဦးရေပြားပြဿနာများကြောင့်လည်း ဗောက်ထခြင်းကို ဖြစ်စေသည်
  5. အင်ဒရိုဂျင်ဟော်မုန်း (ကျားဟော်မုန်း) ပမာဏများခြင်း
    • အဆိုပါဟော်မုန်းများခြင်းကြောင့် ဦးရေနှင့် အရေပြားတွင် အဆီထုတ်မှု ပိုများစေသည်၊ ထိုကြောင့် အင်ဒရိုဂျင်ဟော်မုန်းများသော အခြေအနေများတွင် ဗောက်ထခြင်းကို တွေ့ရသည်၊ (ဥပမာ_ သားဥအိမ်တွင် အရည်အိတ်ငယ်များတည်သောရောဂါစု (PCOS)၊ Cushing syndrome စသောရောဂါများ)
  6. ခေါင်းမကြာခဏလျှော်ခြင်း သို့မဟုတ် ပုံမှန်မလျှော်ခြင်း
    • ဦးရေပြားအခြေအနေ မတူညီမှုကြောင့် ခေါင်းလျှော်ရန် အကြိမ်ရေသတ်မှတ်ခြင်းသည် လူတစ်ဦးနှင့်တစ်ဦး မတူညီနိုင်ပါ၊ ခေါင်းမကြာခဏလျှော်ခြင်းသည် ဦးရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေပြီး ဗောက်ထစေနိုင်သည်၊ ထို့ပြင် ပုံမှန်ခေါင်းမလျှော်ခြင်းသည်လည်း ဦးရေပြားတွင် အညစ်အကြေးများ၊ ချေးများစုပုံလာပြီး ယားယံ၍ ဗောက်ထခြင်းဖြစ်စေသည်
  7. အချို့သောရောဂါအခြေအနေများ
    • ပါကင်ဆန်ရောဂါ (Parkinson’s disease)နှင့် ကိုယ်ခံအားနည်းသည့်ရောဂါများ (ဥပမာ – HIV) စသည်တို့တွင် ဆံသားနှင့် ဦးရေပြားအဆီထွက်မှုများသောကြောင့် ဗောက်ထခြင်းပိုဖြစ်နိုင်သည်
  8. စိတ်ဖိစီးမှုများခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

သာမန်ဗောက်ပျောက်ခေါင်းလျှော်ရည်များ အသုံးပြု၍ ဗောက်ထခြင်း မသက်သာဘဲ ဦးရေပြားအလွန်ယားယံခြင်း၊ ဦးရေပြားရောင်ရမ်းခြင်း စသည်တို့ဖြစ်လာပါက မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်ပါက မိသားစုဆရာဝန်မှ အရေပြားအထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်း သို့မဟုတ် လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

ယေဘုယျအားဖြင့် ဆံပင်နှင့် ဦးရေပြားကို ကြည့်၍ ဗောက်ထခြင်းကို သတ်မှတ်နိုင်သည်။ အရေပြားအထူးကုဆရာဝန်မှ ဗောက်ထခြင်းဖြစ်စေ‌သော အကြောင်းအရာများကို ရှာဖွေရန် ရောဂါရာဇဝင်မေးမြန်ခြင်းနှင့် စမ်းသပ်စစ်ဆေးခြင်းများပြုလုပ်၍ ရောဂါရှာဖွေပေးမည်ဖြစ်သည်။

ကုသခြင်း

ဦးရေပြားဗောက်ထခြင်းသည် သက်သာလိုက်၊ ပြန်ဖြစ်လိုက် ဖြစ်တတ်သော သဘာဝရှိသဖြင့် စိတ်ရှည်စွာဖြင့် အချိန်ယူကုသရန် လိုအပ်သည်။ ဗောက်ထခြင်းကို ကုသနိုင်သော နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဗောက်ပျောက်ခေါင်းလျှော်ရည်များ သုံးစွဲခြင်း
    • ဗောက်ပျောက်ခေါင်းလျှော်ရည် အမျိုးအစားများစွာရှိပြီး တစ်မျိုးနှင့်တစ်မျိုး ပါဝင်ပစ္စည်း တူညီမှုမရှိကြသဖြင့် ဘူးပေါ်တွင်ပါရှိသော အသုံးပြုပုံအညွှန်းကို သေချာစွာဖတ်ရှု လိုက်နာရန် လိုအပ်သည်
    • ဗောက်ထခြင်း သိသိသာသာ ပျောက်ကင်းသက်သာစေရန် ပုံမှန်အားဖြင့် (၄)ပတ် မှ (၆)ပတ်အထိ ဆက်တိုက်သုံးစွဲရန် လိုအပ်တတ်သည်
    • ပါဝင်ပစ္စည်းအပေါ် မူတည်၍ ကွဲပြားသော ခေါင်းလျှော်ရည်များနှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
      • Pyrithione zinc ပါဝင်သော ခေါင်းလျှော်ရည်
        • ဦးရေပြားပေါ်ရှိ ဗောက်ထခြင်းကို ဖြစ်စေသော မှိုများနှင့် ဘက်တီးရီးယားများ ပေါက်ပွါးမှုကို ထိန်းချုပ်ပေးသည်
      • Tar (ကျောက်မီးသွေးကတ္တရာ) ပါဝင်သော ခေါင်းလျှော်ရည်
        • ဦးရေပြားပေါ်ရှိ ဆဲလ်သေများ လျှင်မြန်စွာ ကွာကျခြင်းနှင့် မှိုပေါက်ပွားခြင်းကို နှေးကွေးစေသည်။
        • ဤခေါင်းလျှော်ရည်သည် နေရောင်ခြည်နှင့် ဓာတ်ပြုပါက ဦးရေပြားကို ထိခိုက်လွယ်စေသဖြင့် အသုံးပြုပြီးချိန်တွင် နေပူထဲသွားလျှင် ဦးထုပ် သို့မဟုတ် ပဝါ ဆောင်းရန် လိုအပ်သည်
        • ထို့အပြင် ဆံပင်အရောင်ကို ပြောင်းလဲစေနိုင်သဖြင့် ဆိုးဆေးရောင် သို့မဟုတ် အရောင်ဖျော့သော ဆံသားများတွင် အသုံးမပြုရပါ
      • Salicylic acid ပါဝင်သော ခေါင်းလျှော်ရည်
        • ဦးရေပြားပေါ်တွင် စုပုံနေသော ဗောက်ဖတ်များနှင့် ဆဲလ်သေများကို ပျော့ပျောင်းစေပြီး အလွယ်တကူ ကွာကျသွားအောင် ကူညီပေးသည်
      • Selenium sulfide ပါဝင်သော ခေါင်းလျှော်ရည်
        • ဦးရေပြားတွင် မှိုပေါက်ပွါးခြင်းကို ထိန်းချုပ်ပေးပြီး အဆီထွက်ခြင်းကို လျှော့ချပေးသည်
        • ဆံပင်အရောင်ကျွတ်ခြင်း သို့မဟုတ် အရောင်ပြောင်းခြင်း ဖြစ်တတ်သဖြင့် ခေါင်းလျှော်ပြီးပါက ရေစင်စင်ဖြင့် သေချာစွာ ပြန်လည်ဆေးကြောရန် လိုအပ်သည်
      • Ketoconazole ပါဝင်သော ခေါင်းလျှော်ရည်
        • ပြင်းထန်သော မှိုသတ်ဆေး (Antifungal) ပါဝင်သဖြင့် ဦးရေပြားပေါ်ရှိ ဗောက်ဖြစ်စေသော မှိုများကို တိုက်ရိုက်သေစေသည်
      • Fluocinolone ပါဝင်သော ခေါင်းလျှော်ရည်
        • စတီးရွိုက် (Corticosteroid) ပါဝင်သောကြောင့် ဗောက်ထခြင်းနှင့်အတူ ဒွန်တွဲနေသော ဦးရေပြားနီရဲရောင်ရမ်းခြင်း၊ ယားယံခြင်းများကို လျင်မြန်စွာ သက်သာပျောက်ကင်းစေသည်။
    • ဗောက်ထခြင်း သက်သာပျောက်ကင်းသွားပါက နောက်တစ်ကြိမ် ပြန်မဖြစ်စေရန်အတွက် ဗောက်ပျောက်ခေါင်းလျှော်ရည်ဖြင့် တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် တစ်လလျှင် အကြိမ်အနည်းငယ် ခပ်ကျဲကျဲ ပြောင်းလဲလျှော်ပေးနိုင်သည်။ အကယ်၍ ခေါင်းလျှော်ရည်အမျိုးအစား (၂) မျိုးခန့်ကို စနစ်တကျ ပြောင်းလဲအသုံးပြုပြီးသော်လည်း မသက်သာပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသရန် လိုအပ်သည်။
  2. ဗောက်ထခြင်းကို သက်သာစေမည့် အိမ်တွင်းနည်းလမ်းများနှင့် သတိပြုရန်အချက်များ
    မပြင်းထန်သော ဗောက်ထခြင်းများအတွက် အချို့သော သဘာဝပစ္စည်းများကို အသုံးပြုနိုင်သော်လည်း ဦးရေပြား ပေါက်ပြဲနေခြင်း၊ ကုတ်ဖဲ့ရာမှ သွေးထွက်ခြင်း သို့မဟုတ် ရောင်ရမ်းနေခြင်းများရှိပါက အောက်ပါနည်းလမ်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ရမည်ဖြစ်သည်။
    • အုန်းဆီ သို့မဟုတ် လက်ဖက်ဆီ (Tea tree oil) – အစိုဓာတ်ထိန်းပေးပြီး မှိုသတ်နိုင်စွမ်းရှိသဖြင့် ခေါင်းမလျှော်မီ ဦးရေပြားကို ညင်သာစွာ သုတ်လိမ်းနှိပ်နယ်ပေးပြီးမှ လျှော်ချခြင်းဖြင့် ဗောက်ထခြင်းကို လျော့နည်းစေသည်
    • ရှားစောင်းလက်ပပ် – ခေါင်းမလျှော်ခင် ရှားစောင်းလက်ပပ် ဂျယ်လ်အနှစ်ကို ဦးရေပြားတွင် လိမ်းထားပြီးမှ ခေါင်းလျှော်ပေးခြင်းဖြင့် ယားယံခြင်းကို သက်သာစေသည်
    • သံလွင်ဆီ – သံလွင်ဆီကို ဦးရေပြားတွင် လိမ်း၍ တစ်ညထားပြီးနောက် နံနက်တွင် ခေါင်းလျှော်ချခြင်းဖြင့် ခြောက်သွေ့သော ဗောက်ဖတ်များကို သက်သာစေသည်
    • ပန်းသီးရှာလကာရည် (Apple cider vinegar) – ပန်းသီးရှာလကာရည်ကို ရေနှင့် ဆတူ (၁ ချိုး ၁ ချိုး) မဖြစ်မနေ ရောစပ်ပြီးမှသာ ဆံသားနှင့် ဦးရေပြားကို လိမ်းရမည်၊ (၁၅) မိနစ်ခန့်ထားပြီးနောက် ခေါင်းလျှော်ရည်ဖြင့် စင်ကြယ်အောင် ပြန်လည်လျှော်ချရမည်
      (သတိပြုရန် – မရောစပ်ဘဲ တိုက်ရိုက်လိမ်းပါက သို့မဟုတ် အချိန်အကြာကြီး ထားပါက အက်စစ်ဓာတ်ကြောင့် ဦးရေပြား ထိခိုက်နိုင်သဖြင့် တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ်သာ ပြုလုပ်သင့်သည်)
    • မုန့်ဖုတ်ဆိုဒါ (Baking soda) – ရေချိုးစဉ် ဦးရေပြားကို မုန့်ဖုတ်ဆိုဒါ အနည်းငယ်ဖြင့် ညင်သာစွာ နှိပ်နယ်ပေးပြီး ရေဖြင့် စင်ကြယ်အောင် ချက်ချင်းဆေးချရမည်
      (သတိပြုရန် – မုန့်ဖုတ်ဆိုဒါ၏ အယ်လ်ကာလီဓာတ်ကြောင့် ရေရှည်တွင် ဆံသားခြောက်သွေ့ပျက်စီးနိုင်သဖြင့် ရေရည်အသုံးပြုခြင်းကို ရှောင်သင့်သည်)
    • သံပရာရည် – သံပရာရည်တွင် အက်စစ်ဓာတ် ပြင်းထန်စွာ ပါဝင်သဖြင့် ဦးရေပြားကို တိုက်ရိုက် နေ့စဉ်သုတ်လိမ်းခြင်းကို ဆေးပညာအရ လုံးဝမပြုလုပ်ရန် အကြံပြုထားသည်။ အကယ်၍ အသုံးပြုလိုပါက ရေပမာဏ များများဖြင့် ရောစပ်၍ ပြင်းအားလျော့နည်းအောင် ပြုလုပ်အသုံးပြုပြီး ချက်ချင်း ပြန်လည်ဆေးကြောရမည်
ကာကွယ်ခြင်း

ဦးရေပြား ဗောက်ထခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် နောက်တစ်ကြိမ် ပြန်မဖြစ်စေရန်အတွက် နေ့စဉ်လူမှုဘဝတွင် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

  • ဆံပင်ထိန်းသိမ်းရေးပစ္စည်းများကို စနစ်တကျ ရွေးချယ်ရန် – မိမိ၏ ဆံသား၊ ဦးရေပြား အမျိုးအစားနှင့် အမှန်တကယ် ကိုက်ညီသော ထုတ်ကုန်များကိုသာ ရွေးချယ်အသုံးပြုရမည်
  • ဆံပင်ပြင်ပစ္စည်းများ အလွန်အကျွံသုံးခြင်းမှ ရှောင်ကြဉ်ရန် – ခေါင်းလျှော်ပြီးစအချိန်တွင် ဆံပင်လိမ်းခရင်မ် (Hair creams)၊ ဂျယ်လ် (Gels) သို့မဟုတ် ဆံပင်ဖျန်းဆေး (Hair sprays) များကို ဦးရေပြားသို့ တိုက်ရိုက်ထိတွေ့ခြင်း၊ အလွန်အကျွံ လိမ်းကျံခြင်းမျိုး မပြုလုပ်ရပါ၊ အဆိုပါပစ္စည်းများသည် ဦးရေပြားတွင် အဆီနှင့် အညစ်အကြေးများကို ပိုမိုစုပုံစေပြီး ဗောက်ထခြင်းကို ပိုမိုဖြစ်စေရန် အားပေးသည်
  • ဦးရေပြားကို ညင်သာစွာ ကိုင်တွယ်ရန် – ခေါင်းလျှော်သည့်အခါဖြစ်စေ၊ ယားယံသည့်အခါဖြစ်စေ ဦးရေပြားကို လက်သည်းဖြင့် အတင်းကုတ်ခြစ်ခြင်း လုံးဝမပြုလုပ်ရပါ၊ လက်ချောင်းထိပ်များဖြင့်သာ ညင်သာစွာ နှိပ်နယ်ပေးရမည်
  • နေ့စဉ် ပုံမှန်ခေါင်းဖီးပေးရန် – တစ်နေ့လျှင် (၂) ကြိမ်ခန့် ပုံမှန်ခေါင်းဖီးပေးခြင်းဖြင့် ဦးရေပြားမှထွက်သော သဘာဝအဆီများကို ဆံသားအနှံ့ မျှတစွာ ရောက်ရှိစေပြီး ဆဲလ်သေများ စုပုံခြင်းကို လျော့ကျစေသည်
  • ဦးရေပြားကို နှိပ်နယ်ပေးရန် – ခေါင်းမလျှော်မီ သို့မဟုတ် ခေါင်းလျှော်စဉ် ဦးရေပြားကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဖြင့် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေသည်
  • စိတ်ဖိစီးမှု လျှော့ချရန် – စိတ်ဖိစီးမှုများခြင်းသည် ကိုယ်ခံအားစနစ်ကို တုန့်ပြန်မှု မူမမှန်ဖြစ်စေပြီး ဗောက်ထခြင်းကို ပိုမိုဆိုးဝါးစေနိုင်သဖြင့် စိတ်အပန်းဖြေမှုကို ပြုလုပ်ပေးရန် လိုသည်
  • ကောင်းစွာ အိပ်စက်အနားယူရန် – လုံလောက်သော အိပ်စက်ခြင်းသည် အရေပြားနှင့် ဦးရေပြားဆဲလ်များ၏ ကျန်းမာရေးကို ကောင်းမွန်စေသည်
  • မျှတသော နေရောင်ခြည် ခံယူရန် – နေပူထဲသို့ အချိန်ကြာမြင့်စွာ သွားလာပါက ဦးထုပ် သို့မဟုတ် ပဝါ ဆောင်းသင့်သော်လည်း တစ်နေ့လျှင် (၁၅) မိနစ်ခန့် နံနက်ခင်းနေရောင်ခြည် ခံယူပေးခြင်းဖြင့် ဗောက်ထခြင်းကို သက်သာစေရန် အထောက်အကူပြုနိုင်သည်
  • ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ စားသုံးရန် – ဗောက်ထခြင်းကို လျှော့ချပေးနိုင်သည့် ဇင့်ဓာတ် (Zinc)၊ ဗီတာမင်ဘီ (Vitamin B) နှင့် အကျိုးပြုဖက်တီးအက်စစ် (Essential fatty acids) များ ပါဝင်သော အစားအစာများကို ဂရုစိုက် စားသုံးပေးရမည်။

References:

  1. Mayo Clinic. (n.d.). Dandruff: Diagnosis and treatment. Retrieved May 19, 2026, from https://www.mayoclinic.org/diseases-conditions/dandruff/diagnosis-treatment/drc-20353854
  2. NHS. (n.d.). Dandruff. Retrieved May 19, 2026, from https://www.nhs.uk/conditions/dandruff/
  3. WebMD. (n.d.). Understanding dandruff: The basics. Retrieved May 19, 2026, from https://www.webmd.com/skin-problems-and-treatments/understanding-dandruff-basics
  4. Healthline. (n.d.). Dandruff and itchy scalp: Causes, treatment, and prevention. Retrieved May 19, 2026, from https://www.healthline.com/health/dandruff-itchy-scalp

Published: 16 June 2026

Share

Category

26 May 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.