Toothache (သွားနာသွားကိုက်ခြင်း)

Toothache (သွားနာသွားကိုက်ခြင်း)

သွားနာသွားကိုက်ခြင်းသည် လူတိုင်းနီးပါး ကြုံတွေ့ရလေ့ရှိသော ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရခြင်းအပြင် အစားအသောက်ပျက်ခြင်းနှင့် အိပ်စက်မှု ခက်ခဲခြင်းကဲ့သို့ နေ့စဉ်ဘဝကိုပါ အနှောင့်အယှက် ဖြစ်စေသည်။ သွားနာသွားကိုက်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိပြီး သွားပိုးစားခြင်း၊ သွားဖုံးရောဂါများ၊ သွားကျိုးခြင်း သို့မဟုတ် အခြားသော သွားနှင့်ခံတွင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်ပေါ်နိုင်သည်။ သွားနာခြင်းကို သက်သာစေရန် အိမ်တွင်းကုသနည်းများကို အသုံးပြုနိုင်သကဲ့သို့ ကာကွယ်ရေးနည်းလမ်းများကို စနစ်တကျ လိုက်နာခြင်းဖြင့် ဤပြဿနာကို ထိရောက်စွာ လျှော့ချနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကလေးနှင့် လူကြီးအားလုံးတွင် သွားနာသွားကိုက်ရခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းမှာ သွားပိုးစားခြင်း (Dental caries) ဖြစ်သည်။ သွား၏ ဖွဲ့စည်းပုံတွင် အပြင်ဘက်ဆုံးရှိ ကြွေသွားလွှာ (Enamel)၊ အလယ်ရှိ ဆင်စွယ်နှစ်လွှာ (Dentine) နှင့် အတွင်းဆုံးရှိ သွေးကြော၊ အာရုံကြောများ တည်ရှိရာ မွသွားလွှာ (Pulp) ဟူ၍ အလွှာ (၃) လွှာရှိသည်။ ဘက်တီးရီးယားများနှင့် အက်ဆစ်ဓာတ်များကြောင့် မွသွားလွှာအတွင်းရှိ အာရုံကြောများ ရောင်ရမ်းလာပါက ပြင်းထန်သော သွားနာကျင်မှုကို စတင်ခံစားရသည်။

သွားနာသွားကိုက်ခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. သွားနှင့်ပတ်သက်သော အကြောင်းရင်းများ
    • သွားပိုးစားခြင်းနှင့် သွားတွင် အပေါက်ကြီးများ ဖြစ်ပေါ်ခြင်း – ခံတွင်းရှိ ဘက်တီးရီးယားများမှ ထုတ်ပေးသော အက်ဆစ်ဓာတ်က သွားကြွေလွှာကို တဖြည်းဖြည်း တိုက်စားရာမှ ဖြစ်ပေါ်သည်
    • သွားပဲ့ခြင်း၊ သွားအက်ခြင်း သို့မဟုတ် ထိခိုက်မှုကြောင့် သွားကျိုးခြင်း – အစာအမာစားမိခြင်း သို့မဟုတ် မတော်တဆ ထိခိုက်မှုများကြောင့်ဖြစ်သည်
    • သွားဖာထားသောနေရာများမှ ပြုတ်ထွက်ခြင်း – သွားဖာထားသောနေရာမှ လေဝင်ခြင်း သို့မဟုတ် အစားအစာများ ဝင်ရောက်ခြင်းကြောင့် အာရုံကြောကို ထိခိုက်စေနိုင်သည်
    • အံဆုံးသွားပေါက်ခြင်း – အံဆုံးသွား ငုပ်နေခြင်း သို့မဟုတ် အနေအထားမမှန်ဘဲ ပေါက်လာခြင်းကြောင့် ဘေးသွားများကို ဖိမိပြီး နာကျင်ခြင်းဖြစ်သည်
    • သွားကြိတ်ခြင်း (Bruxism) – အိပ်ပျော်နေစဉ် သို့မဟုတ် စိတ်ဖိစီးမှုကြောင့် သွားများကို အချင်းချင်းကြိတ်မိခြင်းက သွားကြွေလွှာကို ပျက်စီးစေသည်
  2. သွားဖုံးနှင့် ပတ်သက်သော အကြောင်းရင်းများ
    • သွားဖုံးရောင်ခြင်းနှင့် သွားဖုံးရောဂါများ – သွားချေးကျောက်များကြောင့် သွားဖုံးများ ရောင်ရမ်းခြင်း၊ သွေးထွက်ခြင်းတို့ ဖြစ်ပေါ်သည်
    • သွားဖုံးပြည်တည်နာ (Dental Abscess) – သွားမြစ် သို့မဟုတ် သွားဖုံးအတွင်း ပိုးဝင်ပြီး ပြည်တည်ခြင်းကြောင့် တဆစ်ဆစ်နှင့် ပြင်းထန်စွာ နာကျင်စေသည်
  3. အခြားသော ဆက်စပ်အကြောင်းရင်းများ
    • ထိပ်ကပ်နာ (Sinusitis) – မျက်နှာအရိုးများအတွင်းရှိ လေခိုအိတ်များ ပိုးဝင်ရောင်ရမ်းခြင်းကြောင့် အပေါ်မေးရိုးရှိ သွားများတွင် ဖိအားဖြစ်ပေါ်ကာ နာကျင်မှု ခံစားရခြင်းဖြစ်သည်
    • အခြားနေရာမှ ပျံ့နှံ့လာသော နာကျင်မှု (Referred Pain) – ရှားရှားပါးပါး အခြေအနေများတွင် နှလုံးရောဂါ သို့မဟုတ် မေးရိုးအဆစ် ပြဿနာများကြောင့် နာကျင်မှုသည် သွားသို့ ပျံ့နှံ့ရောက်ရှိလာနိုင်သည်
ယှဥ်တွဲလာတတ်သောလက္ခဏာများ

သွားနာသွားကိုက်ခြင်းသည် သွားနှင့်သွားဖုံးနေရာတွင် စူး၍နာခြင်း၊ ထိုး၍နာခြင်း၊ တဆစ်ဆစ်ကိုက်၍နာခြင်း စသည်ဖြင့် အမျိုးမျိုးခံစားရနိုင်သည်။ အထူးသဖြင့် အစာဝါးစားချိန်တွင် သို့မဟုတ် ပူလွန်း၊ အေးလွန်းသော အစားအစာများနှင့် ထိတွေ့မိချိန်တွင် ပို၍နာခြင်း၊ ကျဥ်ခြင်းများ ဖြစ်တတ်သည်။ သွားနာသွားကိုက်ခြင်းအပြင် အခြားလက္ခဏာများဖြစ်သော

  • သွား‌အောက်ခြေနှင့် သွားဖုံးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း
  • သွား‌အောက်ခြေသွားဖုံးနေရာမှ သွေးထွက်ခြင်း၊ ပြည်ထွက်ခြင်း
  • သွားပိုးစားသည့်သွားတွင် အဖြူရောင်အစား အညိုရောင်၊ အမည်းရောင်အစွန်းများ ဖြစ်လာခြင်း
  • ခံတွင်းအနံ့ဆိုးထွက်ခြင်း (Bad breath)
  • ပါးစပ်ထဲတွင် ခါးသောအရသာ ခံစားရခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မျက်နှာနှင့် မေးရိုးများအထိ နာကျင်ကိုက်ခဲခြင်း၊ မျက်နှာရောင်ရမ်းခြင်း
  • လည်ပင်းတစ်ဝိုက်ရှိ ပြန်ရည်ကျိတ်များ‌ရောင်ခြင်း စသည့်လက္ခဏာများလည်း ယှဥ်တွဲတွေ့ရတတ်သည်။
နောက်ဆက်တွဲပြဿနာများ

သွားနာခြင်းကို လျစ်လျူရှုထားပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး၊ ခံတွင်းကျန်းမာရေးနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲပြဿနာများမှာ_

  1. သွားနှင့်ပတ်သက်သော ပြဿနာများ ပိုမိုဆိုးရွားလာခြင်း
    • သွားပိုးစားခြင်းနှင့် အခေါင်းပေါက်များ ပိုမိုကြီးထွားလာခြင်း
    • သွားကျိုးခြင်း သို့မဟုတ် သွားဆုံးရှုံးခြင်း
  2. ပိုးဝင်ခြင်းနှင့် ပြည်တည်နာများ ဖြစ်ပေါ်လာခြင်း
    • သွားဖုံးပြည်တည်နာများ
    • မျက်နှာရောင်ရမ်းခြင်း
    • မေးရိုးပိုးဝင်ခြင်း
  3. ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်သော ကျန်းမာရေးပြဿနာများ
    • ပိုးဆိပ်ပျံ့နှံ့ခြင်း
    • နှလုံးပိုးဝင်ခြင်းနှင့် လေဖြတ်ခြင်း
  4. နာတာရှည်နာကျင်မှုကြောင့် ဘဝအရည်အသွေး ထိခိုက်လာခြင်း
    • နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် စားသောက်ခြင်းနှင့် စကားပြောခြင်းတို့ ထိခိုက်လာခြင်း
    • ဝါးရခက်ခဲမှု ကြာရှည်လာပြီး အာဟာရချို့တဲ့နိုင်ခြင်း
    • အိပ်စက်ခြင်းနှင့် စိတ်ကျန်းမာရေးကို ထိခိုက်လာခြင်း စသည်တို့ဖြစ်သည်။

သွားနာခြင်းကို စောစီးစွာ ကုသခြင်းဖြင့် ဤနောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ပြီး ခံတွင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

သွားနာသွားကိုက်ခြင်းသည် များသောအားဖြင့် (၁-၂) ရက်ခန့်သာ ကြာတတ်ပြီး အိမ်တွင်းကုသမှုများဖြင့် သက်သာပျောက်ကင်းနိုင်သည်။ သို့သော်အောက်ပါလက္ခဏာများ ရှိပါက မိသားစုဆရာဝန် သို့မဟုတ် သွားဘက်ဆိုင်ရာဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်သည်။

  • အိမ်တွင်းကုထုံးများဖြင့် မသက်သာလျှင်
  • သွားဖုံးမှ သွေး သို့မဟုတ် ပြည်များ ထွက်လျှင်
  • အစာဝါးချိန်တိုင်း သို့မဟုတ် တောက်လျှောက်နာကျင်နေလျှင်
  • သွားအပြင် မျက်နှာ၊ မေးရိုးနှင့် လည်ပင်းတစ်လျှောက် နာကျင်နေလျှင်
  • လည်ပင်းအကျိတ်များ ရောင်ရမ်းလျှင်
  • နှစ်ရက်နှင့်အထက် အဖျားကြီးလျှင်

ဤအခြေအနေများတွင် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသပြီး ကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

သွားနာသွားကိုက်ခြင်း၏ အကြောင်းရင်းကို တိကျစွာ သိရှိနိုင်ရန် သွားဘက်ဆိုင်ရာ ဆရာဝန်မှ အောက်ပါစစ်ဆေးမှုများကို ပြုလုပ်မည်ဖြစ်သည်။

  1. ရောဂါရာဇဝင်မေးမြန်းခြင်း
    • လက်ရှိ ခံစားနေရသော နာကျင်မှု အမျိုးအစား (ဥပမာ – စူးအောင့်ခြင်း သို့မဟုတ် တဆစ်ဆစ် ကိုက်ခြင်း)
    • နာကျင်မှု စတင်သည့် အချိန်နှင့် အစားအစာ စားချိန်တွင် ပိုဆိုးခြင်း ရှိမရှိ မေးမြန်းခြင်း
    • ယခင်က ဖြစ်ဖူးသော သွားနှင့်ခံတွင်း ပြဿနာများ၊ ရောဂါအခံများနှင့် ဆေးဝါးဓာတ်မတည့်မှု ရာဇဝင်များကို အသေးစိတ် မေးမြန်းခြင်း
  2. ခံတွင်းနှင့် ကိုယ်ခန္ဓာ စမ်းသပ်စစ်ဆေးခြင်း
    • သွားနှင့် သွားဖုံးများကို အသေးစိတ် စစ်ဆေးခြင်း
    • သွားအာရုံကြော အသက်ရှင်မှု စစ်ဆေးခြင်း (Vitality Test) – သွားအမြစ်အတွင်းရှိ အာရုံကြောများ ပျက်စီးခြင်း ရှိ၊ မရှိ သိရှိရန် အအေးဓာတ် သို့မဟုတ် လျှပ်စစ်လှိုင်း အနည်းငယ် အသုံးပြု၍ စမ်းသပ်ခြင်း
    • နား၊ နှာခေါင်း၊ လည်ချောင်း နေရာများကို စစ်ဆေးခြင်း (အထူးသဖြင့် ထိပ်ကပ်နာကြောင့် သွားနာခြင်း ဟုတ်မဟုတ် ခွဲခြားရန်)
  3. ပုံရိပ်ဖော်စစ်ဆေးခြင်း
    • သွားဓာတ်မှန် (Dental X-ray) – သွားပိုးစားခြင်း၊ သွားအမြစ် ပြည်တည်ခြင်းနှင့် မေးရိုးအတွင်းရှိ အံဆုံးသွားများကို စစ်ဆေးခြင်း
    • ကွန်ပျူတာ ဓာတ်မှန် (CT Scan) – ပိုမိုပြင်းထန်သော အခြေအနေများ သို့မဟုတ် မေးရိုးဆိုင်ရာ ပြဿနာများကို 3D ပုံရိပ်ဖြင့် အသေးစိတ်ရှာဖွေခြင်း
ကုသခြင်း

သွားနာခြင်းကို ကုသရာတွင် အိမ်တွင်းကုသနည်းများနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ကုသခြင်းဟူ၍ နှစ်မျိုးရှိသည်။

အိမ်တွင်းကုသနည်းများ (Home Remedies)

သွားနာခြင်းကို ယာယီသက်သာစေရန် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်သည်။

  1. ဆားရည်ငုံခြင်း
    • ဆားရည်သည် သဘာဝ ပိုးသတ်ဆေးကဲ့သို့ လုပ်ဆောင်ပေးပြီး ရောင်ရမ်းခြင်းကို သက်သာစေသည်
    • ရေနွေးတစ်ဖန်ခွက်တွင် ဆား လက်ဖက်စားဇွန်း တစ်ဝက်ခန့်ထည့်၍ တစ်နေ့ (၄)ကြိမ် မှ (၅)ကြိမ်အထိ ငုံပေးနိုင်သည်
  2. Hydrogen Peroxide ဆေးရည်ငုံခြင်း
    • (၃) ရာခိုင်နှုန်းရှိသော Hydrogen Peroxide ကို ရေနှင့် ဆတူရော၍ ငုံပေးခြင်းဖြင့် ဘက်တီးရီးယားများကို လျော့နည်းစေသည်
    • သတိပြုရန် – မျိုမချမိစေရန်နှင့် ကလေးငယ်များတွင် မပြုလုပ်ရန် လိုအပ်သည်
  3. ရေခဲကပ်ခြင်း (Cold Compress)
    • ပါးနှင့်မေးရိုးကို ပြင်ပမှ ရေခဲအိတ်ကပ်ပေးခြင်းဖြင့် သွေးကြောများကို ကျုံ့စေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ကျစေသည်
  4. နာကျင်မှု သက်သာစေသော ဆေးဝါးများ
    • ပါရာစီတမော (Paracetamol) သို့မဟုတ် အိုင်ဗျူပရိုဖဲန် (Ibuprofen) ကဲ့သို့သော ဆေးများကို ဆေးညွှန်းအတိုင်း သောက်သုံးနိုင်သည်
    • သတိပြုရန် – အကိုက်အခဲပျောက်ဆေးများကို ကိုက်နေသော သွားပေါ် တိုက်ရိုက် တင်ထားခြင်းသည် သွားဖုံးကို လောင်စေနိုင်သဖြင့် ရှောင်ကြဉ်ရမည်
  5. သဘာဝ အိမ်သုံးဆေးများ
    • လေးညှင်းဆီ (Clove Oil) သည် သဘာဝ ထုံဆေးကဲ့သို့ အာနိသင် ရှိသဖြင့် ဂွမ်းစဖြင့် သွားပေါ် တင်ပေးနိုင်သည်
    • ကြက်သွန်ဖြူအနှစ်နှင့် ငရုတ်ကောင်းအဆီများကိုလည်း နာကျင်မှု သက်သာစေရန် အသုံးပြုနိုင်သည်

အရေးကြီးသော သတိပေးချက် – Benzocaine ပါဝင်သော လိမ်းဆေးများကို အသက် (၂) နှစ်အောက် ကလေးငယ်များတွင် လုံးဝ အသုံးမပြုရန် FDA မှ သတိပေးထားသည်။

သွားဘက်ဆိုင်ရာဆရာဝန်နှင့် ကုသခြင်း

အိမ်တွင်းကုသနည်းများသည် ယာယီသာ သက်သာစေနိုင်သဖြင့် အမြဲတမ်း ပျောက်ကင်းရန် ဆရာဝန်နှင့် အမြန်ဆုံး ပြသရမည်ဖြစ်သည်။

  • သွားဖာခြင်း (Fillings) – သွားပိုးစားခြင်း အဆင့်မှာပင် ရှိသေးပါက ပိုးစားသည့် အစိတ်အပိုင်းကို ဖယ်ရှားပြီး သွားဖာခြင်းဖြင့် ကုသနိုင်သည်
  • သွားအမြစ် ကုသခြင်း (Root Canal Treatment) – သွားပိုးစားခြင်းသည် အာရုံကြောအထိ ရောက်ရှိသွားပါက အာရုံကြောများကို ဖယ်ရှားသန့်စင်ကာ သွားအမြစ်ကုသခြင်း ပြုလုပ်ရမည်
  • သွားအစွပ်တပ်ခြင်း (Crowns) – သွားပဲ့ခြင်း သို့မဟုတ် အမြစ်ကုသပြီးသော သွားများကို ပြန်လည် ခိုင်မာစေရန် အစွပ်တပ်၍ ကုသပေးသည်
  • သွားနှုတ်ခြင်း (Extraction) – သွားသည် လုံးဝ ပြုပြင်၍ မရနိုင်လောက်အောင် ပျက်စီးနေပါက သို့မဟုတ် အံဆုံးသွားသည် ဘေးသွားများကို ဒုက္ခပေးနေပါက နှုတ်ပစ်ရန် လိုအပ်သည်
  • ပြည်ဖောက်ထုတ်ခြင်း – သွားဖုံးတွင် ပြည်တည်နေပါက ပြည်များကို ဖောက်ထုတ်ပြီး ပဋိဇီဝပိုးသတ်ဆေးများ (Antibiotics) ပေး၍ ကုသရသည်

ယနေ့ခေတ်တွင် သွားဘက်ဆိုင်ရာ နည်းပညာများ တိုးတက်လာသဖြင့် လေဆာဖြင့် သွားကုသခြင်းနှင့် နာကျင်မှု လုံးဝမရှိစေဘဲ ကုသပေးနိုင်သည့် အစီအစဉ်များစွာ ရှိလာပြီဖြစ်သည်။

ကာကွယ်ခြင်း

သွားနာခြင်းနှင့် အခြားသော သွားနှင့်ခံတွင်းပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ခံတွင်းသန့်ရှင်းရေးကို စနစ်တကျ ထိန်းသိမ်းရန် အထူးအရေးကြီးသည်။ အောက်ဖော်ပြပါ ကာကွယ်ရေးနည်းလမ်းများကို နေ့စဉ်လိုက်နာကျင့်သုံးခြင်းဖြင့် သွားကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည်။

  1. သွားကို စနစ်တကျ တိုက်ပါ
    • ဖလိုရိုက် (Fluoride) ပါဝင်သော သွားတိုက်ဆေးကို အသုံးပြု၍ တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ် (မနက်တစ်ကြိမ်နှင့် ညအိပ်ရာမဝင်မီ တစ်ကြိမ်) သွားတိုက်ရမည်
    • သွားဖုံးနှင့် သွားကြွေလွှာများကို မထိခိုက်စေရန် နူးညံ့သော သွားတိုက်တံကို အသုံးပြုပြီး အနည်းဆုံး နှစ်မိနစ်ခန့်ကြာအောင် တိုက်ရန်လိုအပ်သည်
    • သွားတိုက်တံကို (၃) လ တစ်ကြိမ် သို့မဟုတ် သွားတိုက်တံ အမွေးများ ပျက်စီးသွားချိန်တွင် အသစ်လဲလှယ်ပေးရမည်
  2. သွားပွတ်ကြိုးကို နေ့စဉ်အသုံးပြုပါ
    • သွားတိုက်ရုံဖြင့် သွားကြားရှိ အညစ်အကြေးများကို အကုန်အစင် မဖယ်ရှားနိုင်သောကြောင့် တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ် သွားပွတ်ကြိုး (Dental Floss) ကို အသုံးပြုရန် လိုအပ်သည်
    • ၎င်းသည် သွားတိုက်တံ မရောက်နိုင်သော သွားကြားနေရာများတွင် ကပ်နေသော အစာဟောင်းများနှင့် သွားချေးများကို ဖယ်ရှားပေးနိုင်သည်
  3. ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပါ
    • ဘက်တီးရီးယားများကို လျော့နည်းစေရန်နှင့် ခံတွင်းကို သန့်စင်စေရန် ပိုးသတ်ဆေးပါသော ခံတွင်းသန့်စင်ဆေး (Mouthwash) ကို အသုံးပြုနိုင်သည်
    • သို့သော် ၎င်းသည် သွားတိုက်ခြင်းနှင့် သွားပွတ်ကြိုးသုံးခြင်းကို အစားမထိုးနိုင်ကြောင်း သတိပြုရန် လိုအပ်သည်
  4. အချိုနှင့် ကစီဓာတ်များသော အစားအစာများကို လျှော့စားပါ
    • အချိုများသော မုန့်များ၊ ကစီဓာတ်များသော အစားအစာများနှင့် ဂတ်စ်ပါသော အချိုရည်များကို လျှော့စားရမည်
    • အထူးသဖြင့် သွားတွင် ကပ်ငြိလွယ်သော စေးကပ်သည့် အချိုမုန့်များသည် သွားပိုးစားခြင်းကို ပိုမိုမြန်ဆန်စေသောကြောင့် ရှောင်ကြဉ်ရန်လိုသည်
  5. သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် ပုံမှန်ပြသပါ
    • မိမိတွင် သိသာသော ရောဂါလက္ခဏာ မရှိသော်လည်း အနည်းဆုံး ခြောက်လ တစ်ကြိမ် သွားဆရာဝန်နှင့် ပြသ၍ သွားနှင့် ခံတွင်းစစ်ဆေးခြင်း၊ သွားကျောက်ခြစ်ခြင်းတို့ကို ပုံမှန်ပြုလုပ်ရန် လိုအပ်သည်
    • ယင်းသို့ပြုလုပ်ခြင်းဖြင့် သွားပြဿနာများကို စောစီးစွာ သိရှိနိုင်ပြီး ကုသနိုင်မည်ဖြစ်သည်
  6. ဖလိုရိုက်ဖြင့် ကာကွယ်မှု ခံယူပါ
    • သွားများကို ပိုမိုသန်မာစေရန်နှင့် သွားပိုးစားခြင်းကို ကာကွယ်ရန် လိုအပ်ပါက သွားဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ဖလိုရိုက် (Fluoride) ကုသမှုများကို ခံယူနိုင်သည်
    • ၎င်းသည် သွားကြွေလွှာများကို ပိုမိုခိုင်မာစေရန် ကူညီပေးသည်
  7. သွားကာလွှာ (Sealant) များ အသုံးပြုပါ
    • သွား၏ အပေါ်မျက်နှာပြင်တွင် အစာအကြွင်းအကျန်များ မကျန်ရှိစေရန် ပလတ်စတစ် သို့မဟုတ် အပင်မှရသော အစေးများဖြင့် ပြုလုပ်ထားသည့် အကာလွှာများကို အသုံးပြုနိုင်သည်
    • ဤနည်းလမ်းကို ကလေးများနှင့် ဆယ်ကျော်သက်များ၏ အံသွားများတွင် အဓိကအသုံးပြုလေ့ရှိပြီး၊ သွားပိုးစားခြင်းကို (၅) နှစ်ခန့်အထိ ထိရောက်စွာ ကာကွယ်ပေးနိုင်သည်

ဤကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းဖြင့် သွားနာခြင်းနှင့် သွားပြဿနာများကို သိသိသာသာ လျှော့ချနိုင်ပြီး ခံတွင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံး၏ ကျန်းမာရေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

References:

  1. Cleveland Clinic. (2023). Toothache: Causes, symptoms, and treatment. Retrieved March 7, 2026, from https://my.clevelandclinic.org/health/diseases/10957-toothache
  2. NHS inform. (n.d.). Toothache. Retrieved March 7, 2026, from https://www.nhsinform.scot/illnesses-and-conditions/mouth/toothache
  3. WebMD. (2025). Toothaches: Causes, symptoms, diagnosis, treatment. Retrieved March 7, 2026, from https://www.webmd.com/oral-health/toothaches
  4. WebMD. (n.d.). Home remedies for toothache. Retrieved March 7, 2026, from https://www.webmd.com/oral-health/remedies-for-toothache
  5. Mayo Clinic. (2024). Toothache: First aid. Retrieved March 7, 2026, from https://www.mayoclinic.org/first-aid/first-aid-toothache/basics/art-20056628

Published: 22 March 2025

Last updated: 19 April 2026

Share

Category

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.