လိင်ဆက်ဆံမှုပြုပြီးနောက် မိန်းမကိုယ်မှ သွေးဆင်းခြင်း (Postcoital bleeding) သည် ဓမ္မတာသွေးပေါ်ခြင်းကြောင့် ဖြစ်နိုင်သလို မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ပိုးဝင်ရောင်ရမ်းခြင်းနှင့် သားအိမ်ခေါင်းပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသို့သွေးဆင်းခြင်းသည် တစ်ခါတစ်ရံ ကြီးမားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများ၏ ရှေ့ပြေးလက္ခဏာလည်းဖြစ်နိုင်သောကြောင့် လျစ်လျူမရှုသင့်ဘဲ သတိထားရမည့် အခြေအနေတစ်ခုဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဖြစ်ပေါ်ရသောအကြောင်းရင်း အမျိုးမျိုးရှိသည်။ တစ်ခါတစ်ရံ အကြောင်းရင်းရှာမရ ဖြစ်တတ်သော်လည်း အောက်ပါကျန်းမာရေးအခြေအနေများကြောင့် ဖြစ်နိုင်သည်။
- မီးယပ်သွေးဆုံးပြီးနောက်တွင်ဖြစ်သော မျိုးပွါးလမ်းကြောင်းနှင့် ဆီးလမ်းကြောင်းရောဂါစု [Genitourinary syndrome of menopause (GSM)]
- မီးယပ်သွေးဆုံးပြီးနောက်တွင် မိန်းမကိုယ်နံရံပါးပြီး ခြောက်သွေ့ခြင်းနှင့် ပိုးဝင်လွယ်ပြီးရောင်ရမ်းခြင်း ဖြစ်လာသည်
- ထိုအခြေအနေကို မိန်းမကိုယ်ကျုံ့သွားခြင်း (Vaginal atrophy) ဟုခေါ်သည်
- မိန်းမကိုယ်ကင်ဆာနှင့် ကင်ဆာမတိုင်မီအဆင့် (Vaginal precancer or cancer)
- မိန်းမကိုယ်ပိုးဝင်ရောင်ရမ်းခြင်း (Vaginitis)
- သားအိမ်ခေါင်းကင်ဆာနှင့် ကင်ဆာမတိုင်မီအဆင့် (Cervical precancer or cancer)
- သားအိမ်ခေါင်းအတွင်း မျက်နှာပြင်ရှိဆဲလ်များ အပြင်မျက်နှာပြင်သို့ ရောက်ရှိလာခြင်း (Cervical ectropion)
- သားအိမ်ခေါင်းအသားပိုထွက်ခြင်း (Cervical polyps)
- သားအိမ်ခေါင်းပိုးဝင်ရောင်ရမ်းခြင်း (Cervicitis)
- သားအိမ်ကင်ဆာနှင့် သားအိမ်ကင်ဆာမတိုင်မီအဆင့် (Endometrial precancer or cancer)
- သားအိမ်မှ ထွက်သောအသားပို သို့မဟုတ် အသားလုံးများ (Endometrial polyps or fibroids)
- သားအိမ်ပြင်ပတွင်သွေးလုံးဖြစ်ခြင်း (Endometriosis)
- သားအိမ်ကျွံကျခြင်း (Uterine prolapse)
- လိင်အင်္ဂါရေယုန်နှင့် ကာလသားရောဂါကြောင့်ဖြစ်သော မိန်းမကိုယ်အနာများ (Genital sores)
- တင်ပါးဆုံရိုးကွင်းအတွင်းအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်းရောဂါ (Pelvic inflammatory disease)
- မိန်းမကိုယ်နှုတ်ခမ်းသားကင်ဆာနှင့် ကင်ဆာမတိုင်မီအဆင့် (Vulvar precancer or cancer)
- မိန်းမကိုယ်အဝ၌ ဖြစ်သောရောဂါများ (Lichen sclerosus, Lichen simplex chronicus)
- လိင်ဆက်ဆံစဥ် ခြောက်သွေ့နေသော မိန်းမကိုယ်နှင့် ပွတ်တိုက်ခြင်း
- ဟော်မုန်းပါသော သားဆက်ခြားဆေးများ သောက်သုံးခြင်းကြောင့် သွေးဆင်းမှုပုံစံ ပြောင်းလဲခြင်း
- သားအိမ်ထဲထည့် သားဆက်ခြားပစ္စည်း နေရာမှန်၌ မရှိတော့ခြင်း
- အလိုမတူဘဲလိင်ဆက်ဆံခြင်းကြောင့် သို့မဟုတ် ထိခိုက်မှုကြောင့် ဒဏ်ရာရခြင်း
- ကိုယ်ဝန်ဆောင်စဥ် သားအိမ်ဝန်းကျင်တွင် သွေးကြောများပို၍များလာခြင်း
- မီးဖွားပြီးနောက် မိခင်နို့တိုက်ကျွေးစဥ် မိန်းမကိုယ်ခြောက်သွေ့နေခြင်း
- မီးဖွားစဥ် မိန်းမကိုယ်၌ဒဏ်ရာရပြီး အနာကျက်ချိန်ကြာခြင်း စသည်တို့ဖြစ်သည်။
ယှဥ်တွဲလာတတ်သော လက္ခဏာများ
ဖြစ်ပေါ်ရသောအကြောင်းရင်းပေါ်မူတည်၍ လိင်ဆက်ဆံမှုပြုပြီးနောက် သွေးဆင်းခြင်းနှင့်အတူ အောက်ပါလက္ခဏာများကိုခံစားရနိုင်သည်။
- လိင်ဆက်ဆံစဥ် သို့မဟုတ် လိင်ဆက်ဆံပြီးနောက် တင်ပါးဆုံရိုးကွင်းအတွင်း နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း _ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း ပိုးဝင်ရောင်ရမ်းသောရောဂါတို့ကြောင့်ဖြစ်သည်
- လိင်ဆက်ဆံစဥ်နာကျင်ခြင်း _ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် သားအိမ်ခေါင်းနှင့် သားအိမ်ပြဿနာများကြောင့်ဖြစ်နိုင်သည်
- ပုံမှန်မဟုတ်သော အနံ့ရှိသည့်အရည်များ မိန်းမကိုယ်မှဆင်းခြင်း – Bacterial vaginosis၊ Trichomoniasis အစရှိသော မိန်းမကိုယ်ပိုးဝင်ခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း ပိုးဝင်ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ ကင်ဆာ စသည်တို့ကြောင့် ဖြစ်နိုင်သည်
- ဓမ္မတာမူမမှန်ခြင်း _ ဓမ္မတာတစ်ခုနှင့်တစ်ခုကြား သွေးဆင်းခြင်း၊ ဓမ္မတာသွေးဆင်းများခြင်း
- မိန်းမကိုယ်ယားခြင်း
- ဝမ်းဗိုက်အောက်ပိုင်းနာကျင်ခြင်း
- ခါးအောက် နောက်ကျောဘက်နာခြင်း
- ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း
- ဝမ်းသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း
- ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း
နောက်ဆက်တွဲပြဿနာများ
သွေးဆင်းများလျှင် သို့မဟုတ် မကြာခဏသွေးဆင်းလျှင် သံဓာတ်ချို့တဲ့သော သွေးအားနည်းရောဂါ ဖြစ်လာနိုင်သည်။ သို့ဖြစ်၍ သွေးဆင်းအလွန်များလျှင် သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် ပြသရန် အလွန်အရေးကြီးသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
လိင်ဆက်ဆံမှုပြုပြီးနောက် သွေးဆင်းခြင်းသည် တစ်ကြိမ်တစ်ခါဆိုလျှင် ပြဿနာမဟုတ်သော်လည်း မကြာခဏဖြစ်လာလျှင် မိမိ၏မိသားစုဆရာဝန်၊ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပြီး အကြောင်းရင်းရှာ၍ ကုသရန်အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
လိင်ဆက်ဆံမှုပြုပြီးနောက် သွေးဆင်းခြင်းဖြစ်ရသော အကြောင်းရင်းကို ရှာဖွေရန်အတွက် ဓမ္မတာသွေးဆင်းများခြင်း၊ သွေးဆင်းမူမမှန်ခြင်း၊ လိင်ဆက်ဆံမှုပြုချိန် နာကျင်ခြင်း (မိန်းမကိုယ်ခြောက်သွေ့ခြင်း သို့မဟုတ် ကယ်လ်မိုင်းဒီးယား ပိုးဝင်ခြင်း)၊ လိင်ဆက်ဆံဖော်ပြောင်းလဲခြင်း၊ မိန်းမကိုယ်မှ အနံ့ရှိသောအရည်များဆင်းခြင်း၊ သားဆက်ခြားဆေးများသောက်ခြင်း အစရှိသော ရောဂါရာဇဝင်များ မေးမြန်းမည်။ ထို့နောက် တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး မိန်းမကိုယ်အတွင်းနံရံ စုတ်ပြဲခြင်း သို့မဟုတ် ဒဏ်ရာအနာများ၊ သားအိမ်ကျွံကျခြင်း လက္ခဏာများ၊ သားအိမ်ခေါင်းပိုးဝင် ရောင်ရမ်းခြင်း၊ အသားပိုထွက်ခြင်းနှင့် ဒဏ်ရာအနာများစသည့် သွေးဆင်းနိုင်သော အကြောင်းရင်းကို ရှာဖွေမည်။ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ခြင်း၊ လိင်မှကူးစက်သော ရောဂါများကို စစ်ဆေးခြင်း၊ မိန်းမကိုယ်မှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း၊ သားအိမ်ခေါင်းအချွဲမြှေး စစ်ဆေးခြင်း၊ လိုအပ်လျှင် သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးခြင်း (Colposcopy)၊ မီးယပ်သွေးဆုံးပြီးဖြစ်လျှင် သားအိမ်အတွင်းနံရံအသားစ စစ်ဆေးခြင်းများ ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ကုသခြင်း
လိင်ဆက်ဆံမှုပြုပြီးနောက် သွေးဆင်းခြင်းသည် အကြောင်းရင်းတစ်ခုထက်ပိုရှိနိုင်သောကြောင့် ကုသခြင်းနည်းလမ်းအမျိုးမျိုးရှိနိုင်သည်။ ဖြစ်ပေါ်ရသောအကြောင်းရင်းကို ကုသလျှင် သက်သာပျောက်ကင်းမည်ဖြစ်သည်။
- လိင်ဆက်ဆံမှုပြုပြီးနောက်သွေးဆင်းခြင်းသည် မိန်းမကိုယ်ခြောက်သွေ့မှုကြောင့်ဖြစ်လျှင် လိင်ဆက်ဆံနေစဥ် ပိုမိုချောမွေ့စေရန် သင့်လျော်သော ချောဆီများ (Vaginal lubricants and moisturizers) သုံးပေးခြင်းဖြင့် သွေးဆင်းခြင်းကို ကာကွယ်နိုင်သည်
- မီးယပ်သွေးဆုံးခြင်းနှင့် တခြားသောအကြောင်းရင်းများကြောင့် အီစတိုဂျင်ဟော်မုန်း ထုတ်လုပ်မှုလျော့နည်းနေလျှင် မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ဖြစ်စေသောကြောင့် အီစတိုဂျင်ဟော်မုန်းဖြင့် အစားထိုးကုသမှုခံယူနိုင်သည်
- လိင်မှတစ်ဆင့်ကူးစက်နိုင်သော ရောဂါပိုးများအပါအဝင် ဘက်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများကြောင့် ရောဂါဖြစ်နေလျှင် ပဋိဇီဝပိုးသတ်ဆေးများ သောက်ခြင်းနှင့် အခြားသက်ဆိုင်သောကုသမှုများ ခံယူရမည်
- လိင်ဆက်ဆံမှုပြုပြီးနောက် သွေးဆင်းခြင်းသည် ရှိရင်းစွဲကင်ဆာရောဂါကြောင့်ဖြစ်လျှင် ကင်ဆာအဆင့်အပေါ်မူတည်၍ ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း စသည့်ကုသနည်းများဖြင့် လိုအပ်သောကုသမှုများခံယူပါက သွေးဆင်းခြင်းရပ်သွားမည်
- သားအိမ် သို့မဟုတ် သားအိမ်ခေါင်းမှ ထွက်သောအသားပိုများ (Polyps) ကြောင့်ဖြစ်ပါက အသားပိုများ ခွဲစိတ်ဖယ်ထုတ်လျှင် သွေးဆင်းခြင်း ရပ်သွားမည်ဖြစ်သည်။
ကာကွယ်ခြင်း
လိင်ဆက်ဆံမှုပြုပြီးနောက် သွေးဆင်းခြင်းကို ကာကွယ်ရန်
- လိင်ဆက်ဆံခြင်းမပြုမီနှင့် ပြုနေစဥ် ချောဆီအသုံးပြုပေးပါ
- ဓမ္မတာပေါ်ပြီးရက်အနည်းငယ်ကြာမှ လိင်ဆက်ဆံမှုပြုပါ
- သားအိမ်ခေါင်း ပိုးဝင်ရောင်ရမ်းခြင်းကိုကုသပါ၊ သားအိမ်ခေါင်းမှ အသားပို (Cervical polyps) ထွက်လျှင် ခွဲစိတ်ကုသမှုခံယူပါ
- လိင်ဆက်ဆံမှုမစတင်မီ ရှေ့ပြေးထိတွေ့နမ်းရှုပ်ခြင်း ပြုလုပ်ပါ (Have more foreplay before penetration)
- ပြင်းထန်သော လိင်ဆက်ဆံမှုပြုခြင်းကို ရှောင်ကြဥ်ပါ
References:
- Mayo Clinic. (2023). Bleeding after vaginal sex: Causes. Retrieved March 25, 2026, from https://www.mayoclinic.org/symptoms/bleeding-after-vaginal-sex/basics/causes/sym-20050716
- WebMD. (2024). Bleeding after sex. Retrieved March 25, 2026, from https://www.webmd.com/women/bleeding-after-sex
- Cleveland Clinic. (2025). Why are you bleeding after sex? Retrieved March 25, 2026, from https://health.clevelandclinic.org/what-should-you-do-if-you-bleed-after-sex
Published: 18 March 2025
Last updated: 26 April 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.