Ankle pain (ခြေချင်းဝတ်နာကျင်ခြင်း)

Ankle pain (ခြေချင်းဝတ်နာကျင်ခြင်း)

ခြေချင်းဝတ်နာကျင်ခြင်း (Ankle pain) သည် ထိခိုက်ဒဏ်ရာ၊ ရောဂါ သို့မဟုတ် ခြေထောက်ကို အလွန်အကျွံ အသုံးပြုမှုများကြောင့် ဖြစ်နိုင်သည်။ သာမန်နာကျင်မှုမှ အလွန်ပြင်းထန်သော နာကျင်မှုအထိ ရှိနိုင်ပြီး၊ နေ့စဉ်လူမှုဘဝနှင့် နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်သည်။ အများစုမှာ အိမ်တွင်းကုသသည့်နည်းလမ်းဖြင့် သက်သာနိုင်သော်လည်း နာကျင်မှုပြင်းထန်ပါက ဆေးရုံ၊ ဆေးခန်းများတွင် စနစ်တကျ ကုသမှုခံယူသင့်သည်။

Ankle pain image
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ထိခိုက်ဒဏ်ရာကြောင့်နာကျင်ခြင်း
  • ခြေချင်းဝတ်အရွတ်ကြော ရောင်ရမ်းနာကျင်ခြင်း (Ankle sprain)
    အဖြစ်အများဆုံးသော အကြောင်းရင်းဖြစ်သည်။ အားကစားလှုပ်ရှားမှုများ၌ ထိခိုက်ဒဏ်ရာရခြင်း၊ မျက်နှာပြင် အနိမ့်အမြင့် မတူညီသောနေရာများ၌ ခြေချင်းဝတ်ခွင်သွားခြင်းတို့သည် ခြေချင်းဝတ်နာကျင်ခြင်းကို ဖြစ်စေသည်
  • ဖနောင့်ကြော ထိခိုက်ဒဏ်ရာရခြင်း (Achilles tendon injuries)
  • ခြေချင်းဝတ်ရှိ အရိုးကျိုးခြင်း (Ankle fracture)
ရောဂါတစ်ခုခုကြောင့်နာကျင်ခြင်း
  • ခြေသလုံးနှင့်ခြေချင်းဝတ်ရှိ အာရုံကြောပိမိခြင်း (Sural nerve entrapment, Tarsal tunnel syndrome)
  • ခြေချင်းဝတ်အရိုးနှင့် ခြေဖနောင့်အရိုးကြား ရောင်ရမ်းနာကျင်ခြင်း (Sinus tarsi syndrome)
  • အဆစ်ရောင်ရောဂါများ (Inflammatory arthritis) – ရူမတွိုက်အဆစ်ရောင်ရောဂါ၊ ယူရစ်အက်ဆစ်ကြောင့်ဖြစ်သော ဂေါက်ရောဂါ၊ အရေပြားရောင်ရမ်းခြင်းနှင့် တွဲနေတတ်သော အရေပြား လေးဘက်နာရောဂါ (SLE)၊ ဆိုရီယားစစ်ရောဂါ (Psoriasis)
  • ခြေချင်းဝတ် အဆစ်တီဘီရောဂါ ဖြစ်ပွါးခြင်း (Tuberculous arthritis)
  • ပုံမှန်မဟုတ်သော ခြေထောက်ပုံစံများ [ဥပမာ _ မွေးရာပါ ခြေဖမိုးရိုးပြားခြင်း (Flat feet)၊ ခြေဖမိုးရိုး ပိုခုံးခြင်း (High arch feet)]
  • အဆစ်အတွင်း ပိုးဝင်ခြင်း (Septic Arthritis)
အသုံးပြုမှုများသောကြောင့်နာကျင်ခြင်း
  • အဆစ်ပတ်လည်ရှိ အရည်အိတ်ငယ်ရောင်ခြင်း (Bursitis)
  • အရွတ်ရောင်ခြင်း (Tendonitis)
  • ခြေချင်းဝတ်အရိုးအဆစ်များ ကျီးပေါင်းတက်ခြင်း (Osteoarthritis)
  • ခြေချင်းဝတ်အရိုးများ ဒဏ်ဖြစ်၍ အရိုးကျိုးခြင်း (Stress fracture)

ခြေချင်းဝတ်နာကျင်စေသော အကြောင်းရင်းကိုလိုက်၍ နာကျင်မှုကို ခြေချင်းဝတ်အဆစ်၏ အရှေ့ဘက်၊ အနောက်ဘက်၊ အတွင်းဘက်၊ အပြင်ဘက်တို့တွင် ခံစားရနိုင်သည်။ အရိုးအဆစ်အပေါ် သို့မဟုတ် အရွတ်ကြောအပေါ်၌ နာကျင်မှုကို ခံစားရနိုင်သည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

ခြေချင်းဝတ်တစ်နေရာတည်းတွင် နာကျင်ခြင်းဖြစ်နိုင်သလို အခြားအဆစ်များပါ တွဲ၍နာကျင်နိုင်သည်။ အခြားရောဂါလက္ခဏာများနှင့်လည်း တွဲဖက်ခံစားရနိုင်သည်။ အောက်ပါတို့မှာ အဖြစ်များသော ယှဉ်တွဲလက္ခဏာများဖြစ်သည်။

  1. အဆစ်ရောင်ရမ်းလာခြင်း
    • ခြေချင်းဝတ်အဆစ်ပေါ်ရှိ အရေပြားသည် ပူနွေးလာပြီး နီရဲရောင်ရမ်းလာနိုင်သည်
    • ဤသို့ဖြစ်ခြင်းကို အဆစ်ရောင်ရောဂါများ သို့မဟုတ် အဆစ်အတွင်းပိုးဝင်ခြင်း (Septic Arthritis) တို့တွင် တွေ့ရလေ့ရှိသည်
  2. အဆစ်တောင့်တင်းခြင်းနှင့် လှုပ်ရှားမှုခက်ခဲခြင်း _ အဆစ်ရောင်ရောဂါများတွင် တွေ့ရသည်
  3. အဆစ်တွင် အညိုအမဲစွဲခြင်းနှင့် နာကျင်ခြင်း
    • ထိခိုက်ဒဏ်ရာရသော အခြေအနေများတွင် တွေ့ရသည်
    • အဆစ်လှုပ်ရှားသည့်အခါတွင် နာကျင်မှုကို မကြာခဏ ခံစားရလေ့ရှိသည်
  4. အသံမြည်ခြင်း _ ထိခိုက်ဒဏ်ရာရသည့်အချိန်တွင် အဆစ်အတွင်းမှ အသံကြားရပါက အောက်ပါပြဿနာများ ဖြစ်နိုင်သည်
    • အရွတ်ကြောစုတ်ပြဲခြင်း
    • အရိုးကျိုးခြင်း
    • အဆစ်လွဲခြင်း
  5. အခြားအဆစ်များ နာကျင်ခြင်း
    • နာကျင်မှုသည် ခြေချင်းဝတ်တစ်ခုတည်းတွင်မက အခြားအဆစ်များပါ ရောင်ရမ်းပါက အဆစ်ရောင်ရောဂါများ (ဥပမာ _ ရူမတွိုက်အဆစ်ရောင်ရောဂါ၊ ဂေါက်ရောဂါ၊ SLE စသည့်) ရောဂါများကြောင့်လည်း ဖြစ်နိုင်သည်
  6. အခြားလက္ခဏာများ (ဥပမာ _ ရက်ရှည်ဖျားခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရေပြားအနီကွက်များ ထွက်ခြင်း) စသည်တို့ကိုလည်း အဆစ်ရောင်ရောဂါများတွင် တွေ့ရသည်
ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါရောဂါလက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။ အိမ်တွင်းကုသမှုဖြင့် ခြေချင်းဝတ်နာကျင်မှု မသက်သာဘဲ ပိုဆိုးလာခြင်း၊ နာကျင်မှုပြင်းထန်ခြင်း၊ အဆစ်ရောင်ရမ်းခြင်း၊ လှုပ်ရှားသွားလာမှုများ အဆင်မပြေခြင်းတို့ကို သတိထားမိပါက အရိုးအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

အရေးပေါ်ပြသရန်

ထိခိုက်ဒဏ်ရာရမှုကြောင့် မတ်တတ်မရပ်နိုင်ခြင်း၊ နာကျင်မှုပြင်းထန်ခြင်း၊ အညိုအမဲစွဲခြင်း၊ ခြေချင်းဝတ်တစ်ဝိုက် ရောင်ရမ်းခြင်းတို့ရှိပါက အရေးပေါ်ပြသသင့်သည်။ ကိုယ်အပူချိန်တက်ခြင်း၊ အဆစ်လှုပ်ရှား၍မရအောင် နာကျင်ခြင်းတို့သည် အဆစ်အတွင်းပိုးဝင်ခြင်း ဖြစ်နိုင်သဖြင့် ဂရုတစိုက်ကုသသင့်သည်။

ရောဂါရှာဖွေခြင်း

ခြေချင်းဝတ်အဆစ်နာကျင်ခြင်း၏ အကြောင်းရင်းကို သိရှိနိုင်ရန် လူနာအား ရောဂါရာဇဝင်မေးခြင်း၊ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်ရသည်။ ပို၍တိကျစွာသိရှိနိုင်ရန် အောက်ပါတို့ကို ပြုလုပ်နိုင်သည်။

  • ခြေချင်းဝတ်ဓာတ်မှန်ရိုက်ခြင်း (X-ray) _ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ အဆစ်ရောင်ခြင်းစသည့် အရိုးနှင့်ဆက်စပ်သော အကြောင်းရင်းများကို သိရှိနိုင်သည်
  • အာထရာဆောင်းရိုက်ခြင်း (USG) _ အရွတ်ကြောများ ရောင်ရမ်းခြင်း၊ စုတ်ပြဲခြင်းတို့ကို သိရှိနိုင်သကဲ့သို့ အဆစ်အတွင်း အရည်ရှိနေမှုကိုလည်း သိရှိနိုင်သည်
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan) _ အရိုးအခြေအနေများကို ရှုထောင့်အမျိုးမျိုးမှ သိရှိနိုင်သည်
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) _ ခြေချင်းဝတ်တစ်ဝိုက်ရှိ ကြွက်သား၊ အရွတ်များနှင့် အာရုံကြောများ၏ အသေးစိတ်အခြေအနေကို သိရှိနိုင်သည်
  • အဆစ်အတွင်းမှ အရည်စုပ်ထုတ်ခြင်း (Joint aspiration) _ အဆစ်အတွင်း အရည်ပမာဏများစွာ စုနေပါက စုပ်ထုတ်၍ ရောဂါရှာဖွေနိုင်သည်၊ အရည်စုပ်ထုတ်ခြင်းကြောင့် ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်သည်
  • အဆစ်အတွင်းမှန်ပြောင်းကြည့်ခြင်း (Arthroscopy) _ ရောဂါရှာဖွေနိုင်သကဲ့သို့ ကုသမှုလည်းပေးနိုင်သည်
  • သွေးစစ်ဆေးခြင်း (CP, ESR, CRP, Uric acid, Rheumatoid Factor) _ ခြေချင်းဝတ်နာကျင်ခြင်း၏ အကြောင်းရင်းကို ရှာဖွေတွေ့နိုင်သည်
ကုသခြင်း
အိမ်တွင်းကုသမှုနည်းလမ်း

အောက်ပါနည်းလမ်းများဖြင့် အိမ်တွင်းကုသမှုများ ပြုလုပ်နိုင်သည်။

  1. အနားယူခြင်း
    • နာကျင်နေသော ခြေချင်းဝတ်ကို အနားပေးပါ
    • လှုပ်ရှားမှုများကို လျှော့ချပြီး ခြေထောက်ကို မြှင့်တင်ထားပါ
  2. ရေအေးအိတ် သို့မဟုတ် ရေနွေးအိတ်ကပ်ခြင်း
    • ထိခိုက်ဒဏ်ရာကြောင့် အဆစ်နာကျင်ခြင်းများအတွက် ရေအေးအိတ် သို့မဟုတ် ရေအေးဆွတ်ထားသော အဝတ်ကပ်ပေးခြင်းကို တစ်ကြိမ်လျှင် ၁၅မိနစ် မှ ၂၀မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃-၄) ကြိမ် ပြုလုပ်နိုင်သည်
    • နာတာရှည်အဆစ်နာကျင်ခြင်း၊ အဆစ်လှုပ်ရှားရခက်ခြင်းတို့ကို ရေနွေးအိတ် သို့မဟုတ် ရေနွေးဆွတ်ထားသော အဝတ်ဖြင့် အဆစ်ပေါ်ကပ်ပေးခြင်းကို တစ်ကြိမ်လျှင် ၁၅မိနစ် မှ ၂၀မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃-၄) ကြိမ် ပြုလုပ်နိုင်သည်
  3. ပတ်တီးစည်းခြင်း
    • နာကျင်မှုနှင့်ရောင်ရမ်းခြင်း သက်သာစေရန် ဆွဲဆန့်နိုင်သောပတ်တီး (Elastic bandage) ဖြင့် ခြေချင်းဝတ်တစ်ဝိုက်ကို မတင်းလွန်း၊ မလျော့လွန်းပဲ ပတ်တီးစည်းပေးပါ
    • သွေးလည်ပတ်မှုကို မထိခိုက်စေရန် သတိထားပါ
  4. ဆေးဝါးသုံးစွဲခြင်း
    • အကိုက်အခဲပျောက်ဆေးများ (ဥပမာ – Ibuprofen, Paracetamol) သောက်သုံးနိုင်သည်
    • ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ
  5. ကြွက်သားများကို ဆန့်ထုတ်ခြင်း
    • ခြေထောက်နှင့် ခြေချင်းဝတ်ကြွက်သားများကို ဆန့်ထုတ်ပေးပါ
    • ခြေချင်းဝတ်ကို အပေါ်သို့မြှောက်ထားပါ
    • ပြင်းထန်သော လေ့ကျင့်ခန်းများကို ရှောင်ကြဉ်ပါ

နာကျင်မှုကိုဖြစ်စေသည့် အကြောင်းရင်းကိုလိုက်၍ အထူးကုဆရာဝန်များမှ သင့်လျော်သော ကုသမှုပေးသည်။

  • မခွဲစိတ်ဘဲကုသသည့်နည်းလမ်း
    • အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း – Paracetamol, Ibuprofen, Diclofenac စသည့် နာကျင်မှုသက်သာစေမည့်ဆေးများ သောက်နိုင်သည်
  • ခြေဖဝါးနှင့် ခြေချင်းဝတ်အတွက် အထောက်အပံ့ကိရိယာများ (Orthotics) ဝတ်ဆင်ခြင်း
    • ခြေချင်းဝတ်ကို လှုပ်ရှားမှုမပြုစေလိုပါက ခြေချင်းဝတ်အထိန်းများ ဝတ်ဆင်စေခြင်း၊ ကျောက်ပတ်တီးစည်းပေးခြင်းတို့ဖြင့် ကုသနိုင်သည်
  • ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း
    • ခြေချင်းဝတ်သန်မာစေရန်နှင့် လှုပ်ရှားမှုကောင်းစေရန် လေ့ကျင့်ခန်းကုထုံးများ၊ ကြွက်သားသန်မာရေးကုထုံးများဖြင့် ကုသသည်
  • ခွဲစိတ်ကုသသည့်နည်းလမ်း
    • ခြေချင်းဝတ် နာကျင်မှုဖြစ်စေသည့် နောက်ခံအကြောင်းရင်းအလိုက် အရွတ်ကြောထိခိုက်မှုကို ခွဲစိတ်ကုသခြင်း၊ ခြေချင်းဝတ် အရိုးကျိုးမှုကို ခွဲစိတ်ကုသခြင်း၊ ပြင်းထန်သည့် အဆစ်ရောင် ရောဂါများအတွက် ခြေချင်းဝတ်အဆစ်ခိုင်သွားစေရန် ကုသနည်း (Ankle fusion) စသည်ဖြင့် ကုသမှုနည်းလမ်းအမျိုးမျိုးရှိသည်
ကာကွယ်ခြင်း

ခြေချင်းဝတ်နာကျင်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းအားလုံးကို ကာကွယ်ရန် မဖြစ်နိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်သည်။

  1. နေ့စဉ်လှုပ်ရှားမှုနှင့် အလုပ်ခွင်တွင် သတိထားခြင်း
    မညီညာသောမျက်နှာပြင်များပေါ်တွင် လမ်းလျှောက်ခြင်း သို့မဟုတ် အန္တရာယ်များသော လှုပ်ရှားမှုများကို ပြုလုပ်ရာတွင် လုံခြုံစိတ်ချရသော အကာအကွယ်များရှိမှ ပြုလုပ်ခြင်းဖြင့် ထိခိုက်ဒဏ်ရာရခြင်းကို ရှောင်ကြဉ်ပါ။
  2. နာကျင်နေစဉ်တွင် ခြေချင်းဝတ်ကို ဖိအားမပေးခြင်း
    နာကျင်နေပါက ထိခိုက်ထားသော ခြေချင်းဝတ်ကို ဖိအားမပေးဘဲ လှုပ်ရှားမှုများကို ကန့်သတ်ပေးပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် ပိုမိုဆိုးရွားသော ပျက်စီးမှုများကို ကာကွယ်နိုင်သည်။
  3. မိမိနှင့်သင့်တော်သော လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်း
    မိမိ၏ ကျန်းမာရေးအခြေအနေနှင့် ကိုက်ညီသော လေ့ကျင့်ခန်းများ၊ ခြေချင်းဝတ်ပတ်လည်ရှိ ကြွက်သားများကို သန်မာစေရန် လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပါ။ လေ့ကျင့်ခန်းမစခင် ကြွက်သားများကို ပြေလျော့စေရန် ကြိုတင်ပြင်ဆင်ခြင်း (Warm-up) နှင့် လေ့ကျင့်ခန်းအပြီးတွင် ကြွက်သားများကို ဆန့်ထုတ်ခြင်း (Stretching) တို့ကို ပြုလုပ်ပါ။
  4. ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
    ကိုယ်အလေးချိန်လျှော့ချခြင်းဖြင့် ခြေချင်းဝတ်အဆစ်များပေါ်ရှိ ဖိအားကို လျှော့ချနိုင်ပြီး နာကျင်မှုနှင့် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်နိုင်သည်။
  5. သင့်တော်သော ဖိနပ်စီးခြင်း
    ခြေထောက်နှင့် ခြေချင်းဝတ်ကို ထောက်ပံ့ပေးနိုင်သော သက်တောင့်သက်သာရှိသည့် ဖိနပ်များကို စီးပါ။ အထူးသဖြင့် အားကစားလုပ်သည့်အခါ သင့်တော်သော အားကစားဖိနပ်များကို ရွေးချယ်ပါ။
  6. အာဟာရပြည့်ဝစွာ စားသုံးခြင်း
    အရိုးနှင့်ကြွက်သားများအတွက် လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ ပြည့်ဝစွာ စားသုံးပါ။ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ နှင့် ပရိုတင်းဓာတ်များ ပါဝင်သော အစားအစာများကို မျှတစွာစားသုံးပါ။
  7. ရေဓာတ်ပြည့်ဝအောင် သောက်သုံးခြင်း
    ခန္ဓာကိုယ်တွင်း ရေဓာတ်ပြည့်ဝခြင်းသည် အရွတ်ကြောများနှင့် အဆစ်များကို ကျန်းမာစေပြီး ထိခိုက်မှုများကို ကာကွယ်ပေးနိုင်သည်။
  8. ဆရာဝန်နှင့် ပုံမှန်ပြသခြင်း
    ခြေချင်းဝတ်နာကျင်မှု သို့မဟုတ် ထိခိုက်ဒဏ်ရာရှိပါက ဆရာဝန်နှင့် ပုံမှန်ပြသပြီး လိုအပ်သော ကုသမှုများ ခံယူပါ။

References:

  • Cleveland Clinic. (2024). Ankle pain: Possible causes. Retrieved February 26, 2026, from https://my.clevelandclinic.org/health/symptoms/15295-ankle-pain#possible-causes
  • Mayo Clinic. (2025). Ankle pain: Causes. Retrieved February 26, 2026, from https://www.mayoclinic.org/symptoms/ankle-pain/basics/causes/sym-2005079

Published: 28 February 2025

Last updated: 11 March 2026

Share

Category

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.