ပခုံးနာကျင်ခြင်း (Shoulder pain) သည် အတွေ့ရများသည့် ရောဂါလက္ခဏာတစ်ခုဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ခါးနာခြင်းနှင့် ဒူးနာခြင်းပြီးလျှင် ပခုံးနာခြင်းသည် တတိယအဖြစ်အများဆုံး အကြောအဆစ်ဆိုင်ရာ ပြသာနာတစ်ခုဖြစ်သည်။ နှစ်စဥ်လူကြီးများ၏ (၁%) ခန့်သည် ပခုံးနာခြင်း စတင်ခံစားရလေ့ရှိသည်။ လူနာအများစုကို ကောင်းမွန်စွာ သက်သာပျောက်ကင်းရန် ကုသပေးနိုင်သော်လည်း (၁၄%) ခန့်တွင် သုံးနှစ်အထက် နာတာရှည် နာကျင်မှုဝေဒနာကို ခံစားရတက်သည်။ ပခုံးအဆစ်နှင့် အဆစ်ကိုထိဆက်နေသော အရိုး၊ ကြွက်သား၊ အရွတ်၊ အမြှေးပါးများသည် ထိခိုက်ဒဏ်ရာကြောင့်ဖြစ်စေ၊ ရောဂါတစ်ခုခုကြောင့်ဖြစ်စေ ပခုံးနာကျင်ခြင်းကိုဖြစ်စေပါက ပခုံးအဆစ်လှုပ်ရှားမှု ပြုလုပ်တိုင်း နာကျင်နိုင်သည်။ လည်ပင်း၊ နှလုံး၊ သည်းခြေအိတ်၊ အစာအိမ်ရောဂါတို့ကြောင့်လည်း ပခုံးနာကျင်ခြင်းကို ခံစားရနိုင်သည်။ သို့သော် အဆိုပါရောဂါများတွင် ပခုံးအဆစ်၏ လှုပ်ရှားမှုကို မထိခိုက်စေနိုင်ပါ။

ပခုံးအဆစ်ဖွဲ့စည်းပုံ
ပခုံးအဆစ်သည် ကိုယ်ခန္ဓာတွင် အရပ်မျက်နှာဘက်ပေါင်းစုံ (၃၆၀ ဒီဂရီ) လှုပ်ရှားမှု ပြုလုပ်နိုင်သောအဆစ် (Ball and Socket Joint with Multidirectional Movements) တစ်ခုဖြစ်သည်။
ပခုံးအဆစ်ကို လက်မောင်းရိုး (Humerus) အပေါ်ပိုင်း၊ လက်ပြင်ရိုး (Scapula) နှင့် ညှပ်ရိုး (Clavicle) တို့ဖြင့် ပေါင်းစပ်တည်ဆောက်ထားသည်။ ပခုံးဆစ်ဟုဆိုရာတွင် ညှပ်ရိုးနှင့်လက်ပြင်ရိုး ဆက်သည့်အဆစ်နှင့် လက်ပြင်ရိုးနှင့်လက်မောင်းရိုး ဆက်သည့်အဆစ်တို့ ပါဝင်သည်။ လက်ပြင်ရိုးတွင် ပခုံးအဆစ်အတွက် အချိုင့် (Glenoid)၊ ဘေးအပေါ်ဘက် အရိုးအတက် (Acromion)၊ ရှေ့ဘက် အရိုးအတက် (Coracoid) တို့ရှိသည်။ ပခုံးအဆစ်ကို အမြှေးပါး၊ အရိုးနုကွင်းဖြင့် ထိန်းထားပြီး ခိုင်ခန့်ကြီးမားသည့် ကြွက်သားလေးခုဖြင့် ဖွဲ့စည်းထားသော လက်ပြင်ကြွက်သားစု (Rotator cuff muscle) သည် အဆစ်အနေအထားကို ပို၍တည်ငြိမ်စေသည်။
ဖြစ်ပေါ်ရသော အကြောင်းရင်းများ
ပခုံးအဆစ်တွင်ဖြစ်သောအကြောင်းရင်းများ
- အဆစ်ရောင်ခြင်း (Arthritis)
- အဆစ်တွင်း အရည်အိတ်ငယ်ရောင်ခြင်း (Bursitis)
- အရွတ်ရောင်ခြင်း (Tendinitis)
- လက်ပြင်ကြွက်သားစု ထိခိုက်ခြင်း (Rotator cuff muscle injury)
- ပခုံးထိဆက်ကြွက်သား၊ အရွတ်များနှင့် အာရုံကြောများ ပွတ်တိုက်ခြင်း (Impingement)
- ပခုံးဆစ်ရှိအရိုး၊ ကြွက်သားနှင့်အရွတ်များ ထိခိုက်ခြင်း (Fracture,Strains,Sprains)
- ပခုံးဆစ်အရိုးနု ထိခိုက်ခြင်း (SLAP Tear)
- အဆစ်လွဲခြင်း (Dislocation)
- ပခုံးဆစ်ခိုင်ခြင်း (Frozen Shoulder)
- ပခုံးအဆစ်သို့ သွေးမရောက်ခြင်း (Avascular Necrosis)
- အဆစ်အတွင်း ပိုးဝင်ခြင်း (Septic Arthritis)
- ပခုံးအဆစ်တွင်ဖြစ်သောအကြောင်းရင်းများ
ပခုံးဆစ်ကြောင့်မဟုတ်သော အခြားအကြောင်းရင်းများ
- လည်ပင်းကျီးပေါင်းတက်ခြင်း
- လက်ပိုင်းဆိုင်ရာ အာရုံကြောအစုအဝေး (Brachial plexus) ထိခိုက်ဒဏ်ရာရခြင်း
- ရုတ်တရက်နှလုံးဖောက်ခြင်း (Heart Attack)
- လက်ကောက်ဝတ်ရှိ အာရုံကြောပိမိခြင်းကြောင့် လက်နှင့်လက်ချောင်းများ ထုံကျဥ်ကိုက်ခဲခြင်း (Carpal Tunnel Syndrome)
- သည်းခြေအိတ်ရောဂါ
- အစာအိမ်ရောဂါ
- အဆုတ်အပေါ်ပိုင်းကင်ဆာ (Pancoast tumour)
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ဖြစ်ပေါ်စေသော အကြောင်းရင်းကိုလိုက်၍ ပခုံးနာကျင်ခြင်းသည် ပခုံးဆစ်လှုပ်ရှားချိန်တွင် ခံစားရနိုင်သကဲ့သို့ ပခုံးဆစ်မလှုပ်ရှားသည့် အချိန်တွင်လည်း နာကျင်နိုင်သည်။ ပခုံးနာကျင်ခြင်းတွင် ကြွက်သားအားနည်းခြင်း၊ ပခုံးကပ်ခြင်း၊ ပခုံးအဆစ်အတွင်းမှ အသံကို ခံစားသိရှိခြင်းတို့ပါ ခံစားရနိုင်သည်။
- ပခုံးထိခိုက်ဒဏ်ရာရပြီးနောက် ရုတ်တရက်နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ သွေးခြည်ဥခြင်း၊ ပခုံးလှုပ်ရှားမှု အပြည့်မရခြင်း၊ နာကျင်မှု ပိုဆိုးလာခြင်း၊ နာကျင်မှုကြောင့် အိပ်မပျော်ခြင်း စသည့်လက္ခဏာများသည် ပခုံးအရိုး၊ ကြွက်သားနှင့် အရွတ်များထိခိုက်ခြင်းကြောင့် ဖြစ်နိုင်သဖြင့် သင့်လျော်သောကုသမှုများ လိုအပ်သည်
- လည်ပင်းကျီးပေါင်းတက်ခြင်းကြောင့်ဖြစ်လျှင် ပခုံးနာကျင်မှုအပြင် လက်မောင်းအောင့်ခြင်း၊ လက်ချောင်းလေးများ ထုံကျဥ်ခြင်းဖြစ်နိုင်သည်
- ရုတ်တရက်နှလုံးဖောက်ခြင်းတွင် ရင်ဘတ်အောင့်ခြင်းနှင့်အတူ ဘယ်ဘက်ပခုံးနာကျင်မှုကိုပါ ခံစားရနိုင်သည်
- သည်းခြေအိတ်ရောဂါများတွင် ညာဘက်ပခုံးနှင့် ကျောဘက်နာကျင်မှု ခံစားရနိုင်ပြီး အစာအိမ်ရောဂါများတွင် ဗိုက်အောင့်ခြင်းနှင့် ဘယ်ဘက်ပခုံးနာကျင်မှု တွေ့နိုင်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အရေးပေါ်ပြသရန်
ပခုံးနာကျင်ခြင်းနှင့်အတူ ရင်ဘတ်အောင့်ခြင်း၊ ကျောအောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ မောပန်းခြင်း၊ မူးဝေခြင်း၊ ချွေးထွက်ခြင်း၊ အော့အန်ခြင်းတို့ ခံစားရပါက ဆေးရုံအရေးပေါ်ဌာနသို့ သွားရောက်ပြသသင့်သည်။
အထက်ပါလက္ခဏာများမရှိဘဲ ရက်အနည်းငယ်ကြာသည်အထိ ပခုံးနာကျင်မှု မသက်သာပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီး၊ ပခုံးနာကျင်မှု ပို၍ဆိုးလာခြင်း၊ နာကျင်မှု ပြင်းထန်ခြင်း၊ ပခုံးရောင်ရမ်းခြင်း၊ ပခုံးအညိုအမဲစွဲခြင်းတို့ သတိထားမိပါက အရိုးအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။
ရောဂါရှာဖွေခြင်း
လိုအပ်ပါက ပခုံးနာကျင်ခြင်း၏ အကြောင်းရင်းကို အောက်ပါစစ်ဆေးခြင်းများဖြင့် ရှာဖွေနိုင်သည်။
- ပခုံးဓာတ်မှန်ရိုက်ခြင်း (X-ray) – အရိုးအပိုစများ၊ အဆစ်ရောင်ခြင်း၊ အရိုးနှင့်ဆက်စပ်သော အကြောင်းရင်းများကို သိရှိနိုင်သည်
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan) – အရိုးအခြေအနေများကို ရှုထောင့်အမျိုးမျိုးမှ သိရှိနိုင်သည်
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – ပခုံးထိဆက်ကြွက်သား၊ အရွတ်များနှင့် အာရုံကြောများ၏ အသေးစိတ်အခြေအနေကို သိရှိနိုင်သည်
- မှန်ပြောင်းကြည့်ရှုစစ်ဆေးကုသခြင်း (Arthroscopy) – ပခုံးအဆစ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေး၍ ပြဿနာတစ်စုံတစ်ရာတွေ့ပါက ကုသမှုပါ ဆောင်ရွက်နိုင်သည်
- အဆစ်အတွင်း ဆေးထိုး၍ စစ်ဆေးခြင်း (Arthrogram) – အဆစ်အတွင်း ဆေးထိုး၍ လှုပ်ရှားဓာတ်မှန် (Fluoroscopy)၊ အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်များသုံး၍ ရောဂါရှာဖွေနိုင်သည်
- အာရုံကြောနှင့် ကြွက်သားများ၏ လုပ်ဆောင်မှု၊ တုံ့ပြန်မှုများကို စစ်ဆေးခြင်း (Electromyography)
- သွေးစစ်ဆေးခြင်း (CP, ESR, CRP, uric acid, rheumatoid factor, cardiac enzymes, Liver Function Test)
ကုသခြင်း
မိမိကိုယ်တိုင်ကုသမှုနည်းလမ်း
- ပခုံးကိုဒဏ်ဖြစ်စေမည့် အလေးအပင်မခြင်းကို ရှောင်ကြဥ်ခြင်း
- ရေခဲကပ်ခြင်း
- လက်မောင်းကြိုးသိုင်း (Arm bag) နှင့်နေခြင်း
- နာကျင်မှုနှင့် ရောင်ရမ်းခြင်း သက်သာစေရန် ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်ဆေးဝါးများ သောက်သုံးခြင်း
- နာကျင်မှုသက်သာသော လိမ်းဆေးများ လိမ်းခြင်း
- ကြွက်သားလေ့ကျင့်ခန်းများ လုပ်ခြင်းတို့သည် နာကျင်မှုကို သက်သာစေသည်။
အထက်ပါနည်းလမ်းများဖြင့် မသက်သာပါက နာကျင်မှုကိုဖြစ်စေသည့် အကြောင်းရင်းကိုလိုက်၍ အထူးကုဆရာဝန်များမှ သင့်လျော်သောကုသမှုပေးမည်။
မခွဲစိတ်ဘဲကုသသည့်နည်းလမ်း
ဆေးဝါးဖြင့်ကုသခြင်း
- အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျဆေးများပေးခြင်း
Paracetamol, Ibuprofen, Diclofenac စသည့် နာကျင်မှုသက်သာစေမည့်ဆေးများ သောက်နိုင်သည်။ အစာအိမ်ရောဂါနှင့် ကျောက်ကပ်ရောဂါ ရှိသူများတွင် ဘေးထွက်ဆိုးကျိုးရှိနိုင်သဖြင့် သတိထား အသုံးပြုသင့်သည်။ - စတီးရွိုက်ဆေးထိုးခြင်း
ပခုံးနာကျင်စေသောအကြောင်းရင်းနှင့် သင့်လျော်ပါက စတီးရွိုက်ဆေး (Depo Medrol) ကို ပခုံးဆစ်အတွင်းသို့ ထိုးပေးခြင်းဖြင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်းများကို သက်သာစေသည်၊ နာကျင်ခြင်းမရှိလျှင် ပခုံးဆစ်လှုပ်ရှားမှုအတွက် လေ့ကျင့်ခန်းများ ပိုမိုပြုလုပ်လာနိုင်သည်။ - သက်ဆိုင်ရာအထူးကုဆရာဝန်များက လိုအပ်ပါက နှလုံး၊ သည်းခြေအိတ်၊ အစာအိမ်ရောဂါများအတွက် ဆေးဝါးများပေးခြင်းတို့ဖြင့် ကုသမှုပေးသည်
ခန္ဓာကိုယ်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း
- လေ့ကျင့်ခန်းကုထုံးများ၊ ကြွက်သားသန်မာရေးကုထုံးများဖြင့် ကုသသည်
- ပခုံးနှင့်ထိဆက်အရိုး၊ ကြွက်သား၊ အရွတ်များ ထိခိုက်ဒဏ်ရာရပါက လက်မောင်းကြိုးသိုင်း (Arm bag) နှင့်နေ၍ အနားပေးခြင်း၊ ကျောက်ပတ်တီး (POP, Fiberglass) စည်းပေးခြင်းဖြင့် ကုသသည်
ပခုံးနှင့်ထိဆက်အရိုး၊ ကြွက်သား၊ အရွတ်များ ထိခိုက်ဒဏ်ရာရပါက လက်မောင်းကြိုးသိုင်း (Arm bag) နှင့်နေ၍ အနားပေးခြင်း၊ ကျောက်ပတ်တီး (POP, Fiberglass) စည်းပေးခြင်းဖြင့် ကုသသည်။
ခွဲစိတ်ကုသသည့်နည်းလမ်း
ပခုံးနာကျင်မှုဖြစ်စေသည့် နောက်ခံအကြောင်းရင်းအလိုက် မှန်ပြောင်းဖြင့် ကြည့်ရှုကုသခြင်းဖြင့်လည်းကောင်း၊ ခွဲစိတ်ကုသမှု အမျိုးမျိုးဖြင့်လည်းကောင်း၊ အဆစ်အစားထိုး ခွဲစိတ်ကုသမှုဖြင့်လည်းကောင်း သက်သာပျောက်ကင်းအောင် ကုသနိုင်သည်။
ကာကွယ်ခြင်း
ပခုံးနာကျင်ခြင်းအားလုံးကို မဖြစ်အောင် ကာကွယ်မှုမပြုလုပ်နိုင်သော်လည်း အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ပခုံးနာကျင်မှုကို လျှော့ချနိုင်သည်။
- ကိုယ်ဟန်အနေအထား ကောင်းမွန်စွာ နေထိုင်ခြင်း
- ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
- ပခုံးအဆစ် ထိခိုက်ဒဏ်ရာရစေနိုင်သော အပြုအမူများကို သတိထားရှောင်ရှားခြင်း
- ပခုံးနာကျင်စေသည့် လှုပ်ရှားမှုများကို အချိန်အတော်ကြာ ထပ်ခါထပ်ခါ မပြုလုပ်ခြင်း
- နာကျင်မှုခံစားရပါက ပခုံးကိုတိုက်ရိုက်ဖိ၍ အိပ်စက်ခြင်းမျိုးမှ ရှောင်ကြဉ်ခြင်း
- ပခုံးကြွက်သားများ သန်မာစေသည့် လေ့ကျင့်ခန်းများ နေ့စဉ်ပြုလုပ်ခြင်း
- ပခုံးအသုံးပြုရသည့် အားကစားနည်းများ (ရေကူး၊ တင်းနစ်၊ ဘေ့စ်ဘော) တွင် ပခုံးပေါ်သက်ရောက်သောဒဏ်ကို လျှော့ချရန် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ကစားခြင်း
- ပခုံးနာကျင်ခြင်းဖြစ်စေသော ရောဂါများကို စောစီးစွာသိရှိကုသနိုင်ရန် ပုံမှန်စစ်ဆေးခြင်း
References:
- Cleveland Clinic. (n.d.). Shoulder pain. Retrieved January 26, 2026, from https://my.clevelandclinic.org/health/symptoms/25122-shoulder-pain
- Mayo Clinic. (n.d.). Shoulder pain: Causes. Retrieved January 26, 2026, from https://www.mayoclinic.org/symptoms/shoulder-pain/basics/causes/sym-20050696
- WebMD. (n.d.). Why does my shoulder hurt? Retrieved January 26, 2026, from https://www.webmd.com/pain-management/why-does-my-shoulder-hurt#1-3
- Artus, M., Holt, T. A., & Rees, J. (2014). The painful shoulder: An update on assessment, treatment, and referral. British Journal of General Practice, 64(626), e593–e595. https://doi.org/10.3399/bjgp14X681577
Published: 24 January 2025
Last updated: 3 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.