Dysmenorrhea (ရာသီလာချိန် နာကျင်ကိုက်ခဲခြင်း)

Dysmenorrhea (ရာသီလာချိန် နာကျင်ကိုက်ခဲခြင်း)

ရာသီသွေးပေါ်ခါနီးနှင့် ရာသီသွေးပေါ်စဉ်အတွင်း ဝမ်းဗိုက်အောက်ပိုင်း၌ နာကျင်ကိုက်ခဲခြင်းကို ရာသီလာချိန် နာကျင်ကိုက်ခဲခြင်း (dysmenorrhea) ဟုခေါ်သည်။ ထိုသို့နာကျင်ကိုက်ခဲခြင်းသည် တချို့အမျိုးသမီးများအတွက် စိတ်မသက်မသာ ဖြစ်ရုံသာဖြစ်စေပြီး မည်သို့မျှအနှောက်အယှက် မဖြစ်သော်လည်း တချို့အမျိုးသမီးများတွင် လစဉ်ရာသီသွေးပေါ်နေစဉ်အတွင်း ရက်အနည်းငယ်အထိ နေ့စဉ်လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေကာ ကိုက်ခဲမှုကို ပြင်းထန်စွာ ခံစားရတတ်သည်။ ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်းသည် အပျိုဖော်ဝင်ပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်တွင် ပထမဆုံးအကြိမ် အဖြစ်များသည်။ အသက်ကြီးလာသည်နှင့်အမျှ အများအားဖြင့် နာကျင်မှုနည်းပါးလာပြီး ကလေးမွေးပြီးနောက် လုံးဝရပ်တန့်သွားနိုင်သည်။

Dysmenorrhea image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရာသီလာချိန်နာကျင်ကိုက်ခဲခြင်း အမျိုးအစားပေါ် မူတည်သည်။

  1. မူလ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (Primary Dysmenorrhoea)
    • အခြားသော သားအိမ် သို့မဟုတ် မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါတစ်ခုခု မရှိဘဲ ရာသီလာတိုင်း ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်းမျိုးဖြစ်သည်
    • ပရိုစတယ်ဂလမ်ဒင် (prostaglandins) ဟော်မုန်းသည် သားအိမ်ကြွက်သားများကို ညှစ်အောင်ပြုလုပ်ပေးခြင်း​ဖြင့် သားအိမ်၏ အတွင်းသားအလွှာကို ကွာကျစေပြီး ရာသီသွေးအဖြစ် သွေးဆင်းစေခြင်းကြောင့် နာကျင်ကိုက်ခဲမှု ဖြစ်ပေါ်သည်၊ ရာသီလာချိန်အတွင်းတွင် ပရိုစတယ်ဂလမ်ဒင်ဟော်မုန်း ပမာဏမြင့်မားခြင်းသည် ရာသီလာစဉ် အလွန်ဆိုးရွားစွာ နာကျင်ကိုက်ခဲခြင်းနှင့် ဆက်စပ်မှုရှိသည်
    • အများအားဖြင့် ရာသီစလာပြီး (၁) နှစ် သို့မဟုတ် (၂) နှစ်အတွင်း စတင်ဖြစ်လေ့ရှိပြီး ငယ်ရွယ်သည့် အမျိုးသမီးများနှင့် ဆယ်ကျော်သက်များတွင် ပိုအဖြစ်များသည်၊ ရာသီစလာခါနီး သို့မဟုတ် ရာသီစလာသည့်အချိန်များတွင် ဖြစ်တတ်ပြီး (၂ – ၃) ရက်မျှအထိ ကြာတတ်သည်
  2. ရောဂါကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (Secondary Dysmenorrhoea)
    သားအိမ် သို့မဟုတ် မျိုးပွားအင်္ဂါစနစ်ရှိ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းမျိုးဖြစ်သည်။ အောက်ပါအကြောင်းရင်းများကြောင့် ရာသီလာချိန် နာကျင်ကိုက်ခဲခြင်း ဖြစ်နိုင်သည်။
    • သားအိမ်အတွင်းပိုင်းအလွှာရှိ အသားစနှင့် ဆင်တူသော အသားစတစ်ရှူးများသည် သားအိမ်၏ပြင်ပတွင် ဖြစ်ပေါ်နေခြင်း (Endometriosis) (အများအားဖြင့် သားဥပြွန်၊ သားဥအိမ်တို့တွင် ထိုသို့အဖြစ်များသည်)
    • သားအိမ်အတွင်းပိုင်းအလွှာရှိ အသားစတစ်ရှူးများသည် သားအိမ်၏ ကြွက်သားနံရံများအတွင်းသို့ ထိုးဖောက်ဝင်ရောက် ကြီးထွားလာခြင်း (Adenomyosis)
    • သားအိမ်အသားလုံးများ (Uterine Fibroids)
    • တင်ပါးဆုံရိုးခွင်တွင်းရှိ မျိုးပွါးအင်္ဂါများ ပိုးဝင်ရောင်ရမ်းခြင်း (Pelvic Inflammatory Disease-PID) အများအားဖြင့် လိင်မှတစ်ဆင့် ကူးစက်သော ဘက်တီးရီးယားကြောင့်ဖြစ်သည်
    • သားအိမ်ခေါင်းကျဉ်းခြင်း (Cervical stenosis)
      အချို့အမျိုးသမီးများတွင် သားအိမ်ခေါင်း ကျဉ်းနေသောကြောင့် ရာသီသွေးစီးဆင်းမှုကို ဟန့်တားစေကာ သားအိမ်အတွင်း၌ ဖိအားတိုးမှု ဖြစ်စေပြီး နာကျင်စေတတ်သည်။
ဖြစ်နိုင်ခြေများသောအမျိုးသမီးများ
  • အသက် (၃၀) နှစ်အောက် အမျိုးသမီးများ
  • (၁၁) နှစ်နှင့်အောက် အပျိုဖော်စောဝင်သော အမျိုးသမီးများ
  • ရာသီသွေးများများ ဆင်းတတ်သော အမျိုးသမီးများ
  • ရာသီသွေး (၇) ရက်ထက် ပိုဆင်းတတ်သော အမျိုးသမီးများ
  • မိသားစုတွင် ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်း ဖြစ်တတ်သော ရာဇဝင်ရှိသူများ
  • ဆေးလိပ်သောက်သော အမျိုးသမီးများ
ရောဂါလက္ခဏာများ

ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်း၏ လက္ခဏာများမှာ_

  • ရာသီသွေးမပေါ်မီ တစ်ရက် မှ သုံးရက်အတွင်း ဝမ်းဗိုက်အောက်ပိုင်း၌ နာကျင်ကိုက်ခဲမှု စတင်တတ်သည်၊ ရာသီစပြီး (၂၄) နာရီအကြာတွင် အမြင့်ဆုံး နာကျင်ကိုက်ခဲမှု ခံစားရပြီးနောက် (၂)ရက် မှ (၃)ရက်အတွင်း သက်သာသွားသည်
  • နာကျင်ကိုက်ခဲမှုကို ဝမ်းဗိုက်အောက်ပိုင်းတွင်သာမက မိမိ၏နောက်ကျောနှင့် ပေါင်အတွင်းပိုင်းထိ ခံစားရနိုင်သည်
  • တချို့သော အမျိုးသမီးများတွင် ပျို့ခြင်း၊ ဝမ်းပျော့ပျော့သွားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း စသည်တို့ကို ခံစားရနိုင်သည်
နောက်ဆက်တွဲပြဿနာများ

ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်းသည် အခြားကျန်းမာရေးဆိုင်ရာ ပြဿနာများကို မဖြစ်စေသော်လည်း ကျောင်း၊ အလုပ်နှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့အပြင် နာကျင်ကိုက်ခဲစေသည့် အချို့သော အကြောင်းရင်းခံများတွင် နောက်ဆက်တွဲပြဿနာများ ရှိနိုင်သည်။ ဥပမာ _ Endometriosis သည် ကိုယ်ဝန်မရနိုင်ခြင်း (Infertility) ကို ဖြစ်စေနိုင်သည်။ တင်ပါးဆုံရိုးကွင်းအတွင်း ပိုးဝင်ရောင်ရမ်းခြင်း (PID) သည် သားဥပြွန်ကို အမာရွတ်ဖြစ်စေနိုင်ပြီး သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (Ectopic pregnancy) ဖြစ်နိုင်ခြေများစေသည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သားဖွားမီးယပ် အထူးကုဆရာဝန်မှ ခံစားနေရသော ရောဂါလက္ခဏာများ မေးမြန်းခြင်း၊ ဓမ္မတာစက်ဝန်းနှင့် ပတ်သက်၍ မေးမြန်းခြင်း၊ တင်ပါးဆုံရိုးကွင်းအတွင်း စမ်းသပ်စစ်ဆေးခြင်း၊ ယောနိလမ်းကြောင်းမှ အရည်နမူနာယူ၍ စစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေခြင်းပြုလုပ်မည်။ လိုအပ်ပါက အောက်ပါစစ်ဆေးမှုများ ဆက်လက်ပြုလုပ်မည်။

  • အာထရာဆောင်း (USG) _ သားအိမ်၊ သားအိမ်ခေါင်း၊ သားဥပြွန်နှင့် သားဥအိမ်များ၏ အခြေအနေကို သိနိုင်သည်
  • အခြားပုံရိပ်စမ်းသပ်မှုများ
  • ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း သို့မဟုတ် သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းသည် အာထရာဆောင်းထက် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများကို ပိုမိုအသေးစိတ် ကြည့်ရှုနိုင်ပြီး ရောဂါရှာဖွေဖော်ထုတ်ရာတွင် ပို၍ ကူညီပေးနိုင်သည်။ ထိုစစ်ဆေးမှုနှစ်ခုစလုံးသည် နာကျင်မှုမရှိပေ။
  • ဝမ်းဗိုက်ခေါင်းအတွင်းသို့ မှန်ပြောင်းဖြင့်ကြည့်၍ ရောဂါရှာဖွေခြင်း (Laparoscopy)
  • ပုံမှန်အားဖြင့် ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်း၏ အကြောင်းရင်းကိုရှာဖွေရန် ဤနည်းလမ်း မလိုအပ်သော်လည်း သွေးလုံးဟု ခေါ်သော endometriosis၊ မျိုးပွါးအင်္ဂါများ တစ်ခုနှင့်တစ်ခု တွယ်ကပ်နေခြင်း (adhesions)၊ သားအိမ်အသားလုံး (fibroids)၊ သားဥအိမ် အရည်အိတ်အလုံးများ (ovarian cysts)နှင့် သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်း (ectopic pregnancy) ကဲ့သို့ ရောဂါအခြေအနေများကို သိရှိရန် ကူညီပေးနိုင်သည်။
  • သားအိမ်အတွင်းမှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်း (Hysteroscopy)
ကုသခြင်း

ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်းကို သက်သာစေရန်

  1. အကိုက်အခဲပျောက်ဆေး (Nonsteroidal Anti-inflammatory Drugs – NSAIDs)
    ရာသီလာချိန်မစတင်မီ တစ်ရက်အလိုတွင် အကိုက်အခဲပျောက်ဆေးများ ဖြစ်သည့် Ibuprofen သို့မဟုတ် Naproxen Sodium ကဲ့သို့သော ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် စတင်သောက်နိုင်သည်။ ဆေးကို နှစ်ရက်မှ သုံးရက်အထိ သို့မဟုတ် နာကျင်ကိုက်ခဲခြင်း လက္ခဏာများ ပျောက်ကင်းသည်အထိ သောက်သင့်သည်။ ဤဆေးများသည် နာကျင်မှုကို ဖြစ်စေသော Prostaglandins ဟော်မုန်းထုတ်လုပ်မှုကို တားဆီးပေးသောကြောင့် အဓိကကုသမှုနည်းလမ်းအဖြစ် အသုံးပြုသည်။
  2. ဟော်မုန်း သန္ဓေတားဆေးများ (Hormonal Contraceptives)
    ဟော်မုန်း သန္ဓေတားဆေးများသည် မျိုးဥကြွေခြင်းကို တားဆီးပေးပြီး ရာသီလာလျှင် နာကျင်ကိုက်ခဲမှုကို လျော့နည်းစေသည်။ ဆယ်ကျော်သက်များအပါအဝင် Primary Dysmenorrhea ခံစားရသူများအတွက် နာကျင်မှု သက်သာစေရန် ထိရောက်သော နည်းလမ်းဖြစ်သည်။
  3. ခွဲစိတ်ကုသမှု
    သွေးလုံး (Endometriosis) သို့မဟုတ် သားအိမ်အသားလုံး (Fibroids) ကဲ့သို့သော ရောဂါကြောင့် ဖြစ်လျှင် နာကျင်ကိုက်ခဲမှု သက်သာစေရန် ခွဲစိတ်ကုသရန် လိုအပ်နိုင်သည်။ နာကျင်ကိုက်ခဲမှု ဖြစ်စေသည့် အကြောင်းအရာ၊ မိသားစုအတွင်း သားသမီး ရှိမရှိ၊ သားသမီးယူရန် အစီအစဉ် ရှိမရှိ တို့အပေါ်မူတည်၍ ခွဲစိတ်ကုသမှုများကို ပြုလုပ်ရမည်ဖြစ်သည်။ အကယ်၍ တခြားသော ကုသမှုနည်းလမ်းများဖြင့် နာကျင်ကိုက်ခဲမှု မသက်သာပါက သားသမီးယူရန် အစီအစဉ် မရှိလျှင် သားအိမ်ထုတ်သည့် ကုသမှုကို ပြုလုပ်ရနိုင်သည်။
  4. အခြားကုထုံးများ (Complementary Therapies)
    အကိုက်အခဲပျောက်ဆေးများ၊ ဟော်မုန်းဆေးများအပြင် အောက်ပါကုထုံးများသည် နာကျင်မှု သက်သာစေရန် အထောက်အကူပြုသည်ဟု တွေ့ရှိရသည်။
    • ရေနွေးနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် ရေနွေးအိတ်ကပ်ခြင်း _ ဝမ်းဗိုက် သို့မဟုတ် ခါးအောက်ပိုင်းကို ရေနွေးအိတ်ကပ်ခြင်း သို့မဟုတ် ရေနွေးနွေးဖြင့် ရေချိုးခြင်း
    • ကိုယ်လက်လှုပ်ရှားမှုနှင့် စိတ်ဖိစီးမှု လျှော့ချခြင်း _ ယောဂ သို့မဟုတ် အခြားသော လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းဖြင့် စိတ်ဖိစီးမှုနှင့် နာကျင်မှုကို လျှော့ချခြင်း
ကာကွယ်ခြင်း

မိမိကိုယ်ကို ဂရုစိုက်ခြင်း (Self care) သည် ရောဂါကာကွယ်နည်း တစ်မျိုးဖြစ်သည်။ ၎င်းတို့မှာ_

  • လုံလောက်သော အိပ်စက်အနားယူခြင်း ရှိရမည်
  • လေ့ကျင့်ခန်း မှန်မှန်လုပ်ရမည်၊ ကိုယ်လက်လှုပ်ရှားမှုသည် တချို့အမျိုးသမီးများ ရာသီလာလျှင် နာကျင်ကိုက်ခဲခြင်းကို သက်သာစေသည်
  • ရေနွေးနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် ရေနွေးအိတ်ကပ်ခြင်းများ ပြုလုပ်နိုင်သည်
  • လေ့လာမှုများအရ အာဟာရဖြည့်စွက်စာ ဥပမာ – ဗီတာမင် E၊ အိုမီဂါ-၃၊ ဗီတာမင် B-1 (သိုင်ယာမင်း)၊ ဗီတာမင် B-6 နှင့် မဂ္ဂနီဆီယမ် ဖြည့်စွက်စာများသည် ရာသီနာကျင်ကိုက်ခဲခြင်းကို လျော့ပါးစေနိုင်ကြောင်း တွေ့ရှိရသည်
  • စိတ်ဖိစီးမှုကို လျှော့ချရမည်၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများခြင်းသည် နာကျင်ကိုက်ခဲမှုကို မြင့်တက်စေနိုင်သည်

References:

  1. WebMD. (n.d.). Menstrual cramps. Retrieved October 26, 2025, from https://www.webmd.com/women/menstrual-cramps
  2. Mayo Clinic. (n.d.). Menstrual cramps: Symptoms and causes. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/menstrual-cramps/symptoms-causes/syc-20374938
  3. Cleveland Clinic. (n.d.). Dysmenorrhea (menstrual cramps). Retrieved October 26, 2025, from https://my.clevelandclinic.org/health/diseases/4148-dysmenorrhea
  4. Mayo Clinic. (n.d.). Menstrual cramps: Diagnosis and treatment. Retrieved October 26, 2025, from https://www.mayoclinic.org/diseases-conditions/menstrual-cramps/diagnosis-treatment/drc-20374944

Published: 15 October 2024

Last updated: 4 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.