ပြန်ရည်ကျိတ်ကြီးခြင်းသည် ခန္ဓာကိုယ်ထဲ ရောဂါပိုးများ ဝင်ရောက်သောအခါ ခန္ဓာကိုယ်မှ သဘာဝအလျောက် တုံ့ပြန်ခြင်း သို့မဟုတ် အခြားရောဂါတစ်မျိုးမျိုး (အထူးသဖြင့် သွေးနှင့် ကင်ဆာရောဂါများ) ကြောင့်ဖြစ်သည်။ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့တွင် သိသိသာသာ စမ်း၍ရသောအကျိတ်များ ရှိသကဲ့သို့ ရင်ဘတ်၊ ဝမ်းဗိုက်တို့အတွင်း၌လည်း အကျိတ်များ ရှိနေနိုင်သည်။ ပြန်ရည်ကျိတ်ကြီးခြင်းကို တစ်နေရာတည်းတွင် သီးသန့်ကြီးခြင်း (Localized lymphadenopathy)နှင့် နေရာအနှံ့အပြား (နှစ်နေရာနှင့် အထက်) တွင် ကြီးခြင်း (Generalized lymphadenopathy) ဟူ၍ ခွဲခြားထားသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ပြန်ရည်ကျိတ်များကြီးခြင်းကို အဓိကဖြစ်ပေါ်စေသော အကြောင်းရင်းမှာ ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်သည်။ ပြန်ရည်ကြောစနစ်သည် ခုခံအားစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရောဂါပိုးဝင်သောအခါ ခုခံအားဆဲလ်များနှင့် အရည်များ စုဝေးမိကာ ပြန်ရည်ကျိတ်များကို ကြီးစေသည်။ ပြန်ရည်ကျိတ်ကြီးသော နေရာပေါ်မူတည်၍ မည်သည့်နေရာတွင် ပိုးဝင်သည်ကို ခန့်မှန်းနိုင်သည်။ ဥပမာ _ သွားနှင့်ခံတွင်းတွင် ပိုးဝင်လျှင် မေးရိုးတစ်လျှောက်ရှိ ပြန်ရည်ကျိတ်များ ကြီးလာနိုင်သည်။
အဖြစ်များသော ရောဂါပိုးဝင်ခြင်းများမှာ_
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ – သာမန်အအေးမိခြင်း (Common cold)၊ အာသီးရောင်ခြင်း (Tonsillitis)၊ နားပိုးဝင်ခြင်း (Ear infection)၊ လည်ပင်းနာခြင်း (Strep throat) နှင့် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း
- ဗိုင်းရပ်စ်ရောဂါများ – ဝက်သက်၊ ဂျိုက်သိုး၊ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ (ဥပမာ – HIV)
- အခြားရောဂါများ – တီဘီရောဂါ၊ ကာလသားရောဂါ (Syphilis) နှင့် အရေပြားပိုးဝင်ခြင်းများ ဖြစ်ကြသည်။
ရောဂါပိုးများအပြင် အောက်ပါအကြောင်းရင်းများကြောင့်လည်း ပြန်ရည်ကျိတ်များ ကြီးလာနိုင်သည်။
- ခုခံအားဆိုင်ရာရောဂါများ – ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid arthritis) နှင့် အက်စ်အယ်လ်အီး (SLE) ရောဂါ
- ကင်ဆာရောဂါများ – သွေးကင်ဆာ (Leukaemia, Lymphoma)၊ ဦးခေါင်းနှင့် လည်ပင်းကင်ဆာများ သို့မဟုတ် ခန္ဓာကိုယ် အခြားနေရာမှ ကင်ဆာများ ပျံ့နှံ့လာခြင်း (Metastatic cancer)
- ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုး – Allopurinol နှင့် Carbamazepine ကဲ့သို့သော အချို့ဆေးဝါးများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ
ပြန်ရည်ကျိတ်များ ကြီးခြင်းသည် ခန္ဓာကိုယ်အနှံ့အပြားတွင် ဖြစ်ပွားနိုင်ပြီး အများအားဖြင့် လည်ပင်း၊ ချိုင်း၊ ပေါင်ခြံနှင့် မေးစေ့အောက်တို့တွင် အကျိတ်အဖြစ် စမ်းသပ်မိနိုင်သည်။ ထိုအကျိတ်များသည် နာကျင်မှု ခံစားရနိုင်သလို၊ ကြီးလာရသည့် အကြောင်းရင်းခံရောဂါ၏ လက္ခဏာရပ်များလည်း ယှဉ်တွဲဖြစ်ပေါ်လာနိုင်သည်။ ဥပမာအားဖြင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ပါက ဖျားခြင်း၊ လည်ပင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းစသည်တို့ ဖြစ်ပေါ်နိုင်သည်။
အကျိတ်များ၏ အရွယ်အစားပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာများလည်း ဖြစ်လာနိုင်သည်။ ကြီးမားသော အကျိတ်များသည် လေပြွန်ကို ဖိမိပါက အသက်ရှူရခက်ခဲခြင်း သို့မဟုတ် လည်ပင်းရှိ သွေးပြန်ကြောမကြီးကို ဖိမိပါက မျက်နှာဖောင်းတင်းလာခြင်းတို့ ဖြစ်စေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသခြင်း
သာမန်ရောဂါပိုးများကြောင့် ပြန်ရည်ကျိတ်ကြီးခြင်းသည် များသောအားဖြင့် တစ်ပတ် မှ နှစ်ပတ်အကြာတွင် သက်သာလေ့ရှိသည်။ သို့သော် ပြန်ရည်ကျိတ်ကြီးခြင်းသည် နှစ်ပတ်ကျော်အထိ ဆက်တိုက်ရှိနေပြီး အရွယ်အစား ပိုကြီးလာခြင်း၊ ပိုမာလာခြင်းနှင့် ဖိလိုက်လျှင် မရွေ့လျားခြင်း၊ ဖျားခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ညဘက်တွင် ချွေးထွက်ခြင်း၊ အစားပျက်ခြင်း စသည်တို့ဖြစ်ပါက ကင်ဆာရောဂါကဲ့သို့ ပိုမိုပြင်းထန်သော အခြေအနေများ ဖြစ်နိုင်သဖြင့် ဆရာဝန်နှင့် အမြန်ဆုံးပြသပြီး ရောဂါရှာဖွေ ကုသမှု ခံယူရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ပြန်ရည်ကျိတ်ကြီးခြင်း ဖြစ်ပေါ်ရသောအကြောင်းရင်းကို ရှာဖွေရန် ရောဂါရာဇဝင် မေးမြန်းခြင်း၊ အထွေထွေစမ်းသပ်ခြင်းနှင့် ပြန်ရည်ကျိတ်များကို စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး လိုအပ်သော သွေးများစစ်ခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်းတို့ဖြင့် ရှာဖွေနိုင်သည်။ လိုအပ်ပါက ကြီးလာသော ပြန်ရည်ကျိတ်ကို အသားစယူ၍ စစ်ဆေးခြင်း (Lymph node biopsy)တို့ဖြင့် တိကျသောအကြောင်းရင်းကို ရှာဖွေနိုင်သည်။
ကုသခြင်း
ပြန်ရည်ကျိတ်ကြီးခြင်းကို ကုသရာတွင် ဖြစ်ပေါ်စေသော အကြောင်းရင်းပေါ် မူတည်၍ ကုသရသည်။
- ဗိုင်းရပ်စ်ရောဂါပိုးကြောင့် ပြန်ရည်ကျိတ်ကြီးလျှင် များသောအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုး သက်သာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည် (အချိန် တစ်ပတ်မှ နှစ်ပတ်ခန့်ကြာတတ်သည်)။
- ပြင်းထန်သော ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်လျှင် လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူရမည်။
- ဘက်တီးရီးယားရေဗိုင်းရပ်စ်ရောဂါပိုးကြောင့် ပြန်ရည်ကျိတ်ကြီးလျှင် များသောအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုး သက်သာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည် (အချိန် တစ်ပတ် မှ နှစ်ပတ်ခန့် ကြာတတ်သည်)၊ ပြင်းထန်သော ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်လျှင် လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူရမည်
- ဘက်တီးရီးယားရောဂါပိုးကြောင့် ဖြစ်ပါက ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရက်ပြည့်အောင်သောက်ရန် လိုအပ်သည်
- ခုခံအားဆိုင်ရာရောဂါကြောင့် ဖြစ်ပါက သက်ဆိုင်ရာရောဂါအတွက် ကုသမှု ခံယူရမည်
- ကင်ဆာရောဂါများကြောင့် ဖြစ်ပါက ကင်ဆာအမျိုးအစားပေါ် မူတည်၍ ကင်ဆာဆေးဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းတို့ ပြုလုပ်နိုင်သည်
- ပြန်ရည်ကျိတ်တွင် နာကျင်ပါက အကိုက်အခဲပျောက်ဆေး (ပါရာစီတမော – Paracetamol၊ အိုင်ဗျူပရိုဖန် – Ibuprofen) သောက်ခြင်း၊ ရေနွေးဝတ်ကပ်ပေးခြင်းတို့ကို ပြုလုပ်နိုင်သည်
- လုံလောက်အောင်အနားယူခြင်း၊ အာဟာရပြည့်ဝသော အစားအသောက်များစားခြင်း၊ နှစ်ခြိုက်စွာအိပ်ခြင်းတို့ဖြင့် ကိုယ်ခံအားကောင်းအောင် ပြုလုပ်ရမည်။
ကာကွယ်ခြင်း
ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ရန် မကြာခဏ လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ရှိအောင်နေထိုင်ခြင်းနှင့် အထက်တွင်ဖော်ပြထားသည့်အတိုင်း ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်သည်။
References:
- Cleveland Clinic. (2025). Swollen lymph nodes. Retrieved September 26, 2025, from https://my.clevelandclinic.org/health/symptoms/15219-swollen-lymph-nodes
- Mayo Clinic. (n.d.). Swollen lymph nodes: Diagnosis & treatment. Retrieved September 26, 2025, from https://www.mayoclinic.org/diseases-conditions/swollen-lymph-nodes/diagnosis-treatment/drc-20353906
- News-Medical. (n.d.). What is lymphadenopathy? Retrieved September 26, 2025, from https://www.news-medical.net/health/What-is-Lymphadenopathy.aspx
- Top Doctors. (2025). Lymphadenopathy. Retrieved September 26, 2025, from https://www.topdoctors.co.uk/medical-dictionary/lymphadenopathy?__cf_chl_rt_tk=ullffysQhaHiXvcfsZtSBBPZkxHx_NXFJH4bvegBPHo-1763373662-1.0.1.1-5be_ekwogsoG98z0H0L_Yl6yvQJcVwNWg2zHtHvOtXw
Published: 30 August 2024
Last updated: 18 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.