ကိုယ်အလေးချိန်ကျခြင်းဆိုသည်မှာ ကျန်းမာရေးအတွက် ရည်ရွယ်၍ ကိုယ်အလေးချိန် လျှော့ချခြင်း မဟုတ်ဘဲ၊ ခြောက်လ မှ တစ်နှစ်အတွင်း မိမိပုံမှန်ကိုယ်အလေးချိန်၏ (၅) ရာခိုင်နှုန်း သို့မဟုတ် (၁၀) ပေါင်နှင့်အထက် သိသိသာသာ လျော့ကျသွားခြင်းကိုဆိုသည်။ အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းလာခြင်းသည် ပြင်းထန်သော နောက်ခံရောဂါတစ်ခုခု၏ လက္ခဏာဖြစ်နိုင်သဖြင့် စနစ်တကျ စစ်ဆေးရှာဖွေကုသရန် အရေးကြီးသည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကိုယ်အလေးချိန်ကျခြင်း၏ အကြောင်းရင်းများမှာ ရိုးရှင်းသော အခြေအနေမှသည် အသက်အန္တရာယ်ရှိသည့် ရောဂါများအထိ ကျယ်ပြန့်သည်။ အဓိကအကြောင်းရင်းများမှာ_
- ကင်ဆာရောဂါများ – အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာတို့တွင် အဖြစ်များသည်
- ဟော်မုန်းဆိုင်ရာ ရောဂါများ – သိုင်းရွိုက်ဟော်မုန်း အလွန်များခြင်း (Hyperthyroidism)၊ ဆီးချိုရောဂါ (Diabetes)၊ ကျောက်ကပ်အပေါ်ပိုင်းရှိ ဂလင်းမှ ဟော်မုန်းထုတ်လုပ်မှု နည်းခြင်း (Addison’s disease)
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများ – လေဖြတ်ထားသူများ၊ ပါကင်ဆန်ရောဂါ (Parkinson’s disease)၊ မှတ်ဉာဏ်မေ့လျော့ရောဂါ (Dementia)။
- စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆိုင်ရာရောဂါများ – စိတ်ကျရောဂါ (Depression)၊ စိတ်ဖိစီးမှု အလွန်များခြင်း၊ စားသောက်မှုပုံစံ မူမမှန်ခြင်း (Eating disorders)။
- အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ – အစာအိမ်နာ၊ အူရောင်ခြင်း (Inflammatory Bowel Disease – IBD)၊ အစာမျိုရခက်ခြင်း၊ ပန်ကရိယ ရောင်ရမ်းခြင်း (Pancreatitis) နှင့် အစာအာဟာရ စုပ်ယူမှု အားနည်းခြင်း (Malabsorption)
- ပိုးဝင်ခြင်းများ – နာတာရှည်ပိုးဝင်ခြင်းများဖြစ်သည့် တီဘီရောဂါ (Tuberculosis) နှင့် အိပ်ချ်အိုင်ဗီရောဂါ (HIV/AIDS)။
- နာတာရှည်ရောဂါအခံများ – နှလုံးလုပ်ငန်းများ ပျက်စီးခြင်း (Heart failure)၊ နာတာရှည် အဆုတ်ရောဂါ (COPD) နှင့် ကျောက်ကပ်ရောဂါများ
- အချို့သော ဆေးဝါးများ – ဆီးချိုဆေးများ၊ စိတ်ကျရောဂါဆေးများ၊ ကင်ဆာဆေးများနှင့် အချို့သော ပဋိဇီဝဆေးများ
- အခြားအကြောင်းရင်းများ – သွားနှင့်ခံတွင်းပြဿနာများကြောင့် အစာစားရခက်ခဲခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင် ဖော်ပြထားသည့်အတိုင်း ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာပါက မိသားစုဆရာဝန်နှင့် တိုင်ပင်၍ မည်သည့်အကြောင်းရင်းကြောင့် ဖြစ်သည်ကို ရှာဖွေပြီး အချိန်မီကုသမှု ခံယူရန် လွန်စွာအရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ကိုယ်အလေးချိန်ကျခြင်း၏ အကြောင်းရင်းကို ရှာဖွေရာတွင် ဆရာဝန်က ရောဂါရာဇဝင်များကို အသေးစိတ် မေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည်။ ထိုစစ်ဆေးမှုများတွင် ခံတွင်းနှင့်သွားများ၊ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံရှိ အကျိတ်များကို စစ်ဆေးခြင်း၊ လိုအပ်ပါက ရင်သားနှင့် စအိုအတွင်း စမ်းသပ်ခြင်းတို့ ပါဝင်သည်။
ထို့အပြင် လူနာ၏ လက္ခဏာများနှင့် စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ လိုအပ်သော ဓာတ်ခွဲခန်းနှင့် ရောဂါပုံရိပ်ဖော် စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သည်။ ဥပမာအားဖြင့်_
- သွေးစစ်ခြင်း – သွေးအား၊ သွေးတွင်းသကြားဓာတ်၊ ကျောက်ကပ်နှင့် အသည်းလုပ်ငန်းများ၊ သိုင်းရွိုက်ဟော်မုန်း၊ ရောင်ရမ်းမှုဆိုင်ရာ ဓာတ်များ၊ ဗိုင်းရပ်စ်ပိုးများ (HIV, Hepatitis B/C) နှင့် ကင်ဆာဓာတ်ပြ ပစ္စည်းများကို စစ်ဆေးသည်
- အခြားစစ်ဆေးမှုများ – ရင်ဘတ်ဓာတ်မှန် (CXR)၊ ဆီးနှင့် ဝမ်းစစ်ခြင်း၊ အာထရာဆောင်း (USG)၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် အစာအိမ်၊ အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းတို့ကိုလည်း လိုအပ်သလို ပြုလုပ်နိုင်သည်။
ကုသခြင်း
ကုသမှုအနေဖြင့် ကိုယ်အလေးချိန်ကျခြင်းကို ဖြစ်စေသည့် အခြေခံအကြောင်းရင်းကို ကုသရမည်ဖြစ်သည်။ ရောဂါရှာဖွေမတွေ့သေးပါက ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံဖြင့် စနစ်တကျ စောင့်ကြည့်ရမည်။ လိုအပ်ပါက အာဟာရပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။
ကာကွယ်ခြင်း
အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာခြင်းကို အတိအကျ ကာကွယ်ရန် နည်းလမ်းမရှိသေးပေ။ သို့သော် ပုံမှန်အတိုင်း ကျန်းမာသော နေထိုင်မှုပုံစံအတိုင်း နေထိုင်ရင်း ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းလာပါက မိမိ၏ ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးစစ်ဆေးရန် အရေးအကြီးဆုံးဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Unexplained weight loss. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/17770-unexplained-weight-loss
- Mayo Clinic. (n.d.). Unexplained weight loss: Causes. Retrieved July 26, 2025, from https://www.mayoclinic.org/symptoms/unexplained-weight-loss/basics/causes/sym-20050700
- Ong, T. A. (2012). Chapter 15. Weight Loss. In The Patient History: An Evidence-Based Approach to Differential Diagnosis (2nd ed.) [Book section]. McGraw Hill/AccessMedicine. Retrieved July 26, 2025, from https://accessmedicine.mhmedical.com/content.aspx?bookid=500§ionid=41026558
Published: 30 August 2024
Last updated: 18 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.