Generalised oedema (ခန္ဓာကိုယ်တစ်ခုလုံးဖောရောင်ခြင်း)

Generalised oedema (ခန္ဓာကိုယ်တစ်ခုလုံးဖောရောင်ခြင်း)

ခန္ဓာကိုယ်တစ်ခုလုံး ဖောရောင်ခြင်း (Generalized oedema) ဆိုသည်မှာ ခန္ဓာကိုယ်အတွင်း အရည်များစုမိပြီး ခန္ဓာကိုယ်တစ်ခုလုံး အထူးသဖြင့် အရေပြားအောက် (လက်ဖျံ၊ ခြေချင်းဝတ်နှင့် ခြေထောက်၊ ခါးအောက်ပိုင်း၊ မျက်နှာ) နှင့် အဆုတ်၊ ဝမ်းဗိုက်စသည်တို့တွင် ဖောရောင်လာခြင်းဖြစ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

အောက်ဖော်ပြပါ အကြောင်းတစ်ခုခုကြောင့် သွေးကြောများအတွင်းမှ အရည်များစွာ စိမ့်ထွက်လာပြီး အနီးရှိတစ်ရှူးများထဲသို့ ဝင်ရောက်ခြင်း သို့မဟုတ် ပြန်ရည်ကြောစနစ်မှ အရည်များကို မျှတအောင်၊ လုံလောက်စွာ ပြန်မထုတ်နိုင်သောကြောင့် ဖြစ်ပေါ်လာသည်။ သွေးကြောများအတွင်း စီးဆင်းလှည့်ပတ်နေသော အရည်ပမာဏ များလာခြင်း၊ အရည်များကို ထိန်းထားနိုင်သည့် အသားဓာတ် (Albumin) နည်းခြင်း စသည်တို့ကြောင့် သွေးကြောများမှ အရည်များသည် တစ်ရှူးများအတွင်းသို့ စိမ့်ထွက်ဝင်လာရခြင်းဖြစ်သည်။

မည်သူမဆို ဖြစ်ပေါ်နိုင်သော်လည်း သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်များတွင် အဖြစ်များသည်။

  • နှလုံးလုပ်ငန်းပျက်စီးခြင်း (Heart failure)
  • ကျောက်ကပ်ရောင်ရောဂါ (Glomerulonephritis and Nephrotic syndrome)
  • ကျောက်ကပ်လုပ်ငန်းပျက်စီးခြင်း (Kidney failure)
  • အသည်းခြောက်ရောဂါ (Cirrhosis of liver) နှင့် အသည်းလုပ်ငန်းပျက်စီးခြင်း (Liver failure)
  • သောက်ဆေးများ _ စတီးရွိုက်နှင့် အချို့သောသွေးပေါင်ကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ ကိုယ်ဝန်တားဆေးများ
  • အာဟာရချို့တဲ့ခြင်း (Malnutrition)
  • ပြန်ရည်ကြောစနစ် ပြဿနာများ (Lymphatic system issues)
  • သိုင်းရွိုက်ဟော်မုန်းနည်းခြင်း (Hypothyroid)
  • ဓာတ်မတည့်ခြင်း (Allergic reactions)
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ရောဂါလက္ခဏာများမှာ အရည်စုမိသောနေရာနှင့် ဖြစ်ပေါ်စေသော အခြေခံအကြောင်းရင်းများပေါ်တွင် မူတည်သည်။

  • ခြေထောက်နှင့် လက်များတွင် ဖောရောင်ခြင်း (Peripheral oedema)
  • အဆုတ်ထဲ ရေဝင်ခြင်း (Pulmonary oedema) ကြောင့် အသက်ရှူကျပ်ခြင်း၊ မောခြင်း
  • မျက်လုံး၊ မျက်ဆံတစ်ဝိုက်ရှိ တစ်ရှူးထဲရေဝင်ခြင်း (Periorbital oedema) ကြောင့် မျက်လုံးတစ်ဝိုက်တွင် ဖောရောင်ခြင်း
  • ရေဖျဥ်းစွဲခြင်း (Ascites) ကြောင့် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်တင်းခြင်း၊ ဗိုက်ဖောင်းခြင်း
  • ဖောရောင်သည့်နေရာကို လက်ဖြင့်ဖိလိုက်လျှင် လက်ဖိထားသည့်အတိုင်း ချိုင့်ခွက်ကျန်ခဲ့ခြင်း (Pitting oedema)
  • ကိုယ်အလေးချိန်တိုးလာခြင်း
  • နုံးနယ်ခြင်း
  • ဆီးနည်းသွားခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ

အရည်များစုမိပြီး ဖောရောင်ခြင်းကို မကုသပါက အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်သည်။

  • ဖောရောင်သောနေရာရှိ အရေပြားတွင် ပိုးဝင်ပြီး အနာဖြစ်ခြင်း
  • ခြေထောက်သွေးပြန်ကြော သွေးခဲပိတ်ခြင်း (Deep vein thrombosis)
  • နှလုံးအမြှေးပါးတွင် ရေဝင်ခြင်း (Pericardial effusion)
  • အဆုတ်တွင်း လေအိတ်နံရံများ ပျက်စီးခြင်း (Acute respiratory distress syndrome)
  • ကိုယ်တွင်းအင်္ဂါများ ကောင်းစွာအလုပ်မလုပ်ခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်

ခန္ဓာကိုယ်တစ်ခုလုံး ‌ရေများစုမိပြီး ဖောရောင်နေလျှင် မိသားစုဆရာဝန်များနှင့် တိုင်ပင်ပြသပြီး ဖြစ်ပေါ်စေသောအကြောင်းရင်းကို ရှာဖွေ၍ အချိန်မီကုသရန် လိုအပ်သည်။ အထက်တွင် ဖော်ပြသည့်အတိုင်း အသက်ရှူကျပ်ခြင်း၊ မောခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း အစရှိသည်တို့ကို ခံစားရပါက နီးစပ်ရာဆေးရုံ အရေးပေါ်ဌာနသို့သွားရောက်၍ ချက်ချင်း ကုသမှုခံယူရန် အရေးကြီးသည်။

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေရန် ရောဂါရာဇဝင်များ သေချာစွာ မေးမြန်းခြင်း၊ စမ်းသပ်ခြင်းတို့ ပြုလုပ်ပြီး လိုအပ်သော သွေးစစ်ဆေးခြင်း (သွေးအား စစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ငန်း၊ အသည်းလုပ်ငန်း စစ်ဆေးခြင်း)၊ ဆီးစစ်ဆေးခြင်းတို့ ပြုလုပ်နိုင်သည်။ ထို့အပြင် ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ အီးစီဂျီ (ECG) ဆွဲခြင်း၊ အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း၊ အဏုမြူစွမ်းရည်ဖြင့် ပြန်ရည်ကြောစနစ်ကို ပုံရိပ်ဖော်ခြင်း (Lymphoscintigraphy) တို့ကိုလည်း လိုအပ်သည့်အတိုင်း ထပ်မံပြုလုပ်ရသည်။

ကုသခြင်း

ရောဂါကုသရာတွင် ရောဂါလက္ခဏာများ သက်သာစေရန်နှင့် ဖြစ်ပေါ်စေသော အကြောင်းရင်းများကို အောက်ပါအတိုင်း ကုသရန် လိုအပ်သည်။

  • ဆီးဆေးများပေးခြင်း (Diuretics)
    ဆီးဆေးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲမှ စုပုံနေသော အရည်နှင့် ဆားများကို ဆီးအဖြစ် စွန့်ပစ်ခြင်းဖြင့် ဖောရောင်ခြင်းကို သက်သာစေသည်
  • ရေလျှော့သောက်ခြင်း၊ အငန်လျှော့စားခြင်း
  • အသားဓာတ် (Albumin) ကို သွေးကြောထဲမှ သွင်းပေးခြင်း
  • ကျောက်ကပ်ထိခိုက်ပျက်စီးလျှင် ကျောက်ကပ်ဆေးခြင်း (Dialysis)
  • ခြေထောက်ပိုင်းကို မြှင့်ပေးခြင်း
  • ရောင်ရမ်းခြင်းကို သက်သာစေရန် ကူညီပေးသည့် ခြေစွပ် စွပ်ပေးခြင်း (Compression stockings)
  • ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းရင်းကို ကုသခြင်း (ဥပမာ _ သိုင်းရွိုက်ဟော်မုန်းနည်းလျှင် ဟော်မုန်းပြန်ဖြည့်ပေးခြင်း၊ ဆေးသောက်၍ ဖြစ်ပါက ဖြစ်စေသော ဆေးများကို ရပ်ထားခြင်း)

ခန္ဓာကိုယ်တစ်ခုလုံး ဖောရောင်ခြင်းကို ကုသရာတွင် ဖောရောင်ခြင်း ဖြစ်စေသည့် အကြောင်းရင်း အခံရောဂါများကို ရှာဖွေကုနိုင်ရန် အရေးအကြီးဆုံးဖြစ်သည်။

ကာကွယ်ခြင်း

ရောဂါတစ်ခုချင်းအလိုက် ကာကွယ်ရန် ခက်ခဲသော်လည်း အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် အတန်သင့် ကာကွယ်နိုင်သည်။

  • ကျန်းမာ၍ အာဟာရပြည့်ဝသော အစားအသောက်များကို စားပါ (အငန်လျှော့စားပါ)
  • ဆေးလိပ်ဖြတ်ပါ
  • အရက်ဖြတ်ပါ
  • ရှိသင့်သော ကိုယ်အလေးချိန် ထိန်းသိမ်းပါ
  • ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ
  • အချိန်ကြာမြင့်စွာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းမှ ရှောင်ကြဥ်ပါ
  • လှဲနေချိန်တွင် ခြေထောက်အောက်မှ ခေါင်းအုံး၊ စောင်ပါးတို့ကို ခု၍ မြှင့်ထားပါ

ဆက်လက်ဖတ်ရှုရန်

References:

  1. Better Health Channel. (n.d.). Fluid retention (oedema). Retrieved July 26, 2025, from https://www.betterhealth.vic.gov.au/health/conditionsandtreatments/Fluid-retention-oedema
  2. WebMD. (2025). Anasarca: What it is, causes & treatment. Retrieved July 26, 2025, from https://www.webmd.com/heart-disease/what-is-anasarca
  3. Cleveland Clinic. (2024). Anasarca. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/anasarca
  4. Medical News Today. (n.d.). Anasarca: Causes, treatment, and definition. Retrieved July 26, 2025, from https://www.medicalnewstoday.com/articles/159111

Published: 30 August 2024

Last updated: 18 November 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.