ရေဖျဥ်းစွဲခြင်းဆိုသည်မှာ ဝမ်းဗိုက်ကိုဖုံးအုပ်ထားသော အမြှေးပါးအလွှာ (Peritoneum)နှင့် ကိုယ်တွင်းအင်္ဂါများကြားရှိနေရာတွင် အရည်များ စုမိနေခြင်းဖြစ်သည်။ အနည်းဆုံး အရည်ပမာဏ (၂၅) စီစီ သို့မဟုတ် (၀.၈) ပေါင်ရှိမှသာ ရေဖျဥ်းစွဲခြင်းဟု သတ်မှတ်သည်။ အရည်များ ဝမ်းဗိုက်အတွင်း အဆမတန်များလာခြင်း (Massive ascites) နှင့် ထိုအရည်များသည် ဝမ်းဗိုက်မှတစ်ဆင့် အဆုတ်အမြှေးပါးအတွင်း ရောက်ရှိခြင်းတို့ကြောင့် အဆုတ်ကိုဖိမိလျှင် အသက်ရှူကျပ်လာနိုင်သည်။ အများအားဖြင့် အသည်းလုပ်ငန်းများ ကောင်းစွာ အလုပ်မလုပ်နိုင်သောကြောင့် ရေဖျဥ်းစွဲခြင်း ဖြစ်တတ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ရေဖျဥ်းစွဲခြင်း၏ (၈၀) ရာခိုင်နှုန်းခန့်မှာ အသည်းခြောက်ရောဂါ (Cirrhosis of liver) ကြောင့်ဖြစ်သည်။ အသည်းခြောက်လျှင် အသည်းလုပ်ငန်းများ ကောင်းစွာမလုပ်နိုင်ခြင်းနှင့် အသည်း၏ သွေးပြန်ကြောအတွင်း ဖိအားမြင့်တက်ခြင်း (Portal hypertension) တို့ကြောင့် သွေးကြောအတွင်းမှအရည်များ ဝမ်းဗိုက်အတွင်းသို့ စိမ့်ထွက်ပြီးစုမိခြင်းဖြစ်သည်။
အခြားဖြစ်ပေါ်စေသော အကြောင်းရင်းများမှာ_
- နှလုံးအမောဖောက်ခြင်း (Heart failure)
- ကျောက်ကပ်လုပ်ငန်းများ ပျက်စီးခြင်း (Kidney failure)
- ရောဂါပိုးဝင်ခြင်း (Infection) _ ဥပမာ ဝမ်းဗိုက်တီဘီ
- အာဟာရချို့တဲ့သူများတွင် ပရိုတိန်းဓာတ်အလွန်နည်းခြင်း
- ကင်ဆာရောဂါ (အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ သားအိမ်ကင်ဆာ)
- ပန်ကရိယရောင်ခြင်း (Pancreatitis)
- အသည်းသွေးပြန်ကြောတွင် သွေးခဲခြင်း (Portal vein thrombosis)
- သည်းခြေပြွန်ရောင်ခြင်း (Primary biliary cholangitis)
- ကိုယ်ခံအားစနစ် မူမမှန်တုံ့ပြန်ခြင်းနှင့်ဆိုင်သော အသည်းရောင်ရောဂါ (Autoimmune hepatitis) ရှိသူများ
- မျိုးဗီဇနှင့်သက်ဆိုင်သော အသည်းရောဂါရှိသူများ (Haemochromatosis, Wilson’s disease, Alpha 1 antitrypsin deficiency) တို့ဖြစ်ကြသည်။
အသည်းခြောက်ရောဂါနှင့် ရေဖျဥ်းစွဲခြင်း ဖြစ်နိုင်ခြေများသူများ
- အသည်းရောင်အသားဝါ ဘီ ရောဂါ (Hepatitis B) ရှိသူများ
- အသည်းရောင်အသားဝါ စီ ရောဂါ (Hepatitis C) ရှိသူများ
- အသည်းအဆီဖုံးရောဂါ (Fatty liver disease) ရှိသူများ
- အရက်ကြောင့်ဖြစ်သော အသည်းရောဂါ (Alcoholic liver disease) ရှိသူများတွင် အဖြစ်များသည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ
ရေဖျဥ်းစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်တင်းခြင်း၊ ဗိုက်နာခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းချုပ်ခြင်း
- ခြေထောက်များ ဖောရောင်ခြင်း
- အသက်ရှူကျပ်ခြင်း
- နုံးနယ်ခြင်း
- ခါးနာခြင်း
- ဖျားခြင်း
- ကိုယ်အလေးချိန် တိုးလာခြင်း (ကင်ဆာရောဂါရှိသူတို့တွင် ကိုယ်အလေးချိန်ကျခြင်း) တို့ဖြစ်သည်။
အသည်းခြောက်ခြင်း၏ အခြားလက္ခဏာဖြစ်သော အသားဝါခြင်း၊ မျက်လုံးဝါခြင်းများလည်း ရှိနေနိုင်သည်။ ရောဂါလက္ခဏာများမှာ ရက်ပိုင်းအတွင်း ဖြစ်ပေါ်လာနိုင်ပြီး အစပိုင်းတွင် သာမန်မျှသာ ခံစားရပြီး နောက်ပိုင်းတွင် ပို၍ပြင်းထန်လာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ရေဖျဥ်းစွဲခြင်းတွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_
- ရေဖျဥ်းစွဲသည့် အရည်များတွင် ပိုးဝင်ခြင်းကြောင့် ဝမ်းဗိုက်ကို ဖုံးအုပ်ထားသော အမြှေးပါးအလွှာရောင်ခြင်း (Spontaneous bacterial peritonitis) (ဖျားခြင်း၊ ဗိုက်နာခြင်း)
- အသည်းထိခိုက်ပျက်စီးခြင်း (Liver failure)
- အသည်းထိခိုက်ပျက်စီးရာမှ ကျောက်ကပ်ထိခိုက်ပျက်စီးခြင်း (Hepatorenal syndrome)
- အာဟာရချို့တဲ့ခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးထွက်ခြင်း (သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း)
- အဆုတ်အမြှေးပါးအတွင်း ရေဝင်ခြင်း (Pleural effusion) တို့ ဖြစ်ကြသည်။
ဆေးရုံ၊ ဆေးခန်း ပြသရန်
အထက်ဖော်ပြပါ ရေဖျဥ်းစွဲခြင်း၏ လက္ခဏာများဖြစ်ပေါ်လျှင် မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသ၍ ဖြစ်ပေါ်ရသောအကြောင်းရင်းကို စောစီးစွာ ကုသမှုခံယူရန် လိုအပ်သည်။ ရေဖျဥ်းစွဲခြင်းကို မကုသလျှင် အထက်တွင် ဖော်ပြထားသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်လာနိုင်ပြီး အသက်အန္တရာယ် ရှိလာနိုင်သောကြောင့် အချိန်မီ ရောဂါရှာဖွေ ကုသရန် အရေးကြီးသည်။
ရောဂါရှာဖွေခြင်း
ရေဖျဥ်းစွဲသော လူနာများတွင် ရောဂါရှာဖွေရန် ရောဂါရာဇဝင်များ သေချာစွာ မေးမြန်းခြင်း၊ အထွေထွေစမ်းသပ်ခြင်းနှင့် လိုအပ်သော သွေးများစစ်ဆေးခြင်း၊ ဆီးစစ်ခြင်းတို့ဖြင့် ရောဂါရှာဖွေနိုင်သည်။ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်းနှင့် ကွန်ပြူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ကို လိုအပ်သလို ဆက်လက်ပြုလုပ်ရသည်။ ဝမ်းဗိုက်တွင်းရှိ အရည်များကို အပ်ဖြင့်စုပ်ယူပြီး အရည်ကို ဓာတ်ခွဲခန်းသို့ပို့၍ ရောဂါပိုး ရှိမရှိနှင့် ကင်ဆာဆဲလ်များ ရှိမရှိ စစ်ဆေးနိုင်သည်။ အသည်းသွေးပြန်ကြော ဖိအားများခြင်း (Portal hypertension) အကြောင်းရင်းနှင့် အခြားအခြေအနေများကို စစ်ဆေးနိုင်သည်။
ကုသခြင်း
ရေဖျဥ်းစွဲခြင်းကို ကုသရာတွင် ဖြစ်ပေါ်ရသော အကြောင်းရင်းပေါ် မူတည်၍ ကုသမှုပေးရသည် (ဥပမာ_ အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး ကုသပေးခြင်း၊ တီဘီဆေးပေးခြင်း၊ ကင်ဆာရောဂါ ကုသပေးခြင်း စသည်တို့ဖြစ်သည်။
လူနာခံစားမှု သက်သာစေရန် ဝမ်းဗိုက်တွင်းမှ အရည်ပမာဏလျှော့ချရန် လိုသည်။ ထိုဝမ်းဗိုက်ထဲမှ အရည်ပမာဏ လျှော့ချရန် နည်းလမ်းများမှာ_
- အငန်လျှော့ချခြင်း (Sodium reduction)
ဆားသည် ခန္ဓာကိုယ်ထဲတွင် အရည်ပိုများ စုဆောင်းမိစေသဖြင့် အစားအသောက်စားရာတွင် လတ်လတ်ဆတ်ဆတ်ရှိသော အစားအစာများကို စားသောက်ခြင်းနှင့် ဆားနည်းသော (သို့မဟုတ်) ဆားမပါဝင်သော အစားအသောက်များကို စားသုံးခြင်းဖြင့် အငန်လျှော့ချပေးနိုင်သည်။ - ရေပမာဏ လျှော့သောက်ခြင်း
- ဆီးဆေးပေးခြင်း (Diuretics – furosemide, spironolactone)
ခန္ဓာကိုယ်ထဲမှ ဆားနှင့် အရည်ပိုများကို ဖယ်ထုတ်ရန် ဆီးဆေးများဖြင့် ကုသနိုင်သည်။ - ဝမ်းဗိုက်ထဲမှ အရည်များ ဖယ်ထုတ်ခြင်း (Paracentesis)
ပိုးသတ်ထားသော တစ်ခါသုံးဆေးထိုးအပ်ကို ပိုက်ချောင်းဖြင့်ဆက်၍ ဝမ်းဗိုက်ထဲမှ အရည်များကို ဖယ်ထုတ်နိုင်သည်။ အစားအသောက်နှင့် ဆီးဆေးဖြင့် အရည်ကို လုံလောက်အောင် မဖယ်ရှားနိုင်သူများတွင် ထိုနည်းဖြင့် အရည်များကို ဖယ်ထုတ်ပေးရန် လိုအပ်သည်။ ထိုနည်းလမ်းဖြင့် အရည်များဖယ်ထုတ်လိုက်လျှင် အများစုမှာ သက်သာသော်လည်း အရည်များ ပြန်လည်ပြည့်လာနိုင်သောကြောင့် နောက်တစ်ကြိမ် အရည်များ ထပ်မပြည့်စေရန် ရေရှည်တွင် ဆေးများကို ပုံမှန်သောက်သုံးရမည်။ လိုအပ်ပါက ထပ်မံဖောက်ထုတ်ရနိုင်သည်။ - ခွဲစိတ်ကုသခြင်း
အထက်တွင် ဖော်ပြထားသော နည်းလမ်းများဖြင့် မသက်သာလျှင် ခွဲစိတ်ကုသခြင်းဖြင့် ကုသနိုင်သည်။- ပြွန်ချောင်းထည့်၍ ကုသခြင်း (Transjugular intrahepatic portosystemic stent shunt- TIPSS)
အသည်းသွေးပြန်ကြောအတွင်း ဖိအားကျစေရန် လမ်းလွှဲပြွန်တစ်ခု ဖန်တီးပေးခြင်းဖြင့် အသည်းနှင့် ဝမ်းဗိုက်အတွင်းရှိ အခြားအင်္ဂါများသို့ သွေးစီးဆင်းမှု လွယ်ကူစေသည်။ - အသည်းအစားထိုးကုသခြင်း (Liver transplant)
အသည်းခြောက်ရာမှ အသည်းလုပ်ငန်းများ ထိခိုက်ပျက်စီးသွားလျှင် အသည်းအစားထိုး ကုသရန် လိုအပ်သည်။ ပျက်စီးသွားသော အသည်းအစိတ်အပိုင်းကို ဖယ်ရှားပြီး ကျန်းမာသန်စွမ်းသော အလှုရှင်ထံမှ အသည်းအစိတ်အပိုင်းဖြင့် အစားထိုးကုသခြင်းဖြစ်သည်။
- ပြွန်ချောင်းထည့်၍ ကုသခြင်း (Transjugular intrahepatic portosystemic stent shunt- TIPSS)
ကာကွယ်ခြင်း
ကျန်းမာသော နေထိုင်စားသောက်မှုပုံစံနှင့် နေထိုင်ခြင်းဖြင့် ရေဖျဥ်းဆွဲခြင်းနှင့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။
- ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များကို စားသောက်ပါ
- လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ
- ဆေးလိပ်ဖြတ်ပါ
- အရက်မသောက်ပါနှင့် (အသည်းကို ထိခိုက်ပျက်စီးနိုင်ခြင်းနှင့် အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသောကြောင့်ဖြစ်သည်)
- အငန်လျှော့စားပါ [တစ်ရက်လျှင် ဆား (၂)ဂရမ် မှ (၄)ဂရမ်ထက် ပို၍မစားပါနှင့်]
- ကိုယ်အလေးချိန် ထိန်းသိမ်းပါ [နေ့စဥ် ကိုယ်အလေးချိန် ချိန်၍ (၁၀) ပေါင်နှင့်အထက် သို့မဟုတ် တစ်ရက်လျှင် (၂) ပေါင်နှင့်အထက်၊ (၃) ရက်ဆက်တိုက် တက်လာပါက ဆရာဝန်နှင့် ပြသရန် လိုအပ်သည်]
- အသည်းရောင် အသားဝါ ဘီ ပိုး၊ စီ ပိုး ကူးစက်နိုင်သည့် နည်းလမ်းများကို ရှောင်ကြဥ်ပါ (အသည်းရောင် အသားဝါ ဘီ ပိုး ကာကွယ်ဆေးထိုးခြင်း၊ အကာအကွယ်နှင့် လိင်ဆက်ဆံခြင်းဖြင့် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရမည်)
ဆက်လက်ဖတ်ရှုရန်
- Hepatitis A (အသည်းရောင်အသားဝါ အေ ရောဂါ)
- Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ)
- Hepatitis C (အသည်းရောင်အသားဝါ စီ ရောဂါ)
- Hepatitis A Vaccine (အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး)
- Hepatitis B vaccine (အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး)
- Fatty liver disease (အသည်းအဆီဖုံးရောဂါ)
- Cirrhosis of Liver (အသည်းခြောက်ရောဂါ)
- Paracentesis (ဝမ်းဗိုက်ထဲမှ အရည်များ ဖယ်ထုတ်ခြင်း)
- Liver transplant (အသည်း အစားထိုးကုသခြင်း)
References:
- Cleveland Clinic. (n.d.). Ascites. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/14792-ascites
- WebMD. (n.d.). Ascites: Medically reviewed summary. Retrieved July 26, 2025, from https://www.webmd.com/digestive-disorders/ascites-medref
- Penn Medicine. (n.d.). Ascites. Retrieved July 26, 2025, from https://www.pennmedicine.org/for-patients-and-visitors/patient-information/conditions-treated-a-to-z/ascites
- Healthline. (n.d.). Ascites: Definition, causes, symptoms, and treatments. Retrieved July 26, 2025, from https://www.healthline.com/health/ascites
- Medical News Today. (n.d.). Ascites: Symptoms, causes, and treatment options. Retrieved July 26, 2025, from https://www.medicalnewstoday.com/articles/318775
Published: 30 August 2024
Last updated: 18 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.