Dyspepsia (အစာမကြေဖြစ်ခြင်း)

Dyspepsia (အစာမကြေဖြစ်ခြင်း)

အစာမကြေဖြစ်ခြင်းဆိုသည်မှာ အစာစားပြီးနောက် ဝမ်းဗိုက်အပေါ်ပိုင်းတွင် နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းကို ဆိုလိုသည်။ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဗိုက်ပြည့်အင့်ခြင်း၊ လေပွခြင်း၊ ပျို့အန်ခြင်းအစရှိသည့် လက္ခဏာများလည်း တွဲ၍ဖြစ်ပေါ်နိုင်သည်။ အစာမကြေဖြစ်ခြင်းသည် ရောဂါတစ်ခုမဟုတ်ဘဲ လက္ခဏာတစ်ခုသာဖြစ်သည်။ အစာမကြေခြင်းသည် အလွန်အဖြစ်များပြီး တစ်ခါတစ်ရံဖြစ်ပေါ်ပါက စိုးရိမ်ရန် မလိုအပ်ဘဲ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲရုံဖြင့် သက်သာနိုင်သည်။ သို့သော် အစာမကြေခြင်း မကြာခဏဖြစ်ပေါ်နေပါက ရောဂါရှာဖွေ၍ ဖြစ်ပေါ်ရသောအကြောင်းရင်းကို ကုသရန် လိုအပ်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

တစ်ခါတစ်ရံတွင် အစာမကြေဖြစ်ခြင်းသည် အစာကို အလွန်အကျွံ စားသောက်ပြီးနောက် ဖြစ်ပေါ်လေ့ရှိသည့် လက္ခဏာတစ်ခုဖြစ်သည်။ အစာများများ စားလိုက်သောအခါ အစာ‌ခြေနိုင်ရန် အစာအိမ်၊ သည်းခြေအိတ်နှင့် ပန်ကရိယတို့ ပိုမိုအလုပ်လုပ်ရသည့်အတွက် အစာခြေအရည်များစွာ ထုတ်လုပ်လိုက်ပြီး၊ အစာအိမ်နှင့်အူလမ်းကြောင်း လှုံ့ဆော်မှုများ ဖြစ်ပေါ်သောကြောင့် အစာမကြေခြင်းလက္ခဏာများ ခံစားရခြင်းဖြစ်သည်။

အစာမကြေခြင်း ဖြစ်ပေါ်ရသော အကြောင်းရင်းများစွာရှိသည်။ အဓိကအားဖြင့် အုပ်စု (၃) စု ခွဲခြားထားသည်။

  1. နေထိုင်စားသောက်မှု အလေ့အထများ
    • အလွန်အကျွံစားခြင်း သို့မဟုတ် အစားကို မြန်မြန်စားခြင်း
    • အဆီများသော၊ အစပ်များသော အစာများ စားခြင်း
    • ကော်ဖီ၊ အရက်၊ ချော့ကလက်၊ ဂတ်စ်ပါသော အချိုရည်များ အလွန်အကျွံသောက်ခြင်း
    • စိတ်ဖိစီးမှုများခြင်း
    • အချို့သော ပိုးသတ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ၊ သံဓာတ်အားဖြည့်ဆေးများ အစရှိသော အကြောင်းရင်းများကြောင့် အစာမကြေခြင်း တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သည်။
  2. အစာခြေစနစ်နှင့် သက်ဆိုင်သော ရောဂါများ
    အစာမကြေခြင်းသည် မကြာခဏဖြစ်ပေါ်ပြီး ကာလကြာရှည်စွာ ခံစားရပါက အစာခြေစနစ်နှင့် သက်ဆိုင်သော အောက်ဖော်ပြပါ ရောဂါအခြေအနေများတွင် ဖြစ်ပေါ် နိုင်သည်။
    • အစာအိမ်ရောင်ခြင်း (Gastritis)
    • အစာအိမ်နှင့် အူသိမ်ဦးပိုင်းအနာများ (Peptic ulcers)
    • Gluten ပရိုတင်းနှင့် ဓာတ်မတည့်သော ရောဂါ (Celiac disease)
    • စားချဥ်ပြန်ရောဂါ (Gastroesophageal reflux disease)
    • အစာအိမ်ကင်ဆာရောဂါ (Cancer stomach)
    • အစာအိမ်ရောဂါပိုးဝင်ခြင်း (Helicobacter pylori infection)
    • အူသိမ်ပိုင်းတွင် ဘက်တီးရီးယား အလွန်အကျွံ ပေါက်ဖွားခြင်း (Small intestinal bacterial overgrowth)
    • အစာအိမ်လှုပ်ရှားမှု နှေးခြင်း (Gastroparesis)
    • သည်းခြေကျောက်ရှိခြင်း (Gall stones)
    • ပန်ကရိယရောင်ခြင်း (Pancreatitis)
    • အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ (Irritable bowel syndrome)
  3. အကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်သော အစာမကြေခြင်း (Functional dyspepsia)
    တိကျသေချာသော အကြောင်းပြချက်မရှိဘဲ ဖြစ်ပေါ်သော အစာမကြေဖြစ်ခြင်းကို ဆိုလိုသည်။
ယှဥ်တွဲလာတတ်သောလက္ခဏာများ

အစာမကြေခြင်းဖြစ်ပေါ်လျှင် တွေ့ရှိရနိုင်သည့် ‌ရောဂါလက္ခဏာများမှာ_

  • ရင်ညွန့်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း
  • ရင်ပူခြင်း
  • ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ရင်ခေါင်းတောင့်ခြင်း၊ ရင်ခံနေခြင်း
  • အစာလွန်ခြင်း
  • အစာစားပြီး မကြာမီတွင် (အမှန်တကယ် ဗိုက်မဝဘဲ) ဗိုက်ပြည့်သကဲ့သို့ ခံစားရပြီး အစာဆက်မစားနိုင်ခြင်း
  • လေပွခြင်း၊ လေမကြာခဏတက်ခြင်း
  • ပျို့အန်ခြင်းတို့ ဖြစ်ကြသည်။

ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်သည့် အရေးကြီးသော အန္တရာယ်ရှိသည့် အောက်ဖော်ပြပါ လက္ခဏာများကို သတိထားစောင့်ကြည့်ရန် လိုအပ်သည်။

  • အသက် (၅၅) နှစ်နှင့်အထက်တွင် အစာမကြေခြင်းကို ပထမဦးဆုံးအကြိမ် စတင်ခံစားရခြင်း
  • ရောဂါလက္ခဏာများကို ပိုမိုပြင်းထန်စွာ ဆက်တိုက်ခံစားလာရခြင်း
  • အစာအိမ်နှင့် အူလမ်းကြောင်းတွင် သွေးယိုစိမ့်ခြင်းကြောင့် ကော်ဖီရောင်အန်ခြင်း၊ ကတ္တရာစေးကဲ့သို့ ဝမ်းအမည်းရောင်သွားခြင်း
  • သွေးအားနည်းခြင်း
  • အစာမျိုရခက်ခဲခြင်း
  • မရပ်မနားအန်ခြင်း
  • ဝမ်းဗိုက်တွင် အလုံးစမ်းမိခြင်း
  • အစားအသောက်ပျက်ခြင်း
  • အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန်ကျခြင်း အစရှိသော လက္ခဏာများကို သတိပြုမိပါက ဆရာဝန်နှင့် ချက်ချင်းပြသ၍ ရောဂါရှာဖွေ စစ်ဆေးရန် လိုအပ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အစာမကြေခြင်းအပြင် အထက်တွင် ဖော်ပြထားသော အရေးကြီးသော အန္တရာယ်ရှိသည့် လက္ခဏာများ ခံစားနေရပါက မိမိ၏ မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသပါ။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ အကယ်၍

  • မောပန်းခြင်း၊ အသက်ရှူ မဝခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ မေးရိုး၊ လည်ပင်း သို့မဟုတ် လက်မောင်းတို့တွင် နာကျင်ခြင်း
  • သွေးအန်ခြင်း
  • ကတ္တရာစေးကဲ့သို့ စေးကပ်သော ဝမ်းအမည်းများ သွားခြင်း
  • မရပ်မနားအန်ခြင်း စသည့်အခြေအနေများရှိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အရေးပေါ်ဆေးကုသမှု သို့မဟုတ် ခွဲစိတ်ကုသမှုများ လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီ အမြန်ဆုံးပြသကုသမှု ခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း

အစာမကြေခြင်းသည် လူတိုင်းနီးပါး ကြုံဖူးသည့် လက္ခဏာဖြစ်ပြီး တစ်ခါတရံမှသာ ဖြစ်ပေါ်ပါက နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲရုံဖြင့် သက်သာနိုင်သည်။ သို့သော် မကြာခဏဆိုသလို ခံစားရပါက အောက်ခံအကြောင်းရင်းကို ရှာဖွေကုသရန် လိုအပ်သည်။ရောဂါရှာဖွေရာတွင် ဆရာဝန်က ရောဂါလက္ခဏာများကို အသေးစိတ် မေးမြန်းခြင်းနှင့် ကိုယ်ခန္ဓာစမ်းသပ်စစ်ဆေးခြင်းများကို ဦးစွာ ပြုလုပ်မည်။ ထို့နောက် လိုအပ်ပါက သွေးစစ်ဆေးခြင်းနှင့် အစာအိမ်ပိုး (H. pylori) စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။ အကယ်၍ လူနာတွင် အရေးကြီးပြီး အန္တရာယ်ရှိသော လက္ခဏာများ (ဥပမာ- ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစာမျိုရခက်ခြင်း) ရှိပါက အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါကို တိကျစွာ ရှာဖွေဖော်ထုတ်နိုင်သည်။

ကုသခြင်း

အစာမကြေခြင်းသည် မကြာခဏဖြစ်ပေါ်ပြီး နာတာရှည်ဖြစ်ပေါ်နေပါက ခံစားနေရသော ရောဂါလက္ခဏာများ သက်သာစေရန် အောက်ဖော်ပြပါ ဆေးဝါးများဖြင့် ကုသမှု ခံယူနိုင်သည်။

  • အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို တားဆီးသည့် ဆေးဝါးများ (Proton pump inhibitor)
  • အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို လျော့ကျစေသည့် ဆေးဝါးများ (H2 blocker)
  • အစာအိမ်အက်ဆစ်၏ အာနိသင်ကို ပျက်ပြယ်စေသည့် ဆေးဝါးများ (antacids)
  • အူလှုပ်ရှားမှု အားကောင်းအောင် လှုံ့ဆော်ပေးသော ဆေးဝါးများ (Prokinetics)

ထို့အပြင် အစာမကြေခြင်း ဖြစ်ပေါ်ရသော အကြောင်းရင်းများရှိပါက ထိုအခြေခံအကြောင်းရင်းကို ကုသရန် လိုအပ်သည်။ ဥပမာအားဖြင့် အစာအိမ်ရောဂါပိုးဝင်ခြင်းကြောင့် အစာမကြေခြင်းဖြစ်ပေါ်ပါက H. pylori ဘက်တီးရီးယားပိုးသတ်သည့် ပဋိဇီဝဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း အချိန်မှန်မှန်နှင့် ရက်ပြည့်အောင် သောက်သုံး၍ ကုသရန် လိုအပ်သည်။

အကယ်၍ အကြောင်းရင်းမရှိဘဲ ဖြစ်ပေါ်သော အစာမကြေခြင်း (Functional dyspepsia) ကြောင့်ဖြစ်ပြီး အထက်ပါ ဆေးဝါးများနှင့် မသက်သာပါက စိတ်ကျရောဂါကုသဆေးဝါးများ (Antidepressants) နှင့် စိတ်နှင့်ခန္ဓာပေါင်းစပ်ကုထုံးများ (ဥပမာ _ အသိအမြင်အပြုအမူ ပြောင်းလဲပေးသည့် စိတ်ကုထုံး) ကို အသုံးပြု၍ ကုသလျှင် ပိုမိုထိရောက်မှု ရှိနိုင်သည်။

တစ်ခါတစ်ရံ အစာမကြေခြင်းဖြစ်ပေါ်ပါက နေထိုင်စားသောက်မှု အလေ့အထကောင်းများကို လိုက်နာခြင်းဖြင့် ရောဂါလက္ခဏာ သက်သာအောင် ပြုလုပ်နိုင်သည်။

  • အစာမကြေခြင်းကို ဖြစ်ပေါ်စေနိုင်သော ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအစာများကို ရှောင်ကြဥ်ခြင်း (ဥပမာ _ အဆီများသော၊ အစပ်များသော အစာများ)
  • ကော်ဖီ၊ အရက်၊ ဂတ်စ်ပါသော အချိုရည်များကို ကန့်သတ်သောက်သုံးခြင်း
  • ဆေးလိပ်ဖြတ်ခြင်း
  • အစာကို တစ်ကြိမ်တည်း ပမာဏများများစားခြင်းမှ ရှောင်ကြဥ်ခြင်း
  • အစာပမာဏနည်းနည်းကို မကြာခဏစားပေးခြင်း
  • အစာစားပြီးနောက် အနည်းဆုံး နှစ်နာရီကြာသည်အထိ လဲလျောင်းခြင်း မပြုလုပ်ခြင်း
  • အဝလွန်နေသူများဖြစ်ပါက ကိုယ်အလေးချိန် လျော့ချခြင်း
  • အိပ်ယာဦးခေါင်းပိုင်းကို ခန့်မှန်းခြေ (၆) လက်မခန့် မြှင့်ထားခြင်း
  • အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးခြင်းအစရှိသော နည်းလမ်းများကို လိုက်နာခြင်းဖြင့် သက်သာနိုင်သည်။
ကာကွယ်ခြင်း

အစာမကြေခြင်းကို ကာကွယ်ရန်အတွက် အစားအသောက်ပုံစံနှင့် ကျန်းမာသော လူနေမှုပုံစံကို ပြောင်းလဲခြင်းဖြင့် အထောက်အကူရနိုင်သည်။

အစားအသောက်ပုံစံပြောင်းလဲခြင်း
  • အစာမကြေဖြစ်စေသော အစားအစာများကို ရှောင်ပါ
    လူတစ်ဦးနှင့်တစ်ဦး အစာမကြေဖြစ်စေသော အစားအစာများ မတူညီနိုင်သောကြောင့် မိမိနှင့် မတည့်သည့် အစားအစာများကို သိရှိရန်အတွက် အစားအသောက်မှတ်တမ်း (food diary) ကိုထားရှိကာ စမ်းသပ်မှတ်သားသင့်သည်။
  • စားသောက်ပုံပြောင်းလဲခြင်း
    အစာကို အလုတ်သေးသေးဖြင့် ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားသင့်သည်။ တစ်ကြိမ်တည်းနှင့် များများစားမည့်အစား ပမာဏနည်းနည်းဖြင့် မကြာခဏ စားသုံးသင့်သည်။
  • ရှောင်ကြဉ်ရမည့်အရာများ
    အလွန်ပူသော၊ အေးသော၊ သို့မဟုတ် အဆီများသော၊ အစပ်များသော အစားအစာများကို ရှောင်ပါ။ ကဖိန်းဓာတ်ပါသည့် ကော်ဖီနှင့် လက်ဖက်ရည်၊ အငွေ့ဓာတ်ပါသည့် အချိုရည်များ၊ အရက်နှင့် ဆေးလိပ်၊ ဆေးခြောက်တို့ကိုလည်း ရှောင်ကြဉ်သင့်သည်။
လူနေမှုပုံစံပြောင်းလဲခြင်း
  • ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း
    ကိုယ်အလေးချိန် လျှော့ချခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် အစာမကြေခြင်းကို သက်သာစေနိုင်သည်။
  • စိတ်ဖိစီးမှုလျှော့ချခြင်း
    အိပ်ရေးဝအောင် အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှုကို လျှော့ချခြင်းသည် အစာမကြေခြင်းဝေဒနာကို သက်သာစေကြောင်း တွေ့ရှိရသည်။

References:

  1. Mayo Clinic. (n.d.). Functional dyspepsia: Symptoms and causes. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/functional-dyspepsia/symptoms-causes/syc-20375709
  2. Mayo Clinic. (n.d.). Functional dyspepsia: Diagnosis and treatment. Retrieved July 26, 2025, from https://www.mayoclinic.org/diseases-conditions/functional-dyspepsia/diagnosis-treatment/drc-20375715
  3. Cleveland Clinic. (n.d.). Functional dyspepsia: Causes, symptoms, and treatment. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/22248-functional-dyspepsia
  4. Medical News Today. (n.d.). Functional dyspepsia: Symptoms, causes, treatments, and more. Retrieved July 26, 2025, from https://www.medicalnewstoday.com/articles/functional-dyspepsia
  5. Best Practice Journal. (2011). Managing dyspepsia and heartburn in general practice. Retrieved July 26, 2025, from https://bpac.org.nz/bpj/2011/february/docs/bpj_34_dyspepsia_pages_8-15.pdf
  6. NHS. (n.d.). Indigestion. Retrieved July 26, 2025, from https://www.nhs.uk/conditions/indigestion/

Published: 30 August 2024

Last updated: 16 November 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.