Sore Throat (လည်ချောင်းနာခြင်း)

Sore Throat (လည်ချောင်းနာခြင်း)

လည်ချောင်းနာခြင်းသည် အစာမျိုချချိန်တွင်ဖြစ်စေ၊ စကားပြောသည့်အချိန်တွင်ဖြစ်စေ လည်ချောင်း၏ အနောက်ဘက်ပိုင်းတွင် ခြောက်သွေ့ခြင်းနှင့် စူးရှသောနာကျင်ခြင်းကို ခံစားရခြင်းဖြစ်သည်။ လူအများစု တွေ့ကြုံဖူးသော လက္ခဏာတစ်ခုဖြစ်ပြီး လည်ချောင်းနာခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လည်ချောင်းနာခြင်းသည် အများအားဖြင့် သာမန်အအေးမိခြင်းကြောင့် အဖြစ်များပြီး အလိုအလျောက် သက်သာနိုင်ခြေများသည်။ လည်ချောင်းနာစေသော အကြောင်းရင်းများမှာ_

  1. Adenovirus, Influenza virus, Parainfluenza virus, EB virus ကဲ့သို့ ဗိုင်းရပ်စ်ပိုးများ ကူးစက်ခြင်း
  2. Streptococcus pyogenes (Group A Streptococcus) and Staphylococcus aureus ဘက်တီးရီးယားပိုးများ ကူးစက်ခြင်း
  3. အာသီးရောင်ခြင်း (အထက်ပါ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများသည် လည်ချောင်းနာခြင်းအပြင် အာသီးရောင်ခြင်းကိုလည်း ဖြစ်စေနိုင်သည်)
  4. ဓာတ်မတည့်ခြင်း (ပန်းဝတ်မှုန်၊ ဖုန်မှုန့်များ၊ အိမ်မွေးတိရစ္ဆာန်များ သို့မဟုတ် မှိုများသည် လည်ချောင်းကို ခြောက်သွေ့ယားယံစေသည်)
  5. အလွန်အကျွံ အော်ဟစ်ခြင်း၊ အလွန်ပူသော၊ စပ်သော အစာများစားခြင်း၊ ဆေးလိပ်သောက်ခြင်း
  6. စားချဥ်ပြန်ရောဂါ (Gastroesophageal reflux disease or GERD) ကြောင့် အစာအိမ်ထဲမှ အက်ဆစ်သည် အစာပြွန်ထဲသို့ ပြန်တက်သည့်အချိန်တွင် လည်ချောင်းပူခြင်းနှင့် နာကျင်ခြင်းကို ခံစားရနိုင်သည်
  7. ညအိပ်ချိန် ပါးစပ်ဖြင့် အသက်ရှူခြင်း
    နှာခေါင်းပိတ်၍ နှာခေါင်းဖြင့် အသက်ရှူမရသည့် အခြေအနေတွင် ပါးစပ်ဖြင့် အသက်ကြာကြာရှူပါက လည်ချောင်းခြောက်ပြီး နာကျင်နိုင်သည်။
ယှဉ်တွဲလာတတ်သောလက္ခဏာများ

လည်ချောင်းနာခြင်းနှင့်တွဲ၍ အဖြစ်များသော လက္ခဏာများမှာ_

  • ဖျားခြင်း
  • နှာချေ၊ ချောင်းဆိုးခြင်း
  • လည်ချောင်းတစ်လျှောက် ခြောက်သွေ့ခြင်း
  • အစာမျိုချရခက်ခြင်း သို့မဟုတ် မျိုချချိန် နာကျင်ခြင်း
  • အာခေါင်အနီးတစ်ဝိုက်တွင် နီရဲနေခြင်း
  • လည်ပင်းတစ်၀ိုက်တွင် အကျိတ်ဂလင်းများ စမ်းမိတတ်ခြင်း
  • အသံ၀င်ခြင်း၊ အသံပြောင်းခြင်း
  • ဗိုက်နာ၊ ဗိုက်အောင့်ခြင်း
  • ဇက်နာခြင်း
  • ခေါင်းကိုက်တတ်ခြင်း စသည်တို့ဖြစ်သည်။

လည်ပင်းနာခြင်းတွင် အမျိုးအစား (၂) မျိုးရှိသည်။

  1. လတ်တလောလည်ချောင်းနာခြင်း (Acute) – (၃)ရက် မှ (၁၀)ရက်အတွင်းကြာမြင့်ပြီး အဖြစ်များသော အမျိုးအစားဖြစ်သည်
  2. ရက်ရှည်လည်ချောင်းနာခြင်း (Chronic) – (၁၀)ရက်ကျော် မှ ရက်သတ္တပတ်ပေါင်းများစွာထိ ဖြစ်နိုင်သည် (သို့မဟုတ်) မကြာခဏလည်ချောင်းနာသော အခြေအနေဖြစ်သည်
Sore Throat IMG1

နောက်ဆက်တွဲပြဿနာများ

Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းကြောင့် လည်ချောင်းနာခြင်းအပြင် ခန္ဓာကိုယ်မှ တုံ့ပြန်သည့်အနေဖြင့် အခြားကိုယ်ခံအားတုံ့ပြန်မှုများလည်း ဖြစ်ပေါ်လာသဖြင့် နောက်ဆက်တွဲရောဂါများဖြစ်သော လေးဘက်နာရောဂါ (Rheumatic Fever) နှင့် ကျောက်ကပ်ရောင်ရောဂါ (Acute Glomerulonephritis) တို့ ဆက်လက်ဖြစ်ပေါ်လာတတ်သည်။

သို့သော် Streptococcus ဘက်တီးရီးယားပိုးဝင်တိုင်း အထက်ပါရောဂါများ မဖြစ်ပွါးပါ (ဥပမာ – Streptococcus ဘက်တီးရီးယားပိုး ဝင်ရောက်ခံရသူ အယောက် (၃၀၀) တွင် လေးဘက်နာဖြစ်သူ တစ်ယောက်ခန့်သာရှိသည်)။

လေးဘက်နာရောဂါတွင် ခြေ၊ လက်အဆစ်ကြီးများ တစ်ဆစ်ပြီးတစ်ဆစ် ရောင်ရမ်းခြင်း၊ အရေပြားတွင် အနီရောင်အကွက်၊ အဖုများဖြစ်ပေါ်ခြင်း၊ Chorea ဟုခေါ်သော ခြေလက်အကြောဆွဲပုံစံတစ်မျိုး ဖြစ်ပေါ်ခြင်းနှင့် နှလုံးရောင်ရမ်းခြင်း စသည့် လက္ခဏာများ တွေ့ရတတ်ပြီး ကျောက်ကပ်ရောင်ရောဂါတွင် မျက်နှာဖောလာခြင်း၊ ဆီး နည်းလာခြင်း၊ ဆီးအနီရောင် သွားခြင်းနှင့် သွေးတိုးခြင်းစသည့် လက္ခဏာများ တွေ့ရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

သက်ဆိုင်ရာ မိသားစုဆရာဝန်မှ ရောဂါရာဇဝင် မေးမြန်းခြင်း၊ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ တစ်ခါတစ်ရံ ရဲနေသော အာခေါင်တစ်ဝိုက်မှ တို့ဖတ်နမူနာယူ၍ စစ်ဆေးလျှင် ရောဂါဖြစ်စေသော ဘက်တီးရီးယားပိုးကို ‌ရှာဖွေတွေ့ရှိနိုင်သည်။

ကုသခြင်း

လည်ချောင်းနာခြင်းသည် ဗိုင်းရပ်စ်ပိုးများကြောင့် အဖြစ်များသောကြောင့် ပဋိဇီဝပိုးသတ်ဆေးများသောက်ရန် အများအားဖြင့် မလိုပါ။ မိသားစုဆရာဝန်မှ လက္ခဏာများပေါ် မူတည်၍ သက်ဆိုင်ရာကုသမှုများ ပေးမည်ဖြစ်ပြီး အိမ်တွင်အနားယူ၍ စောင့်ကြည့်နိုင်သည်။

  • အဖျားရှိလျှင် ပါရာစီတမော သောက်ခြင်း
  • နှာရည်ယို၊ နှာစေးပါက ဟစ်တမင်းဆန့်ကျင်ဆေး (Antihistamines) ဆေးဝါးများ သောက်သုံးခြင်း
  • စားချဥ်ပြန်‌ရောဂါအတွက် အစာအိမ်ဆေးများ သောက်ခြင်း
  • လည်ပင်းနာခြင်းအတွက် ငုံဆေးများ ငုံပေးခြင်း၊ ‌‌ဆားရေနွေး ငုံပေးခြင်း
  • ‌ရေငွေ့ထုတ်စက် (Humidifier) အသုံးပြုပေးခြင်း
  • ဆေးလိပ်သောက်ခြင်း၊ ပူလွန်း၊ စပ်လွန်းသော အစားအစာများ စားခြင်းကို ရှောင်ကြဥ်ခြင်း
  • အသံ အသုံးပြုခြင်းကို လျှော့ချ၍ အနားယူခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

ဘက်တီးရီးယားကြောင့်ဖြစ်သော လည်ချောင်းနာခြင်းတွင် ပဋိဇီဝပိုးသတ်ဆေးများကို ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သောက်ရန် လိုအပ်သည်။ လည်ချောင်းနာခြင်းသည် ဆယ်ရက်ကျော်သည်အထိ မသက်သာလျှင် သို့မဟုတ် မကြာခဏ ပြန်ဖြစ်နေလျှင် ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ပြသရန် လိုအပ်သည်။

ကာကွယ်ခြင်း

မကြာခဏ လည်ချောင်းနာခြင်းမှ ကာကွယ်ရန်

  • ပုံမှန် စနစ်တကျ လက်ဆေးခြင်း
  • လူထူထပ်သော နေ‌ရာများ ရှောင်ခြင်း
  • နှာစေး ချောင်းဆိုး၊ လည်ချောင်းနာသူများနှင့် ခပ်ခွာခွာနေခြင်း
  • လည်ပင်းနာသူများနှင့် ဇွန်း၊ ခွက်၊ ပန်းကန် စသည်တို့ကို အတူတကွ မသုံးစွဲခြင်း
  • ရာသီတုပ်ကွေး ကာကွယ်ဆေးကို ပုံမှန်ထိုးနှံခြင်း စသည်တို့ကို လိုက်နာခြင်းဖြင့် ကာကွယ်နိုင်သည်။

References:

  1. Centers for Disease Control and Prevention. (2024). About sore throat. https://www.cdc.gov/sore-throat/about/index.html#:~:text=Sore%20Throat%20A%20sore%20throat%20is%20usually%20caused%20by%20a
  2. Cleveland Clinic. (2024). Sore throat (pharyngitis). Retrieved July 21, 2025, from https://my.clevelandclinic.org/health/diseases/8274-sore-throat-pharyngitis
  3. Johns Hopkins Medicine. (n.d.). Pharyngitis (sore throat). Retrieved July 21, 2025, from https://www.hopkinsmedicine.org/health/conditions-and-diseases/pharyngitis#:~:text=Pharyngitis%20%E2%80%94%20commonly%20known%20as%20sore%20throat%20%E2%80%94%20is%20an
  4. Mayo Clinic. (n.d.). Sore throat — Symptoms & causes. Retrieved July 21, 2025, from https://www.mayoclinic.org/diseases-conditions/sore-throat/symptoms-causes/syc-20351635
  5. Mayo Clinic. (n.d.). Sore throat — Diagnosis & treatment. Retrieved July 21, 2025, from https://www.mayoclinic.org/diseases-conditions/sore-throat/diagnosis-treatment/drc-20351640

Published: 30 August 2024

Last updated: 9 November 2025

Share

Category

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.