Heart murmurs (နှလုံးမှအသံပိုများ)

Heart murmurs (နှလုံးမှအသံပိုများ)

ပုံမှန်နှလုံးကို ဆရာဝန်သုံးနားကြပ်ဖြင့် နားထောင်ပါက နှလုံးခုန်သံမှာ နှလုံးအဆို့ရှင်များ ပိတ်ရာမှ ထွက်ပေါ်လာသည့် “လက်ဗ်-ဒက်ဗ်” ဟူသော အသံနှစ်ခုသာ ကြားရသည်။ အသံပိုများမှာ ဖွဲ့စည်းမှု ပုံမှန်မဟုတ်သော နှလုံး၏နေရာများကို သွေးလည်ပတ်စီးဆင်းရာမှ ထွက်ပေါ်လာသည်။ မွေးရာပါ နှလုံးရောဂါများနှင့် မွေးပြီးနောက်ပိုင်းမှ ဖြစ်လာသည့် နှလုံးရောဂါများကြောင့် အထက်ပါနှလုံးအသံပိုများ ထွက်လာနိုင်သော်လည်း ကလေးများတွင် အချို့သောအချိန်များ၌ ပုံမှန်နှလုံးမှလည်း အသံပိုများ ထွက်နေနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

နှလုံး၏ညာဘက်ခြမ်းတွင် အပေါ်၊ အောက် အခန်း (၂) ခန်း၊ ဘယ်ဘက်ခြမ်းတွင် အပေါ်၊ အောက် အခန်း (၂)ခန်း၊ စုစုပေါင်းအခန်း (၄) ခန်းပါရှိသည်။ အပေါ်ခန်းနှင့် အောက်ခန်းများကြားတွင်လည်းကောင်း၊ အောက်ခန်းမှ အထွက်တွင်လည်းကောင်း နှလုံးအဆို့ရှင်များရှိသည်။ နှလုံးညာဘက်အခြမ်းနှင့် ဘယ်ဘက်အခြမ်းကြားတွင်လည်း သွေးရောနှောမှု မရှိစေရန် အကာဖြင့် ကာရံထားသည်။ အဆိုပါ ဖွဲ့စည်းမှုများ၌ ပုံမှန်မဟုတ်ပါက (ဥပမာ_အဆို့ရှင်များ ကျဉ်းခြင်း၊ မလုံခြင်း၊ ဘယ်ညာအခန်းနှစ်ခုကြား နံရံတွင် အပေါက်ပါခြင်း စသည်တို့ ဖြစ်လာပါက) သွေးစီးဆင်းမှုလမ်းကြောင်းများ ပြောင်းလဲပြီး အသံပိုများ ကြားရသည်။

  1. နှလုံးဖွဲ့စည်းမှု ပုံမှန်မဟုတ်သောကြောင့် ကြားရသည့်အသံပိုများ
    မွေးကင်းစနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များတွင် မွေးရာပါနှလုံးရောဂါများ (Congenital Heart Diseases) ကြောင့် အသံပိုများ ကြားရသည်။ ဥပမာအားဖြင့် နှလုံးသွေးကြောအပိုပါခြင်း (Patent Ductus Arteriosus)၊ နှလုံး ဘယ်၊ ညာ အပေါ် သွေးပြန်ခန်းများကြား နံရံတွင် အပေါက်ပါခြင်း (Atrial Septal Defect)၊ နှလုံး ဘယ်၊ ညာ အောက် သွေးလွှတ်ခန်းများကြား နံရံတွင် အပေါက်ပါခြင်း (Ventricular Septal Defect) စသည်တို့ဖြစ်သည်။
    အရွယ်ရောက်ပြီးသူများ (အထူးသဖြင့် အသက်ငါးနှစ်အထက်) တွင် နောက်ပိုင်းမှဖြစ်လာသည့် နှလုံးအဆို့ရှင်ပြဿနာများ (Acquired valvular heart disease) ကြောင့် နှလုံးအသံပိုများ အဖြစ်များသည်။ မြန်မာနိုင်ငံတွင် လေးဘက်နာနှလုံးရောဂါသည် နှလုံးအဆို့ရှင်များကို ထိခိုက်သော အဓိကရောဂါကြီးဖြစ်သည်။ ထိုရောဂါကြောင့် နှလုံး အပေါ်ခန်းနှင့် အောက်ခန်းများကြားရှိ အဆို့ရှင်များ (Mitral and tricuspid valves)၊ အောက်ခန်းအထွက်မှ အဆို့ရှင်များ (Aortic and pulmonary valves) ကျဉ်းသွားခြင်း၊ မလုံခြင်းများဖြစ်ပေါ်ကာ သွေးစီးဆင်းရာလမ်းကြောင်း ပုံမမှန်ဖြစ်လာပြီး အသံပိုများ ထွက်ပေါ်လာသည်။
    အချို့သောရောဂါများကြောင့်လည်း နှလုံးတွင် အသံပိုများ ဖြစ်ပေါ်စေတတ်သည်။
    ဥပမာ_
    • နှလုံးအတွင်းနံရံနှင့် အဆို့ရှင်များတွင် ပိုးဝင်ခြင်း (Infective endocarditis)
    • ရှားပါးသော နှလုံးအကျိတ်များ (Myxoma, Carcinoid Syndrome)
    • နှလုံးကြွက်သားဆိုင်ရာရောဂါ (Cardiomyopathy)
    • အဆုတ်သွေးကြောများအတွင်း သွေးဖိအားများခြင်း (Pulmonary hypertension) စသည်တို့ဖြစ်သည်။
  2. ပုံမှန်နှလုံးမှထွက်သည့် အသံပိုများ (Innocent murmur)
    မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် တွေ့ရတတ်ပြီး အချိန်ကြာသည်နှင့်အမျှ သူ့အလိုအလျောက် ပျောက်သွားနိုင်သော်လည်း တစ်ခါတစ်ရံ တောက်လျှောက် ဆက်လက်ကြားနေရတတ်သည်။ ထိုအသံများသည် နှလုံးတွင်း သွေးလည်ပတ်စီးဆင်းမှုများသည့် အောက်ပါအခြေအနေများတွင် ဖြစ်ပေါ်လေ့ရှိသည်။
    • အဖျားရှိသည့်အချိန်
    • သွေးအားနည်းသည့်အချိန်
    • ခန္ဓာကိုယ်အတွင်း ဇီဝဖြစ်ပျက်မှုများသော ရောဂါများ (ဥပမာ _ သိုင်းရွိုက်ဟော်မုန်းများသောရောဂါ)
    • ခန္ဓာကိုယ်ဖွံ့ဖြိုးမှု လျင်မြန်သည့် ဆယ်ကျော်သက်ဖြစ်လာချိန်
    • အားကစားလုပ်သည့်အချိန်
    • ကိုယ်ဝန်ဆောင်သည့်အချိန် စသည်တို့တွင် ကြားရနိုင်ပြီး အများအားဖြင့် အန္တရာယ်မရှိပါ။ ဖြစ်ပေါ်သောအကြောင်းရင်းကို ကုသပေးခြင်းဖြင့် နှလုံးအသံပိုများလည်း ပြန်ပျောက်သွားနိုင်သည်။
အသံပိုအမျိုးအစားများ

အသံပိုအမျိုးအစားများကို ‌အောက်ပါအတိုင်း ခွဲခြားထားသည်။

  1. နှလုံးမှ သွေးညှစ်ထုတ်သည့်အချိန်တွင် ဖြစ်ပေါ်လာသည့် အသံပို (Systolic murmur)
  2. နှလုံးအတွင်း သွေးပြန်ဖြည့်နေသည့်အချိန်တွင် ဖြစ်ပေါ်လာသည့် အသံပို (Diastolic murmur)
  3. နှလုံးခုန်သည့်အချိန် တောက်လျှောက်တွင် ဖြစ်ပေါ်နေသည့် အသံပို (Continuous murmur)

ထို့ပြင် အသံပို၏ အတိုးအကျယ်၊ အနိမ့်အမြင့်၊ ပြင်းအားပေါ်မူတည်၍ အဆင့်(၁) မှ အဆင့်(၆)ထိ ခွဲခြားသတ်မှတ်နိုင်သည်။

ယှဉ်တွဲလာတတ်သောလက္ခဏာများ

နှလုံးရောဂါကြောင့် ထွက်သည့် အသံပိုများတွင် အခံရောဂါပေါ် မူတည်၍ အောက်ပါလက္ခဏာများ တွေ့ရသည်။

  • နှုတ်ခမ်း၊ လျှာ၊ လက်သည်းများ ပြာခြင်း
  • မောခြင်း၊ ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်ခြင်း
  • ကလေးငယ်များ နို့ကောင်းစွာ မစို့နိုင်ခြင်း၊ နို့စို့နေစဉ် အလွန်ချွေးထွက်ခြင်း
  • အသည်းကြီးခြင်း၊ ဗိုက်ဖောင်းခြင်း
  • ဆီးနည်းခြင်း
  • ခြေ၊ လက်များ ဖောရောင်ခြင်း
  • ကလေးငယ်များတွင် ကြီးထွားဖွံ့ဖြိုးမှုနှေးခြင်း စသည်တို့ဖြစ်သည်။

ပုံမှန်နှလုံးမှထွက်သည့် အသံပိုများတွင် များသောအားဖြင့် ၎င်းအသံထွက်ခြင်းမှလွဲ၍ အခြားရောဂါလက္ခဏာများ မရှိပါ။ သို့သော် ထိုအသံပိုများနှင့် တွဲတွေ့တတ်သည့် အချို့သောရောဂါများ (ဥပမာ _ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း စသည်တို့) ၏ လက္ခဏာများကိုမူ တွေ့ရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ ကလေးနှလုံးအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

နှလုံးမှအသံပိုများကို နှလုံးရောဂါလက္ခဏာများကြောင့် ဆေးရုံ၊ ဆေးခန်းများတွင် ပြသစဉ် စမ်းသပ်သိရှိနိုင်သကဲ့သို့ နှလုံးနှင့်မဆိုင်သည့် အခြားလက္ခဏာတစ်ခုခုကြောင့် ဆေးရုံ၊ ဆေးခန်းပြသစဥ် သိရခြင်းမျိုးလည်းရှိသည်။ အလွန်ကျယ်သော အသံပိုများဖြစ်ပါက နားကြပ်ဖြင့် နားထောင်ရန်မလိုဘဲ လက်ကို ရင်ဘတ်ပေါ်တင်၍ စမ်းလျှင် အဆိုပါအသံပို၏ အသံလှိုင်းရိုက်ခတ်မှု (Thrill) ကို ခံစားရသည်။

ကြားရသောအသံပိုများ၏ အတိုးအကျယ် (Volume)၊ အနိမ့်အမြင့် (Low pitched or high pitched)၊ ကြားရသောနေရာ (Location)၊ ကြားရသောအချိန် (Systolic or diastolic)၊ ခန္ဓာကိုယ်အနေအထား ပြောင်းလဲချိန်တွင် အသံပြောင်းသွားခြင်း ရှိမရှိ (Change with certain position) စသည်တို့ပေါ် မူတည်ပြီး ထိုအသံပိုကို ဖြစ်စေသော အကြောင်းရင်းကို မှန်းဆနိုင်သည်။

ပိုမိုသေချာစေရန် အောက်ပါနည်းလမ်းများဖြင့် ရောဂါဆက်လက်ရှာဖွေနိုင်သည်။

  1. သွေးတွင်း အောက်ဆီဂျင်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း
  2. အီးစီဂျီ (ECG)
  3. ရင်ဘတ်ဓာတ်မှန် (CXR)
  4. အသံလှိုင်းသုံးနှလုံးပုံရိပ်​ဖော်စက်ဖြင့် စစ်​ဆေးခြင်း (Echocardiogram)
  5. သွေးကြောမကြီးများမှတစ်ဆင့် နှလုံးနှင့် သွေးကြောများသို့ ပိုက်ထည့်၍ ပုံရိပ်ဖော် စမ်းသပ်စစ်ဆေးခြင်း (Cardiac catheterization)
  6. သံလိုက်ဓာတ်မှန် (Cardiac MRI)
ကုသခြင်း

အသံပိုများ ပျောက်ခြင်း၊ မပျောက်ခြင်းထက် ထိုအသံပိုများကို ဖြစ်ပေါ်စေသောရောဂါများကို ရှာဖွေကုသခြင်းသည် ပို၍အရေးကြီးသည်။ ကုသရာတွင် ရောဂါပေါ်မူတည်၍ နှလုံးခွဲစိတ်ကုသခြင်း၊ သွေးကြောပိုက်သွင်းကုသခြင်းများ စသည်တို့ဖြင့် ကုသမှုခံယူနိုင်သည်။ ထိုသို့ကုသမှုခံယူရန် စောင့်ဆိုင်းနေချိန်နှင့် ကုသပြီးအချိန်များတွင် နှလုံး၏လုပ်ဆောင်ချက် အဆင်ပြေစေရန် ဆီးဆေးများ၊ သွေးကျဲဆေးများ၊ သွေးပေါင်ထိန်းညှိဆေးများ၊ နှလုံးစည်းချက်မှန်စေရန် ထိန်းညှိဆေးများကို လိုအပ်သလို သောက်သုံးရတတ်သည်။

အချို့သော မွေးရာပါ ဘယ်ညာအခန်းနှစ်ခုကြားနံရံတွင် အပေါက်ပါသည့် နှလုံးရောဂါများတွင် အသံပိုကြားရသည်မှလွဲ၍ တခြားလက္ခဏာများမရှိလျှင် သီးသန့်ကုသမှုမပေးဘဲ စောင့်ကြည့်နိုင်သည်။ တစ်ချိန်တွင် မွေးရာပါအပေါက်များ အလိုအလျောက်ပိတ်သွားပြီး အသံပိုလည်း ပျောက်သွားနိုင်သည်။ ပုံမှန်နှလုံးမှ ထွက်လာသော အသံပိုများကို ကုသရန် မလိုအပ်ပါ။ သို့သော် ထိုအသံပိုများနှင့် တွဲ၍တွေ့ရတတ်သည့် အချို့ရောဂါများ (ဥပမာ _ သွေးအားနည်းခြင်း၊ သိုင်းရွိုက်ဟော်မုန်းများခြင်း စသည်တို့) ကိုမူ ကုသရန် လိုအပ်သည်။

ကာကွယ်ခြင်း

အထက်ဖော်ပြပါ ရောဂါများအတွက် တိကျသော ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းမရှိပါ။ သို့သော် ကျန်းမာသော နေထိုင်မှုပုံစံ ပြောင်းလဲခြင်းသည် နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး နှလုံးရောဂါဖြစ်ပွါးမှုနှင့် ဆက်စပ်နေသော အခြေအနေအချို့ကို တားဆီးနိုင်မည်ဖြစ်သည်။ နှလုံးရောဂါလက္ခဏာများ သံသယရှိပါက မိမိ၏ မိသားစုဆရာဝန်နှင့်စောစီးစွာ ပြသတိုင်ပင်ရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Heart murmurs — Symptoms & causes. Retrieved July 22, 2025, from https://www.mayoclinic.org/diseases-conditions/heart-murmurs/symptoms-causes/syc-20373171
  2. Mayo Clinic. (n.d.). Heart murmurs — Diagnosis & treatment. Retrieved July 22, 2025, from https://www.mayoclinic.org/diseases-conditions/heart-murmurs/diagnosis-treatment/drc-20373175
  3. Cleveland Clinic. (2022). Heart murmur — Causes, symptoms & treatment. Retrieved July 22, 2025, from https://my.clevelandclinic.org/health/diseases/17083-heart-murmur
  4. WebMD. (2024). Heart murmur causes & treatments. Retrieved July 22, 2025, from https://www.webmd.com/heart-disease/heart-murmur-causes-treatments

Published: 30 August 2024

Last updated: 9 November 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.