Profuse sweating (hyperhidrosis) (ချွေးထွက်လွန်ခြင်း)

Profuse sweating (hyperhidrosis) (ချွေးထွက်လွန်ခြင်း)

သာမန်ချွေးထွက်ခြင်းသည် ခန္ဓာကိုယ်၏အပူချိန်ကို ထိန်းညှိပေးသော ပုံမှန်ဇီဝဖြစ်စဉ်တစ်ခုဖြစ်သည်။ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာသောအခါ အာရုံကြောစနစ်မှ ချွေးဂလင်းများကို လှုံ့ဆော်ပေးကာ ချွေးထွက်စေပြီး ထိုချွေးများ အငွေ့ပြန်ခြင်းဖြင့် ခန္ဓာကိုယ်မှ အပူဓာတ်လျော့ကျကာ အေးမြစေသည်။ သို့သော် အချို့သူများတွင် လိုအပ်သောပမာဏထက် ပို၍အလွန်အကျွံ ချွေးထွက်တတ်ကြပြီး ၎င်းကို ချွေးထွက်လွန်ခြင်း (Hyperhidrosis) ဟု သတ်မှတ်သည်။ ၎င်းသည် နို့စို့အရွယ်မှစ၍ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။

PS IMG1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ချွေးထွက်လွန်ခြင်းကို ဖြစ်ပွါးရသော အကြောင်းရင်းနှင့် ချွေးထွက်သောနေရာပေါ် မူတည်၍ အမျိုးအစား ခွဲခြားနိုင်သည်။

  1. နေရာအလိုက် ခွဲခြားခြင်း
    • နေရာကွက်ကြား ချွေးထွက်လွန်ခြင်း (Localised hyperhidrosis) – လက်ဖဝါး၊ ခြေဖဝါးနှင့် ချိုင်းကြားကဲ့သို့သော ခန္ဓာကိုယ်၏ နေရာအချို့တွင်သာ အဓိက ချွေးထွက်ခြင်း
    • တစ်ကိုယ်လုံး ချွေးထွက်လွန်ခြင်း (Generalised hyperhidrosis) – ခန္ဓာကိုယ်တစ်ခုလုံးတွင် အလွန်အမင်း ချွေးထွက်ခြင်း
  2. အကြောင်းရင်းအလိုက် ခွဲခြားခြင်း
    • ပုံမှန်ချွေးထွက်လွန်ခြင်း (Primary hyperhidrosis)
      • နောက်ခံကျန်းမာရေးပြဿနာ တစ်စုံတစ်ရာမရှိဘဲ ဖြစ်ပွါးသော အခြေအနေဖြစ်သည်
      • ခြေဖဝါး၊ လက်ဖဝါး၊ ချိုင်းကြားတို့တွင် အများဆုံးဖြစ်ပွားပြီး ခန္ဓာကိုယ်၏ ဘယ်၊ ညာနှစ်ဖက်စလုံးတွင် တူညီစွာ ဖြစ်ပေါ်တတ်သည်
      • အနည်းဆုံး တစ်ပတ်လျှင် တစ်ကြိမ် ဖြစ်တတ်သည်၊ မျိုးရိုးဗီဇနှင့် ဆက်နွယ်နိုင်သည်ဟု ယူဆသည်
    • ရောဂါအခြေအနေကြောင့် ချွေးထွက်လွန်ခြင်း (Secondary hyperhidrosis)
      • အခြားသော နောက်ခံရောဂါများ၏ လက္ခဏာတစ်ရပ်အနေဖြင့် ဖြစ်ပွားတတ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ရွှဲစိုသည်အထိ ချွေးထွက်လေ့ရှိသည်
      • ညအိပ်ချိန်များတွင်ပါ ချွေးထွက်တတ်ပြီး ခေါင်းအုံး၊ အိပ်ရာခင်း၊ အဝတ်အထည်များ စိုရွှဲသည်အထိ ဖြစ်နိုင်သည်

ရောဂါအခြေအနေကြောင့် ချွေးထွက်လွန်ခြင်း (Secondary Hyperhidrosis) ကို ဖြစ်စေသော အကြောင်းရင်းများ

  • ရောဂါပိုးဝင်ခြင်း
  • ဟော်မုန်းဆိုင်ရာ ရောဂါများ – သိုင်းရွိုက်ဟော်မုန်းဓာတ်များသောရောဂါဆီးချိုရောဂါ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ – ပန်းနာရင်ကျပ်တီဘီရောဂါ
  • နှလုံးရောဂါများ – မွေးရာပါနှလုံးရောဂါများ
  • ကင်ဆာရောဂါများ – ပြန်ရည်ကျိတ်ကင်ဆာ
  • ဆေးဝါးများ – အချို့သော စိတ်ရောဂါကုသဆေးများ၊ သွေးကျဆေးများ၊ ပဋိဇီဝပိုးသတ်ဆေးများ၊ ဆီးချိုကျဆေးဝါးများ
  • အခြားအခြေအနေများ – ကိုယ်ဝန်ဆောင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်းနှင့် ကလေးများတွင် အဝတ်အစားများ အလွန်ထူထပ်စွာ ဝတ်ဆင်ပေးခြင်းတို့ကြောင့်လည်း ချွေးထွက်လွန်နိုင်သည်။

ကလေးများတွင် ညအိပ်စဉ် ခေါင်းချွေးထွက်ခြင်း
ညအိပ်စဉ် ချွေးထွက်ခြင်းသည် မိသားစုများ အများဆုံး စိုးရိမ်တတ်သော အခြေအနေတစ်ခုဖြစ်သည်။ ကလေးငယ်များ၏ ဦးခေါင်းနှင့် နဖူးတွင် အများဆုံးဖြစ်လေ့ရှိပြီး အများအားဖြင့် အန္တရာယ်မရှိသော အခြေအနေဖြစ်သည်။ သို့သော် အချို့သောရောဂါများ (ဥပမာ _ တီဘီရောဂါ) ၏ လက္ခဏာတစ်ရပ်အနေဖြင့် ဖြစ်ပွားနိုင်သော်လည်း ထိုသို့ဖြစ်ပါက သက်ဆိုင်ရာရောဂါ၏ အခြားလက္ခဏာများ (ဥပမာ _ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ ကိုယ်ပူခြင်း) ပါ ပူးတွဲတွေ့ရလေ့ရှိသည်။ ထို့ကြောင့် အခြားလက္ခဏာများ မရှိပါက ညအိပ်စဉ် ခေါင်းချွေးထွက်ခြင်းသည် စိုးရိမ်ရန် မလိုအပ်ပါ။

ဆေးရုံ၊ ဆေးခန်းပြသရန်

ချွေးထွက်လွန်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိပါက သို့မဟုတ် အောက်ပါလက္ခဏာများ တွေ့ရှိပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

  • နောက်ခံရောဂါအခြေအနေတစ်ခုခု၏ လက္ခဏာများရှိသည်ဟု သံသယရှိလျှင်
  • ချွေးထွက်လွန်ခြင်းသည် နေ့စဉ်ဘဝလှုပ်ရှားမှုနှင့် စိတ်ခံစားမှုတို့ကို ထိခိုက်နေလျှင်

မိသားစုဆရာဝန်သည် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်၍ ရောဂါကို ရှာဖွေကုသပေးမည်ဖြစ်သည်။ လိုအပ်ပါက သက်ဆိုင်ရာ အထူးကုဆရာဝန်များထံသို့ လွှဲပြောင်းပေးမည်။

ရောဂါရှာဖွေခြင်း

ဆရာဝန်သည် ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းခြင်းနှင့် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်မည်။

  • ချွေးထွက်သည့် ကိုယ်ခန္ဓာအစိတ်အပိုင်းနေရာများ
  • အခြားရောဂါလက္ခဏာများ ရှိမရှိ
  • လူနာ၏ အထွေထွေ ကျန်းမာရေးအခြေအနေနှင့် ဖွံ့ဖြိုးမှု
  • ချွေးထွက်လွန်ခြင်း၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများ

ထို့နောက် ဖြစ်စေသော အကြောင်းရင်းခံတစ်ခုခုကို သံသယရှိပါက ထိုအကြောင်းရင်းများအတွက် စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ချွေးထွက်ခြင်းကို စစ်ဆေးသည့် နည်းလမ်းများ

  • အထူးဖန်တီးထားသည့် စက္ကူဖြင့် စစ်ဆေးခြင်း (Paper test)
    ချွေးထွက်သည့်နေရာ၌ အထူးပြုလုပ်ထားသော စက္ကူစကို တင်၍ ချွေးများကို စုပ်ယူစေပြီး စက္ကူ၏အလေးချိန်ကို တိုင်းတာခြင်းဖြင့် ချွေးထွက်များခြင်းကို သိရှိနိုင်သည်။
  • အိုင်အိုဒင်းဆေးရည်ဖြင့် စစ်ဆေးခြင်း (Starch-iodine test)
    ချွေးထွက်သည့်နေရာတွင် အိုင်အိုဒင်းဆေးရည်နှင့် ကစီဓာတ်မှုန့်များဖြင့် စမ်းသပ်ကြည့်လျှင် အရေပြားသည် အပြာရင့်ရောင် သို့မဟုတ် ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး ချွေးထွက်များကြောင်း သိနိုင်သည်။
ကုသခြင်း

ချွေးထွက်လွန်ခြင်းအတွက် ကုသမှုသည် ရောဂါ၏အမျိုးအစားနှင့် ပြင်းထန်မှုအပေါ် မူတည်သည်။

  • အကြောင်းရင်းခံရောဂါကို ကုသခြင်း
    ချွေးထွက်လွန်ခြင်းကို ဖြစ်စေသည့် အခြားရောဂါများ (ဥပမာ _ သိုင်းရွိုက်ဟော်မုန်းများခြင်း၊ ဆီးချိုရောဂါ) ရှိပါက ထိုရောဂါများကို ကုသပေးခြင်းဖြင့် ချွေးထွက်ခြင်းကို ထိန်းချုပ်နိုင်သည်။
  • ရေဓာတ်ဖြည့်တင်းခြင်း
    ချွေးထွက်များသော ကလေးများတွင် ရေဓာတ်ဆုံးရှုံးမှု မရှိစေရန် ရေနှင့် အရည်များ လုံလောက်စွာ တိုက်ကျွေးသင့်သည်။
  • ဆေးဝါးကုသမှု
    ချွေးထွက်ခြင်းကို ထိန်းချုပ်နိုင်သည့် အရေပြားလိမ်းဆေးများ၊ သောက်ဆေးများနှင့် Botoxထိုးဆေးများကိုလည်း အသုံးပြုနိုင်သည်။
  • အခြားကုထုံးများ
    • Iontophoresis – လျှပ်စီးကြောင်းဖြင့် ချွေးဂလင်းများကို အချိန်ကာလတစ်ခုကြာအောင် ပိတ်ဆို့၍ ကုသသောနည်း
    • Microwave therapy – မိုက်ခရိုဝေ့ဖ်အပူဓာတ်ဖြင့် ချွေးဂလင်းများကို ဖျက်ဆီး၍ ကုသသောနည်း
  • ခွဲစိတ်ကုသခြင်း (Hyperhidrosis surgery)
    အခြားကုသနည်းများ မအောင်မြင်ပါက ချွေးထွက်သော ဂလင်းများကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် ကုသနိုင်သည်။
ကာကွယ်ခြင်း

ချွေးထွက်လွန်ခြင်းကို ကြိုတင်ကာကွယ်ရန် တိကျသော နည်းလမ်းများ မရှိပေ။ ဖြစ်စေသော အကြောင်းရင်းခံကို ကုသခြင်းသည်သာ ချွေးထွက်များခြင်းကို သက်သာစေမည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။

References:

  1. WebMD. (2024). Hyperhidrosis: Causes. Retrieved July 26, 2025, from https://www.webmd.com/skin-problems-and-treatments/hyperhidrosis-causes-11
  2. WebMD. (2024). Hyperhidrosis (Excessive Sweating): Causes, symptoms & treatment. Retrieved July 26, 2025, from https://www.webmd.com/skin-problems-and-treatments/hyperhidrosis2
  3. Cleveland Clinic. (2023). Hyperhidrosis (Excessive Sweating): Types, causes & treatment. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/17113-hyperhidrosis
  4. Verywell Health. (n.d.). What is hyperhidrosis? Retrieved July 26, 2025, from https://www.verywellhealth.com/hyperhidrosis-symptoms-overview-4177694#:~:text=Hyperhidrosis%20is%20abnormal,profuse%20sweating%20that%20may%20signal%20a%20serious

Published: 30 August 2024

Last updated: 26 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.