မွေးကင်းစကလေးများ၏ အနှီး၊ သေးခံ (diaper) များတွင် အုတ်နီခဲရောင်၊ ပန်းရောင်အစွန်းအထင်းများ တွေ့ရသောအခါ ကလေး၏ ဆီး၊ ဝမ်းထဲ၌ သွေးစများပါလာသည်ဟု မိဘများမှ စိတ်ပူတတ်ကြသည်။ အမှန်တကယ်တွင် ဤအရာများသည် ယူးရိတ်ပုံဆောင်ခဲ (urate crystals) များသာဖြစ်ပြီး ကလေးကို ဘေးအန္တရာယ်မပေးချေ။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ယူးရိတ်ပုံဆောင်ခဲများသည် ယူးရစ်အက်ဆစ် (uric acid) မှဖြစ်လာပြီး ပုံမှန်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်မှ ထွက်ရှိလာသော အရာဝတ္ထုများဖြစ်သည်။ မွေးကင်းစကလေးများတွင် အဆိုပါဓာတ်များ အများအပြား ရှိနေတတ်သည်။ မွေးဖွားပြီးနောက်တွင် ဆီးအတွင်းသို့ စွန့်ပစ်သည်။
မွေးကင်းစကလေးများသည် မွေးပြီး ပထမတစ်ပတ်တွင် ရေဓာတ်အနည်းငယ်နည်းကာ ဆီးပမာဏအနည်းဆုံး ဖြစ်နေတတ်သည်။ ထိုအခါ ဆီးအတွင်းစွန့်ပစ်သော ယူးရိတ်ပုံဆောင်ခဲများကို အုတ်နီခဲရောင်၊ ပန်းရောင်အစွန်းအထင်းများအဖြစ် မြင်တွေ့ရသည်။ ထို့နောက် နို့စို့နှုန်း၊ ဆီး၊ ဝမ်းသွားနှုန်းများ ပိုမိုများပြားလာချိန်၊ မိခင်နို့ ပိုမိုထွက်လာ၍ နို့ပို့တိုက်လာသောအချိန်များတွင် အဆိုပါပုံဆောင်ခဲများကို တွေ့မြင်ရခြင်းမရှိတော့ချေ။
သွေးအစစ်နှင့် ကွာခြားချက်
ယူးရိတ်ပုံဆောင်ခဲများသည် ပန်းရောင်ဖျော့ဖျော့မှ လိမ္မော်ရောင်၊ အုတ်နီခဲရောင်ရှိသော၊ မြေဖြူခဲကဲ့သို့ ကြွေမွလွယ်သည့် အဖတ်များအဖြစ် တွေ့နိုင်သည်။ သွေးနှင့်ယှဉ်လျှင် သွေးသည် ပို၍နီရဲသည်၊ စေးပျစ်သည်။ သွေးထွက်လျှင် သတ္တုနံ့၊ သွေးညှီနံမျိုး အနံ့ထွက်နိုင်သည်။ ယူးရိတ်များတွင်မူ ပုံမှန်ဆီးအနံ့သာရှိသည်။
နောက်ဆက်တွဲပြဿနာများ
ပုံမှန်အားဖြင့် ကလေးငယ်၏ ဆီးပမာဏများပြားလာလျှင် အရောင်စွန်းထင်ခြင်း ပျောက်ကင်းသွားလေ့ရှိသည်။ အခြားရောဂါလက္ခဏာများလည်း ပြလေ့မရှိဘဲ ကလေးအတွက်လည်း အန္တရာယ်တစ်စုံတစ်ရာ မရှိချေ၊ နောက်ခံရောဂါတစ်ခုခုရှိခြင်းကြောင့်လည်း မဟုတ်ပါ။
ဆေးရုံ၊ ဆေးခန်းပြသရန်
ပြဿနာတစ်စုံတစ်ရာ ရှိနိုင်သည်ဟု သံသယရှိလျှင် သို့မဟုတ် စိုးရိမ်လျှင်၊ စွန်းထင်းသော ပမာဏများလျှင်၊ ရက်များစွာဆက်ကာ စွန်းထင်းမှုရှိလျှင်၊ အခြားသော လက္ခဏာများရှိလျှင် (ဥပမာ _ ရေဓာတ်ခန်းခြောက်ခြင်း၊ ဖျားခြင်း၊ နို့မစို့ခြင်း၊ သွေးထွက်ခြင်း)၊ မွေးကင်းစအရွယ် ကျော်လွန်ပြီးမှ အနှီး သို့မဟုတ် သေးခံတွင် အနီရောင် စွန်းထင်းခြင်းများဖြစ်လျှင် မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ရောဂါရှာဖွေခြင်းနှင့်ကုသခြင်း
ပုံမှန်အားဖြင့် ဓာတ်ခွဲစစ်ဆေးခြင်းများ မလိုအပ်ပါ။ သို့သော် ဆီးစစ်ကြည့်လျှင် ယူးရိတ်ပုံဆောင်ခဲများကို တွေ့နိုင်သည်။ ကလေးအတွက် သီးခြားဆေးကုသခြင်းများ မလိုအပ်ပါ။
References:
- Mayo Clinic. (n.d.). Baby poop color & consistency: Sometimes surprises. Retrieved July 29, 2025, from https://mcpress.mayoclinic.org/parenting/baby-poop-color-consistency-sometimes-surprises/
- BabyCenter. (n.d.). What does it mean if my baby has urate crystals in her diaper? Retrieved July 29, 2025, from https://www.babycenter.com/baby/diapering/what-does-it-mean-if-my-baby-has-urate-crystals-in-her-diape_3651268
- Kaiser Permanente. (n.d.). Baby’s diapers: What’s normal, what’s not. Retrieved July 29, 2025, from https://mydoctor.kaiserpermanente.org/ncal/article/babys-diapers-whats-normal-whats-not-1213280
- BabyCenter. (n.d.). Urate crystals in baby’s diaper. Retrieved July 29, 2025, from https://www.babycenter.com/baby/diapering/what-does-it-mean-if-my-baby-has-urate-crystals-in-her-diape_3651268
Published: 30 August 2024
Last updated: 26 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.