ကလေး၏ အသက်အရွယ်အလိုက် ပုံမှန်လမ်းလျှောက်သည့်ပုံစံမှ သွေဖည်၍ ခြေထောက်ထော့နဲ့သည့် ပုံစံဖြင့် လမ်းလျှောက်ခြင်းသည် မကြာခဏတွေ့ရတတ်သည့် အခြေအနေတစ်ခုဖြစ်သည်။ ကလေးအများစုတွင် ထိခိုက်ဒဏ်ရာရခြင်း၊ နာကျင်ခြင်းတို့ကြောင့်အပြင် အရိုးကျိုးခြင်းကြောင့်လည်း ထော့နဲ့ခြင်းဖြစ်တတ်သော်လည်း အချို့အခြေအနေများတွင် အသက်အန္တရာယ်ရှိနိုင်သည့် ရောဂါများကြောင့် ဖြစ်နေနိုင်သည်။ ထို့ကြောင့် ကလေးများထော့ကျိုးပုံစံ လမ်းလျှောက်နေပါက ဆရာဝန်နှင့် စောစီးစွာ တိုင်ပင်ပြသသင့်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ကလေးတစ်ဦးတွင် ထော့နဲ့၍ လမ်းလျှောက်ခြင်းကို စတင်သတိထားမိသည့် အသက်အရွယ်ပေါ် မူတည်၍ ဖြစ်ပေါ်စေသော အကြောင်းရင်းများ ကွာခြားမှုရှိသည်။
- မွေးစမှ အသက် (၄) နှစ်အရွယ်ကြားတွင် ထော့နဲ့၍ လမ်းလျှောက်ခြင်း
- ပေါင်ထိပ်အဆစ်ရှိ အမြှေးပါးရောင်ခြင်း (Transient hip synovitis)
- ကြွက်သား ရုတ်တရက်ရောင်ရမ်းခြင်း
- လမ်းလျှောက်စ ကလေးငယ်များတွင် ဖြစ်တတ်သော အရိုးကျိုးခြင်း (Toddler’s fracture)
- မွေးရာပါ တင်ပါးဆုံဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ရောဂါ (Developmental dysplasia of hip) တို့ကြောင့် ဖြစ်နိုင်သည်။
- အသက် (၅)နှစ် မှ (၁၀)နှစ်အရွယ်ကြားတွင် ထော့နဲ့၍ လမ်းလျှောက်ခြင်း
- ပေါင်ထိပ်အဆစ်ရှိ အမြှေးပါးရောင်ခြင်း (Transient hip synovitis)
- ကြွက်သား ရုတ်တရက်ရောင်ရမ်းခြင်း
- မွေးရာပါ တင်ပါးဆုံဆစ်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့်ရောဂါ (Developmental dysplasia of hip)
- ပေါင်ရိုးထိပ်ပိုင်း ပျက်စီးခြင်း (Perthes’ ရောဂါ)
- အသက် (၁၀) နှစ်အထက် အရွယ်များတွင် ထော့နဲ့၍ လမ်းလျှောက်ခြင်း
- အရိုးကျိုးခြင်း၊ ခြေထောက်ခေါက်ခြင်း
- ခြေသလုံးထိပ်ရှိ အရိုးအတက်တွင် ရောင်ရမ်းခြင်း (Traction apophysitis: Osgood Schlatter – tibial tuberosity, Severs – calcaneus)
- ပေါင်ရိုးထိပ်ရှိ အရိုးနုပြုတ်ထွက်ခြင်း Slipped upper femoral epiphysis (SUFE) [ပေါင်ခြံ၊ တင်ပါး သို့မဟုတ် ဒူးနေရာများတွင် နာကျင်ခြင်း၊ တင်ပါးဆုံရိုးတောင့်နေခြင်း၊ ခြေဖဝါး သို့မဟုတ် ခြေထောက်သည် အတွင်းဘက်သို့ လှည့်၍မရခြင်း]
အသက်အရွယ်မရွေး ကလေးအားလုံးတွင် ဖြစ်နိုင်သော ရောဂါအခြေအနေများ
- ပိုးဝင်ခြင်း (အရိုးပိုးဝင်ခြင်း)
- အရည်အိတ်ရောင်ခြင်း (bursitis, discitis)
- ထိခိုက်ဒဏ်ရာရခြင်း
- မတော်တဆမဟုတ်သော ထိခိုက်မှုဖြစ်စဥ် (ညှဉ်းပန်းနှိပ်စက်ခံရခြင်း)
- အချို့သောကင်ဆာရောဂါများ (သွေးကင်ဆာ၊ အရိုးကင်ဆာ)
- အကြောအဆစ်နှင့် ကြွက်သားဆိုင်ရာရောဂါများ
- ကိုယ်ခံအားတုံ့ပြန်မှုနှင့်ဆိုင်သော ရောဂါများ (ဥပမာ – Guillain-Barre syndrome)
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါများ
- အချို့သော သွေးရောဂါအခြေအနေများ (Sickle cell crisis)၊ သွေးမတိတ်သောရောဂါများ
- အကြောင်းရင်းမရှိဘဲဖြစ်ခြင်း
ယှဥ်တွဲလာတတ်သောလက္ခဏာများ
ထော့နဲ့၍ လမ်းလျှောက်သော ကလေးများတွင် အောက်ပါအချက်များ (red flags) ရှိပါက အရေးကြီးသော ရောဂါအခြေအနေများ ဖြစ်နိုင်သောကြောင့် သတိထားသင့်သည်။
- ရုတ်တရက် အဆစ်နေရာတွင် ပြင်းထန်စွာ နာကျင်လာခြင်း
- ခြေထောက်ထော့နဲ့ခြင်းသည် (၇) ရက်ထက် ပို၍ကြာလာခြင်း
- ညဘက်တွင် အိပ်ပျော်နေရာမှ လန့်နိုးသည်အထိ နာကျင်ခြင်း (အရိုးပိုးဝင်ခြင်း၊ အရိုးကင်ဆာဖြစ်ခြင်းများ ဖြစ်နိုင်သည်)
- အဆစ် သို့မဟုတ် ခြေလက်များတွင် နီခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် တောင့်တင်းခြင်း [ပိုးဝင်ခြင်း သို့မဟုတ် အဆစ်ရောင်ရောဂါဖြစ်နိုင်ခြင်း]
- ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အဖျားတက်ခြင်း၊ ညဘက်ချွေးထွက်များခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်း (ကင်ဆာရောဂါ၊ ပိုးဝင်ခြင်း သို့မဟုတ် အဆစ်ရောင်ရောဂါ များဖြစ်နိုင်သည်)
- ထိခိုက်ဒဏ်ရာကြောင့် မဟုတ်ဘဲ အရေပြားပေါ်တွင် အနီကွက် သို့မဟုတ် သွေးခြည်ဥခြင်းများ အလိုအလျောက်ပေါ်လာခြင်း (ကင်ဆာရောဂါ၊ အဆစ်ရောင်ရောဂါများ၊ မတော်တဆ မဟုတ်သော ထိခိုက်မှုများ ဖြစ်နိုင်ခြင်း)
- ကိုင်၍ ထိန်းထားသည့်တိုင်အောင် ကောင်းစွာမတ်တတ်မရပ်နိုင်ခြင်း သို့မဟုတ် နာကျင်သောကြောင့် လှုပ်ရှားမှုများကို ကောင်းမွန်ချောမွေ့စွာ မလုပ်ဆောင်နိုင်ခြင်း
- ပြင်းထန်စွာနာကျင်မှု ခံစားရခြင်းနှင့် ခြေထော့ကျိုး လမ်းလျှောက်ခြင်း တွဲ၍တွေ့ရှိလျှင် အရေးပေါ်အခြေအနေဖြစ်သည်။
- ညဘက်တွင် အိပ်ပျော်နေရာမှ လန့်နိုးသည်အထိ နာကျင်ခြင်း (အရိုးပိုးဝင်ခြင်း၊ အရိုးကင်ဆာဖြစ်ခြင်းများ ဖြစ်နိုင်သည်)
- အဆစ် (သို့မဟုတ်) ခြေလက်များတွင် နီခြင်း၊ ရောင်ရမ်းခြင်း (သို့မဟုတ်) တောင့်တင်းခြင်း [ပိုးဝင်ခြင်း (သို့မဟုတ်) အဆစ်ရောင်ရောဂါဖြစ်နိုင်ခြင်း]
- ကိုယ်အလေးချိန်ကျခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ အဖျားတက်ခြင်း၊ ညဘက်ချွေးထွက်များခြင်း (သို့မဟုတ်) ပင်ပန်းနွမ်းနယ်ခြင်း [ကင်ဆာရောဂါ၊ ပိုးဝင်ခြင်း (သို့မဟုတ်) အဆစ်ရောင်ရောဂါ များဖြစ်နိုင်သည်]
- ထိခိုက်ဒဏ်ရာကြောင့် မဟုတ်ဘဲ အရေပြားပေါ်တွင် အနီကွက် (သို့မဟုတ်) သွေးခြည်ဥ ခြင်းများ အလိုအလျောက်ပေါ်လာခြင်း (ကင်ဆာရောဂါ၊ အဆစ်ရောင်ရောဂါများ၊ မတော်တဆ မဟုတ်သော ထိခိုက်မှုများ ဖြစ်နိုင်ခြင်း)
- ကိုင်၍ ထိန်းထားသည့်တိုင်အောင် ကောင်းစွာမတ်တတ်မရပ်နိုင်ခြင်း (သို့မဟုတ်) နာကျင်သောကြောင့် လှုပ်ရှားမှုများကို ကောင်းမွန်ချောမွေ့စွာ မလုပ်ဆောင်နိုင်ခြင်း
- ပြင်းထန်စွာနာကျင်မှု ခံစားရခြင်းနှင့် ခြေထော့ကျိုး လမ်းလျှောက်ခြင်း တွဲ၍တွေ့ရှိလျှင် အရေးပေါ်အခြေအနေဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးငယ်တစ်ဦးတွင် ခြေထော့ကျိုးလမ်းလျှောက်ခြင်းကို သာမန်ထိခိုက်ဒဏ်ရာများဖြစ်သည့် ဆူးစူးခြင်း၊ ဖိနပ်ပေါက်ခြင်း စသည်တို့တွင် တွေ့ရတတ်သော်လည်း အထက်ပါ အန္တရာယ်ရှိသည့် ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန် လိုအပ်သည်။ မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
ကလေးတစ်ယောက်သည် ရုတ်တရက်ထော့နဲ့၍ လမ်းလျှောက်ခြင်း ရှိသည့်အပြင်
- အသက် (၃) နှစ်အောက် ဖြစ်ခြင်း
- အသက် (၉) နှစ်အထက်ဖြစ်ပြီး ပေါင်ထိပ်ရိုးတစ်ဝိုက်တွင် ရုတ်တရက် နာကျင်ပြီး လှုပ်ရှားမှုများ ကောင်းစွာမပြုလုပ်နိုင်ခြင်း
- အဖျားတက်ခြင်း၊ အလွန်အီခြင်း၊ ဂျီကျခြင်း
- ကြွက်သားများ အားနည်းခြင်း၊ ခြေထောက်များ သွေးစီးမှုနည်း၍ အေးစက်နေခြင်း
- ကိုင်၍ ထိန်းထားသည့်တိုင်အောင် ကောင်းစွာ မတ်တတ်မရပ်နိုင်ခြင်း
- မတော်တဆ မဟုတ်သော ထိခိုက်မှု (ညှဉ်းပန်းနှိပ်စက်ခံရခြင်း) ဖြစ်နိုင်ခြေရှိခြင်းတို့အပြင်
- အရေးကြီးလက္ခဏာများ (red flags) ရှိနေခြင်း စသည်တို့ကို သတိထားမိပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။
ရောဂါရှာဖွေခြင်း
သက်ဆိုင်ရာ အရိုးရောဂါအထူးကုဆရာဝန်မှ ရောဂါရာဇဝင်မေးမြန်းခြင်း၊ လမ်းလျှောက်ပုံအား စမ်းသပ်စစ်ဆေးခြင်း၊ ဦးနှောက်အာရုံကြောဆိုင်ရာ လက္ခဏာများ ရှိမရှိနှင့် ကိုယ်ခန္ဓာ၊ ခြေလက် လှုပ်ရှားမှုများ စစ်ဆေးခြင်းတို့ကို အသေးစိတ်ပြုလုပ်၍ ရောဂါရှာဖွေ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။ စမ်းသပ်စစ်ဆေးမှုပေါ် မူတည်၍ လိုအပ်ပါက ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းတို့ကို ပြုလုပ်မည်။
ကုသခြင်း
ခြေထောက်ထော့နဲ့ခြင်းကို ဖြစ်စေသည့်အချက်ပေါ် မူတည်၍ ကုသမှုပေးရသည်။ အရေးကြီးသော၊ စိုးရိမ်ရသော အခြေအနေများ မရှိပါက ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးများပေး၍ စောင့်ကြည့်နိုင်သည်။ အကြောင်းရင်းခံ ရောဂါအခြေအနေပေါ် မူတည်၍ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း၊ အရိုးရောဂါအထူးကုဆရာဝန်နှင့် ပြသတိုင်ပင်၍ လိုအပ်သည့် ကုသမှုများပေးခြင်း၊ ခွဲစိတ်ကုသခြင်း စသည်တို့ ပြုလုပ်နိုင်သည်။
ခြေထောက်ထော့ကျိုးခြင်း ပြဿနာကို ရေရှည်ကုသရာတွင် အောက်ပါကုထုံးများနှင့် စောင့်ရှောက်မှုများသည် အရေးကြီးသည်။
- ကိုယ်ကာယကုထုံး (Physical Therapy)
ခြေထောက်ထော့ကျိုးခြင်း ပြန်လည်သက်သာလာစေရန်နှင့် နောင်တွင် နောက်ဆက်တွဲပြဿနာများ မဖြစ်စေရန်အတွက် ကိုယ်ကာယလေ့ကျင့်ခန်းအစီအစဉ်များ ပြုလုပ်လေ့ကျင့်ပေးရသည်။ ၎င်းလေ့ကျင့်ခန်းများသည် ကြွက်သားများကို သန်မာစေပြီး ကလေး၏ပုံမှန်လှုပ်ရှားမှုများကို အမြန်ဆုံးပြန်လည်ကောင်းမွန်စေရန် အထောက်အကူပြုသည်။ - ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း (Multidisciplinary Team Care)
ကလေး၏ အခြေအနေကို အကောင်းဆုံး စီမံခန့်ခွဲနိုင်ရန်အတွက် အရိုးအထူးကုဆရာဝန်၊ ကာယကုထုံးပညာရှင်၊ ကလေးအထူးကုဆရာဝန်နှင့် အခြားသက်ဆိုင်ရာအထူးကုများ ပါဝင်သည့် အဖွဲ့လိုက်ချဉ်းကပ်မှုဖြင့် ကုသမှုပေးသည်။ ဤနည်းလမ်းသည် ကလေး၏ အလုံးစုံကျန်းမာရေးနှင့် ဖွံ့ဖြိုးမှုကို ပိုမိုပြည့်စုံစွာ စီမံခန့်ခွဲနိုင်စေသည်။
ကာကွယ်ခြင်း
ထော့နဲ့ခြင်းဖြစ်စေသော အကြောင်းရင်းခံများစွာ ရှိသောကြောင့် ကာကွယ်ရန် နည်းလမ်းအတိအကျ မရှိသော်လည်း ကလေးများအား ထိခိုက်ဒဏ်ရာ မရရှိစေရန် ပြုစုစောင့်ရှောက်ခြင်းဖြင့် အကြောင်းရင်းအချို့ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
References:
- The Royal Children’s Hospital Melbourne. (2020). Clinical practice guidelines: The limping or non-weight-bearing child. Retrieved July 14, 2025, from https://www.rch.org.au/clinicalguide/guideline_index/Child_with_limp/
- Raja, H., Khan, S. A., & Waheed, A. (2020). The limping child — when to worry and when to refer: A GP’s guide. British Journal of General Practice, 70(698), 467. https://doi.org/10.3399/bjgp20x712565
- NHS. (2025). Limping in children. Retrieved July 14, 2025, from https://www.nhs.uk/symptoms/limp-in-children/#:~:text=Causes%20of%20limping%20in%20children,a%20broken%20bone
Published: 30 August 2024
Last updated: 23 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.