Macrocephaly – large head (ဦးခေါင်းကြီးသောကလေး)

Macrocephaly – large head (ဦးခေါင်းကြီးသောကလေး)

ဦးခေါင်းကြီးခြင်းဆိုသည်မှာ ကလေး၏ ဦးခေါင်းလုံးပတ်သည် သက်တူရွယ်တူ၊ ယောက်ျား မိန်းမတူသော အခြားကလေးများထက် သိသာစွာ ကြီးနေခြင်းဖြစ်သည်။ ဦးခေါင်းကြီးခြင်းသည် သာမန် လက္ခဏာတစ်ခု ဖြစ်နိုင်သကဲ့သို ဆိုးရွားသော ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်သည်။ အတွေ့များသော ရောဂါအကြောင်းရင်းများမှာ ဦးနှောက်တွင်း အရည်များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus)နှင့် ဗီဇကြောင့် ဦးနှောက်ကြီးသော ရောဂါတချို့ဖြစ်သည်။

ကလေးတစ်ဦး၏ ဦးခေါင်းလုံးပတ်ကို သိရှိရန် အောက်ပါပုံအတိုင်း ပေကြိုးဖြင့် ဦးခေါင်း၏ အကျယ်ဆုံးနေရာ (အရှေ့ဘက်တွင် မျက်ခုံးများအပေါ်မှ အနောက်ဘက်တွင် နောက်စေ့အကျယ်ဆုံးနေရာအထိ) ကို တိုင်းတာသည်။

ရရှိသော ဦးခေါင်းလုံးပတ်ကို သတ်မှတ်ထားသော ဇယားကွက်ပါ ဂရပ်လိုင်းများတွင် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးရသည်။ ယောက်ျားလေး သို့မဟုတ် မိန်းကလေးအလိုက် သီးသန့်ဇယားကွက်များရှိသည်။ တိုင်းတာရရှိသော ဦးခေါင်းအရွယ်အစားကို အသက်အရွယ်အလိုက် မှတ်သားပြီး မည်သည့်ဂရပ်လိုင်း၏ အပေါ်တွင် ရှိသည် သို့မဟုတ် အောက်တွင် ရှိသည် သို့မဟုတ် ဂရပ်လိုင်းနှစ်ခုကြားတွင်ရှိသည် စသည်ဖြင့် ကြည့်ရှုစစ်ဆေးရသည်။

ပုံမှန်ကလေးများသည် အောက်ဆုံးဂရပ်လိုင်း (3rd centile) နှင့် အပေါ်ဆုံးဂရပ်လိုင်း (97th centile) ကြားတွင် ရှိသည်။ အကယ်၍ ဦးခေါင်းလုံးပတ်သည် အပေါ်ဆုံးဂရပ်လိုင်း (97th centile) ၏ အထက်တွင်ရှိနေလျှင် ဦးခေါင်းကြီးသည်ဟု သတ်မှတ်သည်။

Large head image3
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ဦးခေါင်းအရွယ်အစားသည် ဦးခွံရိုးနှင့် ဦးနှောက်တို့၏ အရွယ်အစား၊ ဦးနှောက်အတွင်းနှင့် ဦးနှောက်ပတ်လည်တွင် စီးဆင်းသော စီအက်စ်အက်ဖ်အရည် (CSF) ပမာဏတို့ပေါ်တွင် မူတည်သည်။ အောက်ပါ အကြောင်းများကြောင့် ဦးခေါင်းကြီးနိုင်သည်။

  1. ဦးခွံရိုးထူခြင်း [ဥပမာ _ သာလာဆီးမီးယား (Thalassaemia) ကဲ့သို့သော နာတာရှည် သွေးအားနည်းရောဂါများ၊ Cranial hyperostosis ကဲ့သို့သော အရိုးကြီးထွားမှု လွန်ကဲသောရောဂါများ]
  2. ဦးနှောက်ကြီးခြင်း _ ပုံမှန်သဘာဝ ဦးနှောက်ကြီးခြင်း၊ မိဘမျိုးရိုးလိုက်၍ ဦးနှောက်ကြီးခြင်း၊ ဗီဇဆိုင်ရာရောဂါများနှင့် ပုံမမှန်ဓာတ်ပစ္စည်းများ ဦးနှောက်တွင် စုဝေးလာသောရောဂါများ (Storage diseases)
  3. ဦးနှောက်တွင်း စီအက်စ်အက်ဖ် အရည်များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus)
ဦးနှောက်တွင်း စီအက်စ်အက်ဖ်အရည်များ၍ ရေအိတ်ကျယ်ခြင်း (Hydrocephalus)

ကလေးများတွင် ပိုမိုတွေ့ရသည်။ မွေးရာပါဖြစ်နိုင်သလို မွေးပြီးနောက်ပိုင်းမှ ဖြစ်လာသော ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများကြောင့်လည်း ရေအိတ်ကျယ်နိုင်သည်။

ဦးနှောက်အတွင်းတွင် ပုံမှန်အခန်း (ventricle) လေးခုရှိပြီး ထိုအခန်းငယ်များအတွင်းတွင် စီအက်စ်အက်ဖ် (Cerebrospinal Fluid – CSF) ဟုခေါ်သော အရည်တစ်မျိုး စီးဆင်းနေသည်။ ဦးနှောက်အပေါ်ပိုင်းရှိ အခန်းနှစ်ခု၏အတွင်းနံရံမှ စီအက်စ်အက်ဖ်အရည်ကို စတင်ထုတ်လုပ်သည်။ ဦးနှောက်အတွင်းမှ စီအက်စ်အက်ဖ်အရည်သည် ဦးနှောက်အပြင်ဘက် မျက်နှာပြင်နှင့် ကျောရိုးအာရုံကြောမကြီးပတ်လည်သို့ စီးဆင်းသည်။ ထိုသို့လှည့်ပတ်စီးဆင်းပြီးနောက် ဦးနှောက်အပေါ် အပြင်ဘက်မျက်နှာပြင်ရှိ သွေးကြောများမှ ပြန်လည်စုပ်ယူသွားသည်။

ဤသို့ပုံမှန်စီးဆင်းနေသော စီအက်စ်အက်ဖ်အရည်သည်

  1. အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှုများလျှင်
  2. အရည်လှည့်ပတ်စီးဆင်းရာ လမ်းကြောင်းတစ်နေရာ၌ ပိတ်နေလျှင်
  3. ပြန်လည်စုပ်ယူခြင်းနည်းလျှင် စီအက်စ်အက်ဖ်အရည်များ ပိုများလာပြီး အခန်းများလည်း ကျယ်လာနိုင်သည်။

ရေအိတ်ကျယ်စေသော ရောဂါများ

  1. စီအက်စ်အက်ဖ်အရည် အထွက်များခြင်း [ဥပမာ _ စီအက်စ်အက်ဖ်ထုတ်သော အခန်းနံရံတွင်ဖြစ်သည့် အကျိတ်တစ်မျိုး (choroid plexus papilloma)]
  2. အရည်လမ်းကြောင်းပိတ်ခြင်း [ဥပမာ_
    • စီအက်စ်အက်ဖ် စီးဆင်းသောလမ်းကြောင်း တစ်နေရာရာတွင် မွေးရာပါကျဉ်းနေခြင်း၊ ပိတ်နေခြင်း
    • မွေးကင်းစတွင် လမစေ့ဘဲမွေးခြင်း သို့မဟုတ် အခြားအကြောင်းအမျိုးမျိုးကြောင့် ရေအိတ်များအတွင်း သွေးယိုစီးကာ သွေးခဲများဖြင့် ပိတ်ခြင်း
    • မွေးပြီးနောက်ပိုင်း ဦးနှောက်အမြှေးရောင် (Meningitis)၊ ဦးနှောက်အကျိတ် (Brain tumor) စသည်တို့ကြောင့် အရည်လမ်းကြောင်းပိတ်ဆို့ခြင်း]
  3. စီအက်စ်အက်ဖ်အရည် ပြန်စုပ်ယူမှုနည်းခြင်း (ဥပမာ _ ဦးနှောက်အမြှေးရောင်ပြီးနောက်ပိုင်း ဦးနှောက်အပေါ် အပြင်ဘက်ရှိ သွေးကြောများ ရောင်ရမ်းပြီး အရည်ပြန်စုပ်ယူမှု အားနည်းသွားခြင်း)
ယှဉ်တွဲလာတတ်သောလက္ခဏာများ

ဦးခေါင်းကြီးခြင်းနှင့် ထိုသို့ဦးခေါင်းကြီးခြင်းကို ဖြစ်စေသော ရောဂါအခြေအနေများ၏ လက္ခဏာများကို တွေ့ရသည်။ စီအက်စ်အက်ဖ် အရည်များသောကြောင့် ဦးခေါင်းကြီးလျှင် အထူးသဖြင့် ဦးခွံရိုး မဆက်သေးသော ကလေးငယ်များတွင် အောက်ပါလက္ခဏာများကိုပါ တွေ့ရသည်။

  • ငယ်ထိပ်မပိတ်ဘဲ ကျယ်နေခြင်း၊ ဖောင်းတင်းနေခြင်း
  • ဦးခွံရိုးဆက်ကြောင်းများ ဟနေခြင်း
  • ဦးခေါင်းအရေပြား ပြောင်တင်းနေခြင်း၊ သွေးကြောများကို ထင်ထင်ရှားရှားတွေ့ရခြင်း
  • မျက်လုံးနှစ်လုံး အောက်ဘက်စိုက်နေခြင်း စသည်တို့ဖြစ်သည်။
Large head image2

ဦးနှောက်တွင်းဖိအား များလာသောကြောင့် ကလေးအသက်အရွယ်ပေါ် မူတည်ပြီး ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ တက်ခြင်း၊ ဖွံ့ဖြိုးမှုနှေးခြင်း စသည်တို့ကိုလည်း တွေ့ရနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

အထက်ပါ ရောဂါလက္ခဏာများကို သတိပြုမိပါက မိမိ၏ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ပြသတိုင်ပင်ရန် လိုသည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များ (ဥပမာ _ ကလေးဦးနှောက်အာရုံကြော အထူးကုများ၊ ဦးနှောက်အာရုံကြော ခွဲစိတ်ဆရာဝန်များ) နှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။

ရောဂါရှာဖွေခြင်း

စီအက်စ်အက်ဖ်အရည်များ၍ ရေအိတ်ကျယ်ကြောင်း သေချာစွာသိရန်နှင့် အကြောင်းရင်းကိုသိရှိရန် ဦးခေါင်း ကွန်ပျူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) စသည်တို့ ရိုက်ရန်လိုအပ်သည်။

  • မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုများ (Genetic Testing)
    နောက်ဆုံးပေါ် မျိုးဗီဇနည်းပညာများသည် ဦးခေါင်းကြီးခြင်းကို ဖြစ်စေသော ရှားပါးဗီဇရောဂါများကို ပိုမိုမြန်ဆန်တိကျစွာ ဖော်ထုတ်နိုင်လာသည်။ ၎င်းသည် မိဘများအတွက် အနာဂတ်မျိုးဆက်များတွင် ဖြစ်ပွားနိုင်ခြေကို ကြိုတင်ခန့်မှန်းနိုင်စေပြီး ရောဂါကုသမှုအတွက်လည်း ပိုမိုကောင်းမွန်သော အစီအစဉ်များ ချမှတ်နိုင်စေသည်။
  • ပိုမိုကောင်းမွန်သော ပုံရိပ်ဖော်နည်းပညာများ
    High-resolution MRI နှင့် CT scans များသည် ဦးနှောက်နှင့် ဦးခေါင်းခွံဖွဲ့စည်းပုံကို အသေးစိတ် ပုံရိပ်ဖော်နိုင်သောကြောင့် ရေအိတ်ကျယ်ခြင်း (hydrocephalus)၊ ဦးနှောက်အကျိတ်များ သို့မဟုတ် အခြားသော ပုံမမှန်မှုများကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ရန် ကူညီပေးသည်။
ကုသခြင်း

ဦးခေါင်းကြီးစေသော အကြောင်းရင်းသည် ကုသ၍ရသော အခြေအနေဖြစ်ပါက အချိန်မီ ကုသမှုခံယူရန် လိုအပ်သည် (ဥပမာ_ပိတ်နေသော အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း၊ များနေသောအရည်များကို ခွဲစိတ်ဖယ်ထုတ်ခြင်းတို့ဖြစ်သည်)။ ထို့ပြင် ဦးခေါင်းကြီးခြင်းကြောင့် ဖွံ့ဖြိုးမှုနှေးသော ကလေးများအတွက် သက်ဆိုင်ရာအထူးကုဆရာဝန်များ၊ ပညာရှင်များနှင့် ပြသတိုင်ပင်၍ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဆိုင်ရာ လေ့ကျင့်ခန်းများ၊ အမြင်အာရုံနှင့် အကြားအာရုံ ချို့တဲ့ခြင်းအတွက် ကုသမှုများ၊ စကားပြောနှင့် ဘာသာစကားဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ဆက်လက်ပြုလုပ်ရန် လိုအပ်သည်။

ဦးနှောက်အခန်းငယ်များအတွင်း အရည်စု၍ ကျယ်လာခြင်း (Hydrocephalus) အတွက် ဦးခေါင်းခွံကို ခွဲစိတ်၍ ပိုက်ထည့်ပြီး ထိုပိုက်မှတစ်ဆင့် ဦးနှောက်အတွင်း ပမာဏများနေသော စီအက်စ်အက်ဖ်အရည်ကို ခန္ဓာကိုယ်တစ်နေရာသို့ စီးဆင်းစေခြင်းဖြင့် ကုသနိုင်သည်။ များသောအားဖြင့် ဝမ်းဗိုက်ခေါင်းအတွင်းသို့ စီးဆင်းစေသောပိုက် (Ventriculoperitoneal shunt- VP Shunt) ကို ပြုလုပ်လေ့ရှိသည်။ ဝမ်းဗိုက်အတွင်းနံရံမှတစ်ဆင့် စီအက်စ်အက်ဖ်အရည်ကို ပြန်လည်စုပ်ယူသည်။ ထိုပိုက်သည် အမြဲထည့်ထားရသော ပိုက်မျိုးဖြစ်ပြီး တစ်ခါတစ်ရံ ပိုက်ပိတ်ဆို့ခြင်း၊ ပိုက်အတွင်း ပိုးဝင်ခြင်းများဖြစ်လျှင် ပြန်လည်ခွဲစိတ်ရနိုင်သည်။

ကာကွယ်ခြင်း

ဦးခေါင်းကြီးခြင်းကို ဖြစ်စေသော ရောဂါအခြေအနေများအားလုံးကို မကာကွယ်နိုင်သော်လည်း ကိုယ်ဝန်ဆောင်ဘဝ အာဟာရ ပြည့်စုံစွာ စားသုံးခြင်း၊ ကိုယ်ဝန်မှန်မှန်ပြခြင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် တတ်ကျွမ်းနားလည်သူများနှင့် မွေးဖွားခြင်း၊ မိမိကလေးငယ်ကို ကာကွယ်ဆေးများ ထိုးနှံပေးခြင်းတို့ဖြင့် စီအက်စ်အက်ဖ်အရည်များနိုင်သည့် အချို့သောအကြောင်းရင်းများကို ကာကွယ်နိုင်သည်။

ပြောင်းလဲတိုးတက်မှုများ

Ventriculoperitoneal (VP) Shunt ဆိုင်ရာ
Hydrocephalus အတွက် အဓိကကုသမှုဖြစ်သော VP Shunt တွင် ပိုမိုကောင်းမွန်သည့် ပစ္စည်းများနှင့် နည်းပညာများ ပေါ်လာသည်။
ဥပမာအားဖြင့် VP shunt ပိုက်တွင် ပါရှိသော အဆို့ရှင် (Valve) များတွင်

  • ပုံသေအဆို့ရှင် (Fixed shunt valve)
  • ဖိအားချိန်ညှိနိုင်သော (Adjustable or programmable shunt valve) များဟူ၍ နှစ်မျိုးရှိသည်။

ယခုနောက်ပိုင်းတွင် programmable shunt valve ပါသော VP shunt များကိုသာ အသုံးပြုလာကြပြီး သက်ဆိုင်ရာ ဆရာဝန်သည် ဦးနှောက်အတွင်းရှိ ဖိအားကို ပြင်ပမှ လိုအပ်သလို ပြန်လည်ချိန်ညှိနိုင်သောကြောင့် ကလေးကြီးလာသည်နှင့်အမျှ ဖိအား အလွယ်တကူ ပြောင်းလဲပေးနိုင်သကဲ့သို့ ခွဲစိတ်မှုအကြိမ်ရေကိုလည်း လျှော့ချပေးနိုင်သည်။

အသေးစားခွဲစိတ်မှုများ (Minimally Invasive Surgery)
ဦးနှောက်အခန်းငယ်များအတွင်း အရည်စု၍ ကျယ်လာသော ကလေးအချို့အတွက် Endoscopic third ventriculostomy (ETV) ကဲ့သို့သော အသေးစား ခွဲစိတ်ကုသနည်းများကို အသုံးပြုလာသည်။ ထိုခွဲစိတ်မှုတွင် ဦးခေါင်းခွံကို ခွဲစိတ်ရန်မလိုဘဲ အချိန်တိုအတွင်း အပေါက်ဖောက်က ဦးနှောက်အခန်းငယ်အတွင်းသို့ မှန်ပြောင်းဖြင့် တိုက်ရိုက်ပိုက်ထည့်၍ ကုသနိုင်သောကြောင့် ကလေးများအတွက် အကျိုးရှိသည်။ သမားရိုးကျ ခွဲစိတ်မှုကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးများလည်း လျော့နည်းနိုင်ခြေရှိခြင်းကြောင့် တဖြည်းဖြည်း အသုံးများလာကြသည်။

References:

  1. Cleveland Clinic. (2025). Macrocephaly. Retrieved September 18, 2025, from https://my.clevelandclinic.org/health/diseases/22685-macrocephaly
  2. Gabbey, A. E. (2018). Macrocephaly. Healthline. Retrieved September 18, 2025, from https://www.healthline.com/health/macrocephaly
  3. Starkman, E. (2025). What you should know about macrocephaly. WebMD. Retrieved September 18, 2025, from https://www.webmd.com/brain/what-you-should-know-about-macrocephaly
  4. Accogli, A., Geraldo, A. F., Piccolo, G., Riva, A., Scala, M., Balagura, G., Salpietro, V., Madia, F., Maghnie, M., Zara, F., Striano, P., Tortora, D., Severino, M., & Capra, V. (2022). Diagnostic approach to macrocephaly in children. Frontiers in Pediatrics, 9, 794069. https://doi.org/10.3389/fped.2021.794069
  5. Vogel, T. W., Bahuleyan, B., Robinson, S., & Cohen, A. R. (2013). The role of endoscopic third ventriculostomy in the treatment of hydrocephalus. Journal of Neurosurgery: Pediatrics, 12(1), 54–61. https://doi.org/10.3171/2013.4.PEDS12481

Published: 30 August 2024

Last updated: 22 October 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.