Headache (ခေါင်းကိုက်ခြင်း)

Headache (ခေါင်းကိုက်ခြင်း)

ဦးခေါင်း၏ မည်သည့်နေရာတွင်မဆို နာကျင်ခြင်းကို ခေါင်းကိုက်ခြင်းဟု သတ်မှတ်သည်။ ခေါင်းကိုက်ခြင်းသည် ဦးခေါင်း၏ တစ်ဖက်ခြမ်း (သို့မဟုတ်) နှစ်ဖက်စလုံးတွင်လည်းကောင်း၊ အရှေ့ (သို့မဟုတ်) အနောက်ဘက်တွင်လည်းကောင်း ဖြစ်နိုင်သည်။ ဦးခေါင်း၏ နေရာတစ်နေရာထဲတွင်သာ ကိုက်ခဲနာကျင်နိုင်သကဲ့သို့ နေရာများစွာတွင်လည်း ဖြစ်နိုင်သည်။ ခေါင်းကိုက်ခြင်းသည် တစ်ချက်တည်းထိုး၍ ကိုက်ခြင်း၊ တောက်လျှောက်ကိုက်ခြင်း၊ ဦးခေါင်းထဲမှ ထိုး၍ကိုက်ခြင်း၊ ဦးခေါင်းတစ်ခုလုံး အညှစ်ခံထားရသကဲ့သို့ ကိုက်ခြင်းစသည်ဖြင့် ပုံစံမျိုးစုံ ခေါင်းကိုက်နိုင်သည်။

ခေါင်းကိုက်ခြင်း၏ ပြင်းထန်မှုသည်လည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီနိုင်ပါ။ သာမန်နာကျင်မှုမှ အလွန်ပြင်းထန်စွာ နာကျင်သည်အထိ ခေါင်းကိုက်တတ်သည်။ ခေါင်းကိုက်ခြင်းသည် တဖြည်းဖြည်း သို့မဟုတ် ရုတ်တရက် ဖြစ်ပေါ်လာနိုင်ပြီး မိနစ်အနည်းငယ်မှ ရက်ပေါင်းများစွာအထိ ကြာနိုင်သည်။

ခေါင်းကိုက်ခြင်းသည် ဦးခေါင်းတွင်းရှိ ဦးနှောက်အမြှေးပါးနှင့် သွေးကြောများ၊ အာရုံကြောများ၊ ဦးနှောက်အပြင်ဖက်ရှိ အရိုး၊ အသားများတွင် ရောဂါအခြေအနေတစ်ခုခုကြောင့် နာကျင်ခြင်း ဖြစ်နိုင်သည်။ ဦးနှောက်အတွင်းသားသည် နာကျင်မှုမရှိပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ခေါင်းကိုက်ခြင်း အမျိုးအစား (၁၅၀) ကျော်ရှိပြီး ၎င်းတို့ကို အဓိကအမျိုးအစားကြီး နှစ်ခုအဖြစ် ခွဲခြားထားသည်။

ခေါင်းကိုက်ရောဂါ (Primary Headache)

ရောဂါအကြောင်းရင်းခံမရှိသော ခေါင်းကိုက်ခြင်း အမျိုးအစားဖြစ်သည်။ ဦးခေါင်းတွင်းရှိ နာကျင်မှုကို အာရုံခံနိုင်သောအစိတ်အပိုင်းများ၏ ခံစားချက် လွန်ကဲခြင်းကြောင့်ဖြစ်သည်။ အချို့သောလူများတွင် ခေါင်းကိုက်ရောဂါ ပိုမိုဖြစ်ပွားနိုင်ခြေရှိသော မျိုးဗီဇများရှိသည်။

  • ဖိစီးမှုကြောင့် ဖြစ်သော ခေါင်းကိုက်ရောဂါ (Tension Headache)
  • ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine Headache)
  • အချိန်တိုတိုနှင့် အကြိမ်များစွာစု၍ဖြစ်သော ခေါင်းကိုက်ရောဂါ (Cluster Headache) စသည်တို့သည် အဖြစ်များသော ခေါင်းကိုက်ရောဂါများဖြစ်သည်။

ခေါင်းကိုက်ရောဂါများသည်တစ်ခါတစ်ရံတွင် အောက်ပါလူနေမှုပုံစံများပေါ် မူတည်၍လည်း ဖြစ်တတ်သည်။

  • အရက်သောက်ခြင်း၊ အထူးသဖြင့် ဝိုင်အနီ သောက်သုံးခြင်း
  • နိုက်ထရိတ်ပါရှိသော အသားများ၊ အသင့်စားနှင့် တာရှည်ခံအောင် စီမံထားသော အသားများ စားသုံးခြင်း
  • နီကိုတင်း သုံးစွဲခြင်း (နီကိုတင်းဓာတ်ကြောင့် ခေါင်းကိုက်ခြင်း)
  • အိပ်ရေးပျက်ခြင်း (သို့မဟုတ်) အိပ်ချိန်မမှန်ခြင်း
  • ကိုယ်ဟန်အနေအထား ပုံစံမမှန်ခြင်း
  • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကြောင့် ပင်ပန်းသဖြင့် ခေါင်းကိုက်ခြင်း (Exertion headaches)
  • စားသောက်ချိန်မမှန်ခြင်း (ဆာလောင်မှုကြောင့် ခေါင်းကိုက်ခြင်း) (Hunger headaches)

ရောဂါအကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများသည် ပုံမှန်အားဖြင့် အန္တရာယ်မရှိသော်လည်း ၎င်းတို့သည် အလွန်နာကျင်ပြီး နေ့စဉ်လူမှုဘဝကို အနှောင့်အယှက်ဖြစ်စေသည်။

Headache IMG1
အခြားရောဂါများကြောင့် ခေါင်းကိုက်ခြင်း (Secondary Headache)

ရောဂါအကြောင်းရင်းခံရှိသော ခေါင်းကိုက်ခြင်း အမျိုးအစားဖြစ်သည်။ ၎င်းခေါင်းကိုက်ခြင်းသည် အခံရောဂါတစ်ခု၏ ရောဂါလက္ခဏာ ဖြစ်နေတတ်သည်။ နောက်ခံရောဂါကို ကုသပြီးသည်နှင့် ပျောက်ကင်းတတ်သော ခေါင်းကိုက်ခြင်း အမျိုးအစားဖြစ်သော်လည်း အဆိုပါနောက်ခံရောဂါအချို့သည် အန္တရာယ်ရှိနိုင်သည်။

  • ရာသီတုပ်ကွေးရောဂါ
  • ကိုဗစ်-၁၉ ရောဂါ
  • မျက်စိရောဂါများ
  • ထိပ်ကပ်နာရောဂါ (Acute Sinusitis)
  • နားပြည်တည်ခြင်း
  • သွားနှင့်ခံတွင်းရောဂါများ
  • ဦးနှောက်သွေးကြောဖောင်းခြင်း (Brain Aneurysm)နှင့် အခြားဦးနှောက်သွေးကြောရောဂါများ
  • ဦးနှောက်အကျိတ်ဖြစ်ခြင်း
  • ဦးနှောက်တွင်းပြည်တည်ခြင်း
  • ဦးနှောက်အမြှေးပါးရောင်ခြင်း
  • ဦးခေါင်းအတွင်းဘက် ထိခိုက်မိခြင်း (Concussion)
  • စိတ်ဖိစီးမှုနှင့် ကြောက်စိတ်လွန်ကဲခြင်း (Panic attack)
  • ဆေးများအလွန်အကျွံသောက်ခြင်း (Medication overuse headache)
  • ရေဓာတ်ဆုံးရှုံးသောကြောင့် ခေါင်းကိုက်ခြင်း (Dehydration headache) စသည့်ခေါင်းကိုက်ခြင်းများ အဖြစ်များသည်။
ဆေးရုံ၊ ဆေးခန်းပြသရန်

အောက်ဖော်ပြပါ ခေါင်းကိုက်ခြင်း လက္ခဏာများ ခံစားရပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ပြသရန်လိုသည်။

  • ပုံမှန်ထက်ပို၍ မကြာခဏ ခေါင်းကိုက်ခြင်း၊ ခေါင်းကိုက်သည့်အကြိမ် ပိုစိတ်လာခြင်း
  • ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ တဖြည်းဖြည်း ပို၍ပြင်းထန်စွာ ခေါင်းကိုက်လာခြင်း
  • ခေါင်းကိုက်လျှင် သောက်နေကျဆေးများ၊ သာမန်ဆေးများ သောက်နေသော်လည်း ခေါင်းကိုက်ခြင်း ပိုဆိုးလာခြင်း သို့မဟုတ် မသက်သာခြင်း
  • အလုပ်လုပ်ခြင်း၊ အိပ်ခြင်းစသည့် နေ့စဉ်ပုံမှန်လုပ်ဆောင်မှုများ မလုပ်နိုင်လောက်အောင် ခေါင်းကိုက်ခြင်း
  • ခေါင်းကိုက်သည့်အတွက် စိတ်ဒုက္ခရောက်ရသဖြင့် ပိုကောင်းသည့် ခေါင်းကိုက်ပျောက်ကုထုံးကို ရယူလိုခြင်း

ရုတ်တရက် ခေါင်းကိုက်ခြင်းနှင့် ယှဉ်တွဲ၍ အောက်ဖော်ပြပါလက္ခဏာများ ခံစားရပါက နီးစပ်ရာဆေးရုံအရေးပေါ်ဌာနသို့ အမြန်ဆုံးပြသရန်လိုသည်။

  • အာရုံစိုက်၍မရအောင် စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် ပုံမှန်ပြောဆိုသော စကားကို နားလည်ရန် ခက်ခဲခြင်း
  • မူးမေ့လဲခြင်း
  • အဖျားကြီးခြင်း (၃၉ºC မှ ၄၀ºC) ထက် များခြင်း
  • ခန္ဓာကိုယ်တစ်ခြမ်း ထုံကျဥ်ခြင်း၊ အားနည်းခြင်း သို့မဟုတ် လေဖြတ်ခြင်း
  • လည်ပင်းတောင့်တင်းခြင်း
  • အမြင်အာရုံတွင် ပြဿနာရှိခြင်း
  • စကားပြောရာတွင် ပြဿနာရှိခြင်း
  • လမ်းလျှောက်ရာတွင် ပြဿနာရှိခြင်း
  • ရုတ်တရက် ထိုးအန်ခြင်း၊ နံနက်ခင်းအိပ်ရာထချိန် သို့မဟုတ် အိပ်ချိန်တွင် ခေါင်းပိုကိုက်ခြင်း
ရောဂါရှာဖွေခြင်း

ခေါင်းကိုက်ခြင်း အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန် ဆရာဝန်မှ ခေါင်းကိုက်ခြင်းနှင့် သက်ဆိုင်သည့် မေးခွန်းများမေးမြန်းခြင်း၊ ရောဂါအခံများ ရှိမရှိ စစ်ဆေးခြင်း၊ ဦးနှောက်နှင့်အာရုံကြောများကို စမ်းသပ်ခြင်း၊ ရောဂါအခြေအနေအရ လိုအပ်သလို သွေးစစ်ခြင်း၊ ဦးခေါင်း ကွန်ပြူတာဓာတ်မှန် (CT scan)၊ သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း စသည်တို့ကို ပြုလုပ်မည်ဖြစ်သည်။ လိုအပ်ပါက ဦးနှောက်နှင့်အာရုံကြော အထူးကုဆရာဝန်သို့ လွှဲပြောင်းကုသနိုင်သည်။

ကုသခြင်း

ခေါင်းကိုက်ခြင်းကို ဖြစ်စေသော မတူညီသည့် အကြောင်းရင်းများစွာ ရှိသည့်အတွက် ဖြစ်ရသော အကြောင်းရင်းခံပေါ် မူတည်၍ ကုသနည်းများ ကွဲပြားသွားနိုင်သည်။ ခေါင်းကိုက်ခြင်းအားလုံးကို ဆေးဝါးဖြင့် ကုသရန် မလိုအပ်ပါ။ သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါအခံမရှိသော ခေါင်းကိုက်ခြင်းများအတွက် သာမန်အကိုက်အခဲပျောက်ဆေးများ (ဥပမာ _ ပါရာစီတမော၊ အိုင်ဗျူပရိုဖဲင်) ကို သောက်သုံးနိုင်သည်။ အထက်ပါ နည်းလမ်းဖြင့် မသက်သာပါက ဖြစ်ရသည့်အကြောင်းပေါ် မူတည်၍ သင့်တော်သည့်ကုသမှုကို ဆရာဝန်မှ ညွှန်ကြားလိမ့်မည်။

အကြောင်းရင်းခံမရှိသော ခေါင်းကိုက်ရောဂါများအတွက်မူ လိုအပ်ပါက နေ့စဉ်သောက်ရသော ခေါင်းကိုက်ကာကွယ်ဆေးများ လိုအပ်နိုင်သည်။ အသေးစိတ်ကို ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine) တွင် ဆက်လက်ဖတ်ရှုနိုင်သည်။

ကာကွယ်ခြင်း

ခေါင်းကိုက်ခြင်းကို ရာနှုန်းပြည့် မကာကွယ်နိုင်ပါ။ သို့သော် ခေါင်းကိုက်ခြင်း မဖြစ်စေရန် သို့မဟုတ် လျော့နည်းစေရန် ပြုလုပ်နိုင်သော နည်းလမ်းများရှိသည်။

  • ခေါင်းကိုက်မှုကို ဖြစ်စေသော အစားအသောက်များကို ခွဲခြားသိရှိပြီး ရှောင်ကြဉ်ပါ
  • လုံလောက်စွာ အိပ်စက်အနားယူပါ
  • ကဖိန်းဓာတ်ပါဝင်သော အစားအစာများဖြစ်သည့် ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်များ စားသောက်သုံးစွဲမှုကို လျှော့ပါ
  • ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ
  • အစာကို ပုံမှန်စားပါ
  • အရက်၊ မူးယစ်ဆေးဝါးနှင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ
  • စိတ်ဖိစီးမှု လျှော့ပါ

References:

  1. Mayo Clinic. (n.d.). Headache — Definition. Mayo Clinic. Retrieved August 12, 2025, from https://www.mayoclinic.org/symptoms/headache/basics/definition/sym-20050800
  2. Mayo Clinic. (n.d.). Headache — Causes. Mayo Clinic. Retrieved August 12, 2025, from https://www.mayoclinic.org/symptoms/headache/basics/causes/sym-20050800
  3. Cleveland Clinic. (n.d.). Headaches. Cleveland Clinic. Retrieved August 12, 2025, from https://my.clevelandclinic.org/health/diseases/9639-headaches
  4. HealthXchange Singapore. (n.d.). Headaches: Prevention & treatments. HealthXchange Singapore. Retrieved August 12, 2025, from https://www.healthxchange.sg/head-neck/brain-nervous-system/headaches-prevention-treatments
  5. Medical News Today. (2025). Best medication for headache. Medical News Today. Retrieved August 12, 2025, from https://www.medicalnewstoday.com/articles/best-medication-for-headache

Published: 30 August 2024

Last updated: 19 September 2025

Share

Category

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.