Different tongue colours (လျှာရောင်စုံ)

Different tongue colours (လျှာရောင်စုံ)

ကလေးငယ်များ အထူးသဖြင့် အသက်တစ်နှစ်အောက် ကလေးများတွင် လျှာနှင့်ပါးစပ်သည် အရေးကြီးသော အာရုံခံအစိတ်အပိုင်းတစ်ခုဖြစ်သည်။ လျှာ၊ ပါးစပ်တို့ကိုအသုံးပြု၍ ပတ်ဝန်းကျင်ကို စတင်စူးစမ်းလေ့ရှိသည်။ မိဘများဘက်မှလည်း ကလေးအစာမစားလျှင် လျှာနှင့် ပါးစပ် ပြဿနာတစ်ခုခုကို စိုးရိမ်တတ်ကြသည်။ လျှာဖြူ၊ လျှာနီ၊ လျှာနာ၊ လျှာအကွက်စသည့် လက္ခဏာအမျိုးမျိုးဖြင့် ဆရာဝန်ထံ လာရောက်တိုင်ပင်ကုသလေ့ရှိသည်။ အချို့အခြေအနေများသည် ကုသမှုလိုအပ်သော်လည်း အချို့မှာမူ ရောဂါမဟုတ်ဘဲ သူ့အလိုလိုပျောက်ကင်းနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ
လျှာဖြူရသည့် အဓိကအကြောင်းရင်းနှစ်ခု
  1. မှက္ခရု (Oral thrush)
  2. နို့ဖတ်များ ကပ်ကျန်နေခြင်းတို့ကြောင့် ဖြစ်နိုင်သည်။
DTC IMG1

မှက္ခရုကြောင့် လျှာဖြူခြင်း (Oral thrush)
Candida မှိုတစ်မျိုးကြောင့် ဖြစ်ပွားသည်။ မှက္ခရုကြောင့် လျှာဖြူခြင်းဖြစ်လျှင် အဖြူဖတ်များကို လျှာတွင်သာမက သွားဖုံး၊ နှုတ်ခမ်းအတွင်းဘက်နှင့် ပါးစောင်နေရာများတွင်လည်း တွေ့နိုင်သည်။ အဖြူဖတ်များ၏ ဘေးတစ်ဝိုက်တွင် နီရဲနေနိုင်သည်။ အနည်းအကျဉ်းဆိုလျှင် ကလေးငယ်တွင် မည်သည့်လက္ခဏာမျှ မပြသော်လည်း ပမာဏများလာလျှင် နာကျင်နိုင်သည်။ နို့စို့လျော့လာနိုင်သည်။

ကလေးငယ်များတွင် မှက္ခရုပေါက်ရသည့် အကြောင်းရင်းများတွင် ခံတွင်းမသန့်ရှင်းခြင်း၊ ပိုးသတ်ဆေးများ သောက်သုံးရခြင်း၊ နို့ဘူးနှင့် မိခင်နို့သီးခေါင်း စသည်တို့မှတစ်ဆင့် ကူးစက်ခြင်းတို့ ပါဝင်သည်။

မှက္ခရုပျောက်ဆေးအဖြစ် Miconazole, Nystatin စသည့် ပါးစပ်အတွင်း လူးရသော၊ အစက်ချရသော ဆေးများကို အသုံးပြုနိုင်သည်။ ဆေးရည်နှင့် အဖြူဖတ်များရှိသည့် နေရာများ ကြာကြာ ထိတွေ့မှုရှိလျှင် ပိုထိရောက်သည်။ ထို့ကြောင့် အစာမစားမီ၊ နို့မတိုက်မီ နာရီဝက်ခန့် ကြို၍ လူးပေးနိုင်လျှင် ပို၍အာနိသင်ရှိသည်။ ဆေးလူးပေးသည့် လက်သည်လည်း သန့်ရှင်းစင်ကြယ်ရန် လိုသည်။

နို့ဖတ်များ ကပ်ကျန်နေခြင်းကြောင့် လျှာဖြူခြင်း
နို့ဖတ်များကြောင့် လျှာဖြူခြင်းသည် မှက္ခရုကဲ့သို့ မဟုတ်ဘဲ လျှာနေရာ၌ပင် စု၍ ဖြူနေတတ်သည်။ နာကျင်မှု မရှိပါ။ သန့်ရှင်းသည့် ရေနွေးအဝတ်စလေးနှင့် ပွတ်ကြည့်လျှင် ကွာကျသွားနိုင်သည် သို့မဟုတ် သိသိသာသာ လျော့နည်းသွားနိုင်သည်။ မှက္ခရုတွင် ဤသို့မတွေ့ရပါ။

ဖြည့်စွက်စာစကျွေးချိန်တွင် ထိုနို့ဖတ်များသည် အလိုလို တဖြည်းဖြည်း ပျောက်သွားတတ်သောကြောင့် စိုးရိမ်ရန်မလိုပါ။ နို့စို့ပြီးတိုင်း သို့မဟုတ် တစ်နေ့ နှစ်ကြိမ်ခန့် သန့်ရှင်းသည့် ရေနွေးအဝတ်စလေးနှင့် ခပ်ဖွဖွ ပွတ်တိုက်သန့်ရှင်းပေးနိုင်သည်။ လျှာသာမက သွားဖုံးနှင့် ပါးစောင်အတွင်းဘက်များကိုပါ သန့်ရှင်းပေးရန် လိုသည်။ သန့်ရှင်းရေးမလုပ်ပေးခင် ရေနှင့်ဆပ်ပြာ အသုံးပြု၍ လက်ကိုစင်ကြယ်စွာ ဆေးကြောရန် အရေးကြီးသည်။ ဤသို့ ပါးစပ်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းသည် နောင်တစ်ချိန်တွင် ကလေးအား သွားတိုက်ပေးရန်အတွက် ကြိုတင် ပြင်ဆင်ခြင်းတစ်မျိုးလည်းဖြစ်သည်။

လျှာနီရခြင်း အကြောင်းရင်း
DTC IMG2

လျှာတစ်ခုလုံးနီရဲနေတတ်ပြီး လျှာမျက်နှာပြင်၌ အနီအဖုလေးများ တွေ့ရသောကြောင့် စတော်ဘယ်ရီသီးနှင့် ပုံစံတူ၍ Strawberry tongue ဟုလည်းခေါ်ကြသည်။

  • ဘက်တီးရီးယားပိုးများကြောင့် ရောင်ရမ်းခြင်း (Scarlet fever, Toxic shock syndrome)
  • သွေးကြောရောင်သော ကာဝါဆာကီရောဂါ (Kawasaki disease)
  • ဗီတာမင်နှင့် သတ္တုဓာတ်များ ချို့တဲ့ခြင်း
  • ဓာတ်မတည့်ခြင်းတို့ကြောင့်အပြင်
  • အစားအသောက်တွင်ပါသည့် ဆိုးဆေးအနီများကြောင့်လည်း တစ်ခါတစ်ရံ လျှာနီရဲနေနိုင်သည်။

ဖောလစ်အက်စစ်၊ သံဓာတ်၊ ဗီတာမင်ဘီဓာတ် စသည်တို့ ချို့တဲ့လျှင် လျှာသည် နီရဲပြီး ပုံမှန်ကြမ်းတမ်းမှုမရှိဘဲ ချောပြောင်နေတတ်သည်။ ဤအချိန်တွင် အစားအသောက် အချဉ်အစပ်များ ရှောင်ရန်၊ ခံတွင်းသန့်ရှင်းရေး ကောင်းရန်အရေးကြီးသည်။

လျှာနာရခြင်း အကြောင်းရင်း

အထက်ပါ လျှာနီသည့်ရောဂါများတွင် လျှာနာနိုင်သလို လျှာတွင် အနာပေါက်လျှင်လည်း နာကျင်တတ်သည်။ ထိုအနာများကို လျှာတွင်သာမက နှုတ်ခမ်းအတွင်းဘက်၊ ပါးစောင်နှင့် အာခေါင်တို့တွင်လည်း တွေ့နိုင်သည်။

ဗိုင်းရပ်စ်ပိုးနှင့် ဘက်တီးရီးယားပိုးများကြောင့် ဖြစ်နိုင်သကဲ့သို့ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ စိုးရိမ်စိတ်များခြင်း၊ ဓာတ်မတည့်ခြင်း စသည်တို့ကြောင့်လည်း ဖြစ်တတ်သည်။ အထူးသဖြင့် ကလေးများတွင် ဗိုင်းရပ်စ်ပိုးများကြောင့် တစ်ရက်၊ နှစ်ရက်ခန့် ဖျားပြီးလျှင် အနာလေးများ ဖြစ်ကျန်ခဲ့တတ်သည်။ နာကျင်သည့်အတွက် ခေတ္တခဏ အစားအသောက်နည်းနိုင်သော်လည်း အများစုမှာ သူ့အလိုလို ပျောက်ကင်းနိုင်သည်။

လျှာနာနေသည့်အချိန်တွင် အရည်များများ စိတ်ရှည်ရှည်ထားကာ တိုက်ပေးရန်လိုသည်။ ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ရန် လိုအပ်သည်။ နာကျင်မှုအတွက် ပါရာစီတမော တိုက်ပေးနိုင်သည်။ အရောင်ကျ၍ အနာသက်သာစေသည့် လူးဆေးအချို့ အသုံးပြုနိုင်သည်။

လျှာကွက်ရခြင်း အကြောင်းရင်း
DTC IMG3

တချို့ကလေးများ၏ လျှာတွင် အဖြူအနီကွက်မျိုးစုံ တွေ့ရတတ်ပြီး မြေပုံသဏ္ဌာန်ကဲ့သို့ ပုံစံပေါ်နေသည့်အတွက် Geographic tongue ဟု တင်စားခေါ်သည်။ ဖြစ်ပေါ်ရခြင်းအကြောင်းရင်း အတိအကျမရှိပါ။ ထိုအကွက်ငယ်များသည် နေရာပြောင်းတတ်ပြီး ပျောက်လိုက်၊ ပေါ်လိုက်လည်း ဖြစ်တတ်သည်။ တချို့သည် ရက်ပိုင်းအတွင်း ပျောက်နိုင်သကဲ့သို့ တချို့မှာ လ သို့မဟုတ် နှစ်နှင့်ချီပြီး ကြာမြင့်တတ်သည်။ အများစုသည် မည်သည့်လက္ခဏာမှ မပြသော်လည်း တချို့တွင် နာကျင်ခြင်း၊ အစားအသောက်စားလျှင် ပူစပ်ခြင်း စသည်တို့ ခံစားရတတ်သည်။ မိသားစုမျိုးရိုးရှိသူများ၊ လျှာပေါ်ရှိ ချိုင့်ခွက်များ အလွန်ကြီး၍ ကွဲနေသကဲ့သို့ အခြေအနေ (Fissured tongue) ရှိသူများတွင် ပိုမိုတွေ့ရတတ်သည်။

ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ မရှိပါ။ သွေးစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများဖြင့် ရောဂါရှာဖွေရန်လည်း မလိုသကဲ့သို့ သီးသန့်ကုသမှုများလည်း မလိုပါ။ နာကျင်မှုများ သက်သာစေရန် အကိုက်အခဲပျောက်ဆေးများသောက်ခြင်း၊ ခံတွင်းဆေးရည်များ သုံးစွဲခြင်းတို့ ပြုလုပ်နိုင်သည်။

ကုသခြင်း

လျှာပေါ်တွင် တွေ့ရသော ပြဿနာအများစုသည် သူ့အလိုလို ပေါ်လာတတ်ပြီး မည်သည့်ရောဂါမျှမရှိပါ။ တချို့သည် မျိုးရိုးလိုက်တတ်သည်။ တချို့မှာမူ အာဟာရဓာတ်ချို့တဲ့ခြင်း၊ ဓာတ်မတည့်ခြင်းစသည်တို့နှင့် တွဲတတ်သည်။ အများစုသည် သူ့အလိုလို ပျောက်ကင်းသည့်အတွက် သီးသန့်ကုသရန် မလိုပါ။ ပူသော၊ စပ်သော အစားအသောက်များကို ခေတ္တခဏ ရှောင်ကြဉ်ရန်လိုသည်။ အနာပျောက်ဆေးတချို့ လူးပေးနိုင်သည်။

ကာကွယ်ခြင်း

အထက်ပါ လျှာနှင့်ပတ်သက်သော လက္ခဏာများပေါ်နေချိန်တွင်

  1. ခံတွင်းသန့်ရှင်းရေး ကောင်းရန်လိုသည်
  2. အစာအာဟာရ ပြည့်စုံမျှတစွာ စားရန်လိုသည်
  3. ဗီတာမင်နှင့် သတ္တုဓာတ်များ လိုအပ်လျှင် ဖြည့်စွက်အားဆေးများ သောက်သုံးရန် လိုသည်
  4. ချဉ်လွန်း၊ စပ်လွန်းသော အစားအသောက်များ ခေတ္တရှောင်ရန်လိုသည်
  5. အိပ်ရေးဝဝ အိပ်ရန် လိုအပ်သည်
  6. တချို့သည် သူ့အလိုလို ပျောက်ကင်းနိုင်ပြီး တချို့ကို ကုသမှုပေးရန် လိုအပ်သည်

References:

  1. Mayo Clinic. (n.d.). Oral thrush: Symptoms and causes. Retrieved October 28, 2024, from https://www.mayoclinic.org/diseases-conditions/oral-thrush/symptoms-causes/syc-20353533
  2. Cleveland Clinic. (2024). Strawberry tongue: Symptoms and causes. Retrieved October 28, 2024, from https://my.clevelandclinic.org/health/symptoms/strawberry-tongue
  3. Healthline. (2021). Glossitis: Symptoms, causes, and treatment. Retrieved October 28, 2024, from https://www.healthline.com/health/glossitis
  4. Cleveland Clinic. (2023). Geographic tongue. Retrieved July 26, 2025, from https://my.clevelandclinic.org/health/diseases/21177-geographic-tongue

Published: 30 August 2024

Last updated: 22 October 2025

Share

26 July 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.