Post menopausal bleeding (သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းခြင်း)

Post menopausal bleeding (သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းခြင်း)

အမျိုးသမီးများသွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းသည် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်သည်။ ဓမ္မတာသွေးဆင်းခြင်းသည် သွေးဆုံးခါနီးအချိန်တွင် မငြိမ်သက်ဘဲ သွေးကစားသကဲ့သို့ဖြစ်တတ်သည်။ သွေးလုံးဝထိန်သွားသည့်ရက်မှစ၍ (၁) နှစ်ကြာပြီးနောက် သွေးပြန်ဆင်းခြင်းကို “သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းခြင်း” ဟု သတ်မှတ်သည်။ ထိုကဲ့သို့ သွေးဆင်းသူ (၁၀) ယောက်တွင် (၁) ယောက်သည် ကင်ဆာကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် သွေးဆုံးပြီးအမျိုးသမီးများအနေနှင့် သွေးအနည်းငယ်ဆင်းရုံမျှကိုပင် ပေါ့ဆ၍ မရပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးဆုံးပြီးနောက်ပိုင်းတွင် သားအိမ်သည် အလုပ်မလုပ်တော့သဖြင့် ဓမ္မတာသွေးပေါ်ခြင်း မရှိရတော့ပါ။ ထို့ကြောင့် သွေးဆုံးပြီး ‌နောက်ပိုင်းသွေးဆင်းသည့်အခါ ဖြစ်နိုင်သည့် အောက်ပါရောဂါများကို ရှာဖွေရန် လိုအပ်ပါသည်။

  • သားအိမ်နံရံပါးခြင်း – သွေးဆုံးသည့်အခါ အမျိုးသမီးခန္ဓာကိုယ်ထဲရှိ အီစတိုဂျင် (oestrogen)၊ ပရိုဂျက်စတီရုန်း (progesterone) စသည့် ဟော်မုန်းများ လျော့နည်းလာသည်။ ထိုအခါ သားအိမ်နံရံသည် ပါးလာပြီး သွေးကြောများပေါက်ရာမှ သွေးဆင်းခြင်းဖြစ်သည်။
  • သားအိမ်နံရံထူခြင်း _ အမျိုးသမီးတချို့တွင် သွေးဆုံးပြီးသည့်တိုင်အောင် အီစတိုဂျင် (oestrogen) ဟော်မုန်း လိုအပ်သည်ထက် ပိုများနေလျှင် သားအိမ်အတွင်းသားနံရံရှိ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ပွါးလာပြီး သားအိမ်နံရံထူလာသည်။ ထိုအခြေအနေသည် သားအိမ်ကင်ဆာပြောင်းနိုင်သည့် အခြေအနေဖြစ်သည်။ အဝလွန်သူ၊ ဆီးချိုရှိသူ၊ သွေးတိုးရှိသူနှင့် ဆေးလိပ်သောက်သူ အမျိုးသမီးများတွင် ပိုမိုတွေ့ရတတ်သည်။ ထူနေသော သားအိမ်အတွင်းသားသည် ပြိုဆင်းလာပြီး သွေးအနေနှင့် တစ်ခါတစ်ရံဆင်းလာတတ်သည်။
  • အသားပိုရှိနေခြင်း (polyp) – သားအိမ် (သို့မဟုတ်) သားအိမ်ခေါင်းတွင် အသားပိုများပေါတတ်ပြီး ထိုနေရာမှ သွေးထွက်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ မိန်းမကိုယ်အောက်ပိုင်းတွင် အသားပိုအလုံးကို စမ်းမိတတ်သည်။
  • မွေးလမ်းကြောင်း (ယောနိလမ်းကြောင်း) ခြောက်ခြင်း – အမျိုးသမီးဟော်မုန်းနည်းခြင်းကြောင့် မွေးလမ်းကြောင်းခြောက်သွေ့ လျှင် လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်း၊ မိန်းမကိုယ်ယားခြင်းနှင့်အတူ သွေးဆင်းခြင်း တစ်ခါတစ်ရံဖြစ်နိုင်သည်။
  • အမျိုးသမီးကင်ဆာများ – သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် မျိုးဥအိမ်ကင်ဆာတို့ကြောင့် သွေးဆင်းတတ်သည်။ လိင်ဆက်ဆံပြီးချိန်သွေးဆင်းခြင်း (post-coital bleeding) ဖြစ်လျှင် သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးသင့်သည်။ကင်ဆာ၏လက္ခဏာများဖြစ်သော ဗိုက်တွင် အလုံးစမ်းမိခြင်း၊ အနံ့နံသည့် အရည်များဆင်းခြင်းတို့ကို ရောဂါရင့်မှ တွေ့ရလေ့ရှိသည်။
  • သားအိမ်အသားလုံးများ – သွေးဆုံးချိန်တွင် သားအိမ်ရှိ အသားလုံးများသည် သေးငယ်သွားလေ့ရှိသော်လည်း တခါတရံ မသေးဘဲ ကျန်နေပါက သွေးဆင်းခြင်းဖြစ်တတ်သည်။
  • ဆေးများ – ဟော်မုန်းဆေးများ၊ သွေးကျဲဆေးများ၊ ရင်သားကင်ဆာကုသရာတွင် သုံးသည့် tamoxifen ကဲ့သို့ ဆေးများနှင့် အချို့ တိုင်းရင်းဆေးများကြောင့် ဖြစ်တတ်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသထားသောကြောင့် သားအိမ်ရောင်ခြင်း
  • လိင်မှတဆင့် ကူးစက်သောရောဂါများ နှင့် သားအိမ်ခေါင်းရောင်ခြင်း
  • သားအိမ်တွင်းထည့်ထားသည့် ပစ္စည်းများ (ဥပမာ – သားအိမ်တွင်းထည့်ထားသော သားဆက်ခြားပစ္စည်း IUCD )ကို ပြန်ထုတ်ရန်မေ့နေခြင်း
  • ထိခိုက်ဒဏ်ရာရခြင်း
  • အခြားရောဂါကြောင့် သွေးဆင်းခြင်း (ဥပမာ – သိုင်းရွိုက်ရောဂါ၊ သွေးမတိတ်ရောဂါ)
ဆေးရုံ၊ ဆေးခန်းပြသရန်

သွေးဆင်းများပြီး မူးခြင်း၊ သတိလစ်ခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ သွေးပေါင်ကျခြင်းတို့ရှိပါက သွေးသွင်းကုသရန် လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသရန် လိုအပ်သည်။ အမျိုးသမီးများအနေနှင့် သွေးဆုံးပြီးနောက် သွေးပြန်ဆင်းပါက အနည်းငယ်ပင်ဖြစ်ပါစေ မပေါ့ဆဘဲ မိမိ၏ မိသားစု ဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှုခံယူသင့်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင်မေးမြန်ခြင်း၊ မိန်းမကိုယ်ကို ကြည့်ရှုစမ်းသပ်ခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ်ရောဂါအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးပါလိမ့်မည်။ ထိုအခါ အထူးကုဆရာဝန်မှ ရောဂါရှာဖွေရန် မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (transvaginal ultrasound)၊ သားအိမ်ခေါင်းချွဲစယူခြင်း (Pap smear)၊ သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (colposcopy)၊ သားအိမ်အတွင်းသို့ မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (hysteroscopy) နှင့် အသားစယူစစ်ဆေးခြင်း (endometrial biopsy) တို့ ပြုလုပ်ပါလိမ့်မည်။

ကုသခြင်း

ရောဂါအရင်းခံပေါ်မူတည်၍ ကုသရသည်။

  1. သားအိမ်နံရံပါးခြင်း – အမျိုးသမီးဟော်မုန်းကုထုံးဖြင့် ကုသကြသည်။
  2. သားအိမ်နံရံထူခြင်း – ရောဂါအဆင့်ပေါ်မူတည်၍ စောင့်ကြည့်ခြင်း၊ အမျိုးသမီးဟော်မုန်းကုထုံးဖြင့် ကုသခြင်း၊ သားအိမ်ခြစ်ခြင်းနှင့် သားအိမ်ခွဲစိတ်ဖယ်ထုတ်ခြင်းတို့ကို ပြုလုပ်ကြသည်။
  3. သားပိုရှိနေခြင်း – ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြင့်ကုသနိုင်သည်။
  4. မွေးလမ်းကြောင်း (ယောနိလမ်းကြောင်း) ခြောက်ခြင်း – အမျိုးသမီး ဟော်မုန်း လိမ်းဆေးဖြင့် ကုသနိုင်သည်။
  5. အမျိုးသမီးကင်ဆာများ – ကင်ဆာအမျိုးအစားနှင့် အဆင့်ပေါ်မူတည်၍ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ဆေးသွင်းကုသခြင်းတို့ကို ပြုလုပ်ကြသည်။
  6. ဆေးကြောင့် ဖြစ်သည်ဟု တွေ့ရှိပါက ဆေးအသုံးပြုခြင်းကိုရပ်စေခြင်း၊ ဆေးပြောင်းခြင်းများ လုပ်ဆောင်ပါမည်။
  7. ကူးစက်ပိုးကြောင့် ဖြစ်သည်ဟု တွေ့ရှိပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသကြသည်။
ကာကွယ်ခြင်း

အမျိုးသမီးများသွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းကို ကြိုတင်၍ မကာကွယ်နိုင်ပါ။

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.