Post menopausal bleeding (မီးယပ်သွေးဆုံးပြီးနောက် သွေးဆင်းခြင်း)

Post menopausal bleeding (မီးယပ်သွေးဆုံးပြီးနောက် သွေးဆင်းခြင်း)

အမျိုးသမီးများ မီးယပ်သွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းသည် အရေးကြီးသော လက္ခဏာတစ်ခုဖြစ်သည်။ ဓမ္မတာသွေးဆင်းခြင်းသည် သွေးဆုံးခါနီးအချိန်တွင် မငြိမ်သက်ဘဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်သည်။ သွေးလုံးဝထိန်သွားသည့်ရက်မှစ၍ (၁) နှစ်ကြာပြီးနောက် သွေးပြန်ဆင်းခြင်းကို “မီးယပ်သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းခြင်း” ဟု သတ်မှတ်သည်။ ထိုကဲ့သို့ သွေးဆင်းသူ (၁၀) ယောက်တွင် (၁) ယောက်သည် ကင်ဆာကြောင့်ဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ကြောင့် သွေးဆုံးပြီးအမျိုးသမီးများအနေနှင့် သွေးအနည်းငယ်ဆင်းရုံမျှကိုပင် ပေါ့ဆ၍ မရပါ။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

သွေးဆုံးပြီးနောက်ပိုင်းတွင် သားဥအိမ်သည် ဟော်မုန်းများ မထုတ်နိုင်တော့သဖြင့် ဓမ္မတာသွေးပေါ်ခြင်း မရှိတော့ပါ။ ထို့ကြောင့် မီးယပ်သွေးဆုံးပြီး ‌နောက်သွေးဆင်းသည့်အခါ ဖြစ်နိုင်သည့် အောက်ပါရောဂါများကို ရှာဖွေရန် လိုအပ်သည်။

  • သားအိမ်နံရံပါးခြင်း _ သွေးဆုံးသည့်အခါ အမျိုးသမီးခန္ဓာကိုယ်ထဲရှိ အီစတိုဂျင် (oestrogen)၊ ပရိုဂျက်စတီရုန်း (progesterone) စသည့် ဟော်မုန်းများ လျော့နည်းလာသည်၊ ထိုအခါ သားအိမ်နံရံသည် ပါးလာပြီး သွေးကြောများပေါက်ရာမှ သွေးဆင်းခြင်းဖြစ်သည်
  • သားအိမ်နံရံထူခြင်း _ အမျိုးသမီးတချို့တွင် သွေးဆုံးပြီးသည့်တိုင်အောင် အီစတိုဂျင် (oestrogen) ဟော်မုန်း လိုအပ်သည်ထက် ပိုများနေလျှင် သားအိမ်အတွင်းသားနံရံရှိ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ပွါးလာပြီး သားအိမ်နံရံထူလာသည်၊ ထိုအခြေအနေသည် သားအိမ်ကင်ဆာပြောင်းနိုင်သည့် အခြေအနေဖြစ်သည်။ အဝလွန်သူ၊ ဆီးချိုရှိသူ၊ သွေးတိုးရှိသူနှင့် ဆေးလိပ်သောက်သူ အမျိုးသမီးများတွင် ပိုမိုတွေ့ရတတ်သည်၊ ထူနေသော သားအိမ်အတွင်းသားသည် ပြိုဆင်းလာပြီး သွေးအနေနှင့် တစ်ခါတစ်ရံဆင်းလာတတ်သည်
  • အသားပိုရှိနေခြင်း (polyp) _ သားအိမ် သို့မဟုတ် သားအိမ်ခေါင်းတွင် အသားပိုများ ရှိနေတတ်ပြီး ထိုနေရာမှ သွေးထွက်ခြင်းဖြစ်သည်၊ တစ်ခါတစ်ရံ မိန်းမကိုယ်အောက်ပိုင်းတွင် အသားပိုအလုံးကို စမ်းမိတတ်သည်
  • မွေးလမ်းကြောင်း (ယောနိလမ်းကြောင်း) ခြောက်ခြင်း _ အမျိုးသမီးဟော်မုန်းနည်းခြင်းကြောင့် မွေးလမ်းကြောင်းခြောက်သွေ့ လျှင် လိင်ဆက်ဆံချိန်တွင် နာကျင်ခြင်း၊ မိန်းမကိုယ်ယားခြင်းနှင့်အတူ သွေးဆင်းခြင်း တစ်ခါတစ်ရံဖြစ်နိုင်သည်
  • အမျိုးသမီးကင်ဆာများ _ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် သားဥအိမ်ကင်ဆာတို့ကြောင့် သွေးဆင်းတတ်သည်၊ လိင်ဆက်ဆံပြီးချိန်သွေးဆင်းခြင်း (Post-coital bleeding) ဖြစ်လျှင် သားအိမ်ခေါင်းကင်ဆာကို စစ်ဆေးသင့်သည်
  • သားအိမ်အသားလုံးများ _ သွေးဆုံးချိန်တွင် သားအိမ်ရှိ အသားလုံးများသည် သေးငယ်သွားလေ့ရှိသော်လည်း တစ်ခါတစ်ရံ မသေးဘဲ ကျန်နေပါက သွေးဆင်းခြင်းဖြစ်တတ်သည်
  • ဆေးဝါးများ _ ဟော်မုန်းဆေးများ၊ သွေးကျဲဆေးများ၊ ရင်သားကင်ဆာကုသရာတွင် သုံးသည့် Tamoxifen ကဲ့သို့ ဆေးများနှင့် အချို့ တိုင်းရင်းဆေးများကြောင့် ဖြစ်တတ်သည်
  • ဓာတ်ရောင်ခြည်ဖြင့် ကုသထားသောကြောင့် သားအိမ်ရောင်ခြင်း
  • လိင်မှတစ်ဆင့် ကူးစက်သောရောဂါများနှင့် သားအိမ်ခေါင်းရောင်ခြင်း
  • သားအိမ်တွင်း ထည့်ထားသည့် ပစ္စည်းများ (ဥပမာ _ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း IUCD) ကို ပြန်ထုတ်ရန် မေ့နေခြင်း
  • ထိခိုက်ဒဏ်ရာရခြင်း
  • အခြားရောဂါကြောင့် သွေးဆင်းခြင်း (ဥပမာ _ သိုင်းရွိုက်ရောဂါ၊ သွေးမတိတ်ရောဂါ)
ဆေးရုံ၊ ဆေးခန်းပြသရန်

သွေးဆင်းများပြီး မူးခြင်း၊ သတိလစ်ခြင်း၊ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ သွေးပေါင်ကျခြင်းတို့ရှိပါက သွေးသွင်းကုသရန် လိုအပ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသရန် လိုအပ်သည်။ အမျိုးသမီးများအနေနှင့် မီးယပ်သွေးဆုံးပြီးနောက် သွေးပြန်ဆင်းပါက အနည်းငယ်ပင်ဖြစ်ပါစေ မပေါ့ဆဘဲ မိသားစုဆရာဝန်နှင့် တိုင်ပင်ကာ ကုသမှုခံယူသင့်သည်။

ရောဂါရှာဖွေခြင်း

ရောဂါရာဇဝင် မေးမြန်ခြင်း၊ မိန်းမကိုယ်ကို ကြည့်ရှုစမ်းသပ်ခြင်း၊ လိုအပ်သည့် ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ဓာတ်မှန် (X-ray) ရိုက်ခြင်း၊ အာထရာဆောင်း (USG) ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊​ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။ ထိုအခါ အထူးကုဆရာဝန်မှ ရောဂါရှာဖွေရန် မွေးလမ်းကြောင်းမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (transvaginal ultrasound)၊ သားအိမ်ခေါင်းချွဲစယူခြင်း (Pap smear)၊ သားအိမ်ခေါင်းကို မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (colposcopy)၊ သားအိမ်အတွင်းသို့ မှန်ပြောင်းဖြင့် စစ်ဆေးခြင်း (hysteroscopy) နှင့် အသားစယူစစ်ဆေးခြင်း (endometrial biopsy) တို့ကို ဆက်လက်ပြုလုပ်နိုင်သည်။

ကုသခြင်း

ရောဂါအရင်းခံပေါ် မူတည်၍ ကုသရသည်။

  1. သားအိမ်နံရံပါးခြင်း
    အီစတိုဂျင်ဟော်မုန်းကုထုံးဖြင့် ကုသကြသည်၊ အီစတိုဂျင်ဟော်မုန်းလိမ်းဆေး၊ မိန်းမကိုယ်တွင်းထည့်နိုင်သော အီစတိုဂျင်ကွင်းနှင့် အီစတိုဂျင်ဆေးတောင့်များကို အသုံးပြုသည်။
  2. သားအိမ်နံရံထူခြင်း
    ရောဂါအဆင့်ပေါ်မူတည်၍ ပရိုဂျက်စတင်ဟော်မုန်း ဆေးသောက်ခြင်း၊ ထိုးခြင်း၊ မိန်းမကိုယ်တွင်း လိမ်းဆေးများ လိမ်းခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်းများဖြင့် ကုသခြင်းနှင့် သားအိမ်ခွဲစိတ်ဖယ်ထုတ်ခြင်းတို့ကို ပြုလုပ်ကြသည်။
  3. အသားပိုရှိနေခြင်း
    ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြင့် ကုသနိုင်သည်။
  4. မွေးလမ်းကြောင်း (ယောနိလမ်းကြောင်း) ခြောက်ခြင်း
    အမျိုးသမီးဟော်မုန်း လိမ်းဆေးဖြင့် ကုသနိုင်သည်။
  5. အမျိုးသမီးကင်ဆာများ
    ကင်ဆာအမျိုးအစားနှင့် အဆင့်ပေါ်မူတည်၍ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)၊ ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy) တို့ကို ပြုလုပ်ကြသည်။
  6. ဆေးကြောင့်ဖြစ်သည်ဟု တွေ့ရှိပါက ဆေးအသုံးပြုခြင်းကို ရပ်စေခြင်း၊ ဆေးပြောင်းခြင်းများ လုပ်ဆောင်မည်
  7. ကူးစက်ပိုးကြောင့် ဖြစ်သည်ဟု တွေ့ရှိပါက ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသကြသည်
  8. သားအိမ်အတွင်းထည့်ထားသော သားဆက်ခြားပစ္စည်းကျန်ရှိနေခြင်းကြောင့်ဖြစ်လျှင် ထုတ်ရန်လိုသည်
ကာကွယ်ခြင်း

အမျိုးသမီးများသွေးဆုံးပြီးနောက် သွေးပြန်ဆင်းခြင်းကို ကြိုတင်၍ မကာကွယ်နိုင်ပါ။ အဝလွန်ခြင်း၊ ဆီးချိုရောဂါရှိခြင်း စသည့်တို့ကြောင့် မီးယပ်သွေးဆုံးပြီးနောက် သွေးဆင်းခြင်းကို ပို၍ဖြစ်စေနိုင်သဖြင့် ပုံမှန်ကိုယ်အလေးချိန်ရှိရန် ထိန်းခြင်း၊ ဆီးချိုရောဂါကို သေချာစွာ ထိန်းသိမ်းပေးရန်လိုသည်။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ။

References:

  1. The Women’s Health Organisation. (n.d.). Bleeding after menopause. Retrieved August 19, 2025, from https://www.thewomens.org.au/health-information/periods/periods-overview/bleeding-after-menopause#:~:text=Most%20of%20the%20time%2C%20postmenopausal,which%20are%20usually%20not%20cancerous.
  2. Cleveland Clinic. (2024). Post-menopausal bleeding. Retrieved August 19, 2025, from https://my.clevelandclinic.org/health/diseases/21549-postmenopausal-bleeding
  3. National Health Service (NHS). (2023). Post-menopausal bleeding. Retrieved August 19, 2025, from https://www.nhs.uk/symptoms/post-menopausal-bleeding/
  4. WebMD. (2024). Postmenopausal bleeding: What you should know. Retrieved August 19, 2025, from https://www.webmd.com/menopause/postmenopausal-bleeding
  5. Sung, S., Carlson, K., & Abramovitz, A. (2025). Postmenopausal bleeding. In StatPearls [Internet]. Treasure Island (FL): StatPearls Publishing. Retrieved August 19, 2025, from https://www.ncbi.nlm.nih.gov/books/NBK562188/

Published: 30 August 2024

Last updated: 3 November 2025

Share

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.