Bleeding during pregnancy (ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်း)

Bleeding during pregnancy (ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်း)

ကိုယ်ဝန်ရှိစဉ် မိန်းမကိုယ်မှ သွေးဆင်းခြင်းသည် ကိုယ်ဝန်ပထမ (၃) လပတ်တွင် အဖြစ်များသော်လည်း သွေးဆင်းတိုင်း အန္တရာယ်မဖြစ်စေပါ။ ကိုယ်ဝန်ဆောင် (၁၀၀) ဦးတွင် (၂၀) ဦးခန့်သည် ကိုယ်ဝန်ပထမ (၃)လ ပတ်တွင် သွေးဆင်းတတ်သည်။ သို့သော် ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်းကို မိခင်အတွက်ရော ကလေးအတွက်ပါ စိုးရိမ်ရသော လက္ခဏာအဖြစ်မှတ်ယူ၍ မိသားစုဆရာဝန်နှင့်လည်းကောင်း၊ သားဖွားမီးယပ် အထူးကုဆရာဝန်နှင့်လည်းကောင်း သေချာစွာ ဆွေးနွေးတိုင်ပင်သင့်သည်။ သွေးဆင်းပါက သွေးပမာဏ၊ သွေးအရောင် ညိုညစ်ညစ် သို့မဟုတ် သွေးနီရဲရဲ၊ သွေးခဲ သို့မဟုတ် အသားစပါဝင်မှုများကို မှတ်သား၍ ဆရာဝန်အား ပြောပြရန်လိုသည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ကိုယ်ဝန်ရှိစဉ် မိန်းမကိုယ်မှ သွေးဆင်းရသော အကြောင်းရင်းများကို သိနားလည်ခြင်းဖြင့် ဆရာဝန်ထံသို့ အချိန်မီရောက်ရှိပြီး လိုအပ်သောကုသမှုကို အချိန်မဆိုင်းဘဲ ရရှိနိုင်မည်။

ကိုယ်ဝန်ပထမ (၃) လပတ် (ကိုယ်ဝန်သက် ၁ ပတ် မှ ၁၃ ပတ်အတွင်း) သွေးဆင်းခြင်း
  1. သန္ဓေသား သားအိမ်နံရံ၌ ကပ်တွယ်ခြင်း (Implantation Bleeding)
    သန္ဓေအောင်သည်မှ (၆)ရက် မှ (၁၂)ရက်အတွင်း သန္ဓေသား သားအိမ်နံရံ၌ ကပ်တွယ်ချိန်တွင် နာရီပိုင်း၊ ရက်ပိုင်းမျှ သွေးအနည်းငယ်ဆင်းခြင်း ဖြစ်တတ်သည်။ ထိုသို့ တစ်စက်၊ နှစ်စက် သွေးဆင်းခြင်းကို အချို့ ကိုယ်ဝန်ဆောင်များက ရာသီသွေးဆင်းခြင်းဟု အမှတ်မှားတတ်ကြသည်။
  2. ကိုယ်ဝန်ပျက်ခြင်း (Miscarriage or Abortion)
    ဤအချက်သည် ကိုယ်ဝန်ပထမ (၃) လပတ်အတွင်း သွေးဆင်းခြင်း၏ အဓိကအကြောင်းရင်း ဖြစ်တတ်သည်။ သို့သော် ပထမ (၃) လပတ်အတွင်း သွေးဆင်းသူတိုင်းသည် ကိုယ်ဝန်ပျက်သည်ဟု မဆိုနိုင်ပါ။ ထိုသူများ၏ အာထရာဆောင်းတွင် ကလေးနှလုံးခုန်နေသည်ကိုတွေ့ရပါက (၉၀%) သည် ကိုယ်ဝန်ကိုယ်ဝန်ဆက်၍ တည်သွားနိုင်သည်။
  3. သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic Pregnancy)
    သားအိမ်ပြင်ပသန္ဓေတည်ခြင်းကြောင့်လည်း သွေးဆင်းနိုင်သည်။ သန္ဓေသားကြီးရင့်လာသဖြင့် မျိုးဥပြွန်ပေါက်ကွဲလျှင် သွေးလွန်၍ မိခင်အသက်အန္တရာယ် ရှိနိုင်သည်။ ကိုယ်ဝန်ဆောင် (၂%) တွင်သာ ဖြစ်တတ်သည်။
  4. စပျစ်သီးသန္ဓေတည်ခြင်း (Hydatidiform mole)
    အလွန်ရှားပါးသော ကိုယ်ဝန်ဆောင်ခြင်းမျိုးဖြစ်သည်။ စပျစ်သီးသန္ဓေဆိုသည်မှာ သားအိမ်တွင်း၌ သန္ဓေသားမဟုတ်သည့် စပျစ်ခိုင်သဏ္ဌာန်အသားစ ဖြစ်တည်နေခြင်းဖြစ်သည်။
  5. အခြားသော သွေးဆင်းစေခြင်း အကြောင်းရင်းများမှာ_
    • သားအိမ်ခေါင်းပြောင်းလဲမှုများ (Cervical changes)
      ကိုယ်ဝန်ရှိစဉ် သားအိမ်ခေါင်းသို့ သွေးစီးဝင်ခြင်း ပိုရှိတတ်သည်။ ထို့ကြောင့် လိင်ဆက်ဆံခြင်း၊ သားအိမ်ခေါင်း အချွဲမြှေးစစ်ဆေးမှုပြုလုပ်ခြင်းကြောင့် သွေးဆင်းခြင်းဖြစ်စေတတ်သော်လည်း အလွန်စိုးရိမ်ရန်မလိုပါ။
    • သားအိမ်ခေါင်း၊ မိန်းမကိုယ်တို့၌ ပိုးဝင်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွါးခြင်း (Chlamydia, Gonorrhoea, or Herpes) တို့သည်လည်း ကိုယ်ဝန်ပထမ (၃) လပတ်အတွင်း မိန်းမကိုယ်မှ သွေးဆင်းခြင်းကို ဖြစ်စေနိုင်သည်
ကိုယ်ဝန်ဒုတိယ (၃) လပတ် (ကိုယ်ဝန်သက် ၁၄ ပတ် မှ ၂၆ ပတ်) အတွင်းနှင့် တတိယ (၃) လပတ် (ကိုယ်ဝန်သက် ၂၇ပတ် မှ ၄၀ပတ်) အတွင်း သွေးဆင်းခြင်း

သွေးဆင်းတတ်သော အကြောင်းရင်းများမှာ_

  1. အချင်းသားအိမ်အောက်ပိုင်း၌ တည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း (Placenta Praevia)
    အချင်းသည် မွေးလမ်းကြောင်းအဝကို တစ်ပိုင်းတစ်စ သို့မဟုတ် အပြည့်အဝ ပိတ်ကာနေတတ်သည်။ ဤအခြေအနေကို ကိုယ်ဝန်ဆောင် (၂၀၀) တွင် တစ်ယောက်၌သာ တွေ့ရတတ်သည်။
  2. အချင်းစောကွာခြင်း (Placental Abruption)
    မီးမဖွားမီ သို့မဟုတ် မီးဖွားနေစဉ် ဖြစ်ပွါးတတ်သည်။ ကိုယ်ဝန်ဆောင် (၁၀၀) တွင် တစ်ယောက် ဖြစ်နိုင်သည်။
  3. သားအိမ်ကွဲထွက်ခြင်း (Uterine Rupture)
    ပထမကိုယ်ဝန်ကို ခွဲစိတ်မွေးဖွားထားဖူးသော သားအိမ်ခွဲကြောင်းနေရာမှ ပွင့်ထွက်ခြင်းဖြစ်သည်။
  4. ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကို ဖြတ်၍ အချင်းနှင့် တွယ်ဆက်နေခြင်း (Vasa Praevia)
  5. လမစေ့မီမွေးဖွားခြင်း၏ လက္ခဏာ (Premature Labour)
    ကိုယ်ဝန်နောက်ဆုံး (၃) လပတ်တွင် သွေးဆင်းခြင်းသည် လမစေ့မီမွေးဖွားခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ ဗိုက်မနာမီ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အနည်းငယ်အလိုတွင် သားအိမ်အဝတွင် ပိတ်ဆို့ထားသော အချွဲတုံးနှင့် သွေးအနည်းငယ် ရော၍ဆင်းလာခြင်း (bloody show) ဖြစ်သည်။ ကိုယ်ဝန် (၃၇) ပတ်မတိုင်မီ ဤသို့ဖြစ်ပါက မိမိဆရာဝန်ကို ချက်ချင်းဆက်သွယ်ရန် လိုအပ်သည်။
  6. သားအိမ်ခေါင်း သို့မဟုတ် မိန်းမကိုယ် ထိခိုက်ဒဏ်ရာရခြင်း (Injury to cervix or vagina)
    လိင်ဆက်ဆံခြင်း၊ မွေးလမ်းကြောင်းတွင်း အာထရာဆောင်းရိုက်ခြင်းတို့တွင် ဖြစ်တတ်သည်။
  7. သားအိမ်ခေါင်း သို့မဟုတ် မိန်းမကိုယ်၌ အသားပို ဖြစ်ခြင်း
  8. သားအိမ်ခေါင်း သို့မဟုတ် မိန်းမကိုယ်၌ ကင်ဆာ ဖြစ်ခြင်း
ယှဉ်တွဲလာတတ်သောလက္ခဏာများ

သွေးဆင်းခြင်းနှင့်အတူ အောက်ပါလက္ခဏာများ ယှဉ်တွဲ၍ဖြစ်နိုင်သည်။

  • ကိုယ်ဝန်ပျက်ခြင်း (Abortion) သည် ချက်အောက်ပိုင်း ဝမ်းဗိုက်တွင် ဆုတ်ဆွဲသကဲ့သို့ ထိုးအောင့်ခြင်း၊ သွေးဆင်းခြင်းနှင့်အတူ မိန်းမကိုယ်မှ အသားစထွက်ကျခြင်းများ ရှိတတ်သည်
  • သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic Pregnancy) သည် ဝမ်းဗိုက်တွင် ဆုတ်ဆွဲသကဲ့သို့ ထိုးအောင့်ခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်တတ်သည်
  • စပျစ်သီးသန္ဓေတည်ခြင်း (Hydatidiform Mole) သည် ပျို့အန်ခြင်း၊ သားအိမ် ကြီးထွားမှုနှုန်း သာမန်ထက်ပို၍ လျင်မြန်လွန်းခြင်း ရှိတတ်သည်၊ သွေးဆင်းသည့်အခါ စပျစ်သီးအရွယ် အရည်ကြည်အိတ် သေးသေးလေးများ ပါရှိတတ်သည်
  • သားအိမ်အောက်ပိုင်း၌ အချင်းတည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း (Placenta Praevia) ကြောင့် သွေးဆင်းမှုမျိုးတွင် ဗိုက်နာခြင်း မရှိသော်လည်း အသက်အန္တရာယ်ရှိတတ်သည်ကို သတိထားရမည်
  • အချင်းစောကွာခြင်း (Placental Abruption) တွင် ဗိုက်နာခြင်း၊ ခါးနာခြင်း၊ သားအိမ်တစ်ခုလုံး နာကျင်၍ သစ်သားပြင်ကဲ့သို့ မာနေခြင်းနှင့် သွေးခဲများ မိန်းမကိုယ်မှ ဆင်းခြင်းတို့ ဖြစ်တတ်သည်
  • သားအိမ်ကွဲထွက်ခြင်း (Uterine Rupture) ဖြစ်ပါက စမ်းသပ်မှုပြုလျှင် အထိမခံနိုင်လောက်အောင် ဗိုက်အလွန်နာကျင်နေတတ်သည်
  • ချက်ကြိုးအတွင်းရှိ သွေးကြောများ Wharton’s jelly အကာအကွယ်မရှိဘဲ သားအိမ်ခေါင်းအဝကို ဖြတ်၍ အချင်းနှင့် တွယ်ဆက်နေခြင်း (Vasa Praevia) သည် အလွန်ရှားပါးသော်လည်း ထိုသွေးကြောများပေါက်ပါက ဆိုးရွားစွာသွေးထွက်ပြီး အောက်ဆီဂျင် ဆုံးရှုံး၍ ကလေးကို ကြီးမားသော အန္တရာယ် ဖြစ်စေနိုင်သည်၊ ထိုသို့ဖြစ်ပါက ကလေးနှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း၊ သွေးဆင်း အလွန်များခြင်း ဖြစ်တတ်သည်
  • လနုစဉ် ဗိုက်နာပါက (Premature Labour) သားအိမ်ကျုံ့၍နာခြင်း၊ မိန်းမကိုယ်မှ အချွဲဆင်းခြင်း၊ ဗိုက်အတွင်း၌ ဖိအားများနေသလို ခံစားရခြင်း (abdominal pressure) နှင့် ခါးကိုက်ခြင်းများ ရှိတတ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
အရေးပေါ် ပြသရန် အခြေအနေများ

ကိုယ်ဝန်ပထမ (၃) လပတ်အတွင်း အတန်အသင့် သွေးဆင်းခြင်း သို့မဟုတ် များလွန်းခြင်း၊ အသားစပါလာခြင်း သို့မဟုတ် သွေးဆင်းခြင်းသည် ဗိုက်နာခြင်း၊ ဖျားခြင်း၊ ချမ်းတုန်ခြင်းများနှင့် ယှဉ်တွဲလာပါက မိသားစုဆရာဝန်နှင့် ချက်ချင်းတိုင်ပင်ပြသရမည်။ လိုအပ်လျှင် သားဖွားမီးယပ် အထူးကုဆရာဝန်ထံ လွှဲပြောင်းကုသမှုပေးမည်။ ပထမ သုံးလပတ်တွင် သွေးဆင်းခြင်းပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ (၂၄) နာရီကျော်အထိ မရပ်လျှင်ဖြစ်စေ မိမိကိုယ်ဝန်စောင့်ရှောက်သူကို (၂၄) နာရီအတွင်း ဆက်သွယ် အကြောင်းကြားရမည်။

ကိုယ်ဝန်ဒုတိယ (၃) လပတ်နှင့် တတိယ (၃) လပတ်တွင် သွေးဆင်းတတ်သော အကြောင်းရင်းများသည် မိခင်နှင့်ကလေးငယ်တွင် အန္တရာယ်လက္ခဏာရှိနေခြင်းကို ညွှန်ပြနေသောကြောင့် ပို၍အရေးကြီးသည်။ ထိုသို့ဖြစ်ပါက မိမိပြသနေသောဆရာဝန်ကို ချက်ချင်းဆက်သွယ်ရမည်။ သွေးဆင်းခြင်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ သွေးဆင်းချိန် နာရီပိုင်းထက်ပိုပါက သို့မဟုတ် ဗိုက်တင်း၍နာခြင်း၊ ချမ်းတုန်ဖျားခြင်း၊ သားအိမ်တင်းမာနာလာခြင်း ရှိပါက ချက်ချင်း စမ်းသပ်ကုသမှု ခံယူရမည်။

  1. သားအိမ်အောက်ပိုင်း၌ အချင်းတည်ရှိနေခြင်း သို့မဟုတ် မွေးလမ်းကြောင်းအဝပိတ်နေခြင်း (Placenta Praevia) မိခင်များ သွေးဆင်းပါက ဗိုက်မနာဘဲ သွေးဆင်းတတ်သောကြောင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်း ရယူရန် လိုအပ်သည်
  2. အချင်းစောကွာခြင်း (Placental Abruption) သည် သားအိမ်အတွင်းနံရံနှင့် အချင်းကြားတွင် သွေးယိုဆင်းမှုဖြစ်၍ မိခင်ရော ကလေးပါ အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ချက်ချင်း ရယူရန် လိုအပ်သည်
  3. သားအိမ်ကွဲထွက်ခြင်း (Uterine Rupture) သည် အလွန်ရှားပါးသော ဖြစ်စဉ်ဖြစ်သော်လည်း မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိ၍ အရေးပေါ် ခွဲမွေးရန် လိုအပ်သည်
  4. လနုစဉ် ဗိုက်နာခြင်းသည်လည်း ကလေးအတွက် အရေးကြီး၍ မိမိကိုယ်ဝန်ကို စောင့်ရှောက်နေသော ဆရာဝန်ကို အရေးပေါ် ဆက်သွယ်ရမည်

အရေးပေါ်အခြေအနေမဟုတ်သော်လည်း အောက်ပါအခြေအနေများ ရှိလျှင်လည်း သတိပြုရန် လိုအပ်သည်။

  • ကိုယ်ဝန်ပထမ (၃)လပတ်တွင် မိန်းမကိုယ်မှ သွေးတစ်စက်၊ နှစ်စက်ဆင်းခြင်း သို့မဟုတ် အနည်းငယ်ဆင်းခြင်း တစ်ရက်ခန့်သာဖြစ်ပါက ဆရာဝန်နှင့် နောက်တစ်ကြိမ် ကိုယ်ဝန်ပြသရန် ချိန်းဆိုချိန်၌ ပြောပြရမည်
  • ကိုယ်ဝန် ဒုတိယ(၃)လပတ်တွင် သွေးဆင်းမှုနည်းပြီး နာရီပိုင်းမျှသာ ကြာပါက ထိုကဲ့သို့ သွေးဆင်းသောနေ့တွင် ဆရာဝန်နှင့် ဆက်သွယ်ရမည်
  • ကိုယ်ဝန် တတိယ(၃)လပတ်တွင် ပန်းရောင် သို့မဟုတ် သွေးရောင်ဆင်းခြင်းသည် မီးဖွားခါနီး အခြေအနေကိုပြခြင်း ဖြစ်တတ်သည်၊ သို့သော် ထိုကဲ့သို့ သွေးဆင်းခြင်းသည် ကိုယ်ဝန်နှင့် ဆက်စပ်သော နောက်ဆက်တွဲဆိုးကျိုးများကြောင့်လည်း ဖြစ်တတ်၍ သက်ဆိုင်ရာအထူးကု ဆရာဝန်ကို ဆက်သွယ်ပြီး အန္တရာယ်မရှိသော သွေးဆင်းမှုဖြစ်ကြောင်း သေချာစေရန် စိစစ်ရမည်
  • ကိုယ်ဝန်ဆောင် သွေးဆင်းသူသည် Rh အနုတ်သွေး အမျိုးအစားဖြစ်ပါက သက်ဆိုင်ရာအထူးကု ဆရာဝန်ကို အသိပေးပြောကြားရမည်၊ သို့မှသာ Rh အနုတ်သွေးကြောင့် မိခင်ခန္ဓာကိုယ်၌ ထွက်ပေါ်လာမည့် ပဋိပစ္စည်းသည် နောက်ထပ်ကိုယ်ဝန်ဆောင်သော ကလေးများကို ထိခိုက်မှုဖြစ်ခြင်းမှ ကာကွယ်နိုင်မည်
ကာကွယ်ခြင်း

ကိုယ်ဝန်ရှိစဉ် မိန်းမကိုယ်မှ သွေးဆင်းခြင်းကို ကြိုတင်မကာကွယ်နိုင်ပါ။ သို့သော် မိမိ၏ မိသားစုဆရာဝန်၊ သားဖွားမီးယပ် အထူးကုဆရာဝန်များနှင့် ကိုယ်ဝန်စောစီးစွာအပ်ခြင်း၊ မှန်မှန်ပြသခြင်း၊ အထက်ပါ အရေးပေါ်ပြသရမည့် အခြေအနေများ ပေါ်ပေါက်လာလျှင် အချိန်မီပြသခြင်းများဖြင့် မိခင်နှင့် သန္ဓေသားတို့အတွက် ဖြစ်လာနိုင်သော အန္တရာယ်များကို ကာကွယ်နိုင်သည်။

ဆက်လက်ဖတ်ရှုရန်

References:

  1. Mayo Clinic. (n.d.). Bleeding during pregnancy — When to see a doctor. Mayo Clinic. Retrieved September 14, 2025, from https://www.mayoclinic.org/symptoms/bleeding-during-pregnancy/basics/when-to-see-doctor/sym-20050636
  2. WebMD. (n.d.). Bleeding during pregnancy: What to know. Retrieved September 14, 2025, from https://www.webmd.com/baby/bleeding-during-pregnancy

Published: 30 August 2024

Last updated: 3 November 2025

Share

26 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.