မုတ်သုံရာသီနှင့် အရေပြားပြဿနာများ၏ ဆက်နွယ်မှု
မိုးရာသီကာလတွင် လေထုစိုထိုင်းဆ မြင့်မားလာမှုကြောင့် ချွေးနှင့်အဆီ (sebum) ထွက်ရှိမှု ပိုမိုများပြားလာပြီး အသားအရေ အဆီပြန်ခြင်း သို့မဟုတ် ခြောက်သွေ့ခြင်းများ တစ်လှည့်စီဖြစ်ပေါ်ကာ ဘက်တီးရီးယားနှင့် မှိုပိုးမွှားများ ပေါက်ပွားရန် အကောင်းဆုံး အခြေအနေတစ်ရပ် ဖြစ်လာစေသည်။
ထို့အပြင် အရေပြားပေါ်တွင် ချွေး၊ ဖုန်မှုန့်နှင့် အဆီများ စုပုံလာပါက ချွေးပေါက်များ ပိတ်ဆို့ကာ ဝက်ခြံများထွက်ခြင်းနှင့် ထပ်မံပိုးဝင်ခြင်း (infections) များ ဖြစ်ပွားနိုင်ပြီး၊ စိုစွတ်မှုနှင့် ရေရှည်ထိတွေ့ခြင်းကြောင့် အရေပြား၏ သဘာဝအကာအကွယ်စနစ် အားနည်းလာကာ ဓာတ်မတည့်မှုနှင့် ယားယံမှုများကို ပိုမိုဖြစ်ပွားစေသည်။
အဖြစ်များသော အရေပြားရောဂါများ
- ဆံသား/မွေးညင်းပေါက် ရောင်ရမ်းခြင်း (Folliculitis)
Folliculitis သည် ဘက်တီးရီးယား သို့မဟုတ် မှိုပိုးဝင်ခြင်းကြောင့် မွေးညင်းပေါက်များ ရောင်ရမ်းသောရောဂါဖြစ်ပြီး ယားယံနာကျင်သော ပြည်တည်နာအနီဖုများ ဖြစ်ပေါ်တတ်သည်။- ရောဂါအဖြစ်များသော နေရာများ – ကျောပြင်၊ လက်မောင်း၊ ပေါင်နှင့် ချွေးထွက်များသော ခန္ဓာကိုယ် အစိတ်အပိုင်းများ
- ကာကွယ်ရန် နည်းလမ်းများ
- တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုပြု၍ ချွေးထွက်ပြီးပါက စနစ်တကျ ရေချိုးသန့်စင်ပါ
- တင်းကျပ်၍ စိုထိုင်းမှုဖြစ်စေသော အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ
- သက်ဆိုင်ရာ ဆရာဝန် ညွှန်ကြားချက်ရှိပါက ဘက်တီးရီးယားပိုးသတ် ဆပ်ပြာကို သုံးစွဲနိုင်သည်
- အရေပြား မှိုစွဲခြင်း (Fungal skin infections)
မုတ်သုံရာသီတွင် အဖြစ်အများဆုံး အရေပြားရောဂါများဖြစ်ပြီး နွေးထွေးစိုစွတ်သော ပတ်ဝန်းကျင်၌ ရှင်သန်ပေါက်ပွားသည့် dermatophyte မှိုအုပ်စုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ မှိုပိုးများသည် အရေပြား၊ ဆံပင်နှင့် လက်သည်းခြေသည်းများပေါ်တွင် သဘာဝအလျောက် ရှင်သန်နေထိုင်ကြသော်လည်း၊ ပတ်ဝန်းကျင် စိုထိုင်းဆ မြင့်မားလာပြီး ပူနွေးစိုစွတ်လာသောအခါ အဆမတန် ပွားများလာကြသည်။ ရောဂါပိုးရှိသူ၏ အရေပြားနှင့် တိုက်ရိုက်ထိတွေ့မိခြင်း သို့မဟုတ် အသုံးအဆောင် ပစ္စည်းများကို မျှဝေသုံးစွဲခြင်းတို့မှတစ်ဆင့် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည်။- သဲဝဲစားခြင်း (Athlete’s foot)
သဲဝဲစားခြင်း (ခြေထောက်မှိုစွဲခြင်း) သည် ခြေတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်ပွားနိုင်သည်။- အဖြစ်များသော လက္ခဏာများမှာ_
- ခြေချောင်းကြား အရေပြား အက်ကွဲခြင်း၊ အကြေးခွံဖြစ်ပြီး အဖတ်များကွာခြင်း
- ခြေအိတ်နှင့် ဖိနပ်ချွတ်ပြီးချိန်တွင် ပို၍ယားယံခြင်း
- အရေပြား အနီရဲရောင် သို့မဟုတ် မီးခိုးရောင်သန်းကာ ရောင်ရမ်းခြင်း
- ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် စူးရှနာကျင်ခြင်း
- အရည်ကြည်ဖုများ ထွက်ခြင်း
- ခြေဖဝါးနှင့် ခြေဘေးဘက်များ ခြောက်သွေ့ကာ အဖတ်ကွာခြင်း
- အထူးသဖြင့် ဆီးချိုဝေဒနာရှင်များတွင် မှိုစွဲခြင်းကြောင့် ခြေထောက်ပိုးဝင်ပါက ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်သဖြင့် အထူးသတိပြုရန် လိုအပ်သည်
- အဖြစ်များသော လက္ခဏာများမှာ_
- ပွေး (Ringworm)
- အဖြစ်များသော လက္ခဏာများမှာ_
- စက်ဝိုင်းပုံသဏ္ဌာန် သို့မဟုတ် ကွင်းပုံသဏ္ဌာန်ရှိပြီး ဘေးအနားသတ်များ ဝိုင်းဝန်း၍ ဖောင်းကြွနေသော အကြေးခွံများပါသည့် အပြားလိုက်အကွက်များ ဖြစ်ပေါ်လာခြင်း
- အရေပြား ယားယံခြင်း
- အဖြစ်များသော နေရာများ
- လက်မောင်း၊ လည်ပင်း၊ ပေါင်ခြံ၊ ဦးရေပြားနှင့် ခန္ဓာကိုယ်ရှိ အရေပြားတွန့်ခေါက်ရာနေရာများဖြစ်သည်
- ကိုယ်ခံအားနည်းခြင်း သို့မဟုတ် ပူနွေးစိုစွတ်သော ရာသီဥတုသည် မှိုပိုးဝင်နိုင်ခြေကို ပိုမိုမြင့်မားစေသည်
- အဖြစ်များသော လက္ခဏာများမှာ_
- မပြင်းထန်သော အရေပြားမှိုရောဂါများအား ကုသရန် ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်ပြီး ပြင်းထန်ပါက ၆ ပတ် မှ ၁၂ ပတ်အထိ ကုသမှုခံယူရန် လိုအပ်သည်
- ကာကွယ်ရန် နည်းလမ်းများ
- ရောဂါဖြစ်ပွားရာနေရာကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ
- ကုသမှုကာလတစ်လျှောက် မှိုသတ်ဆေး ခရင်မ် သို့မဟုတ် လိမ်းဆေးများ ပုံမှန်လိမ်းပါ
- ထိုနေရာကို မကိုင်တွယ်မိစေရန်ရှောင်ပြီး ကိုင်တွယ်မိပါကလည်း လက်ကို သေချာဆေးပါ
- ခြေအိတ်နှင့် အတွင်းခံများကို နေ့စဉ် သို့မဟုတ် စိုစွတ်ပါက ချက်ချင်းလဲပါ
- အားကစားလုပ်ပြီးနောက် ချက်ချင်းရေချိုးပြီး ခြေချောင်းကြားအပါအဝင် ခြောက်သွေ့အောင်သုတ်ပါ
- အများသုံးရေကူးကန်နှင့် ရေချိုးခန်းများတွင် ရေချိုးဖိနပ်စီးပါ
- တစ်ကိုယ်ရေသုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း ရှောင်ကြဉ်ပါ
- အဝတ်အထည်နှင့် အိပ်ရာခင်းများကို ရေပူ၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွပ်ပါ
- အိမ်မွေးတိရစ္ဆာန်များကို ပွေးကုသပေးပြီး ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ
- သဲဝဲစားခြင်း (Athlete’s foot)
- နှင်းခူရောဂါ (Eczema) နှင့် ဆိုရီယားစစ်ရောဂါ (Psoriasis)
မုတ်သုံစိုထိုင်းဆကြောင့် ထိခိုက်လွယ်သော အရေပြားတွင် နှင်းခူရောဂါ (eczema)၊ ဆိုရီယားစစ်ရောဂါ (psoriasis) နှင့် အရေပြားရောင်ရမ်းခြင်းများ ပိုမိုဆိုးရွားကာ နီရဲ၊ ခြောက်သွေ့၊ ယားယံ၊ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်သည်။ ထို့ပြင် မိုးကာအင်္ကျီကဲ့သို့သော အဝတ်အစားများနှင့် မကြာခဏ ထိတွေ့မိပါကလည်း ထိတွေ့မှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်း (Contact dermatitis) ဖြစ်ပွားနိုင်သည်။- ကာကွယ်ရန် နည်းလမ်းများ
- အနံ့မပါသော အစိုဓာတ်ထိန်းခရင်မ် သုံးပါ
- ပျော့ပျောင်းသော ချည်သားအဝတ်အစား ဝတ်ဆင်ပါ
- စိုစွတ်သော အဝတ်အစားများကို ချက်ချင်းလဲလှယ်ပါ
- လေဝင်လေထွက်ကောင်းသော မိုးကာအင်္ကျီ ဝတ်ပါ
- ပြင်းထန်သော ဆပ်ပြာနှင့် အဝတ်လျှော်ဆပ်ပြာများကို ရှောင်ပါ
- အသားအရေ ရေဓာတ်ပြည့်ဝအောင် ထိန်းသိမ်းပါ
- ကာကွယ်ရန် နည်းလမ်းများ
- ဝက်ခြံ (Acne)
မုတ်သုံရာသီကာလအတွင်း အဆီ၊ ချွေးနှင့် ဖုန်မှုန့်များကြောင့် ချွေးပေါက်များပိတ်ဆို့ကာ ဘက်တီးရီးယားများ ပေါက်ပွားနိုင်ပြီး၊ အဆီပြန်သော အသားအရေရှိသူများတွင် ဝက်ခြံထွက်ခြင်းပြဿနာ ပိုမိုပြင်းထန်လာနိုင်သည်။- ကာကွယ်ရန် နည်းလမ်းများ
- ပြင်းအားပျော့သော မျက်နှာသစ်ဆေးဖြင့် တစ်နေ့ နှစ်ကြိမ် မျက်နှာသစ်ပါ
- အဆီများသော ခရင်မ်နှင့် အလှကုန်များကို ရှောင်ပါ
- Non-comedogenic အစိုဓာတ်ထိန်းခရင်မ်နှင့် နေလောင်ကာခရင်မ်များ သုံးပါ
- ဝက်ခြံများကို ကိုင်ခြင်း သို့မဟုတ် ညှစ်ခြင်း မပြုလုပ်ပါနှင့်
- ကာကွယ်ရန် နည်းလမ်းများ
- ဦးရေပြားနှင့် ဆံကေသာ ပြဿနာများ
မြင့်တက်လာသော စိုထိုင်းဆ၊ ချွေးနှင့် ဆံသားစိုစွတ်မှုကြောင့် ဦးရေပြားတွင် ဗောက်ထခြင်း၊ ယားယံခြင်း၊ မှိုပိုးဝင်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ ဖြစ်ပွားနိုင်သည်။ မုတ်သုံရာသီတွင် ဆံသားသည် ရေမြှုပ်ကဲ့သို့ အစိုဓာတ်ကို စုပ်ယူနိုင်သောကြောင့် မည်မျှပင် ဆံပင်ကို ပြင်ဆင်ထားသည်ဖြစ်စေ ပြင်ပတွင် သွားလာလှုပ်ရှားပြီးချိန်၌ ဆံကေသာများ ဖွာလန်ပျက်စီးသွားသည့် ‘bad hair days’ ဟုခေါ်သော ဆံကေသာ ထိန်းသိမ်းရခက်ခဲသည့်ပြဿနာ ကြုံတွေ့ရခြင်းဖြစ်သည်။- မိုးရေများကို ဆေးကြောသန့်စင်ပါ – မိုးရေတွင် အက်ဆစ်နှင့် လေထုညစ်ညမ်းမှုများ ပါဝင်သဖြင့် မိုးရေစိုစွတ်ပါက ဦးရေပြားယားယံခြင်းမှ ကာကွယ်ရန် နေအိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင် ဆံကေသာကို ခေါင်းလျှော်ရည်အပျော့စားဖြင့် ချက်ချင်းဆေးကြောသန့်စင်ရမည်
- Malassezia မှိုကို ဖယ်ရှားရှင်းလင်းပါ – စိုထိုင်းဆကြောင့် ဗောက်နှင့် ဦးရေပြားရောင်ရမ်းမှုကို ဖြစ်စေသည့် Malassezia မှိုပေါက်ပွားမှု တားဆီးရန် ဆံပင်ဆီအပျစ်များကို ညအိပ်ရာဝင်သည်အထိ လိမ်းထားခြင်း ရှောင်ပါ၊ ဗောက်ထပါက ketoconazole သို့မဟုတ် zinc pyrithione ပါသော ခေါင်းလျှော်ရည် သုံးပါ
- Conditioner ကို စနစ်တကျအသုံးပြုပါ – စိုထိုင်းဆမြင့်မားမှုကြောင့် ဆံကေသာဖွာလန်ခြင်းမှ ကာကွယ်ရန် ဆံပင်အဖျားပိုင်းကို wash-off conditioner လိမ်းကျံပေးပြီး anti-frizz serum ကို အသုံးပြုရပါ
အရေပြားနှင့် ဆံပင်ထိခိုက်မှုကို ကာကွယ်ရန် အခြေခံနည်းလမ်းများ
| အမျိုးအစား | ပြုလုပ်ရန် (Dos) | ရှောင်ကြဉ်ရန် (Don’ts) |
|---|---|---|
| အထွေထွေ အရေပြားကျန်းမာရေး | ရေချိုးပြီးနောက် သို့မဟုတ် ချွေးထွက်ပြီးနောက် ခြေချောင်းကြား၊ ဂျိုင်းနှင့် အရေပြားခေါက်များကို ခြောက်သွေ့အောင် သုတ်ပါ ချောင်ချိ၍ လေဝင်လေထွက်ကောင်းသော ချည်သားအဝတ်အစားများကို ဝတ်ဆင်ပါ မိုးရေစိုပါက ရေချိုးပြီး ခြောက်သွေ့သော အဝတ်အစားများကို ချက်ချင်း လဲလှယ်ပါ ရေဓာတ်လုံလောက်စွာ သောက်သုံးပြီး သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို မျှတစွာ စားသုံးပါ မှိုကူးစက်မှုဖြစ်လွယ်ပါက လိုအပ်သည့်အခါ မှိုသတ်ဆေးပေါင်ဒါ (Antifungal powder) ကို အသုံးပြုပါ | စိုစွတ်သော အားကစားဝတ်စုံ၊ ခြေအိတ် သို့မဟုတ် ဂျင်းဘောင်းဘီများကို အချိန်ကြာမြင့်စွာ မဝတ်ထားပါနှင့် မျက်နှာသုတ်ပဝါ၊ ဖိနပ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို မျှဝေမသုံးစွဲပါနှင့် အရေပြားပြဿနာများကို မိမိသဘောအလျောက် ကြုံရာဆေးဝါးများဖြင့် မကုသပါနှင့် အချိန်ကြာမြင့်စွာ ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော အရေပြားပြောင်းလဲမှုများကို လျစ်လျူမရှုပါနှင့် |
| ချွေးပေါက်မပိတ်စေရန် ထိန်းသိမ်းခြင်း | ပေါ့ပါးသော ဂျယ်လ်အခြေခံ အစိုဓာတ်ထိန်းခရင်မ် သို့မဟုတ် Hyaluronic acid ပါဝင်သော ထုတ်ကုန်များကို အသုံးပြုပါ | ဆောင်းရာသီသုံး ခရင်မ်အပျစ်များ သို့မဟုတ် အဆီဓာတ်များသော ခရင်မ်များကို စိုထိုင်းဆမြင့်သော ရာသီတွင် ဆက်လက်အသုံးမပြုသင့်ပါ |
| ဦးရေပြားကျန်းမာရေး | ခေါင်းကို ပုံမှန်လျှော်ပြီး လိုအပ်ပါက ဗောက်ပျောက်ခေါင်းလျှော်ရည်ကို အသုံးပြုပါ | ဆံပင်တွင် ဆီအပျစ်များကို ညလုံးပေါက် မလိမ်းထားပါနှင့် |
| နေလောင်ကာခရင်မ် အသုံးပြုခြင်း | ရာသီဥတုမရွေး နံနက်တိုင်း Broad-spectrum sunscreen ကို လုံလောက်စွာ လိမ်းပါ တိမ်ထူသောနေ့များတွင်လည်း Sunscreen ကို ပုံမှန်လိမ်းပါ | မိုးရာသီ သို့မဟုတ် တိမ်ထူသောနေ့များတွင် Sunscreen မလိုအပ်ဟု မယူဆပါနှင့် |
| ဆဲလ်အသေများ ဖယ်ရှားခြင်း | Salicylic acid ကဲ့သို့ ညင်သာသော ဓာတုဆဲလ်သေဖယ်ရှားဆေး (Chemical exfoliant) များကို တစ်ပတ်လျှင် ၁–၂ ကြိမ်ခန့် အသုံးပြုပါ | ကြမ်းတမ်းသော မျက်နှာပွတ်ပစ္စည်းများ (Physical exfoliants) ဖြင့် အရေပြားကို အလွန်အကျွံ မပွတ်တိုက်ပါနှင့်၊ ၎င်းသည် အရေပြားအကာအကွယ်ကို ပျက်စီးစေပြီး ရောင်ရမ်းမှုနှင့် အဆီထွက်များခြင်းကို ဖြစ်စေနိုင်သည် |
ဆေးရုံ၊ ဆေးခန်းပြသရန်
အရေပြားပြဿနာများကို ဆေးဆိုင်မှ အလွယ်တကူဝယ်ယူနိုင်သော ဆေးဝါးများဖြင့် မိမိဘာသာ ကုသခြင်းသည် ရောဂါကို ပိုမိုဆိုးရွားစေနိုင်သဖြင့် အောက်ပါလက္ခဏာများရှိပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသ၍ စစ်ဆေးကုသမှု ခံယူသင့်သည်။
- စနစ်တကျ ကုသနေသော်လည်း အဖုအပိမ့်၊ ယားယံခြင်း သို့မဟုတ် အရေပြားပြောင်းလဲမှုများ မသက်သာဘဲ ပိုမိုဆိုးရွားလာခြင်း
- ပြည်တည်ခြင်း၊ အနံ့ဆိုးထွက်သော အရည်များ သို့မဟုတ် အရည်ကြည်ဖုများ ဖြစ်ပေါ်လာခြင်း
- နာကျင်ခြင်း၊ ဖျားခြင်းနှင့်အတူ နီရဲရောင်ရမ်းသော နေရာသည် လျင်မြန်စွာ ကျယ်ပြန့်လာခြင်း
- တစ်နေရာတည်းတွင် အရေပြားပိုးဝင်ခြင်း မကြာခဏ ပြန်လည်ဖြစ်ပွားခြင်း
References:
- Amrita Hospital. (n.d.). Monsoon skin care: Keep the gloom in the sky and the glow on your skin. Retrieved July 14, 2026, from https://www.amritahospitals.org/kochi/blog/monsoon-skin-care-keep-the-gloom-in-the-sky-and-the-glow-on-your-skin
- Cleveland Clinic. (n.d.). Ringworm. Retrieved July 14, 2026, from https://my.clevelandclinic.org/health/diseases/4560-ringworm
- Mayo Clinic. (n.d.). Athlete’s foot: Symptoms and causes. Retrieved July 14, 2026, from https://www.mayoclinic.org/diseases-conditions/athletes-foot/symptoms-causes/syc-20353841
- SCI Hospital. (n.d.). How does monsoon affect your skin? Retrieved July 14, 2026, from https://scihospital.com/article/how-does-monsoon-affect-your-skin
- Yashoda Hospitals. (n.d.). Top monsoon skin issues: Tips, prevention & treatment. Retrieved July 14, 2026, from https://www.yashodahospitals.com/blog/top-monsoon-skin-issues-tips-prevention-treatment/
Published: 29 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.