ကလေးများနှင့် ဆယ်ကျော်သက်အရွယ်သည် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ အလျင်အမြန် ပြောင်းလဲဖြစ်ပေါ်နေသော ကာလဖြစ်သည်။ ကလေးနှင့်ဆယ်ကျော်သက်များ၏ စိတ်ကျန်းမာရေးသည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကဲ့သို့ပင် အလွန်အရေးကြီးသည်။ ကလေးများသည် စိတ်ကျန်းမာရေး ကောင်းမွန်မှသာလျှင် ဘဝ၏စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ပြီး ပျော်ရွှင်အောင်မြင်သော လူကြီးများအဖြစ် ကြီးပြင်းလာနိုင်မည်ဖြစ်သည်။
- ကမ္ဘာတစ်ဝန်းရှိ အသက် (၁၀)နှစ် မှ (၁၉)နှစ်ကြား ဆယ်ကျော်သက် (၇) ဦးလျှင် (၁) ဦးသည် စိတ်ကျန်းမာရေး ပြဿနာတစ်မျိုးမျိုးကို ခံစားနေရသည်
- စိတ်ကျန်းမာရေး ပြဿနာအများစုသည် အသက် (၁၄) နှစ်မတိုင်မီတွင် စတင်ဖြစ်ပွားတတ်သော်လည်း အများစုမှာ သတိမထားမိဘဲ ကုသမှုမခံယူရဘဲ ရှိနေတတ်သည်
- စိတ်ပိုင်းဆိုင်ရာပြဿနာများကို အချိန်မီမကုသပါက ကလေး၏ ပညာရေး၊ လူမှုဆက်ဆံရေးနှင့် အနာဂတ်ဘဝကို ကြီးမားစွာ ထိခိုက်စေနိုင်သည်
- ကမ္ဘာတစ်ဝန်းရှိ အသက် (၁၅)နှစ် မှ (၁၉)နှစ်အရွယ် လူငယ်များ သေဆုံးရသည့်အကြောင်းရင်းများတွင် မိမိကိုယ်ကို အဆုံးစီရင်ခြင်း (Suicide) သည် စတုတ္ထမြောက် အဖြစ်အများဆုံးအကြောင်းရင်း ဖြစ်နေသည်။ ထို့ကြောင့် စိတ်ကျန်းမာရေးကို လျစ်လျူရှုထား၍ လုံးဝမရပါ။
ကလေးနှင့်ဆယ်ကျော်သက်များ၏ စိတ်ကျန်းမာရေးပြဿနာများသည် ကလေးက တမင်ခေါင်းမာခြင်း၊ ပုန်ကန်ခြင်း မဟုတ်ပါ။ မျိုးဗီဇပါလာခြင်း၊ ဦးနှောက်တွင်း ဇီဝဓာတုပစ္စည်းများ ပြောင်းလဲခြင်း (Brain chemistry)၊ ပြင်းထန်သော စိတ်ဒဏ်ရာရခြင်းနှင့် ပတ်ဝန်းကျင်မှ စိတ်ဖိစီးမှုများ စသည့်အကြောင်းရင်းများစွာ ပေါင်းစပ်ဖြစ်ပေါ်လာခြင်းသာဖြစ်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
- ဇီဝပိုင်းဆိုင်ရာ အကြောင်းရင်းများ
- မျိုးဗီဇ – မိသားစုဆွေမျိုးများတွင် စိတ်ကျန်းမာရေးပြဿနာ [ဥပမာ – စိတ်ကျရောဂါ (Depression)၊ စိုးရိမ်လွန်ကဲရောဂါ၊ ADHD] ရှိခဲ့လျှင် ကလေးငယ်တွင်လည်း ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသည်
- ဦးနှောက်တွင်း ဇီဝကမ္မဖြစ်စဉ်များ – ဦးနှောက်အတွင်းရှိ သတင်းပို့ပေးသော ဓာတုပစ္စည်းများ (Neurotransmitters) မညီမျှခြင်းသည် စိတ်ခံစားမှုနှင့် အပြုအမူများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်၊ ထို့အပြင် ဆယ်ကျော်သက်အရွယ်တွင် ဦးနှောက်သည် အပြည့်အဝ မဖွံ့ဖြိုးသေးသဖြင့် စိတ်ခံစားမှုကို ထိန်းချုပ်ရန် ခက်ခဲတတ်သည်
- ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ – ဦးခေါင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း၊ သန္ဓေသားကာလအတွင်း အာဟာရချို့တဲ့ခဲ့ခြင်း၊ အရက်၊ မူးယစ်ဆေး သုံးစွဲခဲ့ခြင်းနှင့် ပတ်ဝန်းကျင်ရှိ အဆိပ်အတောက်များ (ဥပမာ – ခဲဆိပ်သင့်ခြင်း) ကြောင့်လည်း ဖြစ်နိုင်သည်
- စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများ
- ပြင်းထန်သော စိတ်ဒဏ်ရာများ – ငယ်စဉ်က ကြုံတွေ့ရသော ပြင်းထန်သည့် မတော်တဆမှုများ၊ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် ချစ်ခင်ရသူတစ်ဦးဦး ရုတ်တရက်သေဆုံးသွားခြင်းစသည့် ကြီးမားသောဆုံးရှုံးမှုများ
- မိမိကိုယ်ကို တန်ဖိုးထားမှု နည်းပါးခြင်း – ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်း၊ စိတ်ခံစားချက်များကို မှန်ကန်စွာ မဖော်ပြတတ်ခြင်းနှင့် ပြဿနာများ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း အားနည်းခြင်း
- သင်ယူမှုဆိုင်ရာ အခက်အခဲများ – ကျောင်းစာများတွင် အခြားသူများကဲ့သို့ မလိုက်နိုင်သည့်အခါ စိုးရိမ်ပူပန်မှုနှင့် သိမ်ငယ်စိတ်များ ဝင်လာပြီး စိတ်ကျန်းမာရေးကို ထိခိုက်လာစေခြင်း
- လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းရင်းများ
- မိသားစု အခြေအနေ – အိမ်တွင်းအကြမ်းဖက်မှုများကို မျက်မြင်တွေ့ရှိရခြင်း၊ မိဘများ ကွာရှင်းပြတ်စဲခြင်း၊ ကလေးအား လျစ်လျူရှုထားခြင်းနှင့် ကိုယ်ထိလက်ရောက် ပြင်းထန်စွာ အပြစ်ပေးရိုက်နှက်ခြင်း
- ကျောင်းနှင့် သူငယ်ချင်း အသိုင်းအဝိုင်း – ကျောင်းတွင်သော်လည်းကောင်း၊ အွန်လိုင်းတွင်သော်လည်းကောင်း အနိုင်ကျင့်ခံရခြင်း၊ သူငယ်ချင်းများ၏ ဖိအားပေးမှုကို ခံရခြင်းနှင့် ခွဲခြားဆက်ဆံခံရခြင်း
- လူမှုရေးနှင့် စီးပွားရေး အခက်အခဲများ – ဆင်းရဲမွဲတေမှု၊ ဘေးကင်းလုံခြုံမှုမရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်း
ရောဂါလက္ခဏာများ
- စိတ်ခံစားမှုဆိုင်ရာပြဿနာများ
- စိုးရိမ်စိတ်လွန်ကဲသော ရောဂါများ (Anxiety Disorders)
ကလေးများသည် ကျောင်းကိစ္စ၊ သူငယ်ချင်းကိစ္စ သို့မဟုတ် နေ့စဉ်ဘဝကိစ္စရပ်များနှင့် ပတ်သက်၍ အလွန်အကျွံ ကြောက်ရွံ့ခြင်း သို့မဟုတ် စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။ အဆိုပါရောဂါများတွင်- အကြောင်းပြချက်မရှိတတ်ဘဲ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာဝေဒနာများ မကြာခဏပြခြင်း
- လူအများစုဝေးရာနေရာများကို ရှောင်ကြဉ်ခြင်း သို့မဟုတ် ကျောင်းသွားရန် ငြင်းဆန်ခြင်း
- စိုးရိမ်ပူပန်စိတ် များခြင်း
- အိပ်စက်ရန်ခက်ခဲခြင်း သို့မဟုတ် အိပ်မက်ဆိုးများ မကြာခဏမက်ခြင်း စသည့်လက္ခဏာများ တွေ့ရတတ်သည်
- စိတ်ကျရောဂါ (Depression)
ရက်သတ္တပတ် အတော်ကြာသည်အထိ ဝမ်းနည်းကြေကွဲနေပြီး ယခင်က စိတ်ဝင်စားခဲ့သောအရာများကို စိတ်မဝင်စားတော့သည့် အခြေအနေဖြစ်သည်။ ရောဂါလက္ခဏာများအနေနှင့်- အမြဲတမ်း မှိုင်တွေနေခြင်း သို့မဟုတ် အလွယ်တကူ ဒေါသထွက်ခြင်း
- မိမိကိုယ်ကို တန်ဖိုးမရှိဟု ခံစားရခြင်း သို့မဟုတ် အပြစ်ရှိသည်ဟု ခံစားနေရခြင်း
- မျှော်လင့်ချက် ကင်းမဲ့နေသကဲ့သို့ ခံစားနေရခြင်း
- အစားအသောက် စားသောက်မှုပုံစံ ပြောင်းလဲခြင်း (အလွန်အမင်းစားခြင်း သို့မဟုတ် အစားအလွန်နည်းသွားခြင်း)
- အိပ်ချိန်ပြောင်းလဲလာခြင်း (အလွန်အမင်းအိပ်ခြင်း သို့မဟုတ် အိပ်ချိန်သိသာစွာ နည်းသွားခြင်း)
- မိမိကိုယ်ကို နာကျင်အောင်/အနာတရဖြစ်အောင် တမင်ပြုလုပ်ခြင်း၊ မိမိကိုယ်ကို အန္တရာယ်ဖြစ်အောင် ပြုမူခြင်း
- မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း စသည်တို့ကို တွေ့ရတတ်သည်။
- စိုးရိမ်စိတ်လွန်ကဲသော ရောဂါများ (Anxiety Disorders)
- ဖွံ့ဖြိုးမှုနှင့် အပြုအမူပိုင်းဆိုင်ရာ ပြဿနာများ
- အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသောရောဂါ (Attention Deficit Hyperactivity Disorder – ADHD)
ယေဘုယျအားဖြင့်- အာရုံစူးစိုက်ရန် အလွန်ခက်ခဲပြီး စာသင်ခန်းထဲတွင် ငြိမ်ငြိမ်မနေနိုင်ခြင်း၊ အာရုံပျံ့လွင့် လွယ်လွန်းခြင်း
- အလုပ်တစ်ခုကို စတင်ရန်၊ အစီအစဉ်တကျ အဆင့်လိုက် လုပ်ဆောင်ရန်နှင့် အချိန်ကို စီမံခန့်ခွဲရန် အလွန်ခက်ခဲခြင်း
- အခြားသူများ စကားပြောနေစဉ် ဖြတ်ပြောတတ်ခြင်း၊ စိတ်လိုက်မာန်ပါ ပြုမူတတ်ခြင်း၊ စသည့်လက္ခဏာများ တွေ့ရတတ်သည်။
- အော်တစ်ဇင် (Autism Spectrum Disorder – ASD)
ယေဘုယျအားဖြင့်- အခြားသူများနှင့် ဆက်သွယ်ပြောဆိုရန်နှင့် ပေါင်းသင်းဆက်ဆံရန် ခက်ခဲခြင်း
- မျက်လုံးချင်းဆုံရန် ရှောင်ကြဉ်ခြင်းနှင့် ထပ်တလဲလဲ ပြုလုပ်သော အပြုအမူများရှိခြင်း
- အသံကျယ်များ၊ အလင်းရောင်စူးစူးများ၊ လူထူထပ်မှုများနှင့် အဝတ်အစားအသစ်များကို အလွန်အမင်း တုံ့ပြန်တတ်ခြင်း (ဥပမာ – အသံကျယ်ကျယ်ကြားလျှင် နားကိုတင်းကျပ်စွာ ပိတ်ထားခြင်း)
- နာကျင်မှုကို တုံ့ပြန်မှုနည်းပါးခြင်း စသည့်လက္ခဏာများ တွေ့ရတတ်သည်
- အပြုအမူပိုင်းဆိုင်ရာ သွေဖီသောရောဂါ (Conduct Disorder)
ဤရောဂါတွင်- လူကြီးများ၏ စည်းမျဉ်းများကို ရည်ရွယ်ချက်ရှိရှိ ဆန့်ကျင်ခြင်း
- အခြားသူများ သို့မဟုတ် တိရစ္ဆာန်များအပေါ် အကြမ်းဖက်ခြင်း၊ အနိုင်ကျင့်ခြင်း
- ပစ္စည်းများကို တမင်ဖျက်ဆီးခြင်း သို့မဟုတ် ခိုးယူတတ်ခြင်း
- လိမ်ညာခြင်း စသည့်လက္ခဏာများ တွေ့ရတတ်သည်။
- အာရုံစူးစိုက်မှုနည်း၍ တက်ကြွမှုလွန်ကဲသောရောဂါ (Attention Deficit Hyperactivity Disorder – ADHD)
သတိထားရမည့် အရေးကြီးလက္ခဏာများ
ဆယ်ကျော်သက်အရွယ်တွင် စိတ်ခံစားမှု ပြောင်းလဲခြင်းသည် ပုံမှန်ဖြစ်သော်လည်း အောက်ပါလက္ခဏာများ တွေ့ရှိပါက မိဘများအနေဖြင့် အထူးသတိပြုရန် လိုအပ်သည်။
| ပုံမှန် ဆယ်ကျော်သက် အပြုအမူ | သတိထားရမည့် စိတ်ကျန်းမာရေး လက္ခဏာများ |
|---|---|
| ရံဖန်ရံခါ စိတ်ကောက်ခြင်း၊ ငြင်းခုံခြင်း | ရက်သတ္တပတ်များစွာ ဆက်တိုက် ဒေါသကြီးနေခြင်း၊ ရန်လိုနေခြင်း |
| မိသားစုထက် သူငယ်ချင်းများနှင့် ပိုနေလိုခြင်း | မိသားစုရော သူငယ်ချင်းများကိုပါ ရှောင်ဖယ်ပြီး အခန်းအောင်းနေခြင်း |
| စာမေးပွဲကာလတွင် အမှတ်အနည်းငယ် ကျခြင်း | ကျောင်းစာများကို လုံးဝစိတ်မဝင်စားတော့ဘဲ အမှတ်များ သိသိသာသာ ကျဆင်းသွားခြင်း |
| အစားအသောက် ရွေးချယ်မှု ပြောင်းလဲလာခြင်း | ကိုယ်အလေးချိန် ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း သို့မဟုတ် တက်လာခြင်း |
| အပြုအမူ ပြောင်းလဲမှုကြောင့် နေ့စဉ်ဘဝကို သိသာသောထိခိုက်မှု မရှိခြင်း | နေ့စဉ်ဘဝ၊ ကျောင်းစာ၊ သူငယ်ချင်းများနှင့် ပေါင်းသင်းမှု စသည်တို့ကို ထိခိုက်လာခြင်း |
နောက်ဆက်တွဲပြဿနာများ
စိတ်ကျန်းမာရေးပြဿနာများကို သတိမမူမိဘဲ အချိန်မီ မကုသပါက ကြီးမားသော ရေရှည်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။
- ပညာရေး ထိခိုက်ခြင်း – ကျောင်းစာများတွင် မလိုက်နိုင်တော့ခြင်း၊ ကျောင်းပြေးခြင်းနှင့် နောက်ဆုံးတွင် ကျောင်းထွက်ရသည့်အထိ ဖြစ်နိုင်သည်
- မူးယစ်ဆေးနှင့် အရက်သုံးစွဲမှု – စိတ်ဖိစီးမှုနှင့် စိတ်ကျဝေဒနာများကို ဖြေဖျောက်ရန် ဆယ်ကျော်သက်များအကြား အရက်၊ ဆေးလိပ်နှင့် မူးယစ်ဆေးဝါးများ မှားယွင်းစွာ သုံးစွဲမိတတ်သည်
- ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆိုးရွားလာခြင်း – အထူးသဖြင့် အစားအသောက်ပုံမမှန်သော ရောဂါများတွင် အာဟာရချို့တဲ့ခြင်း၊ နှလုံးနှင့် အစာအိမ်ရောဂါများဖြစ်ခြင်းစသည့် အသက်အန္တရာယ်ရှိသော အခြေအနေများအထိ ဖြစ်နိုင်သည်
- အဆိုးရွားဆုံး အန္တရာယ် – အချိန်ကြာမြင့်စွာ စိတ်ကျရောဂါ ခံစားရပါက မိမိကိုယ်ကို အန္တရာယ်ပြုခြင်း သို့မဟုတ် မိမိကိုယ်ကို အဆုံးစီရင်ခြင်းအထိ ဝမ်းနည်းဖွယ်ရာ အဆုံးသတ်သွားနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ကလေးနှင့်ဆယ်ကျော်သက်တိုင်း စိတ်ကောက်တတ်၊ ဝမ်းနည်းတတ်ကြသော်လည်း အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက ကျွမ်းကျင်သူနှင့် အမြန်ဆုံး ပြသရမည်။
- လက္ခဏာများသည် ရက်သတ္တပတ် ၂ ပတ်နှင့်အထက် ဆက်တိုက်ဖြစ်နေခြင်း
- ကလေး၏ နေ့စဉ်ဘဝ (အိပ်စက်ခြင်း၊ စားသောက်ခြင်း၊ ကျောင်းတက်ခြင်းနှင့် သူငယ်ချင်းများနှင့် ဆက်ဆံရေး) ကို သိသိသာသာ အနှောင့်အယှက် ဖြစ်လာခြင်း
အရေးပေါ် အခြေအနေ – မိမိကိုယ်ကို သတ်သေချင်ကြောင်း ပြောဆိုခြင်း၊ ကြိုးစားခြင်း သို့မဟုတ် အခြားသူများကို ပြင်းထန်စွာ ရန်မူထိခိုက်စေခြင်းများ တွေ့ရပါက ချက်ချင်း ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ရမည်။
ရောဂါရှာဖွေခြင်း
စိတ်ကျန်းမာရေး ပြဿနာများကို သွေးဖောက်စစ်ဆေးခြင်း သို့မဟုတ် ဓာတ်မှန်ရိုက်ခြင်းဖြင့် တိုက်ရိုက်သိရှိနိုင်ခြင်း မရှိပါ။ ရောဂါရှာဖွေရာတွင် အောက်ပါအချက်များ ပါဝင်သည်။
- အသေးစိတ် မေးမြန်းခြင်း – အထူးကုဆရာဝန် သို့မဟုတ် စိတ်ပညာရှင်က မိဘ၊ အုပ်ထိန်းသူနှင့် ကလေးကို ရောဂါရာဇဝင်၊ အပြုအမူများနှင့် စိတ်ခံစားချက်များအကြောင်း အသေးစိတ် မေးမြန်းဆွေးနွေးမည်
- စစ်တမ်းများ အသုံးပြုခြင်း – ကျောင်းနှင့်အိမ်တွင် တွေ့ရသော အပြုအမူများအကြောင်းကို ဆရာ၊ ဆရာမများနှင့် မိဘများအား စံသတ်မှတ်ထားသောမေးခွန်းများ ဖြေဆိုစေခြင်းဖြင့် အကဲဖြတ်မည်
- ခန္ဓာကိုယ် ကျန်းမာရေး စစ်ဆေးခြင်း – လည်ပင်းကြီးဟော်မုန်းမမျှတခြင်း (Thyroid problems)၊ ပဋိပစ္စည်းများကြောင့် ဦးနှောက်ရောင်ရမ်းခြင်း (ဥပမာ – Anti-NMDA Receptor Encephalitis ကဲ့သို့သော ခုခံအားစနစ်ဖောက်ပြန်ပြီး ဦးနှောက်ရောင်သည့်ရောဂါ)၊ ဗီတာမင်ချို့တဲ့ခြင်း၊ အတက်ရောဂါ (Epilepsy) သို့မဟုတ် ဦးနှောက်အကျိတ် (Brain tumor) ကဲ့သို့သော ခန္ဓာကိုယ် ရောဂါများကြောင့် စိတ်ခံစားမှုနှင့် အပြုအမူများ ရုတ်တရက်ပြောင်းလဲနေခြင်း ဟုတ်မဟုတ်ကို သေချာစေရန် သွေးဖောက်စစ်ဆေးခြင်းနှင့် ဦးနှောက်ပုံရိပ်ဖော်စစ်ဆေးခြင်း (MRI/CT Scan) တို့ကို လိုအပ်ပါက ပြုလုပ်မည်။ အထူးသဖြင့် ရုတ်တရက် သို့မဟုတ် ရေတိုဖြစ်ပေါ်လာသော စိတ်ကျန်းမာရေးပြဿနာများအတွက် စဉ်းစားလေ့ရှိသည်။
ကုသခြင်း
- စိတ်ပိုင်းဆိုင်ရာ ရှေးဦးကုသခြင်း
ကလေးတစ်ယောက် ပြင်းထန်စွာ စိတ်ထိခိုက်နေချိန်၊ စိုးရိမ်ပူပန်မှုလွန်ကဲပြီး အသက်ရှူမြန်နေချိန် (Panic attack) များတွင် မိဘများအနေဖြင့် ပထမဆုံး လုပ်ဆောင်ရမည့်အချက်များမှာ_- ဘေးကင်းအောင် ထားပါ – ကလေးကို အေးချမ်းတိတ်ဆိတ်ပြီး လုံခြုံသောနေရာသို့ ခေါ်သွားပါ
- စိတ်ငြိမ်အောင် ကူညီပါ – ကလေးနှင့်အတူ အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ် လုပ်ပေးပါ (အသက်ကို အလျင်စလိုမရှူဘဲ ဖြည်းဖြည်းနှင့် နက်နက်ရှူခြင်းသည် စိတ်ကို ချက်ချင်းငြိမ်ကျစေရန် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်)
- ဝေဖန်မှုမပါဘဲ နားထောင်ပါ – “ဒီလောက်လေးကို ဘာဖြစ်နေတာလဲ” ဟု အပြစ်မတင်ဘဲ ကလေး၏ ခံစားချက်ကို လက်ခံပေးပါ
- ရေရှည်ကုသမှုနည်းလမ်းများ
- စကားပြောဆွေးနွေး ကုသခြင်း (Psychotherapy / CBT) – ကလေးအား မိမိ၏ အဆိုးမြင်စိတ်များနှင့် ပြဿနာများကို မည်သို့ ရင်ဆိုင်ဖြေရှင်းရမည်ကို သင်ကြားပေးခြင်း
- မိဘများအား လေ့ကျင့်ပေးခြင်း – အထူးသဖြင့် ADHD နှင့် Autism ကလေးများအတွက် မိဘကိုယ်တိုင်က ကလေးကို မည်သို့ပြုစုပျိုးထောင်ရမည်ကို သင်တန်းတက်ရောက် လေ့လာခြင်း
- ဆေးဝါးကုသခြင်း – လိုအပ်မှသာလျှင် အထူးကုဆရာဝန်ကြီးများ၏ သေချာစွာ ကြီးကြပ်မှုဖြင့် အသုံးပြုခြင်း
ကာကွယ်ခြင်း
မျိုးဗီဇကဲ့သို့သော အကြောင်းရင်းများကို မတားဆီးနိုင်သော်လည်း၊ ကလေး၏ စိတ်ခံစားမှု ခိုင်မာအားကောင်းစေရန် အောက်ပါနည်းလမ်းများဖြင့် တည်ဆောက်ပေး၍ ကြိုတင်ကာကွယ်နိုင်သည်။
- နွေးထွေးသော မိသားစု ပတ်ဝန်းကျင် တည်ဆောက်ပါ
- ကလေးနှင့် နေ့စဉ် အချိန်ပေး၍ စကားပြောပါ
- ကလေး၏ စကားကို အလေးအနက်ထား နားထောင်ပေးခြင်းသည် အကောင်းဆုံး ကြိုတင်ကာကွယ်ခြင်းဖြစ်သည်
- ကလေး၏ ကောင်းမွန်သော အပြုအမူများကို အသိအမှတ်ပြု ချီးကျူးပေးပါ
- ရိုက်နှက်ခြင်း၊ ဆဲဆိုခြင်းကဲ့သို့သော ပြင်းထန်သည့် အပြစ်ပေးနည်းများကို ရှောင်ကြဉ်ပါ
- ကျန်းမာသော လူနေမှုပုံစံကို ပျိုးထောင်ပါ
- လုံလောက်စွာ အိပ်စက်ခြင်း (ညဘက်အိပ်ချိန် ၈နာရီ မှ ၁၀နာရီအထိရှိရန်)၊ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ရန် အားပေးပါ
- Screen Time ကန့်သတ်ပါ
- ဖုန်း၊ ဂိမ်းနှင့် ဆိုရှယ်မီဒီယာ အလွန်အကျွံ သုံးစွဲခြင်းသည် ကလေးများ၏ အိပ်စက်ခြင်းနှင့် စိတ်ကျန်းမာရေးကို များစွာထိခိုက်စေသဖြင့် စည်းကမ်းချက်များ သတ်မှတ်ထားပါ
- စိတ်ဖိစီးမှု ဖြေလျှော့နည်းများ သင်ပေးပါ
- အသက်ပြင်းပြင်းရှူခြင်း၊ ကိုယ်လက်လှုပ်ရှား ကစားခြင်း၊ သီချင်းနားထောင်ခြင်း သို့မဟုတ် ပန်းချီဆွဲခြင်းစသည့် ကျန်းမာစေသော စိတ်ထွက်ပေါက်များကို ငယ်စဉ်ကတည်းက သင်ကြားပေးထားပါ
- ကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ပါ
- ဆရာ၊ ဆရာမများနှင့် အမြဲအဆက်အသွယ်လုပ်ပြီး ကလေး၏ ကျောင်းတွင်း အပြုအမူများကို စောင့်ကြည့်ပါ၊ ကျောင်းတွင် အနိုင်ကျင့်ခံရခြင်း ရှိမရှိကို ဂရုတစိုက် လေ့လာပါ။
References:
- American Academy of Child and Adolescent Psychiatry. (n.d.). Children of parents with mental illness. Facts for Families. Retrieved July 6, 2026, from https://www.aacap.org/AACAP/Families_and_Youth/Facts_for_Families/FFF-Guide/Children-Of-Parents-With-Mental-Illness-039.aspx
- Mayo Clinic. (n.d.). Mental illness in children: Know the signs. Retrieved July 6, 2026, from https://www.mayoclinic.org/healthy-lifestyle/childrens-health/in-depth/mental-illness-in-children/art-20046577
- WebMD. (n.d.). Mental illness in children. Retrieved July 6, 2026, from https://www.webmd.com/mental-health/mental-illness-children
- World Health Organization. (2016). mhGAP intervention guide for mental, neurological and substance use disorders in non-specialized health settings: Version 2.0. Retrieved July 6, 2026, from https://www.who.int/publications/i/item/9789241549790
- World Health Organization. (n.d.). Child and adolescent mental health. Retrieved July 6, 2026, from https://www.who.int/news-room/fact-sheets/detail/adolescent-mental-health
Published: 22 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.