မေးခိုင်ရောဂါ (Tetanus) သည် Clostridium tetani ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော အသက်အန္တရာယ်ရှိသည့် ရောဂါတစ်ခုဖြစ်ပြီး၊ အထူးသဖြင့် ထိခိုက်ဒဏ်ရာများမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ ထို့ကြောင့် မည်သည့်ဒဏ်ရာမျိုးမဆို ဖြစ်ပေါ်လာပါက ၎င်း၏သဘာဝကို အကဲဖြတ်ပြီး မေးခိုင်ရောဂါပိုး ဝင်ရောက်နိုင်ခြေရှိမရှိ ဆန်းစစ်ခြင်း၊ ဒဏ်ရာကို စနစ်တကျ ပြုစုသန့်စင်ခြင်းနှင့် လိုအပ်ပါက ကာကွယ်ဆေး သို့မဟုတ် အင်မြူနိုဂလိုဗျူလင် (TIG) ကို အချိန်မီထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်သည်။
မေးခိုင်ရောဂါပိုး ဝင်နိုင်ခြေရှိသော ထိခိုက်ဒဏ်ရာများ
ခွဲစိတ်ဒဏ်ရာကဲ့သို့ သန့်ရှင်းပြီး သေးငယ်သော ပြတ်ရှဒဏ်ရာများ (Clean, minor cuts) မှလွဲ၍ အခြားမည်သည့်ဒဏ်ရာမဆို မေးခိုင်ရောဂါပိုး ဝင်နိုင်ခြေရှိသော ထိခိုက်ဒဏ်ရာဖြစ်နိုင်သည်။ မေးခိုင်ရောဂါသည် သာမန်မျှသာ ထင်ရသော ဒဏ်ရာမျိုးမှလည်း ဖြစ်ပွားနိုင်ပြီး၊ တစ်ခါတစ်ရံ သိသာထင်ရှားသော ဒဏ်ရာလက္ခဏာ တစ်စုံတစ်ရာမရှိဘဲလည်း ဖြစ်ပွားနိုင်သည်။
အောက်ပါဒဏ်ရာအမျိုးအစားများသည် မေးခိုင်ရောဂါပိုး ပေါက်ဖွားမှုကို ပိုမိုအားပေးနိုင်သည်။
- အရေပြားပေါက်ပြဲခြင်းနှင့်အတူ တွဲလျက်ရှိသော အရိုးကျိုးဒဏ်ရာများ (Compound fractures)
- တိရစ္ဆာန် သို့မဟုတ် လူ ကိုက်သောဒဏ်ရာများ (Bite wounds)၊ တံတွေးများနှင့် ထိတွေ့သော ဒဏ်ရာများ
- နက်ရှိုင်းစွာ ထိုးဖောက်ဝင်သွားသော ဒဏ်ရာများ သို့မဟုတ် စူးဝင်ဒဏ်ရာများ (Deep penetrating or puncture wounds)
- ပြင်ပမှ ဖုန်၊ သဲ၊ အညစ်အကြေး သို့မဟုတ် အပိုင်းအစများ ကပ်ငြိဝင်ရောက်နေသော ဒဏ်ရာများ (အထူးသဖြင့် သစ်သားစူးခြင်း)
- ပြည်တည်နာ သို့မဟုတ် ပိုးဝင်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာရှိနေသော ဒဏ်ရာများ (Wounds complicated by pyogenic infections)
- တစ်ရှူးများ အပြင်းအထန် ပျက်စီးသွားသော ဒဏ်ရာများ
- တစ်ရှူးသေများ ပါဝင်သော ဒဏ်ရာများ
- မီးလောင်ဒဏ်ရာများ (Burns)
- အရေပြားပေါက်ပြဲသွားသော အရိုးကျိုးဒဏ်ရာများ (Compound fractures)
- ဖိညှပ်မိသော ဒဏ်ရာများ (Crush injuries)
- အလွန်အမင်းအေး၍ တစ်ရှူးများ ပျက်စီးခြင်း (Frostbite)
- ပုပ်ပွနေသော သို့မဟုတ် တစ်ရှူးသေနေသော ဒဏ်ရာများ (Necrotic or gangrenous wounds)
- မြေကြီး၊ ဖုန်မှုန့် သို့မဟုတ် မြင်းချေး စသည်တို့နှင့် သိသိသာသာ ပေကျံညစ်ပတ်ထားသော အပေါ်ယံဒဏ်ရာများ (အထူးသဖြင့် ဒဏ်ရာရပြီးနောက် ၄ နာရီကျော်သည်အထိ ပိုးသတ်ဆေးဖြင့် သန့်စင်ပေးရန် နောက်ကျသွားသော ဒဏ်ရာများ)
- ကျွတ်ထွက်သွားသော သွားကို မူလနေရာသို့ ပြန်လည်စိုက်သွင်းခြင်း (အကြောင်းမှာ သွားပြန်လည် အောင်မြင်စွာ ကပ်နိုင်ခြေရှိစေရန် သွားကို ရေဆေးသန့်စင်ခြင်း အနည်းငယ်သာ ပြုလုပ်လေ့ရှိသောကြောင့်ဖြစ်သည်)
- မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းသူများတွင် အရေပြားအောက် သို့မဟုတ် အရေပြားထဲသို့ ဆေးထိုးသွင်းခြင်းများ (Depot injections)
ဒဏ်ရာအခြေအနေအကဲဖြတ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း
ဒဏ်ရာပြုစုစောင့်ရှောက်မှုတွင် အောက်ပါတို့ပါဝင်သည်။
- ဒဏ်ရာအမျိုးအစားကို အကဲဖြတ်ပြီး သင့်လျော်သော ဒဏ်ရာပြုစုစောင့်ရှောက်မှုကို ပေးခြင်း
- ပိုးဝင်သည့် လက္ခဏာများ ရှိမရှိ စောင့်ကြည့်ခြင်း၍ ပိုးဝင်နိုင်သော ဒဏ်ရာများကို စနစ်တကျ ကုသခြင်း
- မေးခိုင်ကာကွယ်ဆေး (Tetanus vaccine) ထိုးရန် လိုအပ်ချက် ရှိမရှိ အကဲဖြတ်ပြီး လိုအပ်ပါက ကာကွယ်ဆေးထိုးပေးရန် ဆုံးဖြတ်ခြင်း
- မေးခိုင်ရောဂါအတွက် အင်မြူနိုဂလိုဗျူလင် (Tetanus Immune Globulin – TIG) ပေးရန် လိုအပ်ချက် ရှိမရှိ အကဲဖြတ်ပြီး လိုအပ်ပါက ပေးခြင်း
ဒဏ်ရာအမျိုးအစား အကဲဖြတ်ခြင်း (Wound Assessment)
ဒဏ်ရာများကို ၎င်းတို့၏ မေးခိုင်ပိုး ကူးစက်နိုင်ခြေအန္တရာယ် (Tetanus exposure risk) ပေါ်မူတည်၍ အမျိုးအစား ခွဲခြားနိုင်သည်။
- သန့်ရှင်းပြီး သေးငယ်သောဒဏ်ရာများ (Clean and minor wounds) – အန္တရာယ်နည်းပြီး မေးခိုင်ရောဂါဖြစ်ပွားနိုင်ခြေ နည်းသည်
- မသန့်ရှင်းသော သို့မဟုတ် ကြီးမားသောဒဏ်ရာများ (Dirty or major wounds) – မေးခိုင်ရောဂါဖြစ်ပွားရန် အန္တရာယ်မြင့်မားသည် (ဥပမာ_ဆဲလ်အသေ၊ တစ်ရှူးအသေများ ပါဝင်သော ဒဏ်ရာများသည် မေးခိုင်ရောဂါ ဘက်တီးရီးယားပိုးများ ပွားများရန် အခြေအနေကောင်း ဖြစ်စေသည်)
ဒဏ်ရာပြုစုစောင့်ရှောက်ခြင်း အဆင့်ဆင့် (Wound Care)
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများအနေဖြင့် ဒဏ်ရာပိုးဝင်ခြင်းကို ကာကွယ်ရန်၊ အနာကျက်ခြင်း ကောင်းမွန်စေရန် အောက်ပါနည်းလမ်းများကို ပြုလုပ်နိုင်သည်။
- သွေးတိတ်အောင်လုပ်ပါ (Control Bleeding)
- သွေးတိတ်သွားသည်အထိ သန့်ရှင်းသောအဝတ်၊ ပိုးသတ်ထားသော ဂွမ်း၊ ပတ်တီးစ သို့မဟုတ် လက်ကို အသုံးပြု၍ ဒဏ်ရာပေါ်သို့ ခပ်ပြင်းပြင်း တိုက်ရိုက်ဖိပေးထားပါ
- ဖြစ်နိုင်လျှင် ဒဏ်ရာရထားသော ခန္ဓာကိုယ်အစိတ်အပိုင်းကို အထက်သို့ မြှင့်တင်ပေးထားပါ
- လက်ကို သန့်ရှင်းအောင်ဆေးကြောပါ (Clean Hands)
- ဒဏ်ရာကို မထိတွေ့မီ သို့မဟုတ် ပတ်တီးမလဲမီ လက်ကို ဆပ်ပြာနှင့်ရေဖြင့် စင်ကြယ်စွာ ဆေးကြောပါ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည် (Hand sanitizer) ကို အသုံးပြုပါ
- ဒဏ်ရာကို ရေဆေးပြီး သန့်စင်ပါ (Wash and Irrigate the Wound)
- ဒဏ်ရာကို သန့်ရှင်း၍ စီးဆင်းနေသော ရေပိုက်ရေ သို့မဟုတ် ပိုးသတ်ထားသော ဆားရည် (Sterile saline) ဖြင့် ဆေးချပါ
- ဒဏ်ရာဘေးပတ်ပတ်လည်ကို နူးညံ့သော ဆပ်ပြာနှင့် ရေကိုသုံး၍ အသာအယာ သန့်စင်ပေးပါ
- ပွင့်နေသော ဒဏ်ရာအထဲသို့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် (Hydrogen peroxide) သို့မဟုတ် အိုင်အိုဒင်း (Iodine) ကဲ့သို့ ပြင်းထန်သော ဓာတုပစ္စည်းများ ထည့်ခြင်းမှ ရှောင်ကြဉ်ပါ
- အကြောင်းမှာ ၎င်းတို့သည် ကောင်းမွန်သော ဆဲလ်တစ်ရှူးများကို ပျက်စီးစေနိုင်သောကြောင့်ဖြစ်သည်
- အမှိုက် သို့မဟုတ် ဖုန်မှုန့်များကို ဖယ်ရှားပါ (Remove Debris)
- ဖုန် သို့မဟုတ် အမှိုက်များ ရှိမရှိ သေချာစွာ စစ်ဆေးပါ
- မျက်စိဖြင့် မြင်နေရသော ပြင်ပပစ္စည်းများ (Foreign bodies) ကို အယ်လ်ကိုဟောဖြင့် သန့်စင်ထားသော ဇာဂနာကို အသုံးပြု၍ အသာအယာ ဆွဲထုတ်ပါ
- အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေသော အရာဝတ္ထုများကို ကိုယ်တိုင်ထုတ်ရန် မကြိုးစားပါနှင့်၊ ဆေးကုသမှု ချက်ချင်းခံယူပါ
- ပိုးသတ်ဆေးအာနိသင်ရှိသော လိမ်းဆေးလိမ်းပါ (Apply Ointment)
- ဒဏ်ရာမျက်နှာပြင်ကို စိုစွတ်နေစေရန်၊ အမာရွတ်မထင်စေရန်နှင့် ပိုးဝင်ခြင်းမှ ကာကွယ်ရန်အတွက် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူနိုင်သော (OTC) ပိုးသတ်လိမ်းဆေး ကရင်မ် သို့မဟုတ် ဆီမွှေးကို အလွှာပါးပါး လိမ်းပေးပါ
- ပတ်တီးစည်းပါ (Apply a Dressing)
- ဒဏ်ရာကို ပိုးသတ်ထားပြီး အသားနှင့် ကပ်မနေစေမည့် ပတ်တီး သို့မဟုတ် ဂွမ်းစဖြင့် ဖုံးအုပ်ပေးပါ
- ၎င်းသည် ထိခိုက်လွယ်သော တစ်ရှူးများကို ဘက်တီးရီးယားများနှင့် ပြင်ပ ပစ္စည်းများရန်မှ ကာကွယ်ပေးသည်
- ဒဏ်ရာကို ပုံမှန်စောင့်ကြည့်ပြီး ပတ်တီးလဲပေးပါ (Monitor and Change the Dressing)
- ပတ်တီးကို အနည်းဆုံး တစ်နေ့ တစ်ကြိမ် လဲလှယ်ပေးပါ သို့မဟုတ် ပတ်တီးသည် စိုစွတ်လာလျှင်၊ ညစ်ပတ်သွားလျှင် သို့မဟုတ် သွေး၊ ပြည်နှင့် အရည်ကြည်များ စိုလာလျှင် ချက်ချင်းလဲပေးပါ
မေးခိုင်ကာကွယ်ဆေးထိုးရန် လိုမလို ဆုံးဖြတ်ခြင်း
ကာကွယ်ဆေးထိုးရန် မလိုအပ်သော အခြေအနေ (Vaccination not recommended)
ဒဏ်ရာအမျိုးအစား မည်သို့ပင်ရှိစေကာမူ လူနာသည် အောက်ပါအချက် (၂) ချက်လုံးနှင့် ကိုက်ညီပါက မေးခိုင်ကာကွယ်ဆေး ထိုးရန်မလိုပါ။
- နောက်ဆုံး မေးခိုင်ကာကွယ်ဆေး ထိုးထားသည်မှာ ၅ နှစ်ထက် မကျော်သေးသူများ
- မေးခိုင်ကာကွယ်ဆေး အခြေခံထိုးနှံရမည့် အကြိမ်ရေ (Primary series) သုံးကြိမ် အပြည့်အဝ ထိုးနှံထားပြီးသူများ
ကာကွယ်ဆေးထိုးရန် လိုအပ်သောအခြေအနေ (Vaccination recommended)
- ဒဏ်ရာအားလုံးအတွက်
- ကာကွယ်ဆေးထိုးခဲ့သည့် ရာဇဝင်ကို အတိအကျမသိရှိရသူများ
- ကာကွယ်ဆေး လုံးဝမထိုးဖူးသူများ
- မေးခိုင်ကာကွယ်ဆေး အခြေခံထိုးနှံရမည့် အကြိမ်ရေ အပြည့်အဝ မထိုးရသေးသူများ
- သန့်ရှင်းပြီး သေးငယ်သောဒဏ်ရာများအတွက်
- မေးခိုင်ကာကွယ်ဆေး အခြေခံထိုးနှံရမည့် အကြိမ်ရေ သုံးကြိမ် အပြည့်ထိုးထားသော်လည်း နောက်ဆုံးထိုးခဲ့သည့်အချိန်မှာ ၁၀ နှစ် သို့မဟုတ် ၁၀ နှစ်အထက် ကျော်လွန်နေသူများ
- မသန့်ရှင်းသော၊ ကြီးမားသောဒဏ်ရာများအတွက်
- မေးခိုင်ကာကွယ်ဆေး အခြေခံထိုးနှံရမည့် အကြိမ်ရေ သုံးကြိမ် အပြည့်ထိုးထားသော်လည်း နောက်ဆုံးထိုးခဲ့သည့်အချိန်မှာ ၅ နှစ် သို့မဟုတ် ၅ နှစ်ထက် ကျော်လွန်နေသူများ
အင်မြူနိုဂလိုဗျူလင် (Tetanus Immune Globulin – TIG) ပေးရန်လိုမလို ဆုံးဖြတ်ခြင်း
အင်မြူနိုဂလိုဗျူလင် TIG တွင် မေးခိုင်အဆိပ်အတောက်ကို ဆန့်ကျင်သော ပဋိပစ္စည်းများ (Antibodies) ပါဝင်ပြီး အဆိပ်ဖြေဆေး (Antitoxin) အဖြစ် လုပ်ဆောင်သည်။ TIG သည် ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသော မေးခိုင်ဘက်တီးရီးယားပိုးများမှ ထုတ်သော အဆိပ်အတောက်များကို တိုက်ရိုက်ဖမ်းယူပြီး အာနိသင်ပျယ်စေခြင်းဖြင့် မေးခိုင်ရောဂါကို ယာယီကာကွယ်ပေးနိုင်သည်။ သို့သော် အာရုံကြောဆဲလ်များတွင် ပေါင်းစပ်သွားပြီးဖြစ်သော မေးခိုင်အဆိပ်အတောက်များကိုမူ TIG က အာနိသင်မပျယ်စေနိုင်ပါ။
TIG ကြိုတင်ကာကွယ်မှုပေးရန် လိုအပ်သောအခြေအနေများ (TIG prophylaxis indications)
- သန့်ရှင်းပြီး သေးငယ်သောဒဏ်ရာများအတွက်
- သန့်ရှင်းပြီး သေးငယ်သောဒဏ်ရာများအတွက် TIG ပေးရန် လုံးဝမလိုအပ်ပါ
- မသန့်ရှင်းသော၊ ကြီးမားသော ဒဏ်ရာများအတွက်
- မေးခိုင်ကာကွယ်ဆေးထိုးခဲ့သည့် ရာဇဝင်ကို မသိရှိရသူများ
- မေးခိုင်ကာကွယ်ဆေး လုံးဝမထိုးဖူးသူများ
- မေးခိုင်ကာကွယ်ဆေး အခြေခံထိုးနှံရမည့် အကြိမ်ရေ သုံးကြိမ် အပြည့်အဝ မထိုးရသေးသူများ
- HIV ပိုးရှိသူများ
- ကိုယ်ခံအားစနစ် ပြင်းထန်စွာ ချို့တဲ့နေသူများ (Severe immunodeficiency) တွင် TIG ကို ထိုးသင့်သည်။
ဒဏ်ရာအနေအထားပေါ်မူတည်၍ မေးခိုင်ကာကွယ်ဆေးနှင့် အင်မြူနိုဂလိုဗျူလင် လိုအပ်ချက်များ
| မေးခိုင်ကာကွယ်ဆေး (Adsorbed Tetanus Toxoid) ထိုးဖူးသည့် ရာဇဝင် | သန့်ရှင်းပြီး သေးငယ်သော ဒဏ်ရာများ (Clean, Minor Wounds) | အခြားဒဏ်ရာများအားလုံး (All Other Wounds) | ||
|---|---|---|---|---|
| မေးခိုင် ကာကွယ်ဆေး အမျိုးအစား – DTaP, Tdap, သို့မဟုတ် Td | အင်မြူနိုဂလိုဗျူလင် TIG | မေးခိုင် ကာကွယ်ဆေး အမျိုးအစား – DTaP, Tdap, သို့မဟုတ် Td | အင်မြူနိုဂလိုဗျူလင် TIG | |
| အခြေခံထိုးနှံရမည့် အကြိမ်ရေ (Primary series) သုံးကြိမ်အပြည့် မထိုးထားခြင်း သို့မဟုတ် လုံးဝမထိုးဖူးခြင်း သို့မဟုတ် ထိုးဖူးကြောင်း မသေချာခြင်း | ထိုးရန် လိုအပ်သည် (အကြိမ်ရေအပြည့် ပြန်ထိုးရန် အရေးကြီးသည်) | မလိုအပ်ပါ | ထိုးရန် လိုအပ်သည် (အကြိမ်ရေအပြည့် ပြန်ထိုးရန် အရေးကြီးသည်) | ထိုးရန် လိုအပ်သည် |
| အခြေခံထိုးနှံရမည့် အကြိမ်ရေ (Primary series) သုံးကြိမ်အပြည့် ထိုးထားခြင်း သို့မဟုတ် ၃ ကြိမ်ထက်ပို၍ ထိုးဖူးခြင်း | နောက်ဆုံးထိုးနှံပြီးချိန်မှစ၍ ၁၀ နှစ် သို့မဟုတ် ၁၀ နှစ်ထက် ကျော်လွန်နေပါက ထိုးရန်လိုအပ်သည်။ | မလိုအပ်ပါ | နောက်ဆုံးထိုးနှံပြီးချိန်မှစ၍ ၅ နှစ် သို့မဟုတ် ၅ နှစ်ထက် ကျော်လွန်နေပါက ထိုးရန်လိုအပ်သည်။ | မလိုအပ်ပါ |
မေးခိုင်ကာကွယ်ဆေးအမျိုးအစားများ
- မေးခိုင်ကာကွယ်ဆေးသည် Clostridium tetani ဘက်တီးရီးယားမှ ထုတ်သော အဆိပ်ကို ပျက်ပြယ်စေသော ကာကွယ်ဆေး (toxoids) အမျိုးအစားဖြစ်သည်
- မေးခိုင်ကာကွယ်ဆေး တစ်မျိုးတည်း သီးသန့်ထိုးနိုင်သကဲ့သို့ ပေါင်းစပ်ကာကွယ်ဆေးများအဖြစ်လည်း သုံးနိုင်သည်
- ယခင်က သုံးမျိုးပေါင်းစပ်ကာကွယ်ဆေးများ (DTaP, Tdap, Td) အနေဖြင့် အများဆုံး အသုံးပြုသော်လည်း ယခုနောက်ပိုင်းတွင် ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာချောင်းဆိုး ရောဂါကာကွယ်ဆေးများအပြင် အဆုတ်ရောင်-ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ ဘီ နှင့် ပိုလီယို အကြောသေရောဂါများအတွက် ကာကွယ်ဆေးများပါ ပေါင်းစပ်ထားသည့် ငါးမျိုးပေါင်း သို့မဟုတ် ခြောက်မျိုးပေါင်းကာကွယ်ဆေးများအနေဖြင့် ပြောင်းလဲအသုံးပြုလျက်ရှိသည်
- အသက် ၇ နှစ်အောက် ကလေးငယ်များအတွက် ကာကွယ်ဆေးထိုးလိုလျှင် DTaP ကာကွယ်ဆေးကို အသုံးပြုရန် အကြံပြုထားပြီး အခြေခံထိုးနှံရမည့် အကြိမ်ရေ (Primary series) သုံးကြိမ် ပြည့်အောင် ထိုးပေးရမည်
- အသက် ၁၁ နှစ်နှင့်အထက် ရှိပြီး ယခင်က Tdap ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးဖူးသေးသူများအား Tdap ကာကွယ်ဆေး တစ်ကြိမ် ထိုးပေးရမည်
- အသက် ၇ နှစ်နှင့်အထက်ရှိပြီး ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူများကိုလည်း အပိုထပ်ဆောင်း ကာကွယ်ဆေးထိုးခြင်း (Catch-up series) အနေဖြင့် Tdap ကာကွယ်ဆေးကို တစ်ကြိမ် ထိုးပေးနိုင်သည်
TIG ဆေးကို ထိုးနှံသင့်သည့် ပမာဏ
မေးခိုင်ရောဂါ ကာကွယ်ရန်အတွက် အင်မြူနိုဂလိုဗျူလင် TIG ကို တစ်ကြိမ်သာထိုးနှံရန် လိုအပ်သည်။
- ထိခိုက်ဒဏ်ရာရချိန်နှင့် ဆေးထိုးချိန်သည် (၂၄) နာရီအတွင်းဖြစ်ပါက 250 IU (International Units) ပေးနိုင်သည်
- အကယ်၍ ထိခိုက်ဒဏ်ရာရချိန်သည် ဆေးထိုးမည့်အချိန်နှင့်တွက်လျှင် (၂၄) နာရီအထက် ကျော်သွားပါက 500 IU (International Units) ထိုးနိုင်သည်
- ဆေးရည်၏ ပျစ်ခဲမှုကြောင့် TIG ကို အပ်နံပါတ် ၂၃ (23 gauge needle) အသုံးပြု၍ ဖြည်းညှင်းစွာ ထိုးရမည်
- ဆေးပမာဏ များပြားပါက ခန္ဓာကိုယ်တွင် နေရာခွဲ၍ ထိုးရမည်၊ အကယ်၍ မေးခိုင်ကာကွယ်ဆေးနှင့် တစ်ချိန်တည်း ထိုးမည်ဆိုပါက ခန္ဓာကိုယ်၏ တစ်ဖက်စီ (ဥပမာ – ဘယ်ဘက် နှင့် ညာဘက်) တွင် ခွဲထိုးရမည်
- TIG ကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်ခြင်းမှာ အလွန်ရှားပါးသည်၊ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများတွင် ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်း၊ နီရဲခြင်းနှင့် တောင့်တင်းခြင်းတို့ ပါဝင်သည်၊ တစ်ခါတစ်ရံတွင် အဖျားငွေ့ငွေ့ရှိခြင်း၊ ချမ်းတုန်ခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် ယားယံသော အဖုအပိမ့်များ ထွက်ခြင်းတို့ ဖြစ်နိုင်သည်
- အကယ်၍ လူနာတွင် IgA ပဋိပစ္စည်း (antibodies to IgA) ရှိကြောင်း သိထားလျှင် သို့မဟုတ် အင်မြူနိုဂလိုဗျူလင်တွင်ပါဝင်သော ကုန်ပစ္စည်းများနှင့် ဓာတ်မတည့်မှု ဖြစ်ဖူးသည့် ရာဇဝင်ရှိပါက ဆရာဝန်၏ အကြံဉာဏ်ကို ရယူပါ
မေးခိုင်ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများ
မေးခိုင်ကာကွယ်ဆေး၏ ဘေးထွက်ဆိုးကျိုးများသည် အများအားဖြင့် ပြင်းထန်လေ့မရှိပါ။
- ဆေးထိုးထားသော လက်မောင်းဖက်တွင် နာကျင်ခြင်း (အဖြစ်အများဆုံးဖြစ်သည်)
- ဆေးထိုးသည့်နေရာတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း
- ကိုယ်ပူရှိန် အနည်းငယ်တက်ခြင်း (ဖျားခြင်း)
- နုံးခွေခြင်း၊ မောပန်းခြင်း
- ကလေးငယ်များတွင် ဂျီကျခြင်း သို့မဟုတ် စိတ်တိုလွယ်ခြင်း
- ခေါင်းကိုက်ခြင်း
- ခံတွင်းပျက်ခြင်း
- ပျို့အန်ခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း စသည်တို့ တွေ့ရတတ်သည်။
အလွန်ရှားပါးသော ဘေးထွက်ဆိုးကျိုးများ
- ပြင်းထန်သော ဓာတ်မတည့်တုံ့ပြန်မှု (Anaphylaxis)
- အင်ပြင်ထွက်ခြင်း (Urticaria)
- အာရုံကြောချို့ယွင်းခြင်း (Peripheral neuropathy)
မေးခိုင်ကာကွယ်ဆေးထိုးရန် မသင့်တော်သော အခြေအနေများ
- မေးခိုင်ကာကွယ်ဆေးမထိုးမီ လူနာတွင် အောက်ပါအခြေအနေများရှိပါက ဆရာဝန်ကို ကြိုတင်ပြောပြရန် အရေးကြီးသည်။
- အသက်အန္တရာယ်ရှိနိုင်သော ဓာတ်မတည့်မှု ဝေဒနာများ ရှိခြင်း
- ယခင်က အတက်ရောဂါ ဖြစ်ဖူးခြင်း
- ယခင်က မေးခိုင်ဆေးထိုးပြီးနောက် ပြင်းထန်စွာ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း ဖြစ်ဖူးခြင်း
- အာရုံကြောစနစ်ကို ထိခိုက်စေသော ရောဂါအခြေအနေ ရှိခြင်း
- Guillain-Barré syndrome ရှိခြင်း
- မကြာသေးမီက ကိုယ်အင်္ဂါ အစားထိုးခွဲစိတ်မှု (Transplant surgery) လုပ်ထားခြင်းတို့ရှိလျှင် ကာကွယ်ဆေးထိုးရန် သင့်မသင့် ဆရာဝန်မှ ဆုံးဖြတ်ပေးမည်ဖြစ်သည်
ဆက်လက်ဖတ်ရှုရန်
- Tetanus (မေးခိုင်ရောဂါ)
- Diphtheria, Tetanus, and Pertussis Vaccines (ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး)
References:
- Centers for Disease Control and Prevention. (n.d.). Clinical guidance for wound management to prevent tetanus. Retrieved June 15, 2026, from https://www.cdc.gov/tetanus/hcp/clinical-guidance/index.html
- MSD Manuals. (n.d.). Tetanus prophylaxis in routine wound management. Retrieved June 15, 2026, from https://www.msdmanuals.com/professional/multimedia/table/tetanus-prophylaxis-in-routine-wound-management
- Chelsea and Westminster Hospital NHS Foundation Trust. (n.d.). Tetanus immunisation following a wound or burn. Retrieved June 15, 2026, from https://www.chelwest.nhs.uk/your-visit/patient-leaflets/medicine-services/tetanus-immunisation-following-a-wound-or-burn
- Queensland Children’s Hospital. (n.d.). Management of tetanus-prone wounds guideline. Retrieved June 15, 2026, from https://www.childrens.health.qld.gov.au/__data/assets/pdf_file/0033/176892/gdl-01023.pdf
- The Royal Children’s Hospital Melbourne. (n.d.). Management of tetanus-prone wounds. Retrieved June 15, 2026, from https://www.rch.org.au/clinicalguide/guideline_index/management_of_tetanusprone_wounds/
- Thwaites, C. L., Beeching, N. J., & Newton, C. R. (2015). Maternal and neonatal tetanus. The Lancet, 385(9965), 362–370. Retrieved June 15, 2026, from https://pmc.ncbi.nlm.nih.gov/articles/PMC4672608/
- UK Health Security Agency. (n.d.). Guidance on the management of suspected tetanus cases and the assessment and management of tetanus-prone wounds. Retrieved June 15, 2026, from https://www.gov.uk/government/publications/tetanus-advice-for-health-professionals/guidance-on-the-management-of-suspected-tetanus-cases-and-the-assessment-and-management-of-tetanus-prone-wounds
- The Royal Children’s Hospital Melbourne. (n.d.). Wound assessment and management. Retrieved June 15, 2026, from https://www.rch.org.au/rchcpg/hospital_clinical_guideline_index/Wound_assessment_and_management/
Published: 27 June 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.