လိင်တံထိပ်အရေပြား (Foreskin) ဆိုသည်မှာ လိင်တံထိပ်ဖျားပိုင်း (Glans) နှင့် ဆီးထွက်ပေါက် (Meatus) တို့ကို လုံခြုံစွာ ဖုံးအုပ်ထားသည့် အပြင်ဘက်အရေပြားအလွှာဖြစ်သည်။ အမျိုးသားတိုင်းသည် မွေးဖွားလာစဉ်တွင် လိင်တံတစ်ခုလုံးနှင့် လိင်တံထိပ်ဖျားပိုင်း တစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်ထားသော ဤအရေပြား ပါရှိလာကြသည်။ အချို့သူများသည် ဘာသာရေး၊ ရိုးရာဓလေ့ သို့မဟုတ် ကျန်းမာရေးဆိုင်ရာ အကြောင်းရင်းများကြောင့် လိင်တံထိပ်အရေပြားဖြတ်ခြင်း (Circumcision) ကို ပြုလုပ်ကြပြီး ထိပ်ဖျားကိုဖုံးထားသော ဤအရေပြားကို ဖယ်ရှားကြသည်။ အချို့မှာမူ မဖြတ်ဘဲ ထိပ်ဖျားတွင် မူလအရေပြားအတိုင်း ကျန်ရှိနေတတ်သည်။
လိင်တံထိပ်အရေပြား ကွာလာပုံအဆင့်ဆင့်နှင့် နောက်သို့ လှန်ခြင်း
မွေးကင်းစနှင့် ကလေးငယ်များတွင် အဆိုပါ အရေပြားသည် လိင်တံထိပ်ပိုင်းနှင့် အလွှာချင်း ကပ်နေတတ်သဖြင့် နောက်သို့ ဆွဲလှန်၍ မရနိုင်ပါ။ ကလေးကြီးထွားလာသည်နှင့်အမျှ လိင်တံထိပ် အရေပြားသည် လိင်တံထိပ်ပိုင်းမှ သဘာဝအလျောက် ကွာထွက်သွားပြီး နောက်သို့ လွတ်လပ်စွာ ဆွဲလှန်၍ ရလာမည် ဖြစ်သည်။ ကလေးတစ်ဦးနှင့်တစ်ဦး အရေပြားလှန်၍ ရနိုင်သည့် အချိန်ကာလမှာ မတူညီနိုင်ဘဲ အချို့ကလေးများတွင် မွေးဖွားပြီးပြီးချင်း၌ ဖြစ်နိုင်သော်လည်း၊ အချို့မှာ အသက် (၅) နှစ်ဝန်းကျင်မှသာ လှန်၍ရတတ်ပြီး အချို့မှာမူ ဆယ်ကျော်သက်အရွယ်ရောက်မှသာ လှန်၍ရနိုင်သည်။
လိင်တံထိပ်အရေပြားကို နောက်သို့ လှန်၍ရလာသောအခါ အရေပြားအောက်တွင် Smegma ဟုခေါ်သည့် အဖြူရောင်အနှစ်များကို သတိပြုမိနိုင်သည်။ ၎င်းတို့သည် အရေပြားမှ ဆဲလ်အသေများ၊ အဆီဂလင်းများမှထွက်သော အဆီများနှင့် ခန္ဓာကိုယ်မှထွက်သော အရည်များ စုပုံလာခြင်းဖြစ်သည်။ ဤအနှစ်များသည် ကြီးထွားဖွံ့ဖြိုးဆဲကာလတွင် ကပ်နေသော အရေပြားလွှာများကို သဘာဝအလျောက် ကွာထွက်စေရန် ကူညီပေးသည့်အပြင် လိင်တံထိပ်ဖျားပိုင်းကိုလည်း နူးညံ့စိုစွတ်နေစေသည်။ ၎င်းသည် ရောဂါပိုးဝင်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပြည် မဟုတ်သကဲ့သို့ အန္တရာယ်ရှိသောအရာလည်း မဟုတ်သောကြောင့် အတင်းအဓမ္မ ခြစ်ထုတ်ရန် သို့မဟုတ် ပြင်းထန်စွာ ပွတ်တိုက်ဆေးကြောရန် မလိုအပ်ပါ။
လိင်တံထိပ်အရေပြား (Foreskin) ၏ လုပ်ဆောင်ချက်
လိင်တံထိပ်အရေပြား၏ အသုံးဝင်မှုနှင့် ပတ်သက်ပြီး ငြင်းခုံမှုအမျိုးမျိုး ရှိကြသော်လည်း ၎င်း၏ အဓိကလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ကာကွယ်ပေးခြင်း – လိင်တံ၏ အထိခိုက်မခံသော ထိပ်ဖျားပိုင်းကို အဝတ်အထည်များနှင့် ပွတ်တိုက်မိခြင်း သို့မဟုတ် ပြင်ပမှ ထိခိုက်ဒဏ်ရာရခြင်းတို့မှ ကာကွယ်ပေးသည်
- စိုစွတ်စေခြင်း – လိင်တံထိပ်ဖျားပိုင်းရှိ အမြှေးပါးကို ခြောက်သွေ့မသွားစေရန်နှင့် နူးညံ့နေစေရန် အစိုဓာတ် ထိန်းပေးသည်
- အာရုံခံစားမှု – လိင်တံထိပ်အရေပြားတွင် အာရုံကြောအဖွဲ့အစည်းများစွာ ပါဝင်သဖြင့် လိင်မှုဆိုင်ရာ သာယာမှုကို မြှင့်တင်ပေးနိုင်သည်ဟု ယူဆကြသည်
- ကိုယ်ခံအားစနစ် – အရေပြားအတွင်းပိုင်း အလွှာတွင် ရောဂါပိုးများကို တိုက်ဖျက်နိုင်သော ခုခံအားဆဲလ်များ ပါဝင်သဖြင့် အချို့သောပိုးဝင်မှုများကို ကာကွယ်ပေးနိုင်သည်။
တစ်ဖက်တွင်လည်း လိင်တံထိပ်အရေပြားရှိခြင်းကြောင့် တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းပါက အချို့သော ရောဂါများ ကူးစက်ခံရနိုင်ခြေ သို့မဟုတ် ရောင်ရမ်းမှုများ ဖြစ်နိုင်ခြေ ပိုများနိုင်သည်ဟု ယူဆသူများလည်း ရှိသည်။
ဖြစ်ပေါ်တတ်သော ရောဂါနှင့်အခြေအနေများ
လိင်တံထိပ်အရေပြားတွင် အဖြစ်များသော ရောဂါနှင့်အခြေအနေများမှာ_
- လိင်တံထိပ် ရောင်ရမ်းခြင်း (Balanitis) – လိင်တံ၏ ထိပ်ဖူးပိုင်းတွင် နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းများ ဖြစ်ပေါ်သည့် အခြေအနေဖြစ်သည်
- လိင်တံထိပ်နှင့် ထိပ်အရေပြား နှစ်ခုလုံး ရောင်ရမ်းခြင်း (Balanoposthitis) – လိင်တံထိပ်ဖျားနှင့် ၎င်းကိုဖုံးအုပ်ထားသော အရေပြား နှစ်ခုလုံးတွင် ပိုးဝင်ခြင်း သို့မဟုတ် ယားယံခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်သည်
- လိင်တံထိပ်အရေပြား ရှေ့သို့ ပြန်ဖုံး၍မရဘဲ တစ်နေခြင်း (Paraphimosis) – လိင်တံထိပ်အရေပြားကို နောက်သို့ ဆွဲလှန်ပြီးနောက် မူလနေရာသို့ ပြန်ဖုံး၍မရဘဲ တစ်နေသည့် အခြေအနေဖြစ်သည်၊ ၎င်းသည် လိင်တံထိပ်ပိုင်းသို့ သွေးလှည့်ပတ်မှုကို ပိတ်ဆို့စေနိုင်သဖြင့် အရေးပေါ်ကုသမှု ခံယူရမည့် အခြေအနေ (Medical emergency) ဖြစ်သည်
- လိင်တံထိပ်အရေပြား ကျဉ်းလွန်းသဖြင့် နောက်သို့ ဆွဲလှန်၍မရခြင်း (Phimosis) – လိင်တံထိပ်အရေပြား အပေါက်ကျဉ်းလွန်းသဖြင့် လိင်တံထိပ်ဖူးကို ပေါ်အောင် နောက်သို့ ဆွဲလှန်၍မရသည့် အခြေအနေဖြစ်သည်
- လိင်တံထိပ်အရေပြား ရောင်ရမ်းခြင်း (Posthitis) – လိင်တံထိပ်ကို ဖုံးအုပ်ထားသော အရေပြားတစ်ခုတည်းတွင် ဘက်တီးရီးယား သို့မဟုတ် မှိုပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းဖြစ်သည်
- လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (Sexually Transmitted Diseases – STD) – လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်တတ်သော ဂနိုရောဂါ (Gonorrhoea)၊ ကာလသားရောဂါ (Syphilis)၊ ရေယုန်ရောဂါ (Herpes) နှင့် အိတ်ချ်အိုင်ဗွီ (HIV) ရောဂါများဖြစ်သည်
- လိင်တံကင်ဆာ (Penile Cancer) – ဤကင်ဆာသည် ဖြစ်ပွားမှုနှုန်း အလွန်နည်းသော်လည်း လိင်တံထိပ်အရေပြား မဖြတ်ထားသူများတွင် တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းပါက ပိုမိုဖြစ်ပွားနိုင်ခြေရှိသည်
သတိပြုရမည့် ရောဂါလက္ခဏာများ
လိင်တံနှင့် ထိပ်အရေပြားတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများကို စောစီးစွာ သတိပြုမိခြင်းဖြင့် ပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိ၏ကလေးတွင်ဖြစ်စေ အောက်ပါလက္ခဏာများ တွေ့ရှိရပါက ဂရုစိုက်စစ်ဆေးရန် လိုအပ်သည်။
- ပုံမှန်မဟုတ်သော အရည်ထွက်ခြင်း သို့မဟုတ် ပြည်တည်ခြင်း (Discharge or Pus) – လိင်တံထိပ်မှ အဝါရောင်၊ အစိမ်းရောင် သို့မဟုတ် အနံ့ဆိုးသော အရည်များ ထွက်ခြင်း
- အရောင်ပြောင်းလဲခြင်း (Discolouration) – အရေပြားအရောင်သည် ပုံမှန်မဟုတ်ဘဲ နီရဲလာခြင်း၊ ဖြူဖျော့လာခြင်း သို့မဟုတ် အမည်းကွက်များ ဖြစ်လာခြင်း
- အရေပြားကို လှုပ်ရှား၍မရခြင်း (Inability to retract or replace foreskin) – လိင်တံထိပ်အရေပြားကို နောက်သို့ ဆွဲလှန်၍မရခြင်း သို့မဟုတ် နောက်သို့ ရောက်နေသော အရေပြားကို ရှေ့သို့ ပြန်ဖုံး၍မရခြင်း
- ပြင်းထန်စွာ ယားယံခြင်း (Itching) – လိင်တံ သို့မဟုတ် အရေပြားတစ်ဝိုက်တွင် ပုံမှန်မဟုတ်ဘဲ ဆက်တိုက်ယားယံနေခြင်း
- နာကျင်ခြင်း (Pain) – ဆီးသွားချိန်၊ လိင်ဆက်ဆံချိန် သို့မဟုတ် သာမန်အချိန်များတွင်ပါ လိင်တံနှင့် ထိပ်အရေပြားတစ်ဝိုက် နာကျင်ခြင်း
- အနီစက်များ သို့မဟုတ် အဖုအပိမ့်များ ထွက်ခြင်း (Rashes or Bumps) – အရေပြားပေါ်တွင် အဖုအပိမ့်များ၊ အနာဖတ်များ သို့မဟုတ် အနီကွက်များ ပေါ်လာခြင်း
- ဖောရောင်ခြင်း (Swelling) – လိင်တံထိပ်ပိုင်း သို့မဟုတ် ထိပ်အရေပြားတစ်ခုလုံး ဖောရောင်လာခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်ပါ ရောဂါလက္ခဏာများ ရှိနေပါက မိသားစုဆရာ၀န်များနှင့် အမြန်တိုင်ပင်ဆွေးနွေး၍ ဆေးကုသမှုခံယူသင့်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးလိမ့်မည်။
အကယ်၍ လိင်တံထိပ်အရေပြားကို နောက်သို့ဆွဲလှန်ပြီးနောက် ရှေ့သို့ ပြန်ဖုံး၍မရဘဲ ထိပ်ပိုင်းတွင် ဖောရောင်ကာ နာကျင်လာပါက အရေးပေါ်သွားရောက်ပြသသင့်သည်။
ကုသခြင်း
လိင်တံထိပ်အရေပြားနှင့် ပတ်သက်သော ရောဂါများကို ကုသရာတွင် ရောဂါအခြေအနေပေါ် မူတည်၍ ဆေးဝါးဖြင့် ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်နိုင်သည်။
- အရေပြားဖြတ်ခြင်း (Circumcision)
အချို့သော လူ့အဖွဲ့အစည်းများတွင် ဘာသာရေးနှင့် ရိုးရာဓလေ့အရ ငယ်စဉ်ကတည်းက အရေပြားဖြတ်လေ့ရှိကြသည်။ သို့သော် ဆေးပညာရှုထောင့်အရမူ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းမှုကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာခြင်း၊ လိင်တံထိပ်အရေပြား ကျဉ်းလွန်းခြင်း သို့မဟုတ် အခြားဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ ရှိလာပါက ဆရာဝန်၏ လမ်းညွှန်ချက်ဖြင့် အရေပြားဖြတ်ခြင်းကို လုပ်ဆောင်နိုင်သည်။ ဤသို့ ဖြတ်ထားခြင်းဖြင့် လိင်တံကင်ဆာ (Penile Cancer) ဖြစ်ပွါးနိုင်ခြေကို သိသိသာသာ လျော့နည်းစေကြောင်း လေ့လာတွေ့ရှိရသည်။ - ဆေးဝါးဖြင့် ကုသခြင်း
ပိုးဝင်ခြင်းကြောင့် ရောင်ရမ်းခြင်းများအတွက် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) သို့မဟုတ် မှိုသတ်ဆေး (Antifungal creams) လိမ်းဆေးများကို အသုံးပြုနိုင်သည်။ - အရေးပေါ် အခြေအနေများကို ကိုင်တွယ်ခြင်း
လိင်တံထိပ်အရေပြား နောက်သို့ ရောက်နေပြီး ရှေ့သို့ ပြန်ဖုံး၍မရသော အခြေအနေ (Paraphimosis) တွင် ဆရာဝန်မှ လက်ဖြင့် ပြန်လည်ပြုပြင်ပေးခြင်း သို့မဟုတ် လိုအပ်ပါက အရေးပေါ် ခွဲစိတ်မှု ပြုလုပ်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပြန်လည်ကောင်းမွန်စေသည်။
ကာကွယ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း
လိင်တံထိပ်အရေပြား သန့်ရှင်းရေးကို ငယ်စဉ်ကတည်းက စနစ်တကျ လုပ်ဆောင်ပေးခြင်းသည် ကျန်းမာသော အိမ်ထောင်ရေးဘဝနှင့် မိမိကိုယ်ကို ယုံကြည်မှုအတွက် အလွန်အရေးကြီးသည်။
နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပုံအဆင့်ဆင့် (Daily hygiene steps)
လိင်တံထိပ်အရေပြားကို ဖြတ်ထားသည်ဖြစ်စေ၊ မဖြတ်ထားသည်ဖြစ်စေ အောက်ပါအတိုင်း နေ့စဉ် သန့်ရှင်းရေးလုပ်ဆောင်သင့်သည်။
- ညင်သာစွာ ဆွဲလှန်ပါ – ထိပ်ဖုံးအရေပြားကို နာကျင်မှုမရှိစေဘဲ နောက်သို့ ဖြည်းဖြည်းချင်း ဆွဲလှန်ပါ (ကလေးငယ်များတွင် အစောပိုင်းကာလ၌ အလွှာချင်း ကပ်နေတတ်သဖြင့် အတင်းအဓမ္မ မဆွဲလှန်ရပါ)
- ရေဖြင့် ဆေးကြောပါ – ပြင်းထန်သော ဆပ်ပြာများသုံးခြင်းကို ရှောင်ကြဉ်ပြီး ရေနွေးနွေး သို့မဟုတ် ရိုးရိုးရေဖြင့်သာ အညစ်အကြေးများနှင့် အဖြူရောင်အနှစ် (Smegma) များကို လောင်းချသန့်စင်ပါ
- ခြောက်သွေ့အောင် ထားပါ – သန့်ရှင်းနူးညံ့သော အဝတ်စဖြင့် ညင်သာစွာတို့၍ ခြောက်သွေ့အောင် လုပ်ပါ
- မူလနေရာသို့ ပြန်ထားပါ – သန့်ရှင်းပြီးတိုင်း အရေပြားကို လိင်တံထိပ်ဖူး ဖုံးသည်အထိ အရှေ့သို့ ပြန်ဖုံးပါ
- အခြားကာကွယ်ရေးနည်းလမ်းများ
- ဘေးကင်းသော လိင်ဆက်ဆံမှု (Safe sex) – ကွန်ဒုံး (Condom) ကို စနစ်တကျ အသုံးပြုခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို ကာကွယ်ပါ
- ဆီးသွားချိန်တွင် ဆွဲလှန်ခြင်း – ဆီးသွားသည့်အခါ ထိပ်အရေပြားကို နောက်သို့ အနည်းငယ်ဆွဲလှန်ပေးခြင်းဖြင့် အရေပြားအောက်တွင် ဆီးကျန်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်တတ်သော ရောင်ရမ်းမှုများကို လျှော့ချနိုင်သည်
- ပုံမှန်စစ်ဆေးခြင်း – မိမိ၏ လိင်တံနှင့် ထိပ်အရေပြား အခြေအနေကို ပုံမှန်သတိပြု စစ်ဆေးပြီး ပုံမှန်မဟုတ်သော အဖုအပိမ့် သို့မဟုတ် နီရဲခြင်းများ ရှိပါက ဆရာဝန်နှင့် ပြသပါ
References:
- Leeson, C., Vigil, H., & Witherspoon, L. (2025). Foreskin care. Canadian Family Physician, 71(2), 97–102. https://doi.org/10.46747/cfp.710297
- Children’s Hospital of Philadelphia. (n.d.). Care of the uncircumcised penis. Retrieved February 10, 2026, from https://www.chop.edu/conditions-diseases/care-uncircumcised-penis
- Cleveland Clinic. (n.d.). Foreskin. Retrieved February 10, 2026, from https://my.clevelandclinic.org/health/body/23175-foreskin
- McGraw Hill Medical. (2026). Patient education handouts: Foreskin/penis care [Patient education webpage]. Retrieved February 10, 2026, from https://murtagh.mhmedical.com/patientEdHandouts.aspx?groupID=1065
- SA Health. (n.d.). Balanitis and foreskin care. Retrieved February 10, 2026, from https://www.sahealth.sa.gov.au/wps/wcm/connect/25217d00417ef5e38110ef67a94f09f9/09221MA-BalanFsk+09+PROOF.pd
Published: 28 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.