Circumcision (လိင်တံထိပ်အရေပြားဖြတ်ခြင်း)

Circumcision (လိင်တံထိပ်အရေပြားဖြတ်ခြင်း)

လိင်တံထိပ်ကို ဖုံးအုပ်ထားသော အရေပြားအား ခွဲစိတ်ဖြတ်ထုတ်ခြင်းဖြစ်သည်။ တစ်နှစ်အောက် ကလေးငယ်များတွင် ထုံဆေးအသုံးပြုပြီး ခွဲစိတ်နိုင်သော်လည်း ကလေးကြီးများတွင်မူ မေ့ဆေးအသုံးပြု ခွဲစိတ်ရသည်။ အရွယ်ရောက်ပြီးသူများတွင်မူ ထုံဆေးအသုံးပြု ခွဲစိတ်သည်။ အသက်ကြီးချိန်တွင် ခွဲစိတ်ခြင်းသည် နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်ခြေ ပိုမိုများပြားပြီး အနာကျက်ချိန် ပိုကြာတတ်သည်။

ကလေးငယ်များ၏ လိင်တံထိပ်အရေပြားအကြောင်း

လိင်တံထိပ်အရေပြား ပြောင်းလဲမှုများသည် ကလေးမိဘများကို စိုးရိမ်ပူပန်စေသည့် အချက်ဖြစ်သည်။ မွေးကင်းစအရွယ်တွင် လိင်တံထိပ်အရေပြားသည် နောက်သို့လှန်မရဘဲ ငုံနေတတ်သော်လည်း ကလေးအသက် (၅) နှစ်အရွယ်တွင် လိင်တံထိပ်အရေပြား နောက်သို့လှန်၍ ရသွားလေ့ရှိသည်။ တစ်ခါတစ်ရံ လူပျိုပေါက်အရွယ်ရောက်သည်အထိ ငုံနေတတ်သောကြောင့် အသက် (၁၀) နှစ်အရွယ်တွင် နောက်သို့လှန်မရသေးပါက မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။

ဆီးသွားသည့်အခါ လိင်တံထိပ်အရေပြား ဖောင်းလာခြင်းသည် ပုံမှန်သာဖြစ်ပြီး ခွဲစိတ်ရမည့် လက္ခဏာတစ်ခု မဟုတ်ပါ။ လိင်တံထိပ်အရေပြားအောက်တွင် တွေ့ရှိရတတ်သော အဖြူရောင် (သို့မဟုတ်) အဝါရောင် ဆီးဂျိုးဖတ်အိတ်လေးများသည် နောင်အခါ အလိုလိုပျောက်သွားမည် ဖြစ်သည်။

ပြုလုပ်ရန် လိုအပ်သော ရောဂါနှင့် အခြေအနေများ

အချို့မိသားစုများတွင် ဘာသာရေးကိုးကွယ်မှုနှင့် ရိုးရာသက်ဝင်ယုံကြည်မှုများအရ လိင်တံထိပ်အရေပြားဖြတ်ကြပြီး အချို့ကမူ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ရောဂါကာကွယ်ရန်အတွက် ပြုလုပ်ကြသည်။

လိင်တံထိပ်အရေပြားဖြတ်သင့်သည့် ကျန်းမာရေးအခြေအနေများမှာ –

  • လိင်တံထိပ်အရေပြား နောက်သို့လှန်မရဘဲ ငုံခြင်း
  • ပိုးဝင်ခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့် လိင်တံထိပ်အရေပြား မကြာခဏ ရောင်ရမ်းခြင်း
  • လိင်တံထိပ်ဖူးနှင့် အရေပြားရောင်ရမ်းကာ အမာရွတ်တည်ခြင်း (Balanitis xerotica obliterans)
  • မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်း
  • ဆီးသွားရခက်ခဲခြင်း
  • လိင်တံထိပ်အရေပြား နောက်သို့ဆွဲလှန်ရာမှ ရှေ့ပြန်ဖုံး၍မရဘဲ ထိပ်ဖူးကိုညှစ်ထားခြင်းကဲ့သို့ အခြေအနေများ ဖြစ်သည်။

သို့သော် ကလေးငယ်များတွင် အောက်ပါအခြေအနေများရှိပါက လိင်တံထိပ်အရေပြား စောလျင်စွာဖြတ်ရန် မပြုလုပ်သင့်ပါ။

  • လမစေ့ စောမွေးခြင်း
  • ဆေးကုသမှုခံယူရန် လိုအပ်ခြင်း
  • မွေးရာပါ လိင်တံပုံသဏ္ဌာန် မမှန်ခြင်း နှင့်
  • မွေးရာပါ သွေးမတိတ်ရောဂါရှိခြင်း စသည်တို့ ဖြစ်သည်။

လိင်တံအရေပြားဖြတ်ခြင်းသည် နောင်တစ်ချိန်တွင် ကလေးရနိုင်စွမ်းနည်းခြင်းနှင့် ဆက်စပ်မှုမရှိပါ။ ယေဘုယျအားဖြင့် အိမ်ထောင်သာယာမှုနှင့်လည်း သက်ဆိုင်မှုမရှိပါ။

အကျိုးကျေးဇူးများ

လိင်တံထိပ်အရေပြား ဖြတ်တောက်ခြင်းမရှိသောကြောင့် ကျန်းမာရေးနှင့်ပတ်သက်၍ ဆိုးကျိုးမရှိပါ။ သို့သော် လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရှိပါသည်။

  • တစ်ကိုယ်ရေသန့်ရှင်းမှု – လိင်တံထိပ်အရေပြားဖြတ်ထားလျှင် လိင်တံထိပ်ဖူးကို သန့်ရှင်းရလွယ်ကူစေသည်။ သို့မဟုတ်ပါက လိင်တံထိပ်အရေပြား အတွင်းဘက်ကို ဆေးကြောရန်လိုအပ်သည်။
  • ဆီးလမ်းကြောင်းပိုးဝင်မှု လျော့ကျသွားခြင်း – လိင်တံထိပ်အရေပြား မဖြတ်ထားသော အမျိုးသားများတွင် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များသည်။
  • လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဝင်နိုင်ခြေနည်းသွားခြင်း – လိင်တံထိပ်အရေပြား ဖြတ်ထားသည့် အမျိုးသားများတွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပိုး ဝင်ရောက်နိုင်ခြေ ပိုနည်းသည်။ သို့သော် ကွန်ဒုံးအသုံးပြုခြင်းကဲ့သို့ လုံခြုံစိတ်ချရသည့် လိင်ဆက်ဆံနည်းကို အသုံးပြုရန် အရေးကြီးသည်။
  • လိင်တံထိပ်အရေပြား ပြဿနာများ လျော့ကျသွားခြင်း – မကြာခဏ ထိခိုက်မိခြင်းကြောင့် အမာရွတ်တည်ခြင်း၊ ကျဥ်းသွားခြင်းစသည့် ပြဿနာများ မဖြစ်နိုင်ပါ။
  • လိင်တံကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းသွားခြင်း – လိင်တံထိပ်အရေပြား ဖြတ်ထားသူများတွင် လိင်တံကင်ဆာ အဖြစ်နည်းသည်။
  • လိင်ဆက်ဆံဖော်တွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေနည်းခြင်း စသည်တို့ဖြစ်သည်။
ကုသပုံအဆင့်ဆင့်

မခွဲစိတ်မီ ပြင်ဆင်ခြင်း

လိင်တံထိပ်အရေပြား ခွဲစိတ်ဖြတ်ခြင်းအကြောင်း၊ အကျိုးကျေးဇူးများ၊ ဖြစ်ပွားနိုင်သည့် နောက်ဆက်တွဲပြဿနာများနှင့် အသုံးပြုမည့် ထုံဆေးများအကြောင်း ခွဲစိတ်ဆရာဝန်မှ ရှင်းပြမည်ဖြစ်ပြီး ခွဲစိတ်ရန် သဘောတူညီကြောင်း ခွင့်ပြုချက်ရယူမည်ဖြစ်သည်။

ခွဲစိတ်မှုပြုလုပ်ပုံ

  • မွေးကင်းစကလေးငယ်များတွင် လိင်တံထိပ်အရေပြား ခွဲစိတ်ဖြတ်မည်ဆိုပါက
  • ကလေးငယ်ကို ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် ထားပြီး လိင်တံနှင့်တစ်ဝိုက်ကို ပိုးသတ်ဆေးရည်များဖြင့် ဆေးကြောမည်။
  • နာကျင်မှုမရှိစေရန် ထုံဆေးကို လိင်တံအရင်းတွင် ထိုးပေးခြင်း (သို့မဟုတ်) လိင်တံကို ထုံဆေးအဆီဖြင့် သုတ်လိမ်းပေးခြင်းတို့ ပြုလုပ်သည်။
  • အထူးပြုလုပ်ထားသော ကိရိယာ (သို့မဟုတ်) ခွဲစိတ်ကိရိယာများကို အသုံးပြုပြီး လိင်တံထိပ်အရေပြား ဖြတ်မည်ဖြစ်သည်။
  • ပိုးသတ်ဆေးဂျယ်ကို အနာပတ်လည်တွင် လိမ်းပေးပြီး ပတ်တီးစည်းပေးမည်။
  • ခွဲစိတ်ချိန်မှာ (၁၀) မိနစ်မှ (၂၀) မိနစ် ခန့်သာ ကြာမြင့်မည်။

ကလေးကြီးများတွင်မူ အနာသက်သာသည့်ဆေးများ နှင့် မေ့ဆေးပျော့ကို အသုံးပြုရသည့်အတွက် မေ့ဆေးပြယ်ချိန်အထိ စောင့်ဆိုင်းရန်လိုအပ်သည်။ ထို့အတူ အထက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေပိုများသည်။

Circumcision IMG1

ခွဲစိတ်မှု ပြီးလျှင်

  • အနာကျက်ရန် (၇) ရက်မှ (၁၀) ရက်ခန့် ကြာတတ်သည်။
  • ကနဦးတွင် လိင်တံထိပ်ဖူးသည် ရောင်ပြီး နာနေတတ်သည်။
  • လိင်တံတွင် သွေးခြည်ဥခြင်း၊ ရောင်ရမ်းခြင်း နှင့် အရောင်ပြောင်းခြင်းများ ရှိတတ်သည်။
  • တစ်ခါတစ်ရံ လိင်တံထိပ်မှာ အဝါရောင်မန်းရည်များ ထွက်တတ်သည်။
  • မွေးကင်းစ ကလေးငယ်များတွင် အနာကို လက်ဖြင့်မထိမိစေရန် သတိထားပါ။
  • အနာကို ရေနွေးဖြင့် ဆေးကြောနိုင်သည်။
  • မွေးကင်းစကလေးငယ်များတွင် အနှီး သို့မဟုတ် သေးခံ (diaper) လဲပြီးတိုင်း အနာဆေးထည့်ရန် လိုသည်။
  • ဆရာဝန်ညွှန်ကြားချက်အတိုင်း ပိုးသတ်ဆေးပါသော လိမ်းဆေးလိမ်းပါ။
  • အနာကျက်သွားလျှင် ပုံမှန်အတိုင်း ဆပ်ပြာတိုက် ရေချိုးနိုင်သည်။
နောက်ဆက်တွဲဆိုးကျိုးများ

လိင်တံထိပ်အရေပြားခွဲစိတ်ဖြတ်ရာတွင် သွေးထွက်ခြင်း နှင့် ပိုးဝင်ခြင်းတို့မှာ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာများ ဖြစ်သည်။ ခွဲစိတ်ပြီးချိန် ပတ်တီးစတွင် သွေးအနည်းငယ်စွန်းနေနိုင်သည်။ သွေးထွက်ပါက အလိုအလျောက် သို့မဟုတ် အနည်းငယ် ဖိထားလိုက်ပါက သွေးတိတ်သွားတတ်သည်။ ထိုသို့မတိတ်ဘဲ သွေးထွက်များပါက ခွဲစိတ်ဆရာဝန်နှင့် ပြန်လည်ပြသသင့်သည်။

အခြား ဖြစ်ပွားနိုင်ခြေနည်းသော နောက်ဆက်တွဲပြဿနာများမှာ –

  • အနာကျက်နှေးခြင်း
  • ကျန်ရှိသော လိင်တံထိပ်အရေပြား ရှည်လွန်းခြင်း (သို့မဟုတ်) တိုလွန်းခြင်း
  • ဆီးထွက်သည့် ဆီးပေါက်ဝကျဥ်းခြင်း စသည်တို့ဖြစ်သည်။
    အထက်ပါ နောက်ဆက်တွဲပြဿနာ နည်းစေရန်မှာ လိင်တံထိပ်အရေပြားဖြတ်ခြင်းကို ပိုးကင်းစင်သည့်နေရာတွင် ကျွမ်းကျင်သည့်ဆရာဝန်နှင့် ပြုလုပ်ရန်ဖြစ်သည်။ ဘာသာရေး၊ယဉ်ကျေးမှုအရ ပြုလုပ်ခြင်းတွင်လည်း နောက်ဆက်တွဲပြဿနာများ နည်းပါးရန် စီစဉ်သင့်သည်။။
လိုက်နာဆောင်ရွက်ရမည့် အချက်များ

လိင်တံထိပ်အရေပြားဖြတ်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေနည်းသော်လည်း အောက်ပါလက္ခဏာများ ရှိပါက ဆေးရုံ၊ ဆေးခန်သို့ အမြန်ဆုံးပြန်လည်ပြသရန် လိုအပ်သည်။

  • ခွဲစိတ်ပြီး (၁၂) နာရီအတွင်း ဆီးမပေါက်ခြင်း
  • ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • သွေးမတိတ်ခြင်း နှင့် မကြာခဏ သွေးထွက်ခြင်း
  • အနံ့ဆိုးသော အရည်ထွက်ခြင်း
  • ပြည်တည်ခြင်း
  • ကလေး အလွန်ငိုခြင်း
  • ခွဲပြီး (၃)ရက်မှ (၅)ရက်အကြာ လိင်တံထိပ် အရောင်ပြောင်းခြင်း

Share

30 August 2024
Medically Reviewed

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL Health, is protected by copyright and may not be reused or reproduced without explicit permission.