Mobile phone and health (မိုဘိုင်းဖုန်းနှင့်ကျန်းမာရေး)

Mobile phone and health (မိုဘိုင်းဖုန်းနှင့်ကျန်းမာရေး)

ခေတ်သစ်လူနေမှုဘဝတွင် မိုဘိုင်းလ်ဖုန်းများသည် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းတစ်ရပ် ဖြစ်လာသည်။ ယခုအခါ မိုဘိုင်းလ်ဖုန်းများကို တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်သွယ်ရန်အတွက်သာမက ဖျော်ဖြေရေး၊ ပညာရေး၊ လမ်းညွှန်မှု၊ စျေးဝယ်ခြင်းစသည့် ကဏ္ဍများတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသဖြင့် မိုဘိုင်းလ်ဖုန်း အသုံးပြုမှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ဤသို့ကျယ်ပြန့်စွာ အသုံးပြုလာမှုကြောင့် ဖုန်းမျက်နှာပြင်ကို ကြာရှည်စွာ စိုက်ကြည့်နေရခြင်း၊ လည်ပင်းကို ငုံ့ထားရခြင်းနှင့် လူမှုဆက်ဆံရေးပုံစံ ပြောင်းလဲခြင်းတို့သည် လူသားတို့၏ ကျန်းမာရေးကို မည်သို့သက်ရောက်မှုရှိသည်ကို စောင့်ကြည့်လေ့လာသူများက စိုးရိမ်စရာအဖြစ် သတ်မှတ်လာကြသည်။

မိုဘိုင်းလ်ဖုန်းသုံးစွဲခြင်းသည် အကျိုးကျေးဇူးများစွာ ရှိသော်လည်း ကြာရှည်စွာ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော ကိုယ်ခန္ဓာဆိုင်ရာ မူမမှန်မှုများနှင့် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းမှုများအပေါ် စိုးရိမ်မှုများလည်း တိုးပွါးလာလျက်ရှိသည်။ ထို့အပြင် ဖုန်းများမှ ထုတ်လွှတ်သည့် လျှပ်စစ်သံလိုက်စက်ကွင်း (ဓာတ်ရောင်ခြည်) ၏ သက်ရောက်မှုများသည် လက်ရှိတွင် သိပ္ပံနည်းကျ ခိုင်မာသည့် အထောက်အထားများ နည်းပါးနေသေးသည်။ သို့သော် ဤရောင်ခြည်သက်ရောက်မှုသည် အမှန်တကယ် ကျန်းမာရေးအပေါ် ထိခိုက်မှုရှိပါက ကြီးမားကျယ်ပြန့်သော ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်ပေါ်လာနိုင်သည်ဟု ဆေးဘက်ဆိုင်ရာ သုတေသီများက သုံးသပ်ကြသည်။

ထို့ကြောင့် မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်း၏ ရုပ်ပိုင်းဆိုင်ရာ (ဥပမာ _ မျက်စိ၊ လည်ပင်း)၊ စိတ်ပိုင်းဆိုင်ရာ (ဥပမာ _ စွဲလမ်းမှု၊ စိုးရိမ်စိတ်) နှင့် အပြုအမူဆိုင်ရာ ကျန်းမာရေးအပေါ် ချက်ချင်းဖြစ်ပေါ်နိုင်သည့် သက်ရောက်မှုများနှင့် ရေရှည်သက်ရောက်မှုများကို နားလည်ရန် အထူးအရေးကြီးလှပေသည်။ ဤသို့သိရှိနားလည်ထားမှသာလျှင် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဆင်ခြင်နိုင်ပြီး အန္တရာယ်ကင်းသည့် အသုံးပြုနည်းလမ်းများကို မိမိကိုယ်တိုင် ဆုံးဖြတ်အသုံးပြုနိုင်မည်ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းများ၏ လူသားတို့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများ (Harmful effects of Mobile phone on human health)
ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှု (Physical Health effects)
  • အိပ်စက်မှုအပေါ်ထိခိုက်ခြင်း (Sleep disruption)
    မိုဘိုင်းလ်ဖုန်းအသုံးပြုမှု၏ အဓိကရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအကျိုးသက်‌ရောက်မှုတစ်ခုမှာ အိပ်စက်မှုပုံစံ ပျက်ယွင်းခြင်းဖြစ်သည်။ သိပ္ပံနည်းကျ သက်သေအထောက်အထားများအရ ဖုန်း screen များမှ ထွက်လာသော အပြာရောင်အလင်းသည် အိပ်စက်ခြင်းစက်ဝန်းကို ထိန်းညှိပေးသည့် ဟော်မုန်းတစ်မျိုးဖြစ်သည့် မယ်လတိုနင် (melatonin) ဟော်မုန်းထုတ်လုပ်မှုကို တိုက်ရိုက် အနှောင့်အယှက်ပေးနိုင်သည်။ ထို့ကြောင့် အိပ်ပျော်ရန် ခက်ခဲခြင်း၊ အိပ်စက်မှုအရည်အသွေး ကျဆင်းခြင်းနှင့် အိပ်ချိန်တိုတောင်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ကာလကြာရှည်စွာ အိပ်ရေးပျက်ခြင်းကြောင့် ကိုယ်ခံအားကျဆင်းခြင်း၊ သိမြင်မှုဆိုင်ရာ ချို့ယွင်းချက်များ၊ အဝလွန်ခြင်းနှင့် နှလုံးရောဂါကဲ့သို့ နာတာရှည်ရောဂါများ ဖြစ်ပွါးနိုင်ခြေ မြင့်တက်လာနိုင်သည်။
  • မျက်စိညောင်းခြင်းနှင့် အမြင်အာရုံပြဿနာများ (Eye strain and Vision Problems)
    မိုဘိုင်းလ်ဖုန်းကို အချိန်ကြာမြင့်စွာ စိုက်ကြည့်အသုံးပြုခြင်းသည် မျက်စိညောင်းညာခြင်း (Digital eye strain) ကို ဖြစ်စေနိုင်ပြီး မျက်လုံးခြောက်ခြင်း (မျက်တောင်ခတ်နှုန်း လျော့ကျခြင်းကြောင့်)၊ အမြင်ဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသော လက္ခဏာများ ဖြစ်ပေါ်လာနိုင်သည်။ မိုဘိုင်းလ်ဖုန်းများ၏ စာလုံးအရွယ်အစား သေးငယ်မှု၊ ဖန်သားပြင် တောက်ပမှုတို့သည် မျက်လုံးများကို ပိုမိုပင်ပန်းစေပြီး ရေရှည်တွင် အမြင်အာရုံပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ပုံမှန်နားချိန်ယူခြင်း၊ ဖန်သားပြင် အလင်းအမှောင် ထိန်းညှိခြင်းစသည့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများသည် ဤသက်ရောက်မှုကို လျှော့ချရာတွင် အထောက်အကူ ပြုနိုင်သည်။
  • အကြားအာရုံ ဆုံးရှုံးခြင်း (Hearing loss)
    အသံကြောင့်ဖြစ်သော အကြားအာရုံဆုံးရှုံးမှု (Noise-induced hearing loss) ကို ဖြစ်ပေါ်စေနိုင်သည့် အဓိကအကြောင်းရင်းမှာ နားကြပ်များ အသုံးပြု၍ အချိန်ကြာကြာ ကျယ်လောင်စွာ နားထောင်ခြင်းပင် ဖြစ်သည်။ ၎င်းသည် နားအတွင်းရှိ နူးညံ့သော တည်ဆောက်ပုံများကို ပျက်စီးစေပြီး နာလန်မထူနိုင်သော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်သည်။ ဤအခြေအနေသည် သီချင်းနားထောင်ခြင်း သို့မဟုတ် အခြားအသံဖိုင်များကို အသံကျယ်ကျယ်ဖြင့် မကြာခဏနားထောင်လေ့ရှိသော လူငယ်များအကြားတွင် အထူးစိုးရိမ်ဖွယ်ရာဖြစ်သည်။ အကြားအာရုံထိခိုက်မှုကို ကာကွယ်ရန်အတွက် ဘေးကင်းလုံခြုံသော နားထောင်မှု အလေ့အထများကို မြှင့်တင်ပေးရန် အရေးကြီးသည်။
  • အရိုးနှင့်ကြွက်သားဆိုင်ရာ ပြဿနာများ (Musculoskeletal disorders)
    မိုဘိုင်းလ်ဖုန်းကို ကြိမ်ဖန်များစွာ အသုံးပြုခြင်းဖြင့် ဖန်သားပြင်ကို ကြည့်ရှုရင်း ဦးခေါင်းကို အကြာကြီး ရှေ့သို့ငုံ့ထားရသော မမှန်ကန်သည့် ကိုယ်နေဟန်ထား (Text Neck ဟုလည်း ခေါ်သည်) ကြောင့် လည်ပင်းရှိ ကြွက်သားနှင့် အရိုးအဆစ်ဆိုင်ရာ ပြဿနာများကို ဖြစ်‌ပေါ်စေနိုင်သည်။ ထို့အပြင် စာရိုက်ခြင်း၊ ဖန်သားပြင်ကို ခဏခဏပွတ်ဆွဲခြင်း၊ ဖုန်းကို အချိန်အကြာကြီး ကိုင်ထားခြင်းတို့ကြောင့် လက်ကောက်ဝတ်နှင့် လက်ချောင်းများတွင် ထပ်တလဲလဲ ညောင်းညာမှုဒဏ်ရာများလည်း ဖြစ်‌ပေါ်နိုင်သည်။ ထို့ကြောင့် လည်ပင်း၊ ပခုံးနှင့် လက်များတွင် နာတာရှည်နာကျင်မှုများနှင့် သက်သောင့်သက်သာမရှိမှုတို့ကို ခံစားရနိုင်သည်။ သင့်တော်သော ကိုယ်ဟန်အနေအထားကို ကျင့်သုံးခြင်းနှင့် ပုံမှန်နားချိန်များယူခြင်းတို့သည် ဤရောဂါများကို ကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသက်ရောက်မှုများ (Mental Health Effects)
  • စိတ်ဖိစီးမှုများခြင်း (Increased Stress levels)
    မိုဘိုင်းလ်ဖုန်းများ၏ အဆက်မပြတ် မချိန်မရွေး ဆက်သွယ်နိုင်မှု (Always-on culture) သည် စိတ်ဖိစီးမှုအဆင့်ကို မြင့်တက်လာစေနိုင်သည်။ အကြောင်းမှာ အသုံးပြုသူသည် မက်ဆေ့ချ်များ၊ အီးမေးလ်များ၊ သို့မဟုတ် လူမှုမီဒီယာ အသိပေးချက်များကို အမြဲတမ်းအသင့်ရှိနေပြီး ချက်ချင်းတုံ့ပြန်နေရမည့် ဖိအားကို ခံစားနေရသောကြောင့်ဖြစ်သည်။ ဤဖိအားသည် အလျင်စလိုမှု၊ စိုးရိမ်ပူပန်မှု (Anxiety) နှင့် မရှိမဖြစ်လိုအပ်သည့် တုံ့ပြန်မှု (FOMO – Fear of Missing Out) တို့ကို ဖြစ်‌ပေါ်စေနိုင်သည်။ အမြဲတမ်း နိုးကြားတုံ့ပြန်နေရသည့် အခြေအနေသည် စိတ်ကျန်းမာရေးကို ထိခိုက်စေပြီး စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို တိုးမြင့်စေနိုင်သည်။ စိတ်ဖိစီးမှုများကို လျှော့ချရန်အတွက် အသိပေးအကြောင်းကြားချက်များကို ထိန်းချုပ်ခြင်းနှင့် မိုဘိုင်းလ်ဖုန်းများ အသုံးပြုမှုအတွက် ကန့်သတ်ချက်များ သတ်မှတ်ခြင်းသည် အ‌ရေးကြီးသော နည်းဗျူဟာများဖြစ်သည်။
  • စွဲလမ်းမှုနှင့် မှီခိုအားထားမှု (Addiction and Dependency)
    မိုဘိုင်းလ်ဖုန်းအသုံးမပြုဘဲနေရခြင်းအား ကြောက်ရွံ့သည့် စိတ်ဝေဒနာတစ်မျိုး (Nomophobia) ဖြစ်သည့် မိုဘိုင်းလ်ဖုန်းစွဲလမ်းမှုသည် စိုးရိမ်စရာ စိတ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာသည်။ ဤစွဲလမ်းမှုကြောင့် မက်ဆေ့ချ်များ၊ လူမှုမီဒီယာများ၊ အခြားသော အက်ပလီကေးရှင်းများကို အဆက်မပြတ်ဝင်ရောက် ကြည့်ရှုနေရင်းဖြင့် မိုဘိုင်းလ်ဖုန်းများဖြင့်သာ သိသိသာသာ အချိန်ကုန်လာကြသည်။ ထိုသို့ အချိန်ပြည့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုကြောင့် ဖုန်းနှင့် ကင်းကွာနေသည့်အချိန်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခြင်း၊ လူမှုဆက်ဆံရေးကို လျစ်လျူရှုလာခြင်း၊ ပညာရေး သို့မဟုတ် အလုပ်ပိုင်းဆိုင်ရာ ထုတ်လုပ်နိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ ဤစွဲလမ်းမှုဆိုင်ရာ ပြဿနာများကို ဖြတ်တောက်နိုင်ရန် အပြုအမူပိုင်းဆိုင်ရာလေ့ကျင့်ကုသမှုများ (Cognitive Behavioral Therapy – CBT) နှင့် မိုဘိုင်းလ်ဖုန်းများမှ ဝေးဝေးနေခြင်း (Digital Detox) များ ပြုလုပ်ရန် လိုအပ်သည်။
  • အာရုံစူးစိုက်မှုနှင့် သိမြင်မှုဆိုင်ရာများအပေါ် သက်ရောက်မှု (Impact on attention span and cognitive function)
    မိုဘိုင်းလ်ဖုန်းကို မကြာခဏအသုံးပြုခြင်း၊ အထူးသဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုခြင်း၊ ဂိမ်းကစားခြင်းတို့ကို မကြာခဏပြုလုပ်ခြင်းသည် အာရုံစူးစိုက်မှုနှင့် သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်တို့ကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။ မိုဘိုင်းလ်ဖုန်းဖြင့် တစ်ပြိုင်နက်တည်း အလုပ်များစွာလုပ်ခြင်း (Multitasking) သည် ဦးနှောက်အလုပ်လုပ်ရမှု ပိုမိုများပြားစေပြီး အလုပ်များကို နက်ရှိုင်းစွာ အာရုံစူးစိုက်၍ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာ ကျဆင်းစေနိုင်သည်။ လေ့လာမှုများအရ လုပ်ငန်းတစ်ခုမှ တစ်ခုသို့ အဆက်မပြတ် ပြောင်းလဲလုပ်ဆောင်ခြင်းသည် ထုတ်လုပ်နိုင်စွမ်းကို လျော့ကျစေပြီး နက်ရှိုင်းစွာ အာရုံစူးစိုက်နိုင်စွမ်းကို ထိခိုက်စေကြောင်း တွေ့ရှိထားကြသည်။ ထိုသို့မဖြစ်အောင် အသုံးပြုသူများသည် အာရုံစိုက်လုပ်ဆောင်ရမည့် အချိန်ကာလများကို သတ်မှတ်ခြင်း၊ အာရုံပျံ့လွင့်စေသော အရာများကို လျှော့ချခြင်းနှင့် အာရုံစူးစိုက်မှုကို မြှင့်တင်ပေးသည့် အက်ပလီကေးရှင်းများကို အသုံးပြုခြင်း စသည့် နည်းလမ်းများကို ကျင့်သုံးနိုင်သည်။
ကလေးသူငယ်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု (Impact on Child Development)

ကလေးများသည် ၎င်းတို့၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးဆဲကာလဖြစ်ခြင်းကြောင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှု၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သက်‌ရောက်မှုများကို ခံစားရနိုင်ခြေပို၍ များသည်။ ဖုန်း screen ကြည့်ရှုချိန် လွန်ကဲခြင်းသည် သိမြင်မှု (Cognitive)၊ စိတ်ခံစားမှု (Emotional) နှင့် လူမှုဆက်ဆံရေးဆိုင်ရာ (Social) ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေနိုင်သည်။

စောစီးစွာ မိုဘိုင်းလ်ဖုန်းကို အလွန်အကျွံ အသုံးပြုခြင်းသည် ဘာသာစကားကျွမ်းကျင်မှု နောက်ကျခြင်း (Delayed Language Skills) နှင့် အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများ (ဥပမာ – ADHD ကဲ့သို့သော လက္ခဏာများ) ကို ဖြစ်ပေါ်စေနိုင်သည်။ ဖုန်းမျက်နှာပြင်တွင်သာ အချိန်ကုန်ဆုံးခြင်းကြောင့် ကလေးများသည် ပြင်ပကမ္ဘာနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းမှ ရရှိသည့် အရေးကြီးသော ပြဿနာဖြေရှင်းနည်းများ (Problem-solving) နှင့် ဖန်တီးတွေးခေါ်မှုစွမ်းရည် (Creativity) များကို သင်ယူလေ့လာနိုင်ခြင်း နည်းပါးသွားသည်။

ထို့အပြင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုအနေဖြင့် ကလေးများတွင် အပြုအမူဆိုင်ရာ ပြဿနာများ ပိုမိုဖြစ်ပေါ်စေနိုင်ပြီး၊ စိတ်ဓာတ်ကျခြင်း (Depression) နှင့် စိုးရိမ်ပူပန်မှု (Anxiety) ခံစားချက်များကိုလည်း မြင့်တက်စေနိုင်သည်။ မိဘများသည် အသက်အရွယ်အလိုက် သင့်လျော်သော ဖုန်းစခရင် ကြည့်ရှုချိန် (Screen time) လမ်းညွှန်ချက်များကို သတ်မှတ်ရန်နှင့် ကန့်သတ်ချက်များကို တသမတ်တည်း ကျင့်သုံးရန် အလွန်အရေးကြီးသည်။ ကျန်းမာစေပြီး ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးသည့် ကိုယ်လက်လှုပ်ရှားမှုများ နှင့် ကလေးအချင်းချင်း ထိတွေ့ ဆက်ဆံရသည့် ကစားနည်းများကို အားပေးရန် လိုအပ်သည်။ မိဘများနှင့် ပညာရေးဝန်ထမ်းများမှ ကလေးများအတွက် ဟန်ချက်ညီသော ဖုန်းအသုံးပြုမှုကို စံနမူနာပြပေးခြင်း နှင့် ကြီးထွားမှုနှင့် သင်ယူမှုတို့ကို အားပေးသည့် အခြားရွေးချယ်စရာ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးခြင်းသည် ကလေးသူငယ်ဖွံ့ဖြိုးရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။

ဖြစ်နိုင်ခြေရှိသော (သက်သေမခိုင်မာသေးသော) အန္တရာယ်များ (Less Evidence-Based Harms)
  • ကင်ဆာဖြစ်နိုင်ခြေအန္တရာယ်များ (Potential Cancer risks)
    မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းနှင့် ကင်ဆာရောဂါ (အထူးသဖြင့် ဦးနှောက်အကျိတ်) တို့အကြား ဆက်နွယ်မှုအလားအလာအပေါ် သိပ္ပံပညာရှင်အသိုင်းအဝိုင်းတွင် ဆွေးနွေးငြင်းခုံမှုများ ရှိနေကြဆဲဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအေဂျင်စီ (IARC) မှ ရေဒီယိုဓာတ်ရောင်ခြည်လှိုင်းကို လူသားများအတွက် ကင်ဆာဖြစ်စေနိုင်သည့် အလားအလာရှိသည်ဟု သတ်မှတ်ထားကြပြီး အတိအကျ ကောက်ချက်ချရန် နောက်ထပ်သုတေသနများ လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။ မိုဘိုင်းလ်ဖုန်းနှင့် ကင်ဆာဖြစ်နိုင်ခြေတို့ကို လူသားတို့တွင် ပြုလုပ်ထားသည့် အကြီးမားဆုံး လေ့လာစမ်းသပ်မှုများတွင်မူ ဆက်စပ်မှုမရှိသည်ကို တွေ့ရှိရသည်။ သို့ဖြစ်၍ ခြုံငုံကြည့်ပါက လူများအပေါ် လေ့လာထားသော သုတေသနများမှ မိုဘိုင်းလ်ဖုန်းများသည် ကင်ဆာဖြစ်နိုင်ခြေကို တိုးစေသည်ဟူသော ခိုင်မာစိတ်ချရသည့် တိုက်ရိုက်သက်သေ အထောက်အထား ယခုထိ မရှိသေးပါ။
  • သန္ဓေအောင်နိုင်စွမ်းဆိုင်ရာ ပြဿနာများ
    မိုဘိုင်းလ်ဖုန်းများကို ကြာရှည်စွာ ထိတွေ့အသုံးပြုခြင်းသည် အထူးသဖြင့် လိင်အင်္ဂါများနှင့် နီးကပ်သော အိတ်ကပ်များတွင် ထားရှိပါက အမျိုးသားများ သန္ဓေအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်သည်။ ဖုန်းများမှထုတ်လွှတ်သော ရေဒီယိုဓာတ်ရောင်ခြည်လှိုင်းသည် သုက်ကောင် အရေအတွက်၊ လှုပ်ရှားမှုများနှင့် အသက်ရှင်နိုင်စွမ်းကို လျော့ကျစေနိုင်ကြောင်း အချို့လေ့လာမှုများက ဖော်ပြသည်။ သို့သော် ဤပြဿနာသည် ဓာတ်ရောင်ခြည်ကြောင့်ထက် ဖုန်းမှထွက်သည့် အပူဓာတ်ကြောင့် မျိုးပွါးအင်္ဂါပတ်ဝန်းကျင် အပူချိန်တိုးလာခြင်းနှင့် ပိုမိုသက်ဆိုင်နိုင်ကြောင်း ဆရာဝန်များက အကြံပြုကြသည်။ ဤသို့ ဖြစ်နိုင်ခြေအန္တရာယ်ကို လျှော့ချနိုင်ရန် ဖုန်းများကို လိင်အင်္ဂါနှင့်နီးကပ်သော အိတ်များထဲ ကြာရှည်စွာ ထည့်ထားခြင်း မပြုလုပ်ရန်နှင့် ဖုန်းပြောလျှင် နားကြပ် သို့မဟုတ် စပီကာဖုန်းများကို အသုံးပြုခြင်းဖြင့် လျှော့ချနိုင်သည်။

မိုဘိုင်းလ်ဖုန်းများ၏ ဘေးကင်းလုံခြုံစိတ်ချရေးနှင့် ရေရှည်ကျန်းမာရေးအပေါ် အကျိုးသက်‌ရောက်မှုများနှင့် ပတ်သက်၍ သုတေသနများ ဆက်လက်ပြုလုပ်ကာ စောင့်ကြည့်လေ့လာလျက်ရှိသည်။

မိုဘိုင်းလ်ဖုန်းများ၏ လူသားတို့ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှု လျှော့ချရေးနည်းလမ်းများ (Strategies to Mitigate Health Concerns)

မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းကြောင့် ဖြစ်နိုင်ခြေရှိသော ဆိုးကျိုးအန္တရာယ်များကို နားလည်သိရှိပြီး ၎င်းတို့ကို လျှော့ချရန် နည်းဗျူဟာများ အကောင်အထည်ဖော်ခြင်းဖြင့် လူတစ်ဦးချင်းစီသည် ခေတ်မီမိုဘိုင်းလ်ဖုန်းနည်းပညာ၏ အကျိုးရှိသောအရာများကို အဆင်ပြေစွာ အသုံးပြုရင်းဖြင့် မိမိတို့၏ ကျန်းမာရေးကို ထိန်းသိမ်းနိုင်သည်။
ဤကာကွယ်‌ရေးနည်းလမ်းများတွင် လူတစ်ဦးချင်းလိုက်နာသင့်သည့် ကျန်းမာရေးအလေ့အထများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများနှင့် စည်းမျဥ်းဥပဒေဆိုင်ရာ စီမံမှုများ ပါဝင်သည်။ ထိုအလေ့အထများကို မွေးမြူလေ့ကျင့်ခြင်းအားဖြင့် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုနှင့် ဆက်စပ်နေသော အန္တရာယ်များကို လျှော့ချနိုင်ပြီး နည်းပညာများနှင့် ပိုမိုကျန်းမာသော အပြန်အလှန်ဆက်ဆံမှုများကို မြှင့်တင်နိုင်မည်ဖြစ်သည်။

  1. လူတစ်ဦးချင်းလိုက်နာသင့်သည့် ကျန်းမာရေးအလေ့အထများ (Personal Health Practices)
    မိုဘိုင်းလ်ဖုန်းများ၏ အန္တရာယ်ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများကို လျှော့ချရန်အတွက် လူတစ်ဦးချင်းစီသည် အောက်ဖော်ပြပါအချက်များကို လိုက်နာလုပ်ဆောင်ရန် လိုအပ်သည်
    • ဖုန်း screen ဖန်သားပြင် ကြည့်ရှုချိန် ကန့်သတ်ခြင်း (Limit Screen Time)
      မိုဘိုင်းလ်ဖုန်းအသုံးပြုရန်အတွက် သီးခြားအချိန်များကို သတ်မှတ်ပြီး မျက်စိညောင်းညာမှုကို လျှော့ချရန်နှင့် ကြွက်သားနှင့် အရိုးဆိုင်ရာ ပြဿနာများကို တားဆီးရန်အတွက် ပုံမှန်အနားယူမှုများ (၂၀-၂၀-၂၀ နည်းလမ်း) ကို ပြုလုပ်ပါ။
      • ဖုန်း screen ကို မိနစ် (၂၀) ကြာ ကြည့်ရှုအသုံးပြုပြီးတိုင်း အနားယူပါ
      • ထိုအနားယူချိန်တွင် သင့်မျက်လုံးများကို ပေ (၂၀) အကွာရှိ အရာဝတ္ထုတစ်ခုခုကို ကြည့်ရှုပါ (ပေ ၂၀ ကို တိတိကျကျ တိုင်းတာရန် မလိုပါ။ သင့်ဆီမှ အတော်အတန် ဝေးကွာသော အရာတစ်ခု၊ ဥပမာ _ ပြတင်းပေါက်ပြင်ဘက်ရှိ အပင်၊ အဆောက်အအုံ စသည်တို့ကို ကြည့်ရှုနိုင်သည်)
      • ဝေးကွာသော အရာဝတ္ထုကို စက္ကန့် (၂၀) ကြာအောင် ကြည့်ရှုပါ၊ ဤအချိန်သည် မျက်လုံးကြွက်သားများ လုံးဝပြေလျော့သွားရန် လုံလောက်သောအချိန်ဖြစ်သည်
    • မှန်ကန်သော ကိုယ်နေဟန်ထားကို ထိန်းသိမ်းပါ (Maintain Proper Posture)
      ဖုန်းကြည့်လျှင်၊ စာရိုက်လျှင် လည်ပင်းကုန်းခြင်း (Text Neck) နှင့် အခြားကြွက်သားနှင့် အရိုးဆိုင်ရာ ပြဿနာများကို ကာကွယ်ရန် ကိုယ်နေဟန်ထားကို မှန်ကန်အောင် ဂရုစိုက်ပါ။ ဖုန်းကို မျက်လုံးနှင့် တစ်တန်းတည်းတွင် ကိုင်ထားအသုံးပြုပါ။ အချိန်ကြာမြင့်စွာ အောက်ငုံ့ကြည့်ခြင်းကို ရှောင်ကြဉ်ပါ။
    • ဓာတ်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှု လျှော့နည်းအောင် ပြုလုပ်ခြင်း (Minimize Direct Radiation Exposure)
      ဦးခေါင်းနှင့် ဓာတ်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှု လျော့နည်းစေရန် မိုဘိုင်းလ်ဖုန်းကို ဦးခေါင်းနှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် Hands-free ပစ္စည်းများဖြစ်သော စပီကာဖုန်း၊ နားကြပ်များကို အသုံးပြုပါ။ ဖုန်းပြောနေစဉ် ခန္ဓာကိုယ်နှင့် အကွာအဝေးကို တတ်နိုင်သမျှ ထားရှိပါ။
    • အိပ်စက်မှုအတွက် သင့်တော်သော ပတ်ဝန်းကျင်ကို ဖန်တီးပါ (Create Sleep-Conducive Environment)
      အိပ်စက်မှုအရည်အသွေးကို မြှင့်တင်နိုင်ရန် အိပ်ရာမဝင်မီ အနည်းဆုံး တစ်နာရီအလိုတွင် ဖုန်းအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ ၎င်းအပြင် ဖုန်းများတွင် ညဘက်အသုံးပြုစနစ် (Night Mode) ကို ဖွင့်၍ အသုံးပြုခြင်းဖြင့် အပြာရောင်အလင်း (Blue Light) ထိတွေ့မှုကို လျှော့ချနိုင်သည်။
  2. နည်းပညာဆိုင်ရာ ဖြေရှင်းနည်းများ (Technological Solutions)
    မိုဘိုင်းလ်ဖုန်းများနှင့် ပတ်သတ်သော ဆိုးကျိုးများကို လျှော့ချရာတွင် နည်းပညာဆိုင်ရာ တိုးတက်မှုများသည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
    • အပြာရောင်အလင်းကို စစ်ထုတ်သော ဆော့ဖ်ဝဲလ်များနှင့် အကာအကွယ်များ
      အပြာရောင်အလင်းကို စစ်ထုတ်သော ဆော့ဖ်ဝဲလ်များ (Blue light filter software) ကို အသုံးပြုခြင်း သို့မဟုတ် အပြာရောင်အလင်းထုတ်လွှတ်မှုကို လျှော့ချပေးသည့် မျက်နှာပြင်အကာအကွယ်များ (Screen protectors) တပ်ဆင်ခြင်း
    • ဖုန်း screen ကြည့်ရှုချိန်ကို စီမံခန့်ခွဲသည့် အက်ပလီကေးရှင်းများ
      ဖုန်းစခရင် ကြည့်ရှုချိန်ကို စောင့်ကြည့်၊ ထိန်းချုပ်ပေးသော အက်ပလီကေးရှင်းများကို အသုံးပြုခြင်း
    • ကိရိယာဒီဇိုင်း တိုးတက်မှုများ
      အချိန်ကြာမြင့်စွာ အဆင်ပြေပြေအသုံးပြုနိုင်ရန်အတွက် လည်ပင်း၊ လက်နှင့် မျက်လုံးများကို ထည့်သွင်းစဉ်းစားထားသည့် အဆင့်မြင့် ကိရိယာဒီဇိုင်းများ အသုံးပြု၍ ထုတ်လုပ်ခြင်း
    • ဓါတ်ရောင်ခြည် ထိန်းချုပ်နည်းပညာများ
      SAR (Specific Absorption Rate) နည်းသော ဖုန်းများကို ထုတ်လုပ်ခြင်း သို့မဟုတ် အသုံးပြုစဉ် ဓါတ်ရောင်ခြည် ထိတွေ့မှုကို လျှော့ချပေးသည့် နည်းပညာများကို တီထွင်ခြင်း

ဤကဲ့သို့ မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းနှင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုများကို နားလည်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းသည် မိုဘိုင်းလ်ဖုန်းအသုံးပြုမှုနှင့် ဆက်စပ်နေသော အန္တရာယ်များကို လျှော့ချရန်အတွက် မရှိမဖြစ်လိုအပ်သည်။ ဤဖြစ်နိုင်ခြေရှိသော ပြဿနာများကို သတိပြုမိပြီး ၎င်းတို့ကို လျှော့ချရန်အတွက် သင့်လျော်သော ကာကွယ်ရေးနည်းဗျူဟာအဆင့်များကို လုပ်ဆောင်ခြင်းဖြင့် အသုံးပြုသူများသည် မိုဘိုင်းလ်နည်းပညာ၏ အကျိုးကျေးဇူးများကို ခံစားနိုင်စေရုံသာမက ၎င်းတို့၏ ကျန်းမာရေးကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

References:

  1. Adams, J. A., Galloway, T. S., Mondal, D., Esteves, S. C., & Mathews, F. (2014). Effect of mobile telephones on sperm quality: A systematic review and meta-analysis. Environmental International, 70, 106–112. https://doi.org/10.1016/j.envint.2014.04.015
  2. American Cancer Society. (n.d.). Cellular phones. Retrieved September 22, 2025, from https://www.cancer.org/cancer/risk-prevention/radiation-exposure/cellular-phones.html
  3. Better Health Channel. (n.d.). Mobile phones and your health. State Government of Victoria. Retrieved September 22, 2025, from https://www.betterhealth.vic.gov.au/health/healthyliving/mobile-phones-and-your-health
  4. Cancer Research UK. (n.d.). Do mobile phones cause cancer? Retrieved September 22, 2025, from https://www.cancerresearchuk.org/about-cancer/causes-of-cancer/cancer-myths-questions/do-mobile-phones-cause-cancer
  5. EMF Explained. (n.d.). EMF and mobile phones. Retrieved September 22, 2025, from https://emfexplained.info/?Page=25182
  6. Feychting, M., Schüz, J., Toledano, M. B., Vermeulen, R., Auvinen, A., Harbo Poulsen, A., Deltour, I., Smith, R. B., Heller, J., Kromhout, H., Huss, A., Johansen, C., Tettamanti, G., & Elliott, P. (2024). Mobile phone use and brain tumour risk – COSMOS, a prospective cohort study. Environment International, 185, 108552. https://doi.org/10.1016/j.envint.2024.108552
  7. International Agency for Research on Cancer (IARC). (2011). IARC classifies radiofrequency electromagnetic fields as possibly carcinogenic to humans (Press release No. 208). World Health Organization. Retrieved September 22, 2025, from https://www.iarc.who.int/wp-content/uploads/2018/07/pr208_E.pdf
  8. La Vignera, S., Condorelli, R. A., Vicari, E., D’Agata, R., & Calogero, A. E. (2012). Effects of the exposure to mobile phones on male reproduction: A review of the literature. Journal of Andrology, 33(3), 350–356. https://doi.org/10.2164/jandrol.111.014373
  9. Oncquest Laboratories. (n.d.). Harmful effects of mobile phones on human health. Retrieved September 22, 2025, from https://oncquestlabs.com/blog/harmful-effects-of-mobile-phones-on-human-health/
  10. Rbia. (n.d.). 10 harmful effects of mobile phones on health. Retrieved September 22, 2025, from https://rbia.in/blog/10-harmful-effects-of-mobile-phones-on-health/
  11. Uswitch. (n.d.). How does mobile phone use impact our health? Retrieved September 22, 2025, from https://www.uswitch.com/mobiles/compare/sim_only_deals/how-does-mobile-phone-use-impact-our-health/
  12. WebMD. (n.d.). Smartphone health problems (slideshow). Retrieved September 22, 2025, from https://www.webmd.com/balance/ss/slideshow-smart-phone-health-problems

Published: 21 October 2025

Share

21 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Multidisciplinary Team – MDT (ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း)
Oct 17, 2025
Healthy Lifestyles

Multidisciplinary Team – MDT (ဆေးပညာရှင်များ စုပေါင်းညှိနှိုင်းကုသခြင်း)

လူနာတစ်ဦး၏ ရောဂါကို အကောင်းဆုံးနှင့် အပြည့်စုံဆုံး ကုသမှုပေးနိုင်ရန်အတွက်၊...

Complementary and Alternative Medicine (CAM) (ရောဂါအထောက်အကူပြု ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများ)
Oct 15, 2025
Healthy Lifestyles

Complementary and Alternative Medicine (CAM) (ရောဂါအထောက်အကူပြု ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများ)

‌ရောဂါကုသခြင်းတွင် ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများသည်...

Palliative care (ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း)
Oct 11, 2025
Healthy Lifestyles

Palliative care (ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း)

ဝေဒနာသက်သာစေရေး ကုသခြင်းသည် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရမှု...