Complementary and Alternative Medicine (CAM) (ရောဂါအထောက်အကူပြု ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများ)

Complementary and Alternative Medicine (CAM) (ရောဂါအထောက်အကူပြု ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများ)

ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများသည် စံသတ်မှတ်ထားသော ဆေးကုသမှုတွင် မပါဝင်သည့် ဆေးဝါးများ၊ လုပ်ဆောင်မှုများနှင့် ကုသခြင်းဖြစ်ပြီး ကင်ဆာဝေဒနာရှင်များတွင် အသုံးများသည်။

ဖြည့်စွက်ကုထုံး (Complementary Medicine) ဆိုသည်မှာ သမားရိုးကျကုသမှုနှင့် တွဲဖက်အသုံးပြုရသော ဆေးပညာတစ်မျိုးဖြစ်ပြီး၊ ၎င်းကုထုံးသီးသန့်ဖြင့် ကုသမှု မပြုလုပ်နိုင်ပါ။ ဥပမာအားဖြင့် ကင်ဆာကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရန် အပ်စိုက်ကုသမှု (Acupuncture) ကို အသုံးပြုခြင်းဖြစ်သည်။

အစားထိုးကုထုံး (Alternative Medicine) ဆိုသည်မှာ သမားရိုးကျကုသမှုနေရာတွင် အစားထိုးကုသခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ကင်ဆာရောဂါကုသရာတွင် ဆရာဝန်ညွှန်ကြားသော ကင်ဆာဆေးများအစား အထူးစားသောက်မှုပုံစံသုံး၍ ကုသခြင်းဖြစ်သည်။

ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံး အမျိုးအစားများ

ဖြည့်စွက်နှင့် အစားထိုးကုထုံး အမျိုးအစားများစွာရှိပြီး အောက်ပါအတိုင်း အုပ်စုများ ခွဲခြားနိုင်သည်။

  1. စိတ်နှင့်ခန္ဓာ ဆက်စပ်ကုထုံးများ (Mind-Body Interventions)
    • တရားထိုင်ခြင်း (Meditation)
      စိတ်တည်ငြိမ်စေရန်နှင့် ဖိစီးမှုများစေသော အတွေးများနှင့် ခံစားချက်များကို လျှော့ချရန် အသက်ရှူသွင်းရှူထုတ်ခြင်းကို အာရုံစိုက်ခြင်း (သို့မဟုတ်) စကားစုများကို ထပ်ခါတလဲလဲရွတ်ဆိုခြင်းဖြစ်သည်။
    • စိတ်ကူးပုံဖော်ခြင်း (Imagery)
      ခန္ဓာကိုယ်ကို ကျန်းမာလာစေရန် အထောက်အကူပြုသော အခင်းအကျင်းများ၊ ပုံများ (သို့မဟုတ်) အတွေ့အကြုံများ အစရှိသည့် အပြုသဘောဆောင်သောပုံရိပ်များကို စိတ်ကူးပုံဖော်၍ အာရုံစိုက်ခြင်း ဖြစ်သည်။
    • ဇီဝတုံ့ပြန်မှုကုထုံး (Biofeedback)
      အထူးတီထွင်ထားသော စက်ပစ္စည်းများကို အသုံးပြု၍ လူတစ်ဦးပုံမှန်အားဖြင့် သတိမမူနိုင်သည့် ခန္ဓာကိုယ်တုံ့ပြန်မှု လုပ်ငန်းဆောင်တာများ (ဥပမာ _ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်) ကို ထိန်းချုပ်နိုင်ရန် သင်ယူခြင်းဖြစ်သည်။
    • အိပ်မွေ့ချကုထုံး (Hypnosis)
      စိတ်လှုပ်ရှားမှုများ၊ အတွေးများ၊ ပုံရိပ်များ၊ ခံစားမှုများ (သို့မဟုတ်) အမူအကျင့်များကို သိရှိနားလည်ပြီး အာရုံစိုက်လာစေရန် အိပ်မွေ့ချထားသည့် အခြေအနေကို ဖန်တီး၍ ကုသခြင်းဖြစ်သည်။ ကုသရေးတွင် အထောက်အကူဖြစ်စေရန်အတွက် စိတ်ကိုငြိမ်သက်စေပြီး အကြံပြုချက်များကို လက်ခံလာရန် အထောက်အကူဖြစ်စေသည်။
    • ယောဂ (Yoga)
      စိတ်နှင့် ခန္ဓာကို ဟန်ချက်ညီစေရန် လေ့ကျင့်ရသော ရှေးဟောင်းကျင့်စဥ်တစ်မျိုးဖြစ်ပြီး ကိုယ်ဟန်အနေအထားနှင့် အသက်ရှူစနစ်ကို ထိန်းချုပ်ခြင်း၊ တရားထိုင်ခြင်းစသည့် ကျင့်စဥ်များ ပါဝင်သည်။ ခန္ဓာကိုယ်ကို ပိုမိုပျော့ပြောင်းစေခြင်း (suppleness)၊ အားအင်ပြည့်ဝစေခြင်း (vitality)၊ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုများကို ပြေလျော့စေခြင်းစသည့် အကျိုးကျေးဇူးများ ဖြစ်စေသည်။
    • တိရစ္ဆာန်အကူအညီဖြင့် ကုသသောကုထုံး (Animal-assisted Therapy)
      ခွေး (သို့မဟုတ်) အခြားတိရစ္ဆာန် တစ်မျိုးမျိုး၏ အကူအညီဖြင့် စိတ်ကျန်းမာရေး၊ ကင်ဆာ၊ နှလုံးရောဂါ အစရှိသော ကျန်းမာရေးပြဿနာများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်ရန် အထောက်အကူပြုသည်။ ကျန်းမာရေးပြဿနာများနှင့် ဆက်စပ်နေသည့် နာကျင်မှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျဆင်းမှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို လျှော့ချပေးနိုင်သည်။
  2. ဇီဝဗေဒအခြေခံ ကုထုံးများ (Biologically Based Practices)
    • ဗီတာမင်များ (Vitamins)
      ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများအတွက် လိုအပ်သော အာဟာရဓာတ်များ ဖြည့်စွက်သောက်သုံးခြင်းဖြစ်သည်။
    • အစားအသောက်ဖြည့်စွက်စာများ စားသောက်ခြင်း (Dietary Supplements)
      ဗီတာမင်၊ သတ္တုဓာတ်နှင့် ဆေးဖက်ဝင်အပင်များ အစရှိသည်တို့ကို ဖြည့်စွက်ထားသော အစားအသောက်များ စားသောက်ခြင်းဖြစ်သည်။
    • ဆေးဖက်ဝင်အပင်များ (Botanicals)
      အပင် (သို့မဟုတ်) အပင်၏ အစိတ်အပိုင်းများကို အသုံးပြု၍ကုသခြင်းဖြစ်သည်။
    • အထူးစီမံထားသောအစားအစာများ (သို့မဟုတ်) အစားအသောက်နည်းစနစ်များ (Special foods or diets)
  3. ကိုယ်ခန္ဓာအစိတ်အပိုင်းများကို နှိပ်နယ်ကုသသော ကုထုံးများ (Manipulative and Body-Based Practices)
    • နှိပ်နယ်ကုထုံး (Massage Therapy)
      ကြွက်သားများကို ဖိခြင်း၊ ပွတ်သပ်ခြင်၊ ခပ်ဖွဖွရိုက်ခြင်း စသည်တို့ပြုလုပ်သည့် ကုထုံးဖြစ်သည်။ နှိပ်နယ်ကုထုံးကို စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု လျှော့ချရန်၊ စိတ်ခံစားချက် ကောင်းမွန်လာစေရန်၊ အပန်းဖြေမှုကို အထောက်အကူပြုရန်နှင့် နာကျင်မှုကို ထိန်းချုပ်ရန် အသုံးပြုကြသည်။
    • ခြေဖဝါး၊ လက်ဖဝါး နှိပ်နယ်ကုထုံး (Reflexology)
      ခြေဖဝါး (သို့မဟုတ်) လက်ဖဝါးရှိ သတ်မှတ်ထားသော နေရာများကို နှိပ်နယ်ခြင်းဖြင့် ခန္ဓာကိုယ်ရှိ နာကျင်သည့် နေရာများ ဖြေလျှော့ပေးသည့်ကုထုံးဖြစ်သည်။ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းချုပ်ခြင်း၊ ပျို့အန်ခြင်း စသည့်ရောဂါလက္ခဏာများကို သက်သာစေနိုင်သည်။
    • ခိုင်ရိုပရက်တစ်ကုထုံး (Chiropractic Therapy)
      ခန္ဓာကိုယ်ရှိ အရိုးအဆစ်များ၊ အထူးသဖြင့် ကျောရိုးအဆစ်များကို နှိပ်နယ်ပြုပြင်သည့် ကုထုံးဖြစ်သည်။ ဤကုထုံးတွင် ဆန့်ထုတ်ခြင်း (stretching)၊ ညင်သာသော ဖိအားပေးခြင်း (gentle pressure) နှင့် တွန်းကန်အားပေးခြင်း (resistance) များကို အသုံးပြုပြီး ကြွက်သားနှင့် အဆစ်များကို လှုပ်ရှားပေးခြင်းဖြစ်သည်။ ကြွက်သား နာကျင်ကိုက်ခဲမှုများကို သက်သာစေသဖြင့် ခန္ဓာကိုယ်လှုပ်ရှားနိုင်စွမ်း (mobility) နှင့် လုပ်ဆောင်နိုင်စွမ်း (function) ကို ပိုမိုကောင်းမွန်စေနိုင်သည်။ ထို့ကြောင့် ၎င်းကို ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraines)၊ ဓမ္မတာလာစဉ် နာကျင်မှု (menstrual pain)၊ လက်ကောက်ဝတ်ရှိ အာရုံကြောပိမိခြင်းကြောင့် လက်နှင့်လက်ချောင်းများ ထုံကျဥ်ကိုက်ခဲခြင်း (Carpal tunnel syndrome) အပါအဝင် အမျိုးမျိုးသော ရောဂါလက္ခဏာများ၏ ပြင်းထန်မှုကို လျှော့ချပေးရန် အထောက်အကူပြုသည်။
  4. စွမ်းအင်ကုထုံး (Energy Therapy)
    • ထိုက်ချိ (Tai Chi)
      အသက်ရှူခြင်းကို ထိန်းချုပ်ကာ နှေးကွေးသော ကိုယ်ခန္ဓာလှုပ်ရှားမှုများကို အသုံးပြုသည့် ညင်သာသော ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးဖြစ်သည်။ ၎င်းကို “အသိတရားဖြင့် လှုပ်ရှားခြင်း” (Meditation in Motion) ဟု တင်စားခေါ်ဆိုလေ့ရှိသည်။ ထိုက်ချိလေ့ကျင့်ခြင်းသည် စိတ်ကို ငြိမ်သက်စေကာ မိမိကိုယ်တိုင် ပြန်လည်ကုစားနိုင်စွမ်းကို မြှင့်တင်ပေးသည်။
    • အပ်စိုက်ကုထုံး ( Acupuncture)
      အပ်စိုက်ကုထုံးသည် ရှေးဟောင်း တရုတ်ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုဖြစ်သည်။ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကုသရန်အတွက် အလွန်သေးငယ် ခိုင်ခံ့သောအပ်များကို ခန္ဓာကိုယ်ရှိ သတ်မှတ်ထားသောနေရာများတွင် ထိုးစိုက်သွင်းခြင်းဖြစ်သည်။ အပ်စိုက်ကုထုံးသည် အန်ဒေါ်ဖင် (Endorphins) ခေါ် နာကျင်မှုသက်သာစေသည့် သဘာဝဓာတ်များကို ထွက်ရှိစေရန် အားပေးပြီး ကောင်းမွန်သော စိတ်ခံစားချက်များကိုလည်း တိုးမြှင့်ပေးနိုင်သည်။
    • ရေကီကုထုံး (Reiki)
      (၂၀) ရာစုအစောပိုင်းတွင် ဂျပန်နိုင်ငံမှ စတင်ခဲ့ပြီး ရှေးခေတ်ဇင်ဗုဒ္ဓဘာသာ၏ အယူဝါဒများကို အခြေခံသည်။ ကုထုံးပညာရှင်များသည် ၎င်းတို့၏လက်များမှတစ်ဆင့် “ရေကီစွမ်းအင်” ကို ဦးတည်ပို့ဆောင်ပေးပြီး ခန္ဓာကိုယ်ရှိ လိုအပ်သောနေရာများသို့ စွမ်းအင်များ သယ်ဆောင်ပေးသည်။ ရေကီသည် ခန္ဓာကိုယ်၏ စွမ်းအင်ဗဟိုချက်များ (chakras) ကို ဟန်ချက်ညီစေရန်‌၊ သွေးလေမညီညွတ်မှုနှင့် ရောဂါများ ဖြစ်ပေါ်စေသည့် စွမ်းအင်ပိတ်ဆို့မှုများကို ဖယ်ရှားပေးနိုင်သည် ဟုဆိုသည်။ ကုသမှုခံယူပြီးနောက် အချို့သူများသည် စိတ်ပြေလျော့မှုကို ခံစားရပြီး အချို့သူများမှာမူ လန်းဆန်းတက်ကြွမှုကို ခံစားရနိုင်သည်။
    • ကုထုံးဆိုင်ရာ အထိအတွေ့ (Therapeutic Touch)
      ဤကုထုံးကို စိတ်ဖိစီးမှုနှင့် ဆက်စပ်သော အခြေအနေများ (ဥပမာ _ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း) နှင့် နာကျင်မှု သက်သာစေရန် (အထူးသဖြင့် ကြွက်သားများ တင်းမာခြင်းနှင့် ခွဲစိတ်မှုအပြီးတွင်) အသုံးပြုသည်။ ဒဏ်ရာကျက်ခြင်း၊ သွေးလည်ပတ်မှုနှင့် ပြန်ရည်စနစ်ဆိုင်ရာ မူမမှန်မှုများကို မြှင့်တင်ပေးရန်အတွက်လည်း အသုံးပြုကြသည်။
    • သံလိုက်များ (Magnets)
      ဤကုထုံးသည် နာကျင်မှုလျှော့ချရန် သို့မဟုတ် အနာကျက်မြန်စေရန်အတွက် သံလိုက်များကို ခန္ဓာကိုယ်ပေါ်တွင် တင်ထားခြင်းဖြင့် ကုသခြင်းဖြစ်သည်။
  5. ထုတ်ဖော်ပြောဆိုခြင်းဆိုင်ရာကုထုံး (Expressive Therapy)
    • ဂျာနယ်ရေးသားခြင်း ( Journal writing)
      ဂျာနယ်ရေးသားခြင်းသည် ‌ရောဂါအခြေအနေကြောင့် ဖြစ်ပေါ်လာသည့် စိတ်ခံစားမှုအချို့ကို ကိုင်တွယ်ဖြေရှင်းရန် ထိရောက်သော နည်းလမ်းဖြစ်သည်။ ဂျာနယ်ရေးသားခြင်းဖြင့် ခက်ခဲသော ခံစားချက်များကို လုံခြုံစွာ၊ ကိုယ်ပိုင်သီးသန့် ထုတ်ဖော်ပြောဆိုနိုင်သည်။ ပုံမှန်ဂျာနယ်ရေးသားခြင်းသည် အတွေးများကို ရှင်းလင်းစေပြီး ကောင်းမွန်သော ရွေးချယ်မှုများ ပြုလုပ်နိုင်ရန်လည်း ကူညီပေးနိုင်သည်။
    • အနုပညာကုထုံး (Art Therapy)
      ပုံဆွဲခြင်း၊ ပန်းချီဆွဲခြင်းနှင့် ပန်းပုထုလုပ်ခြင်းတို့သည် စကားလုံးများဖြင့် လွယ်ကူစွာ မဖော်ပြနိုင်သော ခံစားချက်များကို ထုတ်ဖော်ပြောဆိုရန် ကူညီပေးနိုင်သည်။
    • အ‌‌ထောက်အကူပြုအဖွဲ့များဖွဲ့ ၍ ဆွေးနွေးခြင်း (Support Groups)
      အဖွဲ့လိုက်ဆွေးနွေးခြင်းတွင် အလားတူအခြေအနေ ကြုံတွေ့နေရသူများအချင်းချင်း စိုးရိမ်ပူပန်မှုများ၊ ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက်များကို ဝေမျှနိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။
အကျိုးကျေးဇူးများ

ကုထုံးတစ်မျိုးစီသည် ရောဂါ၏ သီးခြားကဏ္ဍတစ်ခုကို ဦးတည်နိုင်သော်လည်း ယေဘုယျအားဖြင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူး တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပေးစွမ်းနိုင်သည်။

  • နာကျင်မှု သက်သာစေခြင်း
  • စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှု လျှော့ချပေးခြင်း
  • ပျို့အန်ခြင်းကို သက်သာစေခြင်း
  • စိတ်ခံစားချက် ပိုမိုကောင်းမွန်စေခြင်း
  • စိတ်ပြေလျော့မှုကို တိုးမြှင့်ပေးခြင်း
  • ဒဏ်ရာကျက်ခြင်းကို မြန်စေခြင်း
  • သာယာပျော်ရွှင်မှု၊ စိတ်ချမ်းသာမှု၊ အကောင်းမြင်စိတ်နှင့် အတွင်းငြိမ်းချမ်းမှု ခံစားချက်များကို အားပေးခြင်း
  • ကြွက်သားတင်းအား သက်သာစေခြင်း
  • ပင်ပန်းနွမ်းနယ်မှု လျှော့ချပေးခြင်း
  • ခန္ဓာကိုယ် ပျော့ပြောင်းမှုနှင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေခြင်း
ဖြည့်စွက်ကုထုံးနှင့် အစားထိုးကုထုံးများ စတင်ခြင်း
  • မိသားစုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ
    ဖြည့်စွက်ကုထုံး တစ်ခုခုကို မစတင်မီ သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) နှင့် ဦးစွာ ဆွေးနွေးပါ။
  • ဆရာဝန်ညွှန်ကြားထားသောဆေးများ ရပ်ဆိုင်းခြင်းကို ရှောင်ပါ
    ရောဂါကုသပေးနေသော ဆရာဝန်နှင့် တိုင်ပင်ခြင်းမရှိဘဲ ညွှန်ကြားထားသည့် ဆေးဝါးများကို မည်သည့်အခါမျှ ရပ်တန့်ခြင်း မပြုပါနှင့်။
  • ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းများကို ရှာဖွေပါ
    သင်စိတ်ဝင်စားသော ကုထုံးပညာရှင် အမျိုးအစားအတွက်သိရှိနားလည်ကျွမ်းကျင်သော ပရော်ဖက်ရှင်နယ် အဖွဲ့အစည်းများကို ရှာဖွေပါ။
  • ကုထုံးပညာရှင်အကြောင်း အချက်အလက်ရှာပါ
    သင်သွားရောက်ပြသလိုသော ကုထုံးပညာရှင်၏ ပညာရေး၊ လေ့ကျင့်မှု၊ လိုင်စင်များ (သို့မဟုတ်) အသိအမှတ်ပြုလက်မှတ်များအပါအဝင် ဖြစ်နိုင်သမျှ အချက်အလက်အားလုံးကို သေချာစွာစစ်ဆေးသင့်သည်။
  • ပူးပေါင်းလုပ်ဆောင်မှု ရှိမရှိ စုံစမ်းပါ
    ဖြည့်စွက်ကုထုံးပေးသူသည် သမားရိုးကျ ကျန်းမာရေး စောင့်ရှောက်မှုပေးသူနှင့်အတူ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း ရှိမရှိ စုံစမ်းပါ။
  • ရောဂါလက္ခဏာများ ဆက်ရှိနေလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ‌မိသားစုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာ အထူးကုဆရာဝန် နှင့် ပြန်လည်ပြသသင့်သည်။
ဘေးကင်းမှု၊ ထိရောက်မှုနှင့် သိပ္ပံနည်းကျ ယုံကြည်စိတ်ချရမှု

ဖြည့်စွက်ကုထုံး၊ အစားထိုးကုထုံးများနှင့် ပတ်သက်၍ လေ့လာမှုများရှိသော်လည်း တိကျသောသုတေသန အထောက်အထား လုံလောက်စွာမရှိသေးပါ။ သိပ္ပံနည်းကျ အထောက်အထား (Scientific Evidence) များသည် တိုးတက်လာနေသော်လည်း ကုထုံးများစွာအတွက် စံသတ်မှတ်ထားသော သုတေသနအထောက်အထား (Randomized Controlled Trials) များအကန့်အသတ်ဖြင့်သာ ရှိနေသေးသည်။

  • လက်ရှိအချက်အလက်များအရ အပ်စိုက်ကုထုံး (Acupuncture)၊ ယောဂ (Yoga)၊ တရားထိုင်ခြင်း (Meditation) နှင့် နှိပ်နယ်ကုထုံး (Massage) စသည့် ကုထုံးများသည် ကင်ဆာကုသမှု၏ ဘေးထွက်ဆိုးကျိုးများ (ဥပမာ _ နာကျင်ခြင်း၊ ပျို့အန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်း) ကို သက်သာစေရန် ထိရောက်မှုရှိကြောင်း အထောက်အထားများ ပိုမိုများပြားလာသည်
  • ဆေးဖက်ဝင်အပင်များနှင့် အာဟာရဖြည့်စွက်စာများ (Botanicals and Dietary Supplements) အပါအဝင် CAM အချို့ကို အသုံးပြုရာတွင် ၎င်းတို့သည် သမားရိုးကျ ကင်ဆာဆေးဝါးများနှင့် ဓာတ်ပြုမှု ဖြစ်ပေါ်နိုင်ပြီး ကုသမှု၏ ထိရောက်မှုကို လျော့နည်းစေခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများကို ပိုဆိုးစေခြင်းတို့ ဖြစ်နိုင်သောကြောင့် သတိပြုရန် အရေးကြီးသည်
  • လူနာများသည် ၎င်းတို့အသုံးပြုနေသော CAM ကုထုံးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသူ (ဆရာဝန်) များထံ အသိပေးရန် ပျက်ကွက်ခြင်းသည် သမားရိုးကျကုသမှုအပေါ် အနှောင့်အယှက်ဖြစ်နိုင်ခြေနှင့် ဆေးကုသမှုဆိုင်ရာ အန္တရာယ်များကို တိုးမြင့်စေနိုင်သည်။ ထို့ကြောင့် ပေါင်းစပ်ကုသမှု (Integrative Medicine) ပြုလုပ်ရာတွင် လူနာများအား ဘေးကင်းပြီး ထိရောက်သော စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ပွင့်လင်းစွာ ဆွေးနွေးပြောဆိုခြင်းသည် အလွန်အရေးကြီးသည်

သီးခြားကုထုံးတစ်ခုချင်းစီ၏ အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် အောက်ပါအတိုင်း လုပ်ဆောင်သင့်သည်။

  • မိသားစုဆရာဝန် (သို့မဟုတ်) သက်ဆိုင်ရာ အထူးကုဆရာဝန်နှင့် ဖြည့်စွက်ကုထုံးအသုံးပြုမှု အားလုံး ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ
  • ဖြည့်စွက်ကုထုံးပေးသူအား သေချာစွာ မေးမြန်းပါ

References:

  1. American Cancer Society. (2025). Chemotherapy side effects. Retrieved September 27, 2025, from https://www.cancer.org/cancer/managing-cancer/treatment-types/chemotherapy/chemotherapy-side-effects.html
  2. Cleveland Clinic. (2021). Complementary therapy. Retrieved September 27, 2025, from https://my.clevelandclinic.org/health/articles/16883-complementary-therapy
  3. Global Wellness Institute. (2025). CAM for cancer spotlight. Miami, FL: Global Wellness Institute. Retrieved September 27, 2025, from https://globalwellnessinstitute.org/wellnessevidence/cam-for-cancer/cam-for-cancer-spotlight/
  4. KidsHealth. (2022). Complementary and alternative medicine. Retrieved September 27, 2025, from https://kidshealth.org/en/parents/comp-alt-medicine.html
  5. Mayo Clinic. (2025). Cancer treatment: Types and side effects. Retrieved September 27, 2025, from https://www.mayoclinic.org/tests-procedures/cancer-treatment/in-depth/cancer-treatment/art-20047246
  6. Shakya, S., et al. (2024). Use of complementary and alternative medicine among cancer patients. Journal of Institute of Medicine Nepal, 46(1), 68–74. Retrieved September 27, 2025, from https://jiomnepal.edu.np/index.php/jiomnepal/article/view/1309
  7. Salamonsen, A., & Frenkel, M. (2015). How to communicate effectively about complementary, integrative and alternative medicine [Online document]. CAM-Cancer Consortium. http://www.cam-cancer.org/CAM-Summaries/Special-topics/How-to-communicate-effectively-about-complementary
  8. National Cancer Institute. (2024). Complementary and alternative medicine. U.S. Department of Health and Human Services, National Institutes of Health. https://www.cancer.gov/about-cancer/treatment/cam
  9. Kocot-Kępska, M., Zajączkowska, R., Zhao, J., Wordliczek, J., Tomasik, P. J., & Przeklasa-Muszyńska, A. (2021). The role of complementary and alternative methods in the treatment of pain in patients with cancer—Current evidence and clinical practice: A narrative review. Contemporary Oncology (Poznan), 25(2), 88–94. https://doi.org/10.5114/wo.2021.105969
  10. Rombouts, M. D., Karg, R. M. Y., Raddjoe, S. S. P., & Crul, M. (2025). Over 40% of cancer patients use complementary and alternative medications while receiving anticancer treatment. European Journal of Hospital Pharmacy, 32(4), 348–353. https://doi.org/10.1136/ejhpharm-2024-004264

Published: 15 October 2025

Share

15 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

View more
Palliative care (ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း)
Oct 11, 2025
Healthy Lifestyles

Palliative care (ဝေဒနာသက်သာစေရေး ပြုစုကုသခြင်း)

ဝေဒနာသက်သာစေရေး ကုသခြင်းသည် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရမှု...

Tattoo and Health Risks (တက်တူးထိုးခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ)
Sep 21, 2025
Healthy Lifestyles

Tattoo and Health Risks (တက်တူးထိုးခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ)

တက်တူးထိုးခြင်းသည် ယနေ့ခေတ်လူငယ်များကြားတွင် ရေပန်းစားလာသည်နှင့်အမျှ...

HIV prevention (အိတ်ချ်အိုင်ဗွီရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်း)
Sep 13, 2025
Healthy Lifestyles

HIV prevention (အိတ်ချ်အိုင်ဗွီရောဂါပိုး မကူးစက်အောင် ကာကွယ်ခြင်း)

အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုးသည် ကိုယ်ခံအားကို ကျဆင်းစေပြီး...