Tattoo and Health Risks (တက်တူးထိုးခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ)

Tattoo and Health Risks (တက်တူးထိုးခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ)

ယနေ့ကမ္ဘာတွင် လူသန်းပေါင်းများစွာသည် တက်တူးများကို ကိုယ်ခန္ဓာပေါ်၌ အမှတ်အသားအဖြစ် ထိုးလာကြသည်။ တက်တူးထိုးခြင်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခန္ဓာကိုယ်အနုပညာတစ်ရပ်အဖြစ် ရေပန်းစားလာခဲ့ပြီး (၂၀၀၀) ပြည့်နှစ်အစောပိုင်းတွင် လူဦးရေ၏ (၂၀) ရာနှုန်းခန့်၌ တွေ့ရှိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏စစ်တမ်းများအရ အမေရိကန်နှင့် ဥရောပတွင် အသက် (၄၀) အောက် လူငယ်များ၌ တက်တူးထိုးနှုန်း အများဆုံးဖြစ်ကြောင်း တွေ့ရှိရသည်။ တက်တူးကို ခန္ဓာကိုယ်အမှတ်အသားအဖြစ်သာမက မျက်ခုံးတက်တူးထိုးခြင်း၊ နှုတ်ခမ်းအရောင်ဖြည့်ခြင်း အစရှိသည့် အလှအပရေးရာဆိုင်ရာ ရည်ရွယ်ချက်များဖြင့်လည်း အသုံးများလာကြသည်။ တက်တူးထိုးခြင်းသည် ယနေ့ခေတ်လူငယ်များကြားတွင် ရေပန်းစားလာသည်နှင့်အမျှ ၎င်းနှင့်ဆက်စပ်နေသော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများကိုလည်း သိရှိထားရန် လိုအပ်သည်။

တက်တူးဆေးမင်များ

မြောက်အမေရိကနှင့် ဥရောပနိုင်ငံများတွင် တက်တူးဆေးမင်နှင့်ပတ်သက်၍ စည်းမျဥ်းစည်းကမ်းများ မသတ်မှတ်မီက တက်တူးဆေးမင်များကို တက်တူးဆရာများကိုယ်တိုင် ဖန်တီးထုတ်လုပ်ခဲ့ပြီး အဆိပ်ဖြစ်စေသော ဓာတုပစ္စည်းများနှင့် သတ္တုဓာတ်များ ပါဝင်လေ့ရှိသည်။ ယခုအခါ နိုင်ငံများစွာတွင် တက်တူးဆေးမင် ထုတ်လုပ်ခြင်းကို စည်းမျဥ်းစည်းကမ်းများဖြင့် ထိန်းချုပ်ထားသော်လည်း တက်တူးဆေးမင်များကြောင့် ဖြစ်ပွါးနိုင်သော ကျန်းမာရေးဆိုင်ရာအန္တရာယ်များ ရှိနေဆဲဖြစ်သည်။ တက်တူးဆေးမင်အတွက် အသုံးပြုသည့် ဆေးရောင်များတွင် ပြဒါး၊ ခဲ၊ နီကယ်၊ ကဒ်မီယမ်စသော သတ္တုဓာတ်များ ပါဝင်နိုင်ပြီး၊ ၎င်းသတ္တုဓာတ်အချို့သည် လူသားတို့အတွက် ကင်ဆာဖြစ်စေနိုင်ကြောင်း သုတေသနများက ဖော်ပြထားသည်။ တက်တူးထိုးခြင်းဖြင့် ၎င်းဆေးမင်များသည် အရေပြားအလွှာအောက်သို့ရောက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ ပြန်ရည်ကြောမှတစ်ဆင့် အကျိတ်များနှင့် သွေးကြောများသို့ရောက်ရှိကာ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။

တက်တူးထိုးခြင်းကြောင့်ဖြစ်ပေါ်နိုင်သော ကျန်းမာရေးဆိုးကျိုးများ
  • အရေပြားပိုးဝင်ခြင်းနှင့် ကူးစက်ရောဂါများဖြစ်ခြင်း
    တက်တူးထိုးရာတွင် စနစ်တကျ ပိုးသတ်သန့်စင်ထားခြင်းမရှိသော အပ်များကို အသုံးပြုခြင်း၊ အရည်အသွေးမပြည့်မီသော တက်တူးဆေးမင်များသုံးခြင်းတို့ကြောင့် အရေပြားပိုးဝင်ခြင်းနှင့် သွေးမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ဖြစ်ပွါးနိုင်သည်။ ဆေးမင်အပ်ထိုးသည့် နေရာဝန်းကျင်တစ်ဝိုက်တွင် အရေပြားရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်းများ ဖြစ်နိုင်သည်။ တစ်ခါသုံးအပ် အသုံးမပြုပါက အသည်းရောင်အသားဝါ ဘီ ပိုးနှင့် စီ ပိုး၊ HIV ပိုး၊ ကာလသားရောဂါပိုးအနာကြီးရောဂါ၊ အရေပြားတီဘီရောဂါ စသည့်ရောဂါများ ကူးစက်နိုင်သည်။
  • အရေပြားဓာတ်မတည့်ခြင်း
    ဆေးမင်များတွင် ပါဝင်သောဓာတုပစ္စည်းများကြောင့် တက်တူးထိုးချိန်တွင် အရေပြားဓာတ်မတည့်မှုများ ဖြစ်ပေါ်နိုင်သည်။ ယခင်က ဓာတ်မတည့်မှုရာဇဝင်ရှိသူများနှင့် အရေပြားထိခိုက်လွယ်သူများတွင် ဓာတ်မတည့်နိုင်ခြေ ပိုများသည်။ အရေပြားဓာတ်မတည့်သည့် လက္ခဏာများမှာ နီရဲခြင်း၊ ရောင်ရမ်းခြင်း၊ အဖုအပိန့်ထွက်ခြင်း၊ အရည်ကြည်ဖုများထွက်ခြင်း၊ ယားယံခြင်း စသည်တို့ဖြစ်သည်။ သတိပြုရန်မှာ ယင်းလက္ခဏာများသည် အများအားဖြင့် တက်တူးထိုးပြီး မကြာမီဖြစ်ပေါ်တတ်သော်လည်း တစ်ခါတစ်ရံ ရက်သတ္တပတ်များ (သို့မဟုတ်) နှစ်များကြာမှ စတင်ဖြစ်ပေါ်နိုင်သည်။
  • အရေပြားတွင် အမာရွတ်ဖြစ်ခြင်း
    တက်တူးထိုးခြင်းသည် အရေပြားအတွင်းလွှာ (Dermis) တွင် ဒဏ်ရာဖြစ်စေပြီး ၎င်းဒဏ်ရာ ကောင်းစွာမကျက်ပါက အမာရွတ်များ ကျန်ရှိနိုင်သည်။ အရေပြားပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်းနှင့် တက်တူးနေရာကို ပွတ်ခြင်း၊ ကုတ်ဖဲ့ခြင်းတို့မှတစ်ဆင့် အမာရွတ်ဖြစ်ခြင်းကို ပိုဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံ Keloid ဟုခေါ်သော ဖောင်းကြွနေသည့် အမာရွတ်များဖြစ်နိုင်သည်။ ၎င်းအမာရွတ်များဖြစ်ပေါ်ရန် (၃)လ မှ (၁)နှစ်အထိ ကြာနိုင်ပြီး၊ ပြင်းထန်ပါက အရေပြားဆိုင်ရာကုသမှုများ လိုအပ်နိုင်သည်။
  • ကင်ဆာ‌ရောဂါဖြစ်နိုင်ခြင်း
    တက်တူးထိုးခြင်းနှင့် ကင်ဆာရောဂါဖြစ်ခြင်းသည် တိုက်ရိုက်ဆက်စပ်မှု မရှိသော်လည်း တက်တူးဆေးမင် (အထူးသဖြင့် စနစ်တကျထုတ်လုပ်ထားခြင်း မရှိသော တက်တူးဆေးမင်များ) တွင်ပါဝင်သော သတ္တုများနှင့် ဓာတုဆေးများသည် ကင်ဆာဖြစ်နိုင်ခြေရှိသည်။ တက်တူးထိုးသူများတွင် အရေပြားကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာများဖြစ်ပွါးနှုန်း ပိုများကြောင်းလည်း တွေ့ရှိရသည်။
  • သံလိုက်ဓာတ်မှန် (MRI) ရိုက်ရာတွင် အရေပြားတုံ့ပြန်မှုဖြစ်ခြင်း
    သံလိုက်ဓာတ်မှန်ရိုက်ကူးစဥ် တက်တူးထိုးထားသောနေရာ၌ မီးလောင်သကဲ့သို့ နာကျင်မှု ခံစားရတတ်သည်။ တစ်ခါတစ်ရံ တက်တူးဆေးမင်များသည် MRI ပုံရိပ်အရည်အသွေးကို ကျဆင်းစေနိုင်သည်။
တက်တူးမထိုးမီ သတိပြုရမည့်အချက်များ

တက်တူးထိုးမည်ဆိုပါက အောက်ပါအချက်များကို သတိပြုရန် လိုအပ်သည်။

  • လိုင်စင်နှင့် အတွေ့အကြုံရှိသော တက်တူးဆရာကို ရွေးချယ်ပါ
  • တစ်ခါသုံးအပ်ကို အသုံးပြုပါ
  • တက်တူးထိုးမည့် အရေပြားနေရာကို သေချာစွာ ပိုးသတ်သန့်စင်ပါ
  • အသုံးပြုမည့် တက်တူးမင်အမျိုးအစားနှင့် ပါဝင်ပစ္စည်းများကို သေချာလေ့လာပါ
  • မှဲ့ (သို့မဟုတ်) အဖုအကျိတ်ရှိသော နေရာများတွင် တက်တူးထိုးမည်ဆိုပါက မထိုးမီ ‌အရေပြားဆရာဝန်နှင့် သေချာစွာ စမ်းသပ်စစ်ဆေးပါ
တက်တူးထိုးပြီးလျှင် လိုက်နာရမည့်အချက်များ

တက်တူးအများစုသည် ထိုးပြီးနှစ်ပတ်ခန့်အကြာတွင် အနာကျက်သည်။ ထိုကာလအတွင်း ပိုးမဝင်စေရန်နှင့် အနာမြန်မြန်ကျက်စေရန် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်သည်။

  • တက်တူးထိုးထားသည့် နေရာကို သန့်ရှင်းအောင်ထားပါ
  • နေရောင်တိုက်ရိုက်ထိခြင်းမှ ကာကွယ်ပါ
  • တက်တူးထိုးသည့်နေရာကို ဆီပါသောလိုးရှင်း (သို့မဟုတ်) ရေဓာတ်ဖြည့်ခရင်မ် လိမ်းပေးပါ
  • ရေကူးခြင်းကိုရှောင်ပါ
  • တက်တူးနှင့်ကပ်နိုင်သော အဝတ်များကို မဝတ်သင့်ပါ (ဥပမာ _ နိုင်လွန်၊ တင်းကျပ်သောအဝတ်များ)
  • တက်တူးအနာကျက်သည်အထိ အရက်သောက်ခြင်း၊ အပြင်းအထန် အားကစားလုပ်ခြင်း၊ ချွေးထွက်များစေသော အလုပ်များလုပ်ခြင်းကို လျှော့သင့်သည်
  • ပိုးဝင်သည့်လက္ခဏာများ ဖြစ်ပေါ်ပါက အရေပြားဆရာဝန်နှင့် ချက်ချင်းပြပါ

References:

  1. Healthline. (2021). Can tattoos cause cancer? The health risks of inking. Retrieved August 27, 2025, from https://www.healthline.com/health/can-tattoos-cause-cancer
  2. Mayo Clinic. (n.d.). Tattoos & piercings: Understanding risks. Retrieved August 27, 2025, from https://www.mayoclinic.org/healthy-lifestyle/adult-health/in-depth/tattoos-and-piercings/art-20045067
  3. Dodig, S., Čepelak-Dodig, D., Gretić, D., & Čepelak, I. (2024). Tattooing: Immediate and long-term adverse reactions and complications. Retrieved August 27, 2025, from https://pmc.ncbi.nlm.nih.gov/articles/PMC11739707/

Published: 22 September 2025

Share

22 September 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.

More articles
Monsoon and Skin health (မုတ်သုံရာသီဥတုနှင့် အရေပြားကျန်းမာ‌ရေး)
Jul 28, 2026
Healthy Lifestyles

Monsoon and Skin health (မုတ်သုံရာသီဥတုနှင့် အရေပြားကျန်းမာ‌ရေး)

မုတ်သုံရာသီတွင် စိုထိုင်းဆမြင့်မားခြင်းနှင့် ချွေးထွက်များခြင်းတို့ကြောင့်...

Child and Adolescent Mental Health (ကလေးနှင့် ဆယ်ကျော်သက်ဆိုင်ရာ စိတ်ကျန်းမာရေး)
Jul 22, 2026
Healthy Lifestyles

Child and Adolescent Mental Health (ကလေးနှင့် ဆယ်ကျော်သက်ဆိုင်ရာ စိတ်ကျန်းမာရေး)

ကလေးနှင့် ဆယ်ကျော်သက် စိတ်ကျန်းမာရေးပြဿနာများသည် တိတ်တဆိတ်စတင်ကာ...

Social media and Mental health (လူမှုဆက်သွယ်ရေးမီဒီယာ နှင့် စိတ်ကျန်းမာရေး)
Jul 22, 2026
Healthy Lifestyles

Social media and Mental health (လူမှုဆက်သွယ်ရေးမီဒီယာ နှင့် စိတ်ကျန်းမာရေး)

လူမှုဆက်သွယ်ရေးမီဒီယာသည် လူသားချင်းချိတ်ဆက်မှုကို...