Family Medicine (မိသားစုဆေးပညာ)

Family Medicine (မိသားစုဆေးပညာ)

မိသားစုဆေးပညာ (FAmily Medicine) သည် အခြေခံဆေးပညာတစ်ခုဖြစ်ပြီး ပြည်သူလူထု၏ ကနဦးကျန်းမာရေးလိုအပ်ချက်များကို ဆန်းစစ်ထိန်းသိမ်း ကုသပေးခြင်း၊ လိုအပ်ပါက သင့်လျော်သည့် အထူးကုဆရာဝန်များနှင့် တွဲဖက်ကုသခြင်း (Coordinated care) များ ပေးသည့် ဆေးပညာဘာသာရပ်ဖြစ်သည်။ မွေးကင်းစကလေးငယ်မှစ၍ သက်ကြီးရွယ်အိုများအထိ အသက်အရွယ်မရွေး၊ ကျား မ မရွေး၊ ရောဂါမရွေး လူတိုင်း၏ကျန်းမာရေးကို စောင့်ရှောက်ပေးသည်။

မိသားစုဆေးပညာဆရာဝန်များ

မိသားစုဆေးပညာဆရာဝန် (Family Physician) များသည် မြို့ရွာရပ်ကွက်များအတွင်း ပြည်သူလူထုနှင့် နီးစပ်စွာနေထိုင်ကြပြီး၊ ရပ်ရွာနေလူထု၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို အထွေထွေရောဂါကုဆေးခန်းများတွင် စောင့်ရှောက်ဖြည့်ဆည်းပေးသည်။ မြန်မာနိုင်ငံတွင် အထွေထွေရောဂါကုဆရာဝန် (General Practitioners or GP) ဟုလည်း လူသိများပြီး အထွေထွေဆေးကုသမှုများ (General Practice) ကို ဆောင်ရွက်ပေးသည်။ လူကိုယ်တိုင် ဆေးခန်းမလာနိုင်သည့်အခါ အိမ်တိုင်ရာရောက်ကြည့်ရှုပေးခြင်း (Home Visit) နှင့် ရပ်ဝေးမှ အကြံပေးကြည့်ရှုကုသခြင်း (Teleconsultation) များကိုလည်း ပြုလုပ်ပေးသည်။ အချို့နိုင်ငံများတွင် ဆေးရုံတင်ကုသခြင်းကိုပါ မိသားစုဆေးပညာဆရာဝန်များက တာဝန်ယူကြသည်။

မိသားစုဆေးပညာမှ ကုသကြည့်ရှုပေးနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ

မိသားစုဆေးပညာဆရာဝန်များသည် အောက်ပါကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးသည်။

  1. ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု (Comprehensive Health Care)
    • ရောဂါရှာဖွေခြင်း (Diagnosis) နှင့် ရောဂါကုသခြင်း (Treatment)
    • ရောဂါကာကွယ်ခြင်း (Prevention) နှင့် ပျော်ရွှင်ကျန်းမာစေခြင်း (Wellness)
    • ပြန်လည်သန်စွမ်းစေခြင်း (Rehabilitation)
    • ဝေဒနာသက်သာရေး ပြုစုကုသခြင်း (Palliative care)
    • ဆေးဝါးကုသခြင်း (Medical treatment)နှင့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေး‌နွေးခြင်း (Psychological counseling)
  2. လတ်တလောကျန်းမာရေးပြဿနာကို ကုသခြင်း (Acute and Urgent Care)
    • ရုတ်တရက်ဖြစ်ပွါးသော လတ်တလောကျန်းမာရေးပြဿနာများ (ဥပမာ – နှာစေးချောင်းဆိုး၊ တုပ်ကွေး၊ လည်ချောင်းနာ၊ ဝမ်းပျက်ဝမ်းလျှော၊ အစာအိမ်နာ၊ ပျို့အန်၊ ခေါင်းမူးခေါင်းကိုက်)
    • သေးငယ်သော ကျန်းမာရေးပြဿနာများ (Minor Ailments) (ဥပမာ – ဝမ်းချုပ်ခြင်း၊ အိပ်မပျော်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ယားနာဖြစ်ခြင်း)
    • ထိခိုက်ဒဏ်ရာများကို ဆေးထည့်ခြင်းနှင့် ပြန်လည်ချုပ်ပေးခြင်း၊ အရေပြားပေါ်ရှိ အလုံးအကျိတ်နှင့် ပြည်တည်နာများကို ခွဲစိတ်ခြင်း (Minor Surgical Procedures)
  3. နာတာရှည်ရောဂါများ ကုသခြင်း (Chronic Care)
    • သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း၊ နှလုံးသွေးကြောကျဉ်း၊ နှလုံးလုပ်ငန်းအားနည်းခြင်း၊ ကျောက်ကပ်လုပ်ငန်းအားနည်းခြင်း၊ ပန်းနာရင်ကျပ်၊ အဆုတ်ပွရောဂါ
  4. ကျန်းမာသောအလေ့အကျင့်များ ရရှိစေရန် အကြံဉာဏ်ပေးခြင်း
    • ဆေးလိပ်ဖြတ်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းစသည့် ကောင်းမွန်သောအလေ့အကျင့်များ မွေးမြူရန် အကြံဉာဏ်ပေးခြင်း
  5. ကျန်းမာရေးစစ်ဆေးခြင်း (Check-up)
    • နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်း၊ ကာကွယ်ဆေးများ ထိုးနှံခြင်း
  6. ရောဂါရှာဖွေ၍ သက်ဆိုင်ရာအထူးကုဆရာဝန်များသို့ လွှဲပြောင်းခြင်း
    • ကင်ဆာရောဂါ၊ အာရုံကြောပျက်စီးသည့်ရောဂါ၊ နာတာရှည်လေးဖက်နာရောဂါ၊ အသည်းခြောက်ခြင်း၊ HIV ကဲ့သို့သော နာတာရှည်ရောဂါများ
  7. အရိုးအကြော ကျန်းမာရေးစောင့်ရှောက်မှု
    • ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါရှိသူများ၊ လေဖြတ်ထားသူများ၊ သက်ကြီးရွယ်အိုများတွင် လှုပ်ရှားမှုနှေးကွေးခြင်းနှင့် လဲကျနိုင်ခြေများခြင်းတို့အတွက် ဆေးဝါးများ ညွှန်းဆိုခြင်း၊ အထူးကုများထံသို့ ညွှန်းဆိုခြင်း
  8. စိတ်ကျန်းမာရေးစောင့်ရှောက်မှု
    • စိတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း၊ စိတ်ကြောင့် ခန္ဓာကိုယ်တွင်ဝေဒနာခံစားရသည့် ရောဂါစု (Psychosomatic Disorders)
  9. မိသားစုကျန်းမာရေးစောင့်ရှောက်မှု
    • အမျိုးသမီးရောဂါများ (ဓမ္မတာမမှန်ခြင်း၊ အဖြူဆင်းခြင်း)
    • အမျိုးသားရောဂါများ (ပန်းသေပန်းညှိုး၊ ဆီးကျိတ်ကြီးခြင်း)
    • ကလေးများ၏ အာဟာရဆိုင်ရာများ၊ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာများ
    • ကိုယ်ဝန်တားခြင်း၊ ကလေးရလိုခြင်း
    • မိသားစုတွင်းရှိ အဖိုးအဖွားများ၏ ကျန်းမာရေးလိုအပ်ချက်များ စသည်တို့ဖြစ်သည်။
မိသားစုဆေးပညာဆရာဝန်ကို ပြသရမည့်အချိန်

မိသားစုတိုင်း၊ လူတိုင်းတွင် မိသားစုဆရာဝန်တစ်ဦး ရှိသင့်သည်။ မိသားစုဆရာဝန်သည် လူတစ်ဦးချင်းနှင့် မိသားစုတစ်စုလုံး၏ ကျန်းမာရေးနှင့် ဆက်စပ်သည့် ပြဿနာအဝဝကို အလုံးစုံသိနိုင်မည် ဖြစ်သည်။ မိမိ၏ကျန်းမာရေး အထွေထွေကိစ္စရပ်များအတွက်၊ မိမိနေမကောင်းသည်ဟု ခံစားရသည့်အခါ၊ ကျန်းမာရေးနှင့်ဆက်စပ်သည့် စိုးရိမ်သောကများအတွက် မည်သည့်ကိစ္စမဆို မိသားစုဆေးပညာဆရာဝန်များကို တိုင်ပင်နိုင်သည်။ သို့သော် မိသားစုဆေးပညာဆရာဝန်များသည် (၂၄) နာရီ အမြဲတစေ မရှိနိုင်သည့်အတွက် မိမိ၏ကျန်းမာရေးပြဿနာသည် အရေးပေါ်ဟု ယူဆပါက အရေးပေါ်ဆေးခန်း သို့မဟုတ် ဆေးရုံအရေးပေါ်ဌာနသို့ သွားရောက်ပြသသင့်သည်။

မိသားစုဆေးပညာဆေးခန်းတွင် ကုသမှုပေးပုံ

ဆေးခန်းတွင် အဆင့်ဆင့်လုပ်ထုံးလုပ်နည်းများကို အောက်ပါအတိုင်း စနစ်တကျ စီမံထားသည်။

  1. ကြိုဆိုခြင်းနှင့် စာရင်းသွင်းခြင်း – ဆေးခန်းရောက်ရှိပါက ဧည့်ကြိုဝန်ထမ်းမှ ကြိုဆိုပြီး လူနာမှတ်တမ်းစာရင်း သွင်းပေးမည်
  2. အခြေခံကျန်းမာရေးစစ်ဆေးမှုများ – သူနာပြုအကူမှ အရပ်၊ ကိုယ်အလေးချိန်၊ ကိုယ်အပူချိန်၊ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း စသည်တို့ကို တိုင်းတာစစ်ဆေးပေးမည်
  3. ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်း – ဆရာဝန်မှ စမ်းသပ်ခန်းသို့ ဖိတ်ခေါ်၍ လက်ရှိကျန်းမာရေးအခြေအနေများကို မေးမြန်းခြင်း၊ ယခင်ကျန်းမာရေးမှတ်တမ်း ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်၍ လူနာ၏ လက္ခဏာများ၊ စိုးရိမ်ပူပန်မှုများနှင့် လူနာသိလိုသည်များကို အချိန်ယူပြောပြမည်
  4. ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု – လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်မည်
  5. ရောဂါရှာဖွေရေးစစ်ဆေးမှုများ – နှလုံး ECG ဆွဲခြင်း၊ သွေး၊ ဆီး စစ်ဆေးခြင်း၊ ဓာတ်မှန်နှင့် အာထရာဆောင်းရိုက်ခြင်း အပါအဝင် အခြားသင့်တော်သော စစ်ဆေးမှုများ ညွှန်ကြားနိုင်သည်
  6. ကာကွယ်ဆေးထိုးနှံခြင်း – လိုအပ်ပါက ကာကွယ်ဆေးများ (ဥပမာ – ရာသီတုပ်ကွေး၊ အသည်းရောင်အသားဝါ ကာကွယ်ဆေးများ) ကို ထိုးနှံပေးမည်
  7. အထူးစစ်ဆေးမှုများ – ကလေးငယ်များအတွက် ကိုယ်ခန္ဓာဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု စစ်ဆေးခြင်း၊ အမျိုးသမီးများအတွက် သားအိမ်ခေါင်းချွဲစယူ၍ စစ်ဆေးခြင်း (Pap Smear) များလည်း လုပ်ဆောင်ပေးနိုင်သည်
  8. မှတ်တမ်းများသိမ်းဆည်းခြင်း – လူနာအား စစ်ဆေးတွေ့ရှိချက်အားလုံးကို ဆေးခန်း၏မှတ်တမ်း (စာအုပ် သို့မဟုတ် ကွန်ပျူတာစနစ်) တွင် လုံခြုံစွာ သိမ်းဆည်းထားသည်
  9. ဆေးထုတ်ပေးခြင်း – ဆရာဝန်မှ ညွှန်ကြားထားသော ဆေးဝါးများကို ဆေးခန်း၏ ဆေးကောင်တာမှတစ်ဆင့် ထုတ်ပေးမည်

ဤစနစ်ကျသော လုပ်ငန်းစဉ်များဖြင့် ရောဂါရှာဖွေမှုမှ ကုသမှုအထိ လိုအပ်ချက်နှင့်ကိုက်ညီသည့် ကျန်းမာရေးစောင့်ရှောက်မှုအားလုံးကို ဆောင်ရွက်ပေးသည်။

မြန်မာနိုင်ငံ မိသားစုဆေးပညာ

မြန်မာနိုင်ငံတွင် ရပ်ရွာနေပြည်သူလူထု၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြီးမားသောလိုအပ်ချက်ဖြစ်သည့် မိသားစုဆေးပညာကို စိတ်ဝင်စားသူ ဆေးပညာဘွဲ့ရဆရာဝန်များအနေဖြင့် မိသားစုဆေးပညာ (ဘွဲ့လွန်) ကို ဆက်လက်လေ့လာ လေ့ကျင့်သင်ယူလျက်ရှိကြသည်။

References:

  1. American Academy of Family Physicians. (n.d.). Family medicine specialty. Retrieved March 28, 2026, from https://www.aafp.org/about/dive-into-family-medicine/family-medicine-speciality.html
  2. Castle Connolly. (2024). What is family medicine? Retrieved March 28, 2026, from https://www.castleconnolly.com/topics/family-medicine/what-is-family-medicine
  3. WebMD. (n.d.). What is a family practice doctor? Retrieved March 28, 2026, from https://www.webmd.com/a-to-z-guides/what-is-family-practice-doctor

Published: 22 March 2025

Last updated: 19 April 2026

Share

26 March 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.