Health Screening (ကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း)

Health Screening (ကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း)

ကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း (Health Screening) သည် ရောဂါများကို စောစီးစွာ ရှာဖွေတွေ့ရှိနိုင်ပြီး အချိန်မီ ကုသမှုခံယူနိုင်သဖြင့် ကျန်းမာပျော်ရွှင်သော လူနေမှုဘဝကို ရရှိစေသည်။ ထို့အပြင် သက်တမ်းစေ့ နေထိုင်နိုင်ရန်အတွက်လည်း များစွာအထောက်အကူပြုသည်။ ကျန်းမာရေးစစ်ဆေးခြင်းတွင် ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရသည်။ ထိုစစ်ဆေးမှုများတွင် သွေးစစ်ဆေးခြင်း၊ ဆီးစစ်ဆေးခြင်းနှင့် ပုံရိပ်ဖော်စစ်ဆေးခြင်း (ဥပမာ _ ဓာတ်မှန်၊ အာထရာဆောင်း) တို့လည်း ပါဝင်သည်။ ဤစစ်ဆေးမှုများသည် ခန္ဓာကိုယ်၏ လက်ရှိအခြေအနေကို သိရှိနိုင်ပြီး ကျန်းမာရေးဆိုင်ရာ ပြဿနာများကို စောစီးစွာ သိရှိကာကွယ်နိုင်စေရန် ရည်ရွယ်သည်။

ကျန်းမာ‌ရေးကြိုတင်စစ်ဆေးခြင်း ပြုလုပ်သင့်သည့် အကြောင်းရင်းများ

ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း အစရှိသည့်ရောဂါများသည် အစပိုင်းတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြတတ်သောကြောင့် တိတ်တဆိတ်လူသတ်သမားများ (Silent killers) ဟုပင် တင်စားခေါ်ဝေါ်ကြသည်။ ထို့အတူ အူမကြီးကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ အစရှိသော ကင်ဆာရောဂါများသည်လည်း ကင်ဆာမဖြစ်ခင် အကြိုကင်ဆာအဆင့်တွင် ရောဂါလက္ခဏာများကို သတိမပြုမိဘဲ ရှိနေတတ်ကြသည်။ ရောဂါလက္ခဏာများ ပေါ်လာသည့်အချိန်တွင် ကင်ဆာရောဂါမှာ နောက်ဆုံးအဆင့် ဖြစ်နေတတ်ကြသည်။ ထို့ကြောင့် အထွေထွေကျန်းမာရေး ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါလက္ခဏာ မပြသေးသည့်အချိန်တွင်ပင် ရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး၊ စောစီးစွာ ကုသမှုခံယူနိုင်မည်ဖြစ်သည်။

ကျန်းမာရေးစစ်ဆေးခြင်း အမျိုးအစားများ

ကျန်းမာရေးစစ်ဆေးမှုများကို

  • အထွေထွေကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း (General Health Screening) နှင့်
  • လူတစ်ဦးချင်းအခြေအနေအရ ကျန်းမာရေးကြိုတင်စစ်ဆေးခြင်း (Personalised Health Screening) ဟူ၍ အမျိုးအစား (၂) မျိုး ခွဲခြားနိုင်သည်။
အထွေထွေကျန်းမာရေးကြိုတင်စစ်ဆေးခြင်း (General Health Screening)

အထွေထွေကျန်းမာရေးကြိုတင်စစ်ဆေးခြင်းတွင် အောက်ပါတို့ပါဝင်သည်။

အခြေခံကျန်းမာရေး စစ်ဆေးခြင်း (Basic Health Screening)

အခြေခံကျန်းမာရေးစစ်ဆေးခြင်း (Basic Health Screening) တွင် လူတစ်ဦး၏ ကျန်းမာရေးအခြေအနေကို အကဲဖြတ်ရန် အရေးကြီးသော စစ်ဆေးမှုများ ပါဝင်သည်။ အသက်၊ ကျား၊ မနှင့် အန္တရာယ်ရှိနိုင်သောအချက်များကို အခြေခံထားသည့် လမ်းညွှန်ချက်များအတိုင်း စစ်ဆေးသည်။

ဤစစ်ဆေးမှုများသည် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် သွေးတွင်းအဆီဓာတ် များခြင်းကဲ့သို့သော ရောဂါများကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ပြီး ကုသမှုကို အချိန်မီ ခံယူနိုင်စေရန် ရည်ရွယ်သည်။

အခြေခံကျန်းမာရေးစစ်ဆေးခြင်း၏ အဓိကအစိတ်အပိုင်းများ

  • ကိုယ်အလေးချိန်နှင့် BMI တိုင်းတာခြင်း
    • အသက် (၁၈) နှစ်မှစတင်၍ ကိုယ်အလေးချိန်နှင့် အရပ်ကို တိုင်းတာပြီး ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (Body Mass Index – BMI) တွက်ချက်သည်
    • BMI သည် အဝလွန်ခြင်း၊ ပုံမှန်ထက်ကိုယ်အလေးချိန်နည်းခြင်းတို့ကို အကဲဖြတ်ရန် အသုံးပြုသည်
    • ခါးအရွယ်အစားကိုလည်း တိုင်းတာပြီး ဝမ်းဗိုက်တွင်အဆီများခြင်းကို စစ်ဆေးသည်
    • BMI နှင့် ခါးအရွယ်အစား တိုင်းတာခြင်းကို အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် တိုင်းတာရန် လိုအပ်သည်
  • သွေးပေါင်ချိန်တိုင်းတာခြင်း
    • သွေးတိုးရောဂါကို စောစီးစွာ သိရှိ၍ ကုသမှုခံယူနိုင်ရန် သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာသင့်သည်
Health Screening image 1
  • သွေးစစ်ဆေးခြင်း
    • သွေးဆဲလ်များ စစ်ဆေးခြင်း (Complete Blood Count – CBC)
      (သွေးဖြူဥ၊ သွေးနီဥနှင့် သွေးဥမွှားများ၏ အရေအတွက်ကို စစ်ဆေးခြင်းဖြင့် သွေးအားနည်းခြင်း၊ ရောဂါကာကွယ်နိုင်စွမ်းနှင့် သွေးခဲခြင်းဆိုင်ရာ ပြဿနာများကို သိရှိနိုင်သည်)
    • သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်းနှင့် သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်း (Blood Sugar Level and Lipid Profile)
    • [ဆီးချိုရောဂါနှင့် အကြိုဆီးချို‌ရောဂါများကို ရှာဖွေရန် သွေးတွင်းသကြားဓာတ် – အစာမစားမီ (Fasting) နှင့် HbA1c စစ်ဆေးမှုများကို စစ်ဆေးနိုင်သည်၊ သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်းနှင့်အတူ သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်း (Lipid Profile – သွေးတွင်းကိုလက်စထရောနှင့် အဆီဓာတ်များ) ကို ပြုလုပ်ရန် လိုအပ်သည်]
    • စစ်ဆေးရန် အကြံပြုချက်များ
      • အသက် (၃၅) နှစ်မှစတင်၍ သွေးတွင်းသကြားဓာတ်နှင့် အဆီဓာတ်များကို အနည်းဆုံး (၃) နှစ်လျှင် တစ်ကြိမ် သို့မဟုတ် ဆရာဝန်၏ ညွှန်ကြားချက်အရ ပုံမှန်စစ်ဆေးသင့်သည်
      • မိသားစုမျိုးရိုးတွင် အဝလွန်ခြင်း၊ ဆီးချို၊ သွေးတိုးနှင့် သွေးတွင်းအဆီများခြင်းကဲ့သို့သော ရောဂါများ ရှိပါက ပိုမိုစောစီးစွာ စစ်ဆေးသင့်သည်
  • ကျောက်ကပ်လုပ်ငန်းစစ်ဆေးခြင်း (Kidney Function Test) – ကျောက်ကပ်၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်သည်
  • အသည်းလုပ်ငန်းစစ်ဆေးခြင်း (Liver Function Test) – အသည်း၏ လုပ်ငန်းစွမ်းဆောင်ရည်ကို စစ်ဆေးသည်
  • သွေးအုပ်စု အမျိုးအစား စစ်ဆေးခြင်း (Blood grouping)
Health Screening image 2
  • ဆီးစစ်ဆေးခြင်း
    • ဆီးထဲတွင် ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း – ဆီးလမ်းကြောင်းတွင် ပိုးဝင်ခြင်းကို ရှာဖွေသည်
    • ဆီးထဲတွင် သကြားဓာတ် စစ်ဆေးခြင်း – ဆီးချိုရောဂါကို သိရှိနိုင်သည်
    • ဆီးထဲတွင် အသားဓာတ်ပါဝင်မှု စစ်ဆေးခြင်း – ကျောက်ကပ်ရောဂါကို စောစီးစွာ သိရှိနိုင်သည်
    • ဆီးထဲတွင် သွေးပါဝင်မှု စစ်ဆေးခြင်း – ရောဂါပိုးဝင်ခြင်း၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်းနှင့် အခြားကျောက်ကပ်ရောဂါများကို သိရှိနိုင်သည်

သွေးနှင့်ဆီး စစ်ဆေးခြင်းအပြင် အခြေခံ နှလုံးနှင့်အဆုတ်အနေအထားကို သိရှိနိုင်ရန် နှလုံးအီးစီဂျီဆွဲခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။

Health screening image 3
  • သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးခြင်း
    • သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် သွားပိုးစားခြင်း လျော့နည်းစေရန် အချိုလျှော့စားခြင်း၊ သွားပုံမှန်တိုက်ခြင်းတို့ကို ပြုလုပ်ရမည့်အပြင် သွားဆရာဝန်များနှင့် အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် သွားနှင့်ခံတွင်းစစ်ဆေးမှု ပြုလုပ်သင့်သည်
အသက်ကြီးသူများတွင် ကျန်းမာရေးကြိုတင်စစ်ဆေးခြင်း
  • အသက် (၅၀) နှင့်အထက်တွင် အထက်ပါ အခြေခံကျန်းမာ‌ရေးစစ်ဆေးခြင်းနှင့် ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Cancer screening) တို့အပြင် ထပ်မံပြုလုပ်ရန် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများမှာ_
  • ဝမ်းဗိုက်သွေးလွှတ်ကြောမကြီး ဖောင်းခြင်း (Abdominal aortic aneurysm) ကို ရှာဖွေနိုင်ရန် ဝမ်းဗိုက်အာထရာ‌ဆောင်းရိုက်ခြင်း (abdominal ultrasonography)
  • အရိုးပွရောဂါ (Osteoporosis) ကို စောစီးစွာသိရှိနိုင်ရန် ဓာတ်ရောင်ခြည်ကို အသုံးပြု၍ အရိုးသိပ်သည်းဆတိုင်းတာခြင်း [Bone Density Test (DEXA Scan)]
  • မျက်စိရောဂါ [ဥပမာ _ ရေတိမ် (Glaucoma)၊ အတွင်းတိမ် (Cataract)၊ ဆီးချိုကြောင့် မျက်စိထိခိုက်ခြင်း၊ အမြင်လွှာ ထိခိုက်ပျက်စီးခြင်း] တို့ကို သိရှိနိုင်ရန် မျက်စိစမ်းသပ်စစ်ဆေးခြင်း
  • အကြားအာရုံချို့တဲ့မှုကို သိရှိနိုင်ရန် အကြားအာရုံစစ်ဆေးခြင်း
ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Cancer screening)

ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိ၍ ထိရောက်သော ကုသမှုကို ခံယူပါက သက်သာပျောက်ကင်းနိုင်သည်။ အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း ပြုလုပ်နိုင်သည်။ အကယ်၍ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများသူများ (ဥပမာ _ မိဘမျိုးရိုးတွင် ကင်ဆာရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများ) ဖြစ်ပါက ဖော်ပြထားသည်ထက် ပို၍ အကြိမ်ရေများများနှင့် ပို၍စောစီးစွာ ကင်ဆာရောဂါ ကြိုတင်ကာကွယ်စစ်ဆေးမှုများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ပြုလုပ်သင့်သည်။

အသက်အရွယ်အလိုက် အထွေထွေကျန်းမာရေး ကြိုတင်စစ်ဆေးခြင်း အမျိုးအစားများကို အသက်အုပ်စုလေးစုခွဲ၍ အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

အထွေထွေကျန်းမာရေးကြိုတင်စစ်ဆေးခြင်း (General Health Screening)
စစ်ဆေးမည့်အမျိုးအစား (Screening tests)အသက် (၁၈ – ၃၉)အသက် (၄၀ – ၄၉)အသက် (၅၀ – ၆၄)အသက် (၆၅) အထက်
ရောဂါရာဇဝင်မေးမြန်းခြင်း

ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်း

ကိုယ်အလေးချိန်၊ BMI တိုင်းတာခြင်း

သွေးပေါင်ချိန်တိုင်းတာခြင်း
(၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်
သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း (FBS, HbA1c)(၃) နှစ် တစ်ကြိမ် သို့မဟုတ်
ဆရာဝန် ညွှန်ကြားသည့်အတိုင်း
(၃) နှစ် တစ်ကြိမ် သို့မဟုတ်
ဆရာဝန် ညွှန်ကြားသည့်အတိုင်း
(၃) နှစ် တစ်ကြိမ် သို့မဟုတ်
ဆရာဝန် ညွှန်ကြားသည့်အတိုင်း
သွေးတွင်းအဆီဓာတ် စစ်ဆေးခြင်း (Serum lipid profile)(၅) နှစ် တစ်ကြိမ် သို့မဟုတ်
ဆရာဝန် ညွှန်ကြားသည့်အတိုင်း
(၅) နှစ် တစ်ကြိမ် သို့မဟုတ်
ဆရာဝန် ညွှန်ကြားသည့်အတိုင်း
ဆရာဝန် ညွှန်ကြားသည့်အတိုင်းဆရာဝန် ညွှန်ကြားသည့်အတိုင်း
အမြင်အာရုံ စစ်ဆေးခြင်း(၁ – ၂) နှစ် တစ်ကြိမ်(၁ – ၂) နှစ် တစ်ကြိမ်(၁ – ၂) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်
အကြားအာရုံ စစ်ဆေးခြင်း(၁၀) နှစ် တစ်ကြိမ်(၁၀) နှစ် တစ်ကြိမ်(၃) နှစ် တစ်ကြိမ်(၃) နှစ် တစ်ကြိမ်
သွားနှင့်ခံတွင်း စစ်ဆေးခြင်း(၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်
အရိုးသိပ်သည်းဆ တိုင်းတာခြင်း (DEXA scan)ဆရာဝန် ညွှန်ကြားသည့်အတိုင်းဆရာဝန် ညွှန်ကြားသည့်အတိုင်း
ဝမ်းဗိုက်အာထရာဆောင်းဖြင့် ဝမ်းဗိုက်သွေးလွှတ်ကြောမကြီးဖောင်းခြင်း စစ်ဆေးခြင်းဆရာဝန် ညွှန်ကြားသည့်အတိုင်း
ရင်သားကင်ဆာ စစ်ဆေးခြင်း
ရင်သားဓာတ်မှန် ရိုက်ခြင်း (Mammogram)အသက် (၄၅) မှစ၍ (၁) နှစ် တစ်ကြိမ်အသက် (၅၄) ထိ (၁) နှစ် တစ်ကြိမ်

အသက် (၅၅) နှင့်အထက် (၂) နှစ် တစ်ကြိမ်
(၂) နှစ် တစ်ကြိမ်
သားအိမ်ခေါင်း ကင်ဆာ စစ်ဆေးခြင်း
ကြွက်နို့ဗိုင်းရပ်စ်ပိုးစစ်ဆေးခြင်း နှင့် အတူ သားအိမ်ခေါင်း အချွဲမြှေး စစ်ဆေးခြင်း (HPV test and Pap smear)အသက် (၂၄) မှစ၍ (၃) နှစ် တစ်ကြိမ်(၃) နှစ် တစ်ကြိမ်(၅) နှစ် တစ်ကြိမ်
အူမကြီးကင်ဆာ စစ်ဆေးခြင်း
ဝမ်းထဲသွေးပါဝင်မှုစစ်ဆေးခြင်း – Fecal Immunochemical Test (FIT)/Fecal Occult Blood Test (FOBT)အသက် (၄၅) မှစ၍ (၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်အသက် (၇၅) ထိ (၁) နှစ် တစ်ကြိမ်
ဝမ်းတွင်ပါရှိသည့် မျိုးဗီဇ စစ်ဆေးခြင်း (Multi-targeted Stool DNA test – MT-sDNA)အသက် (၄၅) မှစ၍ (၃) နှစ် တစ်ကြိမ်(၃) နှစ် တစ်ကြိမ်အသက် (၇၅) ထိ (၃) နှစ် တစ်ကြိမ်
အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း (Colonoscopy)အသက် (၄၅) မှစ၍ (၁၀) နှစ် တစ်ကြိမ်(၁၀) နှစ် တစ်ကြိမ်အသက် (၇၅) ထိ (၁၀) နှစ် တစ်ကြိမ်
အူမကြီးနှောင်းပိုင်း မှန်ပြောင်းကြည့်ခြင်း (Flexible sigmoidoscopy)အသက် (၄၅) မှစ၍ (၅) နှစ် တစ်ကြိမ်(၅) နှစ် တစ်ကြိမ်အသက် (၇၅) ထိ (၅) နှစ် တစ်ကြိမ်
အူလမ်းကြောင်း ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း (CT colonography)အသက် (၄၅) မှစ၍ (၅) နှစ် တစ်ကြိမ်(၅) နှစ် တစ်ကြိမ်အသက် (၇၅) ထိ (၅) နှစ် တစ်ကြိမ်
အဆုတ်ကင်ဆာ စစ်ဆေးခြင်း
ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း (Low Dose CT Scan)(၁) နှစ် တစ်ကြိမ်(၁) နှစ် တစ်ကြိမ်
ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်း

ဆီးကျိတ်ကင်ဆာ ရောဂါပြ ဓာတ်ပစ္စည်း စစ်ဆေးခြင်း (serum PSA)ဆရာဝန် ညွှန်ကြားသည့်အတိုင်းဆရာဝန် ညွှန်ကြားသည့်အတိုင်း

ရောဂါပိုးစစ်ဆေးခြင်း
အိတ်ချ်အိုင်ဗွီရောဂါပိုး၊ အသည်းရောင်အသားဝါ ဘီပိုး၊ အသည်းရောင် အသားဝါ စီပိုး အစရှိသောရောဂါပိုးများကို တစ်သက်လျှင် အနည်းဆုံး တစ်ကြိမ် စစ်ဆေးကြည့်ရန် လိုအပ်သည်။ သို့မှသာ ရောဂါပိုးတွေ့ရှိပါက စောစီးစွာ ကုသမှုခံယူနိုင်သည့်အတွက် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်မည်ဖြစ်သည်။ တစ်ဦးချင်းစီ၏ ရောဂါဖြစ်နိုင်ခြေ အချက်အလက်များပေါ် မူတည်၍ နောက်ထပ် ထပ်မံစစ်ဆေးရမည့် အချိန်ကို ဆရာဝန်များမှ ညွှန်ကြားပေးလိမ့်မည်။

  • အိတ်ချ်အိုင်ဗွီ ရောဂါပိုး စစ်ဆေးခြင်း – အသက် (၁၅)နှစ် မှ (၆၅)နှစ်အတွင်း မည်သူမဆို အနည်းဆုံးတစ်ကြိမ် စစ်ဆေးရန် လိုအပ်သည်
  • အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး – အသက် (၁၈) နှစ် မှ (၇၉)နှစ်အတွင်း မည်သူမဆို အနည်းဆုံး တစ်ကြိမ် စစ်ဆေးရန် လိုအပ်သည်
လူတစ်ဦးချင်းအခြေအနေအရ ကျန်းမာရေးကြိုတင်စစ်ဆေးခြင်း (Personalised Health Screening)

လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေ၊ နေထိုင်စားသောက်မှုပုံစံ၊ အလုပ်အကိုင်၊ မိသားစုမျိုးရိုး၏ ရောဂါရာဇဝင်များနှင့် ရောဂါဖြစ်နိုင်ခြေများပေါ် မူတည်၍ လိုအပ်ချက်များနှင့် ကိုက်ညီအောင် စစ်‌ဆေးခြင်းဖြစ်သည်။ အခြေခံကျန်းမာရေး စစ်ဆေးမှုများအပြင် တစ်ဦးချင်းစီ၏ အခြေအနေအရ ထပ်မံလိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြစ်သည်။ တစ်ဦးချင်းစီ၏ သီးသန့်ရောဂါ အန္တရာယ်များအတွက် ပိုမိုတိကျသော စစ်ဆေးမှုများဖြစ်သည်။

ဥပမာအားဖြင့်_

  • နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Cardiovascular health screening)
    နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေများသူများ (သွေးတိုးရောဂါရှိသူများ၊ ဆီးချိုရောဂါရှိသူများ၊ သွေးတွင်းအဆီဓာတ်များသူများ၊ ဆေးလိပ်သောက်သူများနှင့် မိသားစုမျိုးရိုးတွင် နှလုံးရောဂါရာဇဝင်ရှိသူများ) တွင် လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း အောက်ဖော်ပြပါ ကြိုတင်စစ်ဆေးမှုများကို ပြုလုပ်နိုင်သည်။
    • ခန္ဓာကိုယ်လှုပ်ရှားနေစဥ် နှလုံးလုပ်ငန်းစစ်ဆေးခြင်း (Exercise stress test)
    • ကွန်ပျူတာဓာတ်မှန်ကို အသုံးပြု၍ နှလုံးသွေးကြောအတွင်း ကယ်လ်ဆီယမ်ဓာတ် စုပုံသော ပမာဏပေါ်မူတည်၍ နှလုံးသွေးကြောကျဥ်းရောဂါ ဖြစ်နိုင်ခြေ တွက်ဆခြင်း (CT coronary calcium scoring)
    • အသံလှိုင်းသုံး ပုံရိပ်ဖော်စက်ဖြင့် နှလုံးစစ်ဆေးခြင်း (Echocardiogram)
  • သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်း (Thyroid hormones)
    မိသားစုမျိုးရိုးတွင် သိုင်းရွိုက်ဟော်မုန်းဆိုင်ရာ ရောဂါရှိသူများတွင် သိုင်းရွိုက်ဟော်မုန်း စစ်ဆေးခြင်းဖြင့် ကြိုတင်ရောဂါရှာဖွေနိုင်သည်။
  • လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါပိုးများ စစ်ဆေးခြင်း (ကာလသားရောဂါပိုး၊ အိတ်ချ်အိုင်ဗွီရောဂါပိုး)
    လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဖြစ်နိုင်ခြေများသည့် လိင်ဆက်ဆံဖော်များသူများ၊ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများ၊ ယခင်က လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများဖြစ်ဖူးသူများတွင် တစ်နှစ်လျှင် တစ်ကြိမ် ကြိုတင်စစ်ဆေးခြင်းဖြင့် ရောဂါပိုးတွေ့ရှိပါက စောစီးစွာ ကုသမှုခံယူနိုင်သည်။
  • အသည်း‌ရောင်အသားဝါ ဘီ ပိုး၊ စီ ပိုး စစ်ဆေးခြင်း (Hepatitis B virus , Hepatitis C virus)
    အသည်းရောင်အသားဝါ ဘီ ပိုး၊ စီ ပိုး ကြိုတင်စစ်ဆေးခြင်းဖြင့် တွေ့ရှိပါက ထိရောက်သောကုသမှု ခံယူနိုင်ပြီး အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း အစရှိသည့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်သည်။ ရောဂါကူးစက်နိုင်ခြေ မြင့်မားသောသူများသည် သင့်လျော်သောအချိန်အပိုင်းအခြားအလိုက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း စစ်ဆေးမှုများ ခံယူရန် လိုအပ်သည်။
  • ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်း
    ဝမ်းဗိုက်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများ (အသည်း၊ သည်းခြေအိတ်၊ ကျောက်ကပ်၊ သားအိမ်၊ သားဥအိမ်)၏ အခြေအနေကို အာထရာဆောင်းရိုက်ခြင်းဖြင့် သိရှိနိုင်သည်။
  • ကင်ဆာ‌ရောဂါပြ ဓာတ်ပစ္စည်းများ စစ်ဆေးခြင်း (Tumour markers)
    မိသားစုမျိုးရိုးတွင် ကင်ဆာရောဂါများရှိသူများတွင် ကင်ဆာရောဂါပြဓာတ်ပစ္စည်များကို စစ်ဆေးခြင်း ပြုလုပ်နိုင်သည်။
  • အစာအိမ်ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Gastric cancer screening)
    အစာအိမ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေများသူများ [အစာအိမ်အနာဖြစ်ဖူးသူများ၊ အစာအိမ် ဘက်တီးရီးယားပိုး (Helicobacter pylori) ရှိသူများ] တွင် အစာအိမ်မှန်ပြောင်းကြည့်ခြင်း (oesophago-gastro-duodenoscopy – OGDS) ဖြင့် ကင်ဆာရောဂါကို ကြိုတင်ရှာဖွေတွေ့ရှိနိုင်သည်။
  • အသည်းကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Liver cancer screening)
    အသည်းကင်ဆာရောဂါ ဖြစ်နိုင်ခြေများသူများ (အသည်းရောင်အသားဝါ ဘီ ပိုး၊ စီ ပိုးရှိသူများ၊ အသည်းခြောက်ရောဂါရှိသူများ၊ အရက် အလွန်အကျွံသောက်သုံးသူများ) တွင် အာထရာဆောင်းနှင့် အသည်းကင်ဆာပြ ဓာတ်ပစ္စည်း (alpha-fetoprotein) ကို ခြောက်လ တစ်ကြိမ် ပုံမှန်စစ်ဆေးခြင်းဖြင့် အသည်းကင်ဆာရောဂါကို ကြိုတင်ရှာဖွေနိုင်သည်။
  • အရေပြားကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးခြင်း (Skin cancer screening)
    အရေပြားကင်ဆာရောဂါ ဖြစ်နိုင်ခြေများသူများ (အရေပြားတွင် သံသယဖြစ်ဖွယ် ပြောင်းလဲမှုရှိသူများ၊ မိသားစုမျိုးရိုးတွင် အရေပြားကင်ဆာရောဂါရှိသူများ) တွင် မိသားစုဆရာဝန်များ သို့မဟုတ် အရေပြားအထူးကုဆရာဝန်များနှင့် တိုင်ပင်၍ ကင်ဆာရောဂါ ကြိုတင်ရှာဖွေစစ်ဆေးရန် လိုအပ်သည်။
  • မျိုးဗီဇစစ်ဆေးခြင်း (Genetic screening)
    မျိုးဗီဇအရ မျိုးရိုးလိုက်သည့် ရောဂါများတွင် မျိုးဗီဇစစ်ဆေးခြင်း (ဥပမာ _ ရင်သားကင်ဆာအတွက် BRCA gene စစ်ဆေးခြင်း) ဖြင့် ရောဂါကြိုတင်ရှာဖွေစစ်ဆေးနိုင်သည်။
  • စိတ်ကျန်းမာရေးကြိုတင်စစ်ဆေးခြင်း (Mental health screening)
    စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ (စိတ်ဓာတ်ကျခြင်း၊ စိတ်ကြွခြင်း၊ စိတ်ဖိစီးမှုများခြင်း)ကို စိတ်ကျန်းမာရေးဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ ပုံမှန် စိတ်ကျန်းမာရေးစစ်ဆေးခြင်းဖြင့် ရောဂါမဆိုးခင် ထိရောက်သောကုသမှုများ ရရှိနိုင်သည်။

အချုပ်အားဖြင့် ဆိုရသော် ကျန်းမာရေးကြိုတင်စစ်ဆေးခြင်းဖြင့် ရောဂါများကို စောစီးစွာ သိရှိနိုင်၍ ထိရောက်သော ကုသမှုကို အချိန်မီရရှိနိုင်သောကြောင့် ရောဂါသက်သာပျောက်ကင်းနိုင်ခြေ များသည်။ အထက်တွင်‌ဖော်ပြခဲ့သော ကျန်းမာရေးစစ်ဆေးမှု အကြိမ်အရေအတွက်နှင့် အမျိုးအစားများသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ၊ ရောဂါဖြစ်နိုင်ခြေတို့အပေါ်တွင် မူတည်၍ တစ်ယောက်နှင့် တစ်ယောက် မတူညီနိုင်သည့်အတွက် ဆရာဝန်များနှင့် တိုင်ပင်၍ မိမိနှင့်သင့်လျော်မည့် ကျန်းမာရေးကြိုတင်စစ်ဆေးခြင်းများကို ပြုလုပ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

References;

  1. Cleveland Clinic. (n.d.). Health maintenance guidelines for adults. Retrieved February 9, 2026, from https://my.clevelandclinic.org/-/scassets/files/org/patients-visitors/information/health-maintenance-guidelines-for-adults.pdf
  2. UK Government. (n.d.). NHS screening programmes: Information for GPs and practice staff. Retrieved February 9, 2026, from https://www.gov.uk/guidance/nhs-screening-programmes-information-for-gps-and-practice-staff
  3. Better Health Channel. (n.d.). Regular health checks. Retrieved February 9, 2026, from https://www.betterhealth.vic.gov.au/health/servicesandsupport/regular-health-checks
  4. Parkway Shenton. (n.d.). Health screening guide. Retrieved February 9, 2026, from https://www.parkwayshenton.com.sg/health-plus/article/health-screening-guide
  5. Mayo Clinic. (n.d.). Mayo Clinic executive health program. Retrieved February 9, 2026, from https://www.mayoclinic.org/departments-centers/mayo-clinic-executive-health-program/home/orc-20252811
  6. Central Highlands Community Care. (n.d.). Basic facts about hearing test frequency. Retrieved February 9, 2026, from https://chcare.com.au/blog/basic-facts-about-hearing-test-frequency/
  7. HCRPATH. (2023). 2023 preventive screening guidelines for adults. Retrieved February 9, 2026, from https://www.hcrpath.com/2023-preventive-screening-guidelines-for-adults/
  8. Canadian Association of Optometrists. (n.d.). Frequency of eye examinations. Retrieved February 9, 2026, from https://opto.ca/sites/default/files/cao_position_statement_-_frequency_of_eye_examinations.pdf
  9. Gloucester County Department of Health. (n.d.). Recommended screenings for adults by age and gender. Retrieved February 9, 2026, from https://www.gloucestercountynj.gov/DocumentCenter/View/635/Recommended-Screenings-for-Adults-by-Age-and-Gender-PDF
  10. Moffitt Cancer Center. (n.d.). How often should oral cancer screening be performed? Retrieved February 9, 2026, from https://www.moffitt.org/cancers/oral-cavity-mouth-cancer/faqs/how-often-oral-cancer-screening/
  11. U.S. Preventive Services Task Force. (n.d.). A and B recommendations. Retrieved February 9, 2026, from https://www.uspreventiveservicestaskforce.org/uspstf/recommendation-topics/uspstf-a-and-b-recommendations

Published: 19 February 2025

Last updated: 20 March 2026

Share

26 February 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.