Fall in Elderly (သက်ကြီးရွယ်အိုများတွင် လဲကျခြင်း)

Fall in Elderly (သက်ကြီးရွယ်အိုများတွင် လဲကျခြင်း)

မည်သူမဆို မတော်တဆ ချော်လဲပြီး ပြုတ်ကျနိုင်သော်လည်း အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများတွင် (အထူးသဖြင့် နာတာရှည်ရောဂါ ခံစားနေရသူများတွင်) လဲကျနိုင်ခြေ ပိုများသည်။ အသက် (၆၅) နှစ်နှင့်အထက် လူကြီးများတွင် လေးယောက်လျှင် တစ်ယောက် ဖြစ်နိုင်ခြေရှိပြီး၊ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် လဲကျနိုင်ခြေရှိသည်။ လဲကျခြင်းကို ဖြစ်စေနိုင်သော အကြောင်းရင်းများစွာရှိသည်။ လဲကျခြင်းကြောင့် အရိုးကျိုးခြင်း၊ ပြင်းထန်သော ထိခိုက်ဒဏ်ရာရခြင်းနှင့် အခြား နောက်ဆက်တွဲပြဿနာများစွာ ဖြစ်ပေါ် နိုင်သဖြင့် သက်ကြီးရွယ်အိုများ လဲကျခဲ့လျှင် ထိခိုက်ဒဏ်ရာ မရသည့်တိုင်အောင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြသရန် လွန်စွာအရေးကြီးသည်။

 Fall in Elderly image1
သက်ကြီးရွယ်အိုများတွင် လဲကျခြင်းဖြစ်ပေါ်စေနိုင်သည့် အခြေအနေများ

သက်ကြီးရွယ်အိုများတွင် လဲကျခြင်းဖြစ်ပေါ်ရသော အကြောင်းရင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ခန္ဓာကိုယ်တွင် အသက်ကြီးလာသည်နှင့်အမျှ ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း
  2. မိမိအိမ်နှင့် ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများရှိခြင်း
  3. အခြားသော အကြောင်းရင်းများနှင့် ရောဂါအခံများရှိခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
  1. ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများဖြစ်ပေါ်လာခြင်း
    အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်သည် ဇရာ၏ ပုံမှန်ဖြစ်စဥ်အတိုင်း တဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ အသက်ကြီးသူများတွင် အစာစားချင်စိတ် လျော့နည်းလာကာ အစာအာဟာရပြည့်ဝအောင် မစားသောက်ကြသဖြင့် ရေဓာတ်ခန်းခြောက်ခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့လည်း ဖြစ်ပေါ်နိုင်သည်။ ထို့အပြင်
    • ဟန်ချက်ညီအောင် ထိန်းသိမ်းရန် ခက်ခဲလာခြင်း
    • ကြွက်သားများ အားနည်းလာခြင်း
    • အမြင်အာရုံ အားနည်းလာခြင်း
    • တုံ့ပြန်မှု နှေးလာခြင်း
    • မှတ်ဉာဏ်လျော့နည်းခြင်း၊ သတိမေ့လျော့ခြင်း အစရှိသည့် အသက်ကြီးလျှင် ပုံမှန်ဖြစ်ပေါ်လာတတ်သော ပြောင်းလဲခြင်းများရှိပြီး နေမကောင်းဖြစ်လျှင် သို့မဟုတ် အခြေအနေတစ်ခုခုရှိလျှင် ပိုဆိုးစေနိုင်သည်။
  2. မိမိအိမ်နှင့် ပတ်ဝန်းကျင်တွင် အန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများရှိခြင်း
    • အလင်းရောင် အားနည်းခြင်း
    • ဖိနပ်များချောင်ခြင်း
    • ကြမ်းပြင်စိုစွတ်၍ ချောနေခြင်း (ရေချိုးခန်း၊ အိမ်သာ)
    • ခလုတ်တိုက်နိုင်သော ပစ္စည်းများရှိနေခြင်း (ဥပမာ _ ကြမ်းခင်းဖျာ၊ မီးခလုတ်၊ ကြမ်းပြင်ပေါ် ချထားသည့်ပစ္စည်းများ)
    • လှေခါးထစ် မညီမညာဖြစ်နေသော မြေပြင် သို့မဟုတ် အထစ်များရှိသော မျက်နှာပြင် အစရှိသောအရာများ‌ကြောင့် လူကြီးများ မကြာခဏ ခလုတ်တိုက် ချော်လဲတတ်ကြသည်
  3. အခြားသော အကြောင်းရင်းများနှင့် ရောဂါအခံများရှိခြင်း
    • သွေးပေါင်ချိန်ကျပြီး ခေါင်းမူးခြင်း
    • အချို့သောဆေးများနှင့် ရောဂါများကြောင့် အထိုင်အထတွင် သွေးပေါင်ချိန်ကျခြင်း
    • လေဖြတ်ရောဂါ
    • ပါကင်ဆန်ရောဂါ
    • အဆစ်ရောင်ရောဂါ
    • ဆီးချိုရောဂါကြောင့် ခြေထောက်များ ထုံကျဥ်ခြင်း
    • သွေးအားနည်းခြင်း
    • နှလုံးခုန်စည်းချက် မမှန်ခြင်း၊ နှလုံးအဆို့ရှင်ရောဂါများ
    • စိတ်ကျရောဂါ
    • အရိုးပွရောဂါ
    • ဆေး (၄) မျိုးနှင့်အထက်ကို သောက်သုံးနေရခြင်း (Polypharmacy)
    • ရောဂါပိုးဝင်ခြင်းနှင့် ပိုးဆိပ်ပျံ့ခြင်း အစရှိသော အခြေခံအကြောင်းရင်းများကြောင့် လဲကျနိုင်ခြေကို မြင့်တက်စေသည်။
နောက်ဆက်တွဲ ပြဿနာများ

လဲကျခြင်းကြောင့် အရိုးကျိုးခြင်း၊ ရက်ရှည်လများ ဆေးရုံတက်ရခြင်းနှင့် မိမိကိုယ်ကို ယုံကြည်ချက် လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်လာပြီး အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်လာသည်။

  1. ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများ
  2. လူမှုရေးပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    • တစ်စုံတစ်ဦး၏ အကူအညီမပါဘဲ မိမိဘာသာ တစ်ယောက်တည်း လွတ်လပ်စွာ လှုပ်ရှားနေထိုင်မှု မပြုလုပ်နိုင်ခြင်း
    • နေ့စဥ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ခက်ခဲမှုများ ဖြစ်ပေါ်ခြင်း
    • ဆေးရုံတက်ရသည့် ကုန်ကျစရိတ်များခြင်း
    • ဆေးရုံ ရက်ရှည်တက်ရသောကြောင့် လူမှုရေးပျက်ကွက်ခြင်း
    • အရည်အသွေးပြည့်ဝသော လူနေမှုဘဝကို မရရှိခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာနိုင်သည်။
  3. စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
    • နေ့စဥ်လုပ်ငန်းဆောင်တာများကို အခြားသူများ၏ အကူအညီမပါဘဲ မိမိဘာသာ မလုပ်ဆောင်နိုင်သောကြောင့် စိတ်ပျက်အားငယ်လာခြင်း
    • နောက်တစ်ကြိမ် ထပ်မံလဲကျမည်ကို စိုးရိမ်ခြင်း
    • လဲကျခြင်းကြောင့် ဒဏ်ရာရပြီးနောက် စိတ်မလုံခြုံမှုကို ခံစားရခြင်း
    • လမ်းလျှောက်အကူပစ္စည်းများ အသုံးပြုရခြင်းကို စိတ်အနှောင့်အယှက်ဖြစ်ခြင်း
    • လဲကျပြီးနောက် မိမိဘာသာ မစောင့်‌‌ရှောက်နိုင်သည့်အတွက် ကိုယ့်ကိုယ်ကို အားကိုးလေးစားမှု မရှိတော့ခြင်း အစရှိသော စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်လာတတ်သည်။
လဲကျခြင်းဖြစ်ပေါ်လျှင် လိုက်နာဆောင်ရွက်ရမည့် အချက်များ
Fall in Elderly image2

လဲကျခြင်းကြောင့် လတ်တလော ထိခိုက်ဒဏ်ရာ မရရှိခဲ့သည့်တိုင် လဲကျခြင်း၏ အကြောင်းရင်းမြစ်များကို ရှာဖွေဖော်ထုတ်နိုင်ရန် မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အလွန် အရေးကြီးသည်။ လဲကျခြင်းကို ကာကွယ်ကုသရာတွင် လဲကျခြင်းကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာကို ကုသခြင်း၊ နောက်တစ်ကြိမ် ထပ်မံလဲကျခြင်း မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းနှင့် ပတ်ဝန်းကျင်ကို လိုအပ်သလို ပြုပြင်မွမ်းမံပေးခြင်းတို့ ပါဝင်သည်။

  1. ကျန်းမာရေးနှင့် ဆေးဝါးဆိုင်ရာစစ်ဆေးကုသမှုများ
    • ရောဂါအခံများကို ထိရောက်စွာကုသခြင်း
      • သွေးပေါင်ချိန်ကျခြင်း၊ ဆီးချို၊ ပါကင်ဆန်၊ အဆစ်ရောင်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း စသည့် ရောဂါအခံများကို စနစ်တကျ ကုသပါ
    • ဆေးဝါးသုံးစွဲမှုကို ပြန်လည်စစ်ဆေးခြင်း
      • လက်ရှိသောက်သုံးနေသော ဆေးများ [အထူးသဖြင့် ဆေး (၄) မျိုးနှင့်အထက် Polypharmacy] ကို ဆရာဝန်နှင့် ပြန်လည်တိုင်ပင်ဆွေးနွေးပြီး၊ ဘေးထွက်ဆိုးကျိုးကြောင့် လဲကျစေနိုင်လျှင် ဆေးပမာဏ လျှော့ချခြင်း သို့မဟုတ် ဆေးပြောင်းလဲခြင်းများ ပြုလုပ်ပါ
    • အမြင်အာရုံနှင့် ခြေထောက်ကျန်းမာရေး စစ်ဆေးခြင်း
      • အမြင်အာရုံ ပြဿနာများအတွက် မျက်စိအထူးကုဆရာဝန်များနှင့် ပုံမှန်မျက်စိစစ်ဆေးပြီး လိုအပ်ပါက အတွင်းတိမ် ခွဲစိတ်ကုသခြင်း သို့မဟုတ် မျက်မှန်လဲလှယ်ခြင်းများ ပြုလုပ်ပါ
      • ခြေထောက်တွင် နာကျင်၊ ရောင်ရမ်း၊ ထုံကျဥ်ခြင်းများရှိလျှင် ပုံမှန်စစ်ဆေးကုသပါ
    • အရိုးကျန်းမာရေးနှင့် အာဟာရ
      • အရိုးပွရောဂါ (Osteoporosis) ကို ကာကွယ်ရန် ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ဖြည့်စွက်ပေးခြင်းဖြင့် အရိုးကျိုးနိုင်ခြေကို လျှော့ချပါ
      • အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကို စားသောက်ပါ
  2. ကိုယ်ကာယ လေ့ကျင့်မှုနှင့် ဘဝနေထိုင်မှုပုံစံ ပြောင်းလဲပြင်ဆင်ခြင်း
    • ပုံမှန်ကိုယ်လက်လှုပ်ရှားမှု
      • တစ်ရက်လျှင် အနည်းဆုံး မိနစ် (၃၀) ခန့် ကြွက်သားများသန်မာစေပြီး ခန္ဓာကိုယ် ဟန်ချက်ညီအောင် ထိန်းသိမ်းနိုင်သော လေ့ကျင့်ခန်းများ (ဥပမာ _ ထိုက်ကျိ၊ ညင်သာသော လမ်းလျှောက်ခြင်း) ကို ပြုလုပ်ပါ။
    • ရုတ်တရက် လဲကျခြင်းကို ကာကွယ်ခြင်း
      • ထိုင်ရာမှ သို့မဟုတ် လဲလျောင်းရာမှ မတ်တပ်ရပ်သည့်အခါ ရုတ်တရက် မူးဝေ၍ လဲကျခြင်းကို ကာကွယ်ရန် တဖြည်းဖြည်းချင်း မတ်တတ်ရပ်ပါ
    • အကာအကွယ်ပစ္စည်းများ အသုံးပြုခြင်း
      • တင်ပါးဆုံရိုးကျိုးခြင်းမှ ကာကွယ်ရန် လိုအပ်ပါက တင်ပါးဆုံရိုးအကာ (Hip Protectors) အသုံးပြုပါ
      • ဟန်ချက်ထိန်းသိမ်းရာတွင် အခက်အခဲရှိပါက လမ်းလျှောက်အထောက်အကူပြုပစ္စည်းများ (ကြိမ်လုံး၊ Walker) ကို စနစ်တကျ အသုံးပြုပါ
  3. ပတ်ဝန်းကျင် ပြုပြင်မွမ်းမံခြင်း
    • အလင်းရောင်ကောင်းမွန်စေခြင်း
      • မိမိနေအိမ်ပတ်ဝန်းကျင်ကို အထူးသဖြင့် ညဘက်နှင့် လှေကားများတွင် အလင်း‌ရောင်ကောင်းကောင်း ရရှိ‌အောင် ပြုလုပ်ပါ
    • ချော်လဲနိုင်သောအရာများ ဖယ်ရှားခြင်း
      • ခလုတ်တိုက်နိုင်သော ပစ္စည်းများ (ကြမ်းခင်းဖျာစွန်းများ၊ ကြိုးများ) ကို ဖယ်ရှားထားပါ
      • ရေချိုးခန်းနှင့် အိမ်သာကဲ့သို့သော ကြမ်းပြင်စိုစွတ်၍ ချော်နိုင်သော နေရာများတွင် ချော်မလဲစေရန် အခင်း (Non-slip Mats) များ ခင်းပေးထားခြင်း သို့မဟုတ် လက်ရန်းများ (Grab Bars) တပ်ဆင်ပေးထားခြင်းများ ပြုလုပ်ပါ
    • အထောက်အကူပြု တပ်ဆင်မှုများ
      • လှေခါးထစ်များ၊ လူသွားလမ်းကြောင်းများတွင် ညီညာမှုမရှိလျှင် ပြုပြင်ပါ
  4. ခေတ်မီနည်းပညာများ အသုံးပြု၍ ကာကွယ်ခြင်း (Technology-Assisted Prevention)
    လက်ရှိခေတ်တွင် နည်းပညာတိုးတက်မှုများက သက်ကြီးရွယ်အိုများ လဲကျနိုင်ခြေကို စောင့်ကြည့်ရန်၊ ကြိုတင်ခန့်မှန်းရန်နှင့် ကာကွယ်ရန်အတွက် အောက်ပါအတိုင်း ကူညီပေးလျက်ရှိသည်။
    • ခန္ဓာကိုယ်တွင်ဝတ်ဆင်နိုင်သော စက်ပစ္စည်းများနှင့် အာရုံခံကိရိယာများ (Wearable Devices and Sensors):
      • အန္တရာယ်အကဲဖြတ်ခြင်း
        စမတ်နာရီများ၊ အထူးပြုအာရုံခံကိရိယာများသည် လူကြီးများ၏ လမ်းလျှောက်ပုံစံ (gait patterns)၊ ဟန်ချက်ညီမှု (balance)၊ ထိုင်ရာမှ မတ်တပ်ရပ်ပုံ (sit-to-stand transfers) များကို အချိန်ကြာမြင့်စွာ စောင့်ကြည့်နိုင်ပြီး လဲကျနိုင်ခြေကို ပိုမိုတိကျစွာ ခန့်မှန်းရန် ကူညီပေးသည်။
      • လဲကျမှု ထောက်လှမ်းခြင်း
        အချို့စနစ်များသည် လဲကျမှုဖြစ်ပွားပြီးနောက် အရေးပေါ်အကူအညီအတွက် မိသားစု သို့မဟုတ် ဆေးဘက်ဆိုင်ရာဝန်ထမ်းများထံ အလိုအလျောက် အကြောင်းကြားပေးနိုင်သည်။
      • စမတ်အိမ်နည်းပညာ (Smart Home Technology)
        ကြမ်းပြင်ရှိ ဖိအားအာရုံခံကိရိယာများ သို့မဟုတ် ပတ်ဝန်းကျင်အာရုံခံကိရိယာများဖြင့် နေ့စဥ်လှုပ်ရှားမှုပုံစံများကို စောင့်ကြည့်ကာ လမ်းလျှောက်ပုံ ပြောင်းလဲလာခြင်း သို့မဟုတ် အခန်းထဲတွင် ပုံမှန်မဟုတ်သောလှုပ်ရှားမှုရှိခြင်းစသည့် အန္တရာယ်လက္ခဏာများကို စောစီးစွာ ဖော်ထုတ်ပေးသည်။

References:

  1. Healthdirect Australia. (2024). Older people and falls. Retrieved October 21, 2025, from https://www.healthdirect.gov.au/falls
  2. Stefanacci, R. G., & Wilkinson, J. R. (2023). Falls in older adults. MSD Manual Professional Edition. Retrieved October 21, 2025, from https://www.msdmanuals.com/professional/geriatrics/falls-in-older-adults/falls-in-older-adults
  3. Health Hub Singapore. (n.d.). ABCs of falls: Consequences of falls in the elderly. Retrieved October 21, 2025, from https://www.healthhub.sg/live-healthy/abcs_of_falls

Published: 30 October 2024

Last updated: 3 January 2026

Share

26 October 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.