ကလေးတစ်ဦး၏ကြီးထွားမှုသည် ဗီဇ၊ မိဘမျိုးရိုး၊ အာဟာရ၊ ရောဂါအခြေအနေတို့အပေါ်တွင် မူတည်သောကြောင့် ကလေးကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်းသည် ကလေးကျန်းမာရေးအတွက် စောင့်ရှောက်၊ ကာကွယ်၊ ကုသခြင်းတစ်မျိုးပင်ဖြစ်သည်။ ကလေးတစ်ဦး၏ ကြီးထွားမှုကို စောင့်ကြည့်ခြင်းတွင် ကိုယ်အလေးချိန်၊ အရပ်အမြင့်၊ ဦးခေါင်းလုံးပတ် စသည်တို့ ပုံမှန်တိုင်းတာခြင်း၊ အကဲဖြတ်ခြင်းများ၊ ကလေး၏ ကြီးထွားမှုအခြေအနေနှင့် လိုအပ်ချက်အပေါ် အခြေခံ၍ ဆွေးနွေးအကြံဉာဏ်ပေးခြင်းနှင့် လိုအပ်ပါက လွှဲပြောင်းကုသခြင်းတို့ ပါဝင်သည်။
ကြီးထွားမှုဆိုသည်မှာ အချိန်ကာလတစ်ခုအတွင်း ကလေး၏ ခန္ဓာကိုယ်အရွယ်အစား ကြီးလာခြင်းကို ခေါ်သည်။ ကြီးထွားမှုကို အကဲဖြတ်ရန်အတွက် နှစ်ကြိမ် (သို့မဟုတ်) ၎င်းထက်ပို၍ ခန္ဓာကိုယ်အရွယ်အစား အတိုင်းအတာအချို့ကို တိကျစွာ တိုင်းတာနှိုင်းယှဉ်ရမည်။
ခန္ဓာကိုယ်အရွယ်အစား တိုင်းတာခြင်း
ကလေးများ၏ ခန္ဓာကိုယ်အရွယ်အစား တိုင်းတာရာတွင် အောက်ပါအချက် (၄) ချက်ဖြင့် ပြုလုပ်လေ့ရှိသည်။
- ကိုယ်အလေးချိန် တိုင်းတာခြင်း – လွယ်ကူပြီး တိကျမှုရှိသောကြောင့် အသုံးများသော အတိုင်းအတာတစ်ခု ဖြစ်သည်
 - အရပ်အမြင့် သို့မဟုတ် အလျား တိုင်းတာခြင်း – အထူးသဖြင့် ကလေးကြီးများတွင် အလွန်အသုံးဝင်သော ခန္ဓာကိုယ်အရွယ်အစား တိုင်းတာမှုဖြစ်သည်၊ အရပ်ကို တိုင်းတာရာတွင် ကလေးကို မတ်တတ်ရပ်စေခြင်းဖြင့် တိုင်းတာသည်၊ မွေးကင်းစကလေးများတွင် ပက်လက်လှန်၍ တိုင်းတာပြီး အလျားဟုခေါ်သည်
 - ဦးခေါင်းလုံးပတ် တိုင်းတာခြင်း – ကလေးငယ်များတွင် အသုံးဝင်သော တိုင်းတာမှုတစ်ခုဖြစ်ပြီး ဦးနှောက် ဖွံ့ဖြိုးမှုနှင့် အဓိကသက်ဆိုင်သည်
 - လက်မောင်းအလယ် လုံးပတ်တိုင်းတာခြင်း – မြန်ဆန်ပြီး ရိုးရှင်းသော တိုင်းတာမှုတစ်ခုဖြစ်သည်။ အာဟာရချို့တဲ့ခြင်းကို ဆန်းစစ်ရာတွင် ပို၍အသုံးဝင်သည်
 
ကိုယ်အလေးချိန် တိုင်းတာခြင်း
ကလေးငယ်များအား ပေါင်ချိန်စက်ပေါ်တွင် ပက်လက်လှန်၍ တိုင်းတာသည်။ ကလေး ငြိမ်သွားသည်အထိ စောင့်၍ ကိုယ်အလေးချိန်ကို အနီးဆုံး (၁၀) ဂရမ် (၀.၀၁ ကီလိုဂရမ်) အထိ တိုင်း၍ အဖြေထုတ်ရမည်။ ပေါင်ချိန်မတိုင်းမီ ကလေး၏အင်္ကျီနှင့် သေးခံချွတ်ပြီးမှ တိုင်းတာရမည်။ ကလေးကြီးများတွင်မူ မတ်တတ်ရပ်၍ ကိုယ်အလေးချိန် တိုင်းတာသည်။ အလေးချိန်ကို အနီးစပ်ဆုံး (၁၀၀) ဂရမ် (၀.၁ ကီလိုဂရမ်) အထိ တိုင်း၍အဖြေထုတ်ရမည်။ ကိုယ်အလေးချိန် မချိန်မီတွင် အတွင်းခံဘောင်းဘီမှလွဲ၍ ကလေး၏ အဝတ်အစား အားလုံးကို ဖယ်ရှားရမည်။ ကလေးအား ကိုယ်အလေးချိန်မတိုင်းမီတွင် ပေါင်ချိန်စက်၏ စကေးသည် သုညအမှတ်တွင် ရှိနေရမည်၊၊ ပေါင်ချိန်စက်အတိုင်းအတာများနှင့် စက်ပစ္စည်းကြံ့ခိုင်မှုကို တစ်ပတ်တစ်ခါ စစ်ဆေးရမည်ဖြစ်သည်။
ကိုယ်အလေးချိန် ပုံမှန်တိုင်းတာခြင်းသည် ကြီးထွားဖွံ့ဖြိုးမှုနှုန်းမြန်သော ကလေးငယ်များအတွက် အလွန်အကျိုးရှိသော တိုင်းတာမှုဖြစ်သည်။ ကလေးတစ်ဦး ပုံမှန်ကိုယ်အလေးချိန်တိုးနေခြင်းသည် ထိုကလေးကျန်းမာနေသည်ကို ဖော်ပြသည်။ ကိုယ်အလေးချိန် မတိုးဘဲ တန့်နေခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျဆင်းခြင်းသည် ကလေး၌ ကျန်းမာရေးထိခိုက်နေခြင်း၊ အဖျားရောဂါ တစ်ခုခုရှိနေခြင်း၊ သို့မဟုတ် အာဟာရချို့တဲ့နေခြင်းကြောင့် ဖြစ်နိုင်သည်။

အရပ်အမြင့် တိုင်းတာခြင်း
ကလေး၏ အရပ်အမြင့်ကို တိုင်းတာရာတွင် ကလေးကို ခြေထောက်ဗလာနှင့် ရပ်စေပြီး တိုင်းတာရမည်။ ကလေး၏ကျောကို နံရံတွင် ကပ်ထားပြီး ခြေဖနောင့်နှစ်ဖက်သည် ကြမ်းပြင်ပေါ်တွင် ရှိရမည်။ ကလေးသည် ရှေ့တည့်တည့်ကို ကြည့်ကာ လက်နှစ်ဖက်ကို ဘေးဘက်တွင်ကပ်၍ တတ်နိုင်သမျှ အရပ်ရှည်အောင် ဆန့်ထားသင့်သည်။ အကောင်းဆုံးမှာ အပေါ်အောက် လျှောချနိုင်သော သို့မဟုတ် အလိုအလျောက် ကျလာသောတန်း (ဦးခေါင်းအပေါ် အတိအကျ ထိ၍တိုင်းရန်) ပါရှိသော အရပ်တိုင်းကိရိယာမျိုးကို အသုံးပြုသင့်သည်။ ထိုကိရိယာမရှိပါက အမြင့်အတိုင်းအတာကို နံရံပေါ်တွင် ကပ်ထားပြီး တုတ်တံ သို့မဟုတ် စာအုပ်ကို ကလေးဦးခေါင်း၌ထိ၍ ၎င်းနှင့်တစ်တန်းတည်းရှိသော ဂဏန်းကို မှတ်သားသည်။

မွေးကင်းစကလေးနှင့် အသက် (၂) နှစ်အောက် ကလေးများ၏ အရပ်ကို တိုင်းတာရန် ခက်ခဲသည်။ ထို့ကြောင့် လဲလျောင်း၍ အလျားကို တိုင်းတာလေ့ရှိသည်။ ဖြစ်နိုင်လျှင် ထိုကဲ့သို့ တိုင်းတာနိုင်ရန် သီးသန့်ပြုလုပ်ထားသော ကိရိယာကို အသုံးပြုသင့်သည်။ မွေးကင်းစကလေးအား ပက်လက်လှန်ထား၍ ခြေထောက်များ အပြည့်ဆန့်ထားရမည်။ လူတစ်ယောက်မှ မွေးကင်းစကလေး၏ ဦးခေါင်းကို အပေါ်ပျဥ်ပြားနှင့်ကပ်၍ ထိန်းကိုင်ထားရန်လိုပြီး အခြားသူတစ်ဦးသည် ကလေး၏ခြေထောက်များကို ညင်သာစွာ ဆန့်ထုတ်ကာ ဒူးများထောင်မနေစေရန်ထိန်း၍ မွေးကင်းစကလေး၏ ခြေဖနောင့်ကို အောက်ပျဥ်ပြားနှင့် ဖိကပ်ထားပေးသည်။ ပျဉ်ပြားများကြားရှိ အကွာအဝေးကို တိုင်းတာခြင်းဖြင့် မွေးကင်းစကလေး၏ အရပ်အလျားကို သိရှိနိုင်သည်။ ထိုကိရိယာမျိုးမပါဘဲ ပေကြိုးဖြင့် တိုင်းတာခြင်းသည် အဖြေမှန်မရနိုင်ပါ။
အရပ်သည် ကိုယ်အလေးချိန်ထက် ပို၍ ရှည်ကြာသော ကြီးထွားဖွံ့ဖြိုးမှုကို ပြသနိုင်သဖြင့် အရပ်အမြင့်တိုင်းတာခြင်းသည် ကလေးကြီးများအတွက် ပို၍အကျိုးရှိသည်။
ဦးခေါင်းလုံးပတ် တိုင်းတာခြင်း
အသက် (၃) နှစ်အောက် ကလေးများတွင် ဦးခေါင်းလုံးပတ်ကို အဓိကတိုင်းတာသည်။ ကလေးများ၏ ဦးနှောက်သည် အသက် (၃) နှစ်အောက်တွင် လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးသောကြောင့် ဦးခေါင်းခွံဖွံ့ဖြိုးမှုသည်လည်း မြန်ဆန်သည်။ အသက် (၃) နှစ်အထက်တွင်မူ ဦးနှောက်နှင့် ဦးခေါင်းခွံတို့၏ ဖွံ့ဖြိုးမှုနှေးသွားသောကြောင့် ပြောင်းလဲမှုကို ထင်ရှားစွာမတွေ့ရတော့ပါ။ ကလေးတစ်ဦး၏ ဦးခေါင်းလုံးပတ်အတိုင်းအတာကို သိရှိရန် အောက်ပါပုံအတိုင်း (web တွင် ပုံမပါ) ပေကြိုးဖြင့် ဦးခေါင်း၏ အကျယ်ဆုံးနေရာ (အရှေ့ဘက်တွင် မျက်ခုံးများအပေါ်မှ အနောက်ဘက်တွင် နောက်စေ့အကျယ်ဆုံးနေရာထိ) ကို တိုင်းတာရသည်။
ရရှိသော ဦးခေါင်းလုံးပတ်ကို သတ်မှတ်ထားသော ဇယားကွက်ပါ ဂရပ်လိုင်းများတွင် ပုံမှန် ဟုတ်မဟုတ် စစ်ဆေးရသည်။ ယောက်ျားလေး (သို့မဟုတ်) မိန်းကလေးအလိုက် သီးသန့်ဇယားကွက်များရှိသည်။ တိုင်းတာရရှိသော ဦးခေါင်းအရွယ်အစားကို အသက်အရွယ်အလိုက် မှတ်သားပြီး မည်သည့်ဂရပ်လိုင်းပေါ်တွင် ရှိသည်ကို ကြည့်ရှုစစ်ဆေးရသည်။
ပုံမှန်ကလေးများ၏ ဦးခေါင်းလုံးပတ်အတိုင်းအတာသည် အောက်ဆုံးဂရပ်လိုင်း (3rd centile) နှင့် အပေါ်ဆုံးဂရပ်လိုင်း (97th centile) ကြားတွင် ရှိသည်။ အကယ်၍ ဦးခေါင်းလုံးပတ်သည် အပေါ်ဆုံးဂရပ်လိုင်း (97th centile) ၏ အထက်တွင်ရှိနေလျှင် ဦးခေါင်းကြီးသည် (Macrocephaly) ဟု သတ်မှတ်ပြီး အောက်ဆုံးဂရပ်လိုင်း (3rd centile) ၏ အောက်တွင် ရှိနေလျှင် ဦးခေါင်းသေးသည် (Microcephaly) ဟု သတ်မှတ်သည်။
လက်မောင်း အလယ်လုံးပတ် တိုင်းတာခြင်း
ကလေးအသက် (၆) လမှ (၅) နှစ်ကြားတွင် တိုင်းတာလေ့ရှိသည်။ အနီ၊ အဝါ၊ အစိမ်းအမှတ်အသားများပါသော တိတ် သို့မဟုတ် ပုံမှန်ပေကြိုးဖြင့် လက်မောင်းကို ပတ်၍ တိုင်းတာခြင်းဖြစ်သည်။ လက်မောင်း အလယ်လုံးပတ် တိုင်းတာမှုကို ဘယ်ဘက် လက်မောင်းတွင် တိုင်းတာလေ့ရှိပြီး အင်္ကျီပေါ်မှ တိုင်းခြင်းမပြုရပါ။ ။ ကလေး၏ လက်မောင်းကို ဘေးသို့ (၉၀) ဒီဂရီကားထား၍ ပခုံးထိပ်နှင့် တံတောင်ဆစ်ထိပ်ကြား အလယ်တည့်တည့်နေရာတွင်ကြိုးပတ်၍ တိုင်းတာရမည်။ တိုင်းတာရာတွင် အလွန်အမင်း တင်းကြပ်နေခြင်း သို့မဟုတ် လျော့နေခြင်း မဖြစ်ရပါ။ လုံးပတ်ကို စင်တီမီတာဖြင့် တိုင်းတာပြီး အစိမ်းရောင်၊ အဝါရောင်နှင့် အနီရောင်အဖြစ် အဆင့်သတ်မှတ်သည်။ အစိမ်းရောင်အဖြေထွက်ပါက ပုံမှန်ဖြစ်ပြီး အဝါရောင်အဖြေထွက်လျှင် ကလေးအား ဆရာဝန်၊ ဆရာမများ၏ ညွှန်ကြားချက်အတိုင်း အာဟာရဖြည့်စွက်ကျွေးရန်လိုအပ်သည်။ အနီရောင် အဖြေထွက်ပါက ကလေး၌ အာဟာရချို့တဲ့ခြင်းသည် စိုးရိမ်ရသော အခြေအနေဖြစ်သောကြောင့် ဆေးရုံတက်၍ ဆေးကုသမှုများနှင့် အာဟာရဖြည့်စွက်မှုများ ခံယူရန်လိုအပ်သည်။
ကြီးထွားမှုမှတ်တမ်းတင်ခြင်း
ကြီးထွားမှုကို မှတ်တမ်းတင်ရန် ကလေး၏ အရွယ်အစား (ကိုယ်အလေးချိန်၊ အရပ် သို့မဟုတ် အလျားနှင့် ဦးခေါင်းလုံးပတ်) တို့ကို ပုံမှန်တိုင်းတာရမည်။
- ကလေးအသက် ပထမတစ်နှစ်တွင် ကြီးထွားမှုကို မွေးကင်းစအရွယ်မှစ၍ လစဉ် စစ်ဆေးသင့်သည်
 - ကိုယ်အလေးချိန် တိုင်းတာမှုကို အသက်နှစ်နှစ်အထိ (၂) လ တစ်ကြိမ် တိုင်းတာသင့်ပြီး ထို့နောက်တွင် အသက်ငါးနှစ်အထိ (၆) လ တစ်ကြိမ် တိုင်းတာသင့်သည်
 - အရပ်အမြင့်တိုင်းတာမှုကို အသက်ငါးနှစ်အထိ (၆) လ တစ်ကြိမ် တိုင်းတာသင့်သည်
 
ကလေး၏ အရွယ်အစားတိုင်းတာမှုများကို ကြီးထွားမှုဇယား (Growth Chart) တွင် ဂရပ်ရေးဆွဲထားရမည်။ ထိုဇယားကို ကြည့်ခြင်းဖြင့် ကလေးကြီးထွားမှု၏ ပြောင်းလဲမှုများကို သိရှိနိုင်သဖြင့် အရေးကြီးသည်။ ကြီးထွားနှုန်း နှေးကွေးခြင်း သို့မဟုတ် မြန်လွန်းခြင်း နှစ်ခုစလုံးသည် အာဟာရနှင့် သက်ဆိုင်သောအခြေအနေများ သို့မဟုတ် အခြားသော ကျန်းမာရေးပြဿနာများကြောင့် ဖြစ်နိုင်သည်။
ကြီးထွားမှု ပုံမမှန်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများ
ကိုယ်ခန္ဓာကြီးထွားမှု ပုံမမှန်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများစွာရှိသည်။ ကိုယ်အလေးချိန် သို့မဟုတ် အရပ်ကို သီးခြားစီထိခိုက်စေသော အကြောင်းရင်းများ ရှိသကဲ့သို့ အာဟာရချို့တဲ့ခြင်းကဲ့သို့ အကြောင်းရင်းများတွင် ကိုယ်အလေးချိန်သာမက အရပ်အမြင့် ဖွံ့ဖြိုးမှုကိုပါ တစ်ပြိုင်တည်း ထိခိုက်စေနိုင်သည်။ ဦးခေါင်းလုံးပတ် ကြီးခြင်း၊ သေးခြင်း ဖြစ်စေသော အကြောင်းရင်းများတွင်မူ မွေးရာပါ မျိုးဗီဇဆိုင်ရာ ရောဂါများကြောင့်ဖြစ်နိုင်သကဲ့သို့ အချို့ရောဂါပိုးများကြောင့်လည်း ဖြစ်နိုင်သည်။
- ကိုယ်အလေးချိန် အလွန်များခြင်း အကြောင်းရင်းများ
- ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားခြင်း
 - ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း
 - အချို့သော မျိုးဗီဇရောဂါများ – Prader-Willi ဆင်ဒရုန်း
 
 - ကိုယ်အလေးချိန်နည်းနေခြင်းအကြောင်းရင်းများ
- အာဟာရ လုံလောက်စွာ မရရှိခြင်း
 - ရောဂါပိုးဝင်ခြင်း (တီဘီရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ)၊
 - နာတာရှည်ရောဂါများဖြစ်ခြင်း (ကင်ဆာရောဂါ၊ မွေးရာပါနှလုံးရောဂါ)
 
 - အရပ်ပုခြင်းအကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း
 - အာဟာရ လုံလောက်စွာ မရရှိခြင်း
 - အချို့သော မျိုးဗီဇရောဂါများ (Turner ဆင်ဒရုန်း)
 - ဟော်မုန်းဓာတ်ချို့တဲ့ခြင်းများ (ကြီးထွားမှုဟော်မုန်း၊ သိုင်းရွိုက်ဟော်မုန်း)
 
 - အရပ်အလွန်ရှည်ခြင်းအကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း
 - အချို့သော မျိုးဗီဇရောဂါများ (Marfan ဆင်ဒရုန်း)
 - ဟော်မုန်းဓာတ်များခြင်း စသည်
 
 - ဦးခေါင်းကြီးခြင်းအကြောင်းရင်းများ
- မျိုးရိုးလိုက်ခြင်း
 - ဦးခေါင်းတွင်း အရည်များစုလာခြင်း၊
 - ဦးနှောက်အတွင်း အကျိတ်များဖြစ်ခြင်း၊
 - ဦးခေါင်းခွံထူလာခြင်း
 
 - ဦးခေါင်းသေးခြင်းအကြောင်းရင်းများ
- အာဟာရ လုံလောက်စွာ မရရှိခြင်း၊
 - မွေးရာပါ ဦးနှောက်ဖွဲ့စည်းပုံ ပုံမမှန်မှုများ၊
 - ကိုယ်ဝန်ရှိစဉ် ရောဂါပိုးဝင်ခြင်းများ (မွေးရာပါ ဂျိုက်သိုးရောဂါ)၊
 - အချို့သော မျိုးရိုးဗီဇရောဂါများ (Down ဆင်ဒရုန်း)
 
 
ဆေးရုံ၊ ဆေးခန်းပြသရန်
ကျန်းမာသန်စွမ်းသော ကလေးတစ်ဦးသည် ကိုယ်အလေးချိန် ပုံမှန်တိုးသင့်သည်။ အကယ်၍ သင့်ကလေးသည် ကိုယ်အလေးချိန် မတက်ပါက သို့မဟုတ် ကိုယ်အလေးချိန် ကျဆင်းပါက ပြဿနာတစ်ခုခု ရှိနေနိုင်သောကြောင့် ဆေးကုသမှုခံယူရန် မိသားစုဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ ထို့ပြင် အထက်ပါ ကြီးထွားမှု ပုံမမှန်ဖြစ်ခြင်းများ ရှိလာပါကလည်း မိသားစုဆရာဝန်များ၊ ကလေးအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသသင့်သည်။
ကလေးကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်းကြောင့် ရရှိသော အကျိုးကျေးဇူးများ
ကလေးကြီးထွားမှုကို စောင့်ကြည့် အကဲဖြတ်ခြင်း ပုံမှန်ပြုလုပ်ခြင်းဖြင့် ကလေးသေဆုံးခြင်း၊ ဖျားနာခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်းမှ ကာကွယ်နိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်၏ အကဲဖြတ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျှင် ပေးနိုင်ခြင်း၊ မိခင်၏ အာဟာရဆိုင်ရာ အသိပညာကို မြှင့်တင်ပေးနိုင်ခြင်း၊ ကလေး၏ ကျန်းမာရေးနှင့် ပတ်သက်သော စိတ်ပူပန်မှုများကို လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိသည်။ ကလေးကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်းအား အချို့သော ကုသမှုများတွင် တိုးတက်မှု ရှိမရှိ စောင့်ကြည့်ရန်လည်း အသုံးပြုနိုင်သည် (ဥပမာ_တီဘီရောဂါဆေး သောက်နေသော ကလေးများတွင် ကိုယ်အလေးချိန် တက်လာပါက တီဘီဆေးနှင့်အဆင်ပြေသည်၊ ပုံမှန် တုံ့ပြန်မှု ရှိနေသည်ဟု မှတ်ယူနိုင်သည်)။ ထို့ကြောင့် ကြီးထွားမှုကို စောင့်ကြည့်ခြင်းသည် ကလေးများ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွင် မရှိမဖြစ် အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ပြောင်းလဲတိုးတက်မှုများ
- ဉာဏ်ရည်တု (AI) နည်းပညာကို အသုံးချ၍ ကလေးကြီးထွားမှုကို စောင့်ကြည့်အကဲဖြတ်ခြင်း
- စမတ်ဖုန်းဖြင့် အရပ်အမြင့်ကို တိုင်းတာနိုင်ခြင်း (Smartphone-based Height Estimation)
- AI စနစ်သည် စမတ်ဖုန်းကင်မရာမှ ရိုက်ယူထားသော ကလေး၏ ဓာတ်ပုံတစ်ပုံတည်းကို အသုံးပြု၍ အရပ်အမြင့်ကို တိကျစွာ ခန့်မှန်းတိုင်းတာပေးသည်
 - ဥပမာ – Malnutrition Assessment and Action Plan (MAAP AI app) နှင့် Child Growth Monitor app စသည်တို့ဖြစ်သည်
 - ဝေးလံခေါင်ဖျားအရပ်များ၊ ဆေးရုံသုံးကိရိယာအပြည့်အစုံမရှိသော နေရာများနှင့် အာဟာရချို့တဲ့မှုအတွက် စောင့်ကြည့်ခြင်းများအတွက် အလွန်အသုံးဝင်သည်။
 
 - ကြီးထွားမှု မူမမှန်ခြင်းကို စောစီးစွာ ခန့်မှန်းခြင်း (Early Prediction of Growth Anomalies)
- Machine Learning (ML) Algorithm များမှ ကလေး၏ အသက်၊ ကိုယ်အလေးချိန်၊ အရပ်အမြင့်နှင့် ယခင်ကျန်းမာရေးမှတ်တမ်းများ (Biometric Data) ကို ခွဲခြမ်းစိတ်ဖြာ၍ ကြီးထွားမှုဆိုင်ရာ မူမမှန်ခြင်းများကို (၉၀%) ကျော် တိကျစွာ ကြိုတင် ခန့်မှန်းပေးနိုင်သည်
 - ထို့ပြင် AI-assisted Tool များတွင် ကလေး၏မှတ်တမ်းများကို ထည့်သွင်းလိုက်သည်နှင့် Z-score (စံသွေဖည်မှု ရမှတ်) နှင့် Percentile များကို ချက်ချင်း တွက်ချက်ပေးသည်
 - တွက်ချက်မှု အမှားများကို လျှော့ချပေးပြီး အလုပ်ချိန်ကို သက်သာစေသည်၊ ရောဂါရှာဖွေမှု အချိန်ကြာမြင့်ခြင်းကို လျှော့ချပေးပြီး၊ စောစီးစွာ ကုသမှုပေးရန် အထောက်အကူဖြစ်စေနိုင်သည်
 
 
 - စမတ်ဖုန်းဖြင့် အရပ်အမြင့်ကို တိုင်းတာနိုင်ခြင်း (Smartphone-based Height Estimation)
 - တယ်လီကျန်းမာရေးစောင့်ရှောက်မှု (Telehealth) ဖြင့်စောင့်ကြည့်ကုသခြင်း
- ဝေးလံခေါင်ဖျားဒေသများအထိ စောင့်ကြည့်ကုသခြင်း (Remote Patient Monitoring – RPM)
- ခန္ဓာကိုယ်တွင် ဝတ်ဆင်နိုင်သော စက်ပစ္စည်းများ (Wearables devices) နှင့် စမတ်ဖုန်း အက်ပ်များ (Mobile Apps) ကိုအသုံးပြု၍ ကလေး၏ နှလုံးခုန်နှုန်း၊ အိပ်စက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုစသည့် အချက်အလက်များကို အချိန်နှင့်တပြေးညီ မှတ်တမ်းတင်နိုင်သည်
 - နာတာရှည်ရောဂါများနှင့် အဝလွန်ခြင်းစသည့် အခြေအနေများကို အိမ်မှနေ၍ စောင့်ကြည့်ကုသနိုင်ပြီး၊ ပုံမှန်မဟုတ်သည့် အခြေအနေများ ဖြစ်ပေါ်ပါက မိဘနှင့် ဆရာဝန်ကို ချက်ချင်း သတိပေးနိုင်သည်
 
 - အွန်လိုင်းမှ ဆွေးနွေးတိုင်ပင်ခြင်း (Virtual Consultations) ဖြင့်စောင့်ကြည့်ကုသခြင်း
- ဗီဒီယိုခေါ်ဆိုမှုများ (video calls)၊ မိုဘိုင်းအက်ပ်များ (mobile apps)၊ အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် မိဘများသည် ဆရာဝန်နှင့် တိုက်ရိုက်ချိတ်ဆက်၍ မိမိကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ အကြံဉာဏ်ရယူခြင်းနှင့် ဆရာဝန်မှ လိုအပ်သောဆေးဝါးများ ညွှန်ကြားခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်
 - ဆေးရုံသို့ သွားလာရသော အချိန်နှင့် စရိတ်ကို သက်သာစေပြီး၊ အချိန်ပြည့် စဉ်ဆက်မပြတ် စောင့်ရှောက်မှု (Continuity of Care) ကို ပေးနိုင်သည်
 
 
 - ဝေးလံခေါင်ဖျားဒေသများအထိ စောင့်ကြည့်ကုသခြင်း (Remote Patient Monitoring – RPM)
 
References:
- Garg Child Hospitals. (n.d.). Growth monitoring. Retrieved July 6, 2025, from https://www.gargchildhospitals.com/growth-monitoring.html
 - UNICEF Uganda. (n.d.). Key practice: Monitoring growth and development of the child. Retrieved July 6, 2025, from https://www.unicef.org/uganda/key-practice-monitoring-growth-and-development-child
 - International Federation of Red Cross and Red Crescent Societies (IFRC). (2023). Measuring mid upper arm circumference (MUAC). Retrieved July 6, 2025, from https://epidemics.ifrc.org/volunteer/action/17-measuring-mid-upper-arm-circumference-muac
 - Boston Children’s Hospital. (n.d.). Growth problems. Retrieved July 6, 2025, from https://www.childrenshospital.org/conditions/growth-problems
 - International Telecommunication Union (ITU). (2025). Meet Revo: Revolutionizing child growth monitoring for accessible healthcare. Retrieved July 6, 2025, from https://aiforgood.itu.int/meet-revolutionaize-the-ai-startup-revolutionizing-child-growth-monitoring-for-accessible-healthcare/
 - Tecnológico de Monterrey. (n.d.). Predictive growth model. Retrieved July 6, 2025, from https://tecscience.tec.mx/en/science-communication/predictive-growth-model/
 - QIMR Berghofer Medical Research Institute. (2025). Artificial intelligence revolutionises monitoring of brain development in children. Retrieved July 6, 2025, from https://www.qimrb.edu.au/whats-on/news/artificial-intelligence-revolutionises-monitoring-of-brain-development-in-children
 - Rodriguez-Marin, M., & Orozco-Alatorre, L. G. (2025). Advancing pediatric growth assessment with machine learning: Overcoming challenges in early diagnosis and monitoring. Children, 12(3), 317. https://doi.org/10.3390/children12030317
 - UNICEF Georgia. (n.d.). Leveraging digital technologies for monitoring child growth and development. Retrieved July 6, 2025, from https://www.unicef.org/georgia/reports/leveraging-digital-technologies-monitoring-child-growth-and-development
 
Published: 30 August 2024
Last updated: 28 October 2025
Share
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ်  တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.