အရက်သည် နှစ်ပေါင်းများစွာကတည်းက ကမ္ဘာ့နိုင်ငံများကြား၊ ယဉ်ကျေးမှုများစွာကြား အခန်းကဏ္ဍအသီးသီး၌ ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။ အရက်ပါဝင်သော ယမကာသောက်သုံးခြင်းသည် ယနေ့ခေတ်တွင် ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ အရက်သည် ကျန်းမာရေးအား မည်ကဲ့သို့ သက်ရောက်မှုရှိသည်ကို သိရှိရန် လိုအပ်သည်။
အရက် (Alcohol) ဆိုသည်မှာ အီသနော (Ethanol) ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းသည် လူကို မူးယစ်စေတတ်သော၊ စွဲလမ်းစေတတ်သော၊ ကျန်းမာရေးကို ထိခိုက်စေသော၊ ကင်ဆာရောဂါများ ဖြစ်စေတတ်သော ဓာတုပစ္စည်းဖြစ်သည်။ အရက်ကို အလွန်အကျွံသောက်သုံးမိပါက နောက်ဆက်တွဲရောဂါများ၊ လူမှုရေးပြဿနာများ၊ စီးပွားရေးပြဿနာများလည်း ကြုံတွေ့နိုင်သည်။ ကမ္ဘာပေါ်တွင် အရက်သောက်သုံးခြင်းကြောင့် သေဆုံးသောလူဦးရေသည် တစ်နှစ်လျှင် (၃) သန်းဝန်းကျင်မျှရှိသည်။
သုတေသနစစ်တမ်းများအရ ရောဂါအမျိုးပေါင်း (၂၀၀) ကျော်သည် အရက်ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရခြင်း၊ အမူအကျင့်များ ပြောင်းလဲခြင်း၊ စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားရခြင်း၊ အရက်စွဲလမ်းခြင်း၊ အသည်းခြောက်ခြင်း၊ အချို့သော ကင်ဆာရောဂါများဖြစ်ခြင်း၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများဖြစ်ခြင်းများ ဖြစ်နိုင်သည်။ အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကြောင့်လည်း စိတ်ထိန်းချုပ်မှု ကင်းလွတ်ပြီး အကြမ်းဖက်မှုများ၊ ယာဉ်တိုက်မှုများ၊ ကူးစက်ရောဂါများ (ဥပမာ_ တီဘီရောဂါ၊ ခုခံအားကျဆင်းမှုရောဂါ) ကူးစက်ခံရခြင်းများ ဖြစ်နိုင်သည်။
ကိုယ်ဝန်ဆောင်မိခင်များ အရက်သောက်သုံးမိခြင်းကြောင့်လည်း သန္ဓေသား၏ ကိုယ်လက်အင်္ဂါများ ကောင်းစွာမဖွံ့ဖြိုးနိုင်ခြင်း၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှု ထိခိုက်ခြင်း၊ ကလေးကြီးထွားမှုနှုန်း ထိခိုက်ခြင်းများ ဖြစ်နိုင်သည်။ အရက်ကို မည်သည့်ပမာဏမျှ သောက်သုံးသည်ဖြစ်စေ သောက်သုံးသည့်ပမာဏအတိုင်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ အနည်းငယ် သောက်သုံးလျှင် အနည်းငယ် ထိခိုက်နိုင်သကဲ့သို့ အများအပြား သောက်သုံးခဲ့လျှင် ကျန်းမာရေးကို ပို၍ဆိုးရွားစွာ ထိခိုက်နိုင်သည်။
အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်အား သက်ရောက်ပုံ
အရက်သည် သောက်သုံးပြီးနောက်တွင် အစာအိမ်နှင့်အူသိမ်ပိုင်းသို့ ရောက်သောအခါတွင် အူလမ်းကြောင်းမှ စုပ်ယူခြင်းခံရပြီး သွေးထဲသို့ရောက်သည်။ (အစာရှိသောသူများတွင် အစာခံ စားထားသောကြောင့် အစာမရှိသောသူများထက် အရက်သည် သွေးထဲသို့ရောက်ရန် အချိန်ကြာနိုင်သည်) သွေးထဲသို့ ရောက်ရှိပြီးနောက် ရှေးဦးစွာ အသည်းထဲသို့ရောက်သည်။
အသည်းသည် မူလအားဖြင့် သွေးတွင်းရှိ အရက်အဆိပ်များကို ဓာတ်ပြုခြင်းဖြစ်စဉ် (oxidation process) ဖြင့် ဖယ်ရှားပေးသည်။ ထိုဖြစ်စဉ်ဖြစ်ပြီးနောက်တွင် အရက် (alcohol/ethanol) ကို ရေနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ဖြိုခွဲသည်။ သို့သော် အရက်ပမာဏ အလွန်အကျွံ သောက်သုံးခဲ့လျှင်မူ အသည်းသည် ပမာဏများပြားသော အရက်များကို အချိန်မီ မဖယ်ရှားနိုင်သောကြောင့် သွေးထဲတွင် အရက်ပမာဏ များပြားလာပြီး အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းဆီသို့ ရောက်ရှိကုန်ကြသည်။
သွေးထဲရှိအရက်သည် ဦးနှောက်သို့ ရောက်ရှိသောအခါတွင် အာရုံကြော၏ ဆက်သွယ်ရေး ဓာတုပစ္စည်းများ၏ လုပ်ဆောာင်နိုင်စွမ်းများကို လျှော့ချပစ်သည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ဦးနှောက်၏ လုပ်ငန်းဆောင်တာဖြစ်သော စိတ်ခံစားမှု၊ သိမြင်မှု၊ အမူအကျင့်ထိန်းချုပ်မှုကို အနှောင့်အယှက်ပေးခြင်းဖြင့် အရက်မူးခြင်း ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အနည်းငယ်သောက်သုံးခြင်းဖြင့် လူသည် သက်သောင့်သက်သာ ဖြစ်စေခြင်း၊ အများအပြားသောက်သုံးခြင်းဖြင့် အိပ်ပျော်သွားခြင်း၊ အလွန်အကျွံသောက်သုံးခြင်းဖြင့် ဦးနှောက်၏ အသက်ရှင်ရန် အထောက်အပံ့ ပေးထားသော လုပ်ငန်းဆောင်တာများကို ရပ်ပစ်စေနိုင်ခြင်း တို့ဖြစ်နိုင်သည်။ ထို့အပြင် ဦးနှောက်ထဲရှိ အချို့သော အာရုံကြောဆဲလ်များကို လှုံ့ဆော်ခြင်းဖြင့် ဒိုပါမင်း (Dopamine)၊ အမ်ဒေါဖင်း (Endorphin) ဟော်မုန်းများကို ထွက်စေသည်။ Dopamine ကြောင့် လူသည် ပျော်ရွှင်ခြင်း၊ သာယာခြင်း၊ ကြည်နူးခြင်းများ ခံစားနိုင်ပြီး Endorphin ကြောင့် စိတ်ဖိစီးမှုများ သက်သာစေနိုင်သည်။ အရက်ပမာဏများခြင်းကြောင့် Endorphin အမြောက်အမြား ထွက်ခဲ့လျှင်မူ လူ၏စိတ်သည် မြောက်တက်ခြင်း၊ အူမြူးခြင်းများ ဖြစ်စေသည်။
ထိုအချိန်တွင် အသည်းသည် သွေးတွင်းရှိ အရက်ပမာဏများကို ဖျက်ဆီးခြင်းဖြင့် အရက်မူးခြင်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
အရက်ကိုစွဲလမ်းခြင်း
အရက်ပါဝင်သော ယမကာများကို ပုံမှန်သောက်သုံးခြင်းကြောင့် ဦးနှောက်ထဲရှိ အာရုံကြောဆဲလ်များသည် အရက်ကို ယဉ်ပါးလာကာ အရက်သောက်သုံးမှုနှင့် လိုက်လျောညီထွေ ဖြစ်လာပြီး ပုံမှန်ပမာဏမျှသောက်ခြင်းအားဖြင့် အရက်၏ အာနိသင်ကို မရတော့ဘဲ အိပ်မပျော်ခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ မပျော်ရွှင်ခြင်းများ ဖြစ်လာရသည်။ ထို့ကြောင့် အရက်မသောက်ရလျှင် နေမထိထိုင်မသာဖြစ်လာပြီး အရက်ပြန်လည်သောက်ခြင်းဖြင့် ထိုလက္ခဏာများ သက်သာလာရသောကြောင့် စွဲလမ်းစွာ သောက်သုံးလာကြသည်။
အရက်ကြောင့် ခန္ဓာကိုယ် ကျန်းမာရေးကို ထိခိုက်စေပုံ
အရက်သည် ခန္ဓာကိုယ်ရှိ စနစ်များ၊ အင်္ဂါများအားလုံးကို သွေးမှတစ်ဆင့် ပျံ့နှံ့ပြီး ထိခိုက်စေသည်။ အထူးသဖြင့် အသည်း၊ ကိုယ်ခံအားစနစ်၊ စိတ်ကျန်းမာရေးကို ထိခိုက်စေသည်။
ဦးနှောက် (Brain)
အထက်ဖော်ပြပါအတိုင်း အရက်သည် ဦးနှောက်တွင်းရှိ အာရုံကြောဆဲလ်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်မှုကို နှောင့်ယှက်စေခြင်းဖြင့် အမူအကျင့်များ၊ စိတ်နေစိတ်ထားများ၊ ကြည်လင်စွာ တွေးခေါ် နိုင်ခြင်းများ၊ ကိုယ်ခန္ဓာလှုပ်ရှားမှုများကို မူမမှန်ခြင်းများဖြစ်စေသည်။
နှလုံး (Heart)
အရက်ကို အချိန်ကြာမြင့်စွာ ရေရှည်သောက်သုံးခြင်းအားဖြင့်
- နှလုံးကြွက်သားများ ထိခိုက်စေခြင်း (Cardiomyopathy)
- နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း (Arrhythmias)
- သွေးတိုးခြင်း (High blood pressure)
- လေဖြတ်ခြင်း (Stroke) များဖြစ်ပေါ်နိုင်သည်
နောက်ဆုံး လေ့လာတွေ့ရှိချက်များအရ အရက်ကို ပမာဏအနည်းငယ် သို့မဟုတ် အသင့်အတင့် သောက်သုံးခြင်းသည်ပင်လျှင် နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်း (Atrial Fibrillation) ဖြစ်ပွားနိုင်ခြေကို တိုးမြင့်စေကြောင်း တွေ့ရှိရသည်။
အသည်း (Liver)
အရက်ကို အချိန်ကြာမြင့်စွာ ပမာဏအများအပြား သောက်သုံးခြင်းအားဖြင့်
- အသည်းအဆီဖုံးခြင်း (Fatty Liver)
- အရက်ကြောင့်အသည်းရောင်ရမ်းခြင်း (Alcoholic hepatitis)
- အသည်းခြောက်ခြင်း (Fibrosis and cirrhosis) များဖြစ်ပေါ်နိုင်သည်။
ပန်ကရိယ (Pancreas)
အရက်သည် ပန်ကရိယရောင်ရမ်းစေခြင်း (Pancreatitis) ကြောင့် ပန်ကရိယ၏ မူလလုပ်ငန်းဆောင်တာဖြစ်သော အစာခြေစနစ်အတွက် အစာခြေအင်ဇိုင်းများကို ကောင်းစွာ မထုတ်လုပ်ပေးနိုင်တော့ချေ။ ထိုအခါ လူနာသည် အလွန်အမင်း နာကျင်ခြင်းဝေဒနာကို ခံစားရနိုင်သည်။
ကင်ဆာရောဂါများဖြစ်ပွားစေခြင်း
သုတေသနစစ်တမ်းများအရ အရက်သောက်သုံးခြင်းဖြင့် အောက်ဖော်ပြပါ ကင်ဆာရောဂါများ ဖြစ်ပွါးနိုင်သည်။
- ခံတွင်းကင်ဆာ
- လည်ချောင်းကင်ဆာ
- အစာရေမျိုပြွန်ကင်ဆာ
- အသည်းကင်ဆာ
- ရင်သားကင်ဆာ
- အူမကြီးကင်ဆာ
အရက် (အီသနော) ကို ခန္ဓာကိုယ်မှ ဖြိုခွဲလိုက်သောအခါ အက်ဆစ်တယ်ဒီဟိုက် (Acetaldehyde) ဟူသော အဆိပ်အတောက်နှင့် ကင်ဆာဖြစ်စေနိုင်သော ဒြပ်ပေါင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤဒြပ်ပေါင်းသည် ခန္ဓာကိုယ်၏ DNA နှင့် ပရိုတင်းများကို တိုက်ရိုက်ထိခိုက်ပျက်စီးစေပြီး၊ ဆဲလ်များကို ကင်ဆာဆဲလ်အဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည် ။ အထူးသဖြင့် အာရှလူမျိုး အများအပြားတွင် ဤ Acetaldehyde ကို ဖယ်ရှားပေးသော အင်ဇိုင်း (ALDH2) ချို့ယွင်းမှုရှိနိုင်ပြီး အရက်နှင့်ပတ်သက်သော ကင်ဆာဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။
ကိုယ်ခံအားစနစ်ကိုထိခိုက်စေခြင်း
အရက် အလွန်အကျွံသောက်သုံးခြင်းသည် ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်သဖြင့် အရက်မသောက်သုံးသူများထက် အလွယ်တကူ ရောဂါပိုးဝင်ခြင်း (ဥပမာ_အဆုတ်ရောင်ရောဂါပိုးဝင်ခြင်း၊ တီဘီရောဂါပိုးဝင်ခြင်း) များ ဖြစ်ပွါးနိုင်သည်။
အရက်မဖြတ်နိုင်လျှင် ကျန်းမာရေး ဆိုးရွားစွာ မထိခိုက်အောင် သောက်သုံးနည်း
ဗြိတိသျှနိုင်ငံ အမျိုးသားကျန်းမာရေးဌာနမှ အန္တရာယ်ကင်းသော အရက်သောက်သုံးမှုပမာဏဟူ၍ မရှိကြောင်း ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ သို့သော် ကျန်းမာရေးကို ဆိုးရွားစွာ မထိခိုက်စေရန်အတွက် အရက်ကို မည်ကဲ့သို့ သောက်သုံးသင့်ကြောင်း လမ်းညွှန်ချက်များ ထုတ်ပြန်ထားသည်။
ဗြိတိသျှနိုင်ငံ အမျိုးသားကျန်းမာရေးဌာနမှ တစ်ပတ် (၃ရက် မှ ၇ရက်) အတွင်း အရက် (၁၄) ယူနစ်ထက် ပို၍မသောက်သုံးရန် အကြံပြုထားသည်။
- အမျိုးသားများတွင် စံသတ်မှတ်ထားသော (၁) ခွက်စာ (1 unit) အရက်ပမာဏကို တစ်နေ့လျှင် (၄) ခွက်သောက်ခြင်း (သို့မဟုတ်) တစ်ပတ်လျှင် (၁၄) ခွက်နှင့် အထက်သောက်ပါက အရက်အလွန်အကျွံသောက်သည်ဟု ဆိုနိုင်သည်
- အမျိုးသမီးများတွင်မူ တစ်နေ့ (၃) ခွက် သို့မဟုတ် တစ်ပတ်လျှင် (၇) ခွက်နှင့်အထက်သောက်လျှင် အလွန်အကျွံသောက်သည်ဟု သတ်မှတ်သည်။
စံသတ်မှတ်ထားသော (၁) ခွက်စာ ပမာဏသည် ဝီစကီ၊ ဘီယာ၊ ဝိုင် စသော အရက်အမျိုးအစားများနှင့ အရက်ပါဝင်မှု ရာခိုင်နှုန်းများပေါ် မူတည်၍ ကွာခြားနိုင်သည်။
| အရက် (၁၄) ယူနစ် | ၄% အရက်ပြင်းအားရှိသော (၅၆၈) မီလီလီတာ ပမာဏရှိ ဘီယာ (၆) ခွက် |
| အရက် (၁၄) ယူနစ် | ၁၃% အရက်ပြင်းအားရှိသော (၁၇၅) မီလီလီတာ ပမာဏရှိ ဝိုင် (၆) ခွက် |
| အရက် (၁၄) ယူနစ် | ၄၀% အရက်ပြင်းအားရှိသော (၃၀) မီလီလီတာ ပမာဏရှိ (single shot) အရက်ယမကာ (၆) ခွက် (ဥပမာ – Tequila, Rum, Gin, Vodka, Whiskey, Bourbon) |
သို့ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ (၂၀၂၃) ခုနှစ် ထုတ်ပြန်ချက်အရမူ အရက်သည် ကင်ဆာဖြစ်စေနိုင်သည့် အန္တရာယ်အရှိဆုံး ဓာတုပစ္စည်းများတွင် ပါဝင်ကြောင်း၊ အရက်အနည်းငယ် သောက်လျှင် ကျန်းမာရေးအတွက် ကောင်းသည်ဆိုသည့် ခိုင်မာသောတွေ့ရှိချက် မရှိကြောင်း၊ လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိသော အရက်ပမာဏဟူ၍လည်း မရှိကြောင်း (No level of alcohol consumption is safe) ဖော်ပြထားသည်။
References:
- Cancer Research UK. (2018). Alcohol and cancer: This is how booze damages DNA inside cells. Retrieved September 26, 2025, from https://news.cancerresearchuk.org/2018/01/03/alcohol-and-cancer-this-is-how-booze-damages-dna-inside-cells/
- Centers for Disease Control and Prevention. (2024). Alcohol use and your health. Retrieved September 26, 2025, from https://www.cdc.gov/alcohol/about-alcohol-use/index.html
- D’Souza, S., Li, X., & Wang, Y. (2022). Alcohol consumption and risk of atrial fibrillation: A dose–response meta-analysis of prospective studies. Frontiers in Cardiovascular Medicine, 9, 802163. https://doi.org/10.3389/fcvm.2022.802163
- Grisel, J. (n.d.). How does alcohol make you drunk? [Video]. TED‑Ed. Retrieved September 26, 2025, from https://www.ted.com/talks/judy_grisel_how_does_alcohol_make_you_drunk?language=en&subtitle=en
- Lee, S. Y., Park, S., Kim, Y., & Cho, J. (2022). Alcohol consumption and atrial fibrillation risk: An updated dose–response meta-analysis of over 10 million participants. Frontiers in Cardiovascular Medicine, 9, 979982. https://doi.org/10.3389/fcvm.2022.979982
- Mayo Clinic. (2024). Alcohol use: Weighing risks and benefits. Retrieved September 26, 2025, from https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/alcohol/art-20044551
- National Cancer Institute. (2025). Alcohol and cancer risk fact sheet. Retrieved September 26, 2025, from https://www.cancer.gov/about-cancer/causes-prevention/risk/alcohol/alcohol-fact-sheet
- National Institute on Alcohol Abuse and Alcoholism. (n.d.). Alcohol’s effects on the body. Retrieved September 26, 2025, from https://www.niaaa.nih.gov/alcohols-effects-health/alcohols-effects-body
- NHS. (n.d.). Drink less – Better Health. Retrieved September 26, 2025, from https://www.nhs.uk/better-health/drink-less/#:~:text=Alcohol%20guidelines,risk%20of%20harming%20your%20health
- World Health Organization. (2024). Alcohol. Retrieved September 26, 2025, from https://www.who.int/news-room/fact-sheets/detail/alcohol
Published: 30 August 2024
Last updated: 5 November 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.