Acute Severe Dyspnoea [ရုတ်တရက် ပြင်းထန်စွာမောခြင်း (သို့မဟုတ်) အသက်ရှူကျပ်ခြင်း]

CLL Health Emergency

ပြင်းထန်စွာ မောပန်းခြင်းသည် သာမန်လက္ခဏာတစ်ခု မဟုတ်ဘဲ အသက်အန္တရာယ်ရှိနိုင်သော အရေးပေါ်အခြေအနေ ဖြစ်သည်။ ယင်းသည် အဆုတ်သို့ လေလုံလောက်စွာ မရောက်ရှိခြင်းကြောင့် လေငတ်မွတ်သည့်ခံစားမှု၊ အသက်ရှူနှုန်း မြန်လာခြင်းနှင့် ရင်ဘတ်အတွင်း တင်းကျပ်မှုများ ဖြစ်ပေါ်စေသည်။ အကယ်၍ ထိုလက္ခဏာများသည် သွေးတွင်း အောက်ဆီဂျင် ကျဆင်းခြင်းကဲ့သို့သော အခြားလက္ခဏာများနှင့် တွဲဖက်ဖြစ်ပေါ်ပါက အချိန်မီ စနစ်တကျ ကုသမှု ခံယူရန် အရေးကြီးသည်။

ရုတ်တရက် ပြင်းထန်စွာ မောပန်းခြင်း၊ မကြာခဏ မောပန်းတတ်ရာမှ ပိုမိုပြင်းထန်လာခြင်း (သို့မဟုတ်) နာတာရှည် မောပန်းခြင်းများသည် အောက်ပါရောဂါများကြောင့် ဖြစ်ပွားနိုင်သည်။

  • အဆုတ်နှင့် နှလုံးရောဂါများ
  • သွေးနှင့် သွေးကြောဆိုင်ရာ ရောဂါများ
  • အာရုံကြောရောဂါများ
  • ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါများ (Metabolic Diseases)

သို့ဖြစ်၍ မောပန်းခြင်း ဖြစ်ရသည့် မူလအကြောင်းရင်းကို ရှာဖွေဖော်ထုတ်ပြီး ကုသရန် လိုအပ်သည်။

Acute severe dyspnoea image1
ဖြစ်ပေါ်ရသောအကြောင်းရင်းများ

ရောဂါကြောင့်မဟုတ်သော သာမန်မောပန်းခြင်းကို ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်း၊ ပြင်ပ အပူချိန် အလွန်ပြင်းထန်ခြင်း၊ အဝလွန်ခြင်း (သို့မဟုတ်) တောင်တက်ခြင်းတို့ကဲ့သို့ အခြေအနေများတွင် ကြုံတွေ့နိုင်သည်။ ၎င်းသည် မိနစ်ပိုင်းအတွင်းသာ ကြာမြင့်လေ့ရှိပြီး အခြားပြင်းထန်သည့် လက္ခဏာများ မရှိပေ။

ပြင်းထန်စွာ မောပန်းခြင်းသည် ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများ ချို့ယွင်းနေခြင်းကြောင့် ဖြစ်တတ်သည်။ သွေးထဲသို့ အောက်ဆီဂျင် လုံလောက်စွာရရှိရန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စွန့်ထုတ်ရန်အတွက် အဆုတ်နှင့် နှလုံးတို့သည် ပူးတွဲလုပ်ဆောင်ကြသည်။ အကယ်၍ အဆုတ်နှင့် နှလုံးရောဂါများကြောင့် လုံလောက်သော အောက်ဆီဂျင် မရရှိလျှင် ဦးနှောက်မှ အသက်ရှူနှုန်းကို မြှင့်တင်ရန် ညွှန်ကြားသဖြင့် လူနာသည် မောလာနိုင်သည်။ ထို့ပြင် အဆုတ်အတွင်းသို့ လေဝင်လမ်းကြောင်းများ ပိတ်ဆို့ခြင်း (သို့မဟုတ်) အဆုတ်၏ ပွခြင်း၊ ကျုံ့ခြင်းကို ဟန့်တားသည့် ရောဂါအခြေအနေများကြောင့် ရင်ဘတ်အတွင်း တင်းကျပ်မှုကို ခံစားရစေသည်။

အခံရောဂါအများစုသည်လည်း အသက်အန္တရာယ်ရှိလောက်အောင် ပြင်းထန်လာပါက မောပန်းခြင်းကို ဖြစ်စေနိုင်သည်။ ပြင်းထန်စွာ မောပန်းခြင်းကို တိုက်ရိုက်ဖြစ်စေနိုင်သော အဖြစ်များသည့် ရောဂါအခြေအနေများတွင် အောက်ပါတို့ပါဝင်သည်။

  • ပန်းနာရင်ကျပ်ရောဂါ (Asthma)
  • နာတာရှည် လေပြွန်ကျဥ်းအဆုတ်ပွရောဂါ (COPD)
  • အဆုတ်အမြှေးပါးအတွင်းရေဝင်ခြင်း (Pleural Effusion)
  • အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း (Pneumothorax)
  • နမိုးနီးယားအဆုတ်ရောင်ရောဂါ (Pneumonia)
  • လေပြွန်၊ လေအိတ်ရောင်ခြင်း (တုပ်ကွေးကိုဗစ် ၁၉ ရောဂါ)
  • အဆုတ်သွေးကြော သွေးခဲပိတ်ခြင်း (Pulmonary Embolism)
  • အဆုတ်တွင်းရေဝင်ဖောရောင်ခြင်း (Pulmonary Edema)
  • နှလုံးလုပ်ငန်းအားနည်းခြင်း (Heart failure)
  • နှလုံးသွေးကြောပိတ်၊ ကြွက်သားပုပ်ခြင်း (Heart attack)
  • နှလုံးစည်းချက် မမှန်သည့်ရောဂါများ
  • နှလုံးကြွက်သားရောင်ခြင်း၊ နှလုံးအတွင်းနံရံ၊ အပြင်နံရံ ရောင်ရမ်းခြင်း
  • အသက်ရှူလမ်းကြောင်းပိတ်ခြင်း (အစာနင်ခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်းသို့ ပစ္စည်းတစ်စုံတစ်ရာ ဝင်ခြင်း၊ ရှူသွင်းမိခြင်း)
  • အလွန်အမင်း သွေးအားနည်းခြင်း
  • ရင်ဘတ်ဒဏ်ရာများ (ဥပမာ_နံရိုးကျိုးခြင်း၊ အဆုတ်ဒဏ်ရာများ)
  • အိပ်ပျော်စဥ် အသက်ရှူရပ်သည့်ရောဂါ (Sleep Apnoea)
  • အဆိပ်ငွေ့၊ အန္တရာယ်ရှိသည့် ဓာတ်ငွေ့များ ရှူမိခြင်း
  • ပြင်းထန်စွာ ဓာတ်မတည့်ခြင်း (Anaphylaxis)
  • ဆေးဝါးများ _ သွေးတွင်းအဆီကျဆေးများ (Statins)၊ သွေးပေါင်ကျဆေး (Beta-blockers)
  • အဝလွန်ခြင်း (Obesity)
  • စိတ်ပိုင်းဆိုင်ရာ အမောဖောက်ခြင်း (Hyperventilation syndrome)
ဆေးရုံ၊ ဆေးခန်းပြသရန်

ပြင်းထန်စွာမောခြင်း (သို့မဟုတ်) အသက်ရှူကျပ်ခြင်းကို ကုသရာတွင် ဖြစ်စေသည့်အကြောင်းရင်း (သို့မဟုတ်) အခံရောဂါအလိုက် ကုသမှု လိုအပ်သည်။ နာတာရှည်အခံရောဂါကြောင့် သာမန်မောပန်းနေသည့် အခြေအနေသည် ပိုမိုဆိုးရွားလာလျှင် မူလကုသမှုပေးနေသည့် ဆရာဝန်နှင့် တိုင်ပင်နိုင်သည်။

မိသားစုဆရာဝန်နှင့်လည်းကောင်း၊ ဆေးရုံဆေးခန်းသို့လည်းကောင်း မဖြစ်မနေ ပြသသင့်သည့် အခြေအနေများမှာ_

  • မောခြင်းနှင့်အတူ ဖျားခြင်း၊ ချမ်းတုန်ခြင်း
  • ပက်လက်လှဲ၍ မရနိုင်အောင် မောခြင်း
  • အသက် ရှူသွင်း၊ ရှူထုတ်သံ တရွှီးရွှီးမြည်ခြင်း
  • ခြေ၊ လက် ဖောရောင်ခြင်း
  • နာတာရှည်မောခြင်းမှ ပိုမိုဆိုးရွားလာခြင်း စသည်တို့ဖြစ်သည်။

သာမန်မောခြင်းတွင်မူ မိသားစုဆရာဝန်နှင့် စတင်ပြသနိုင်သည်။ ရောဂါရာဇဝင်မေးခြင်း၊ လူနာကို စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ပြီး လိုအပ်ပါက ရင်ဘတ်ဓာတ်မှန် (CXR) ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း၊ အဆုတ်လုပ်ငန်းစစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းခြင်း၊ အီးစီဂျီဆွဲခြင်း စသည်ဖြင့် ဖြစ်နိုင်သည်ဟုယူဆသော ရောဂါအလိုက် စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်သည်။

အရေးပေါ်ကုသခြင်း

အကယ်၍ ရုတ်တရက် ပြင်းထန်စွာမောခြင်းခံစားရသူတစ်ဦးသည်

  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
  • နှုတ်ခမ်း၊ လက်သည်း ပြာခြင်း
  • မူးဝေလဲကျခြင်း
  • သတိလစ်ခြင်း
  • ထိခိုက်ဒဏ်ရာရခြင်းတို့နှင့်အတူ ယှဥ်တွဲ၍ဖြစ်လျှင် နှလုံး၊ အဆုတ်ဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်နိုင်သောကြောင့် ဆေးရုံအရေးပေါ်ဌာနသို့ ချက်ချင်းပြသရန်လိုသည်။

ဆေးရုံအရေးပေါ်ဌာနသို့ မရောက်မီ လူနာအားကူညီရာတွင် အသက်ရှူလမ်းကြောင်းပိတ်ခြင်း အခြေအနေများဖြစ်သည့် အစာနင်ခြင်း၊ အသက်ရှူလမ်းကြောင်းအတွင်းသို့ ပစ္စည်းတစ်စုံတစ်ရာဝင်ခြင်း၊ ရှူသွင်းမိခြင်းတို့တွင် အရေးပေါ်အသက်ရှူလမ်းကြောင်းဖွင့်ခြင်း (Airway Opening Procedures) ကို ပြုလုပ်ပေးရန် လိုသည်။ အောက်ဆီဂျင်ရရှိနိုင်ပါက အချိန်မီ စောစီးစွာပေးနိုင်သည်။ လူနာအား သက်တောင့်သက်သာ ရှိမည့် ကိုယ်အနေအထားအတိုင်း ပြင်ဆင်ပေးနိုင်သည်။

အရေးပေါ်ဌာနတွင် ရောဂါပြင်းထန်မှု စစ်ဆေးခြင်း၊ အောက်ဆီဂျင်ပေးခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှု ရှိပါက ဖွင့်ပေးခြင်း၊ အသက်ရှူလမ်းကြောင်းချဲ့ဆေးများ ရှူစေခြင်း (သို့မဟုတ်) ထိုးခြင်း၊ စတီးရွိုက်ဆေးများပေးခြင်း၊ မောပန်းခြင်းဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေခြင်း၊ လိုအပ်ပါက အသက်ရှူအားကူပေးခြင်း၊ အသက်ရှူစက်တပ်ပေးခြင်းများကို ချက်ချင်းပြုလုပ်လေ့ရှိသည်။

ထို့နောက်မောခြင်းကို ဖြစ်စေသည့် သက်ဆိုင်ရာရောဂါအလိုက် ကုသမှုပေးသည်။ ယေဘုယျအားဖြင့် မူလအခံ အဆုတ်ရောဂါ၊ နှလုံးရောဂါများတွင် ရုတ်တရက်ပြင်းထန်စွာမောခြင်းဖြစ်လျှင် အရေးပေါ်ကုသမှုများပြီးပါက သောက်ဆေး၊ ထိုးဆေးများ တိုးခြင်း၊ လျှော့ခြင်း၊ ပြောင်းလဲခြင်းများဖြင့် ရောဂါကိုထိန်းချုပ်နိုင်ရန် ပြုလုပ်နိုင်သည်။ ကူးစက်ရောဂါကြောင့်ဖြစ်လျှင် ပဋိဇီဝဆေးများဖြင့် ကုသသည်။ အဆုတ်အမြှေးပါးအတွင်း လေခိုခြင်း၊ ရေဝင်ခြင်း၊ သွေးစုခြင်းများနှင့် သွေးကြောတွင်းသွေးခဲသည့် အခြေအနေများတွင် လိုအပ်ပါက ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်သည်။

ကာကွယ်ခြင်း

မောပန်းခြင်းကို ဖြစ်စေနိုင်သော အခံရောဂါများရှိသူများအနေဖြင့် သက်ဆိုင်ရာ ရောဂါကုသမှုများကို စနစ်တကျ ခံယူခြင်းဖြင့် ရုတ်တရက် အခြေအနေ ဆိုးရွားလာခြင်းကို ကြိုတင်ကာကွယ်နိုင်သည်။ အခြားကာကွယ်နိုင်သောနည်းလမ်းများမှာ_

  • ရောဂါများကို စနစ်တကျကုသခြင်း
    မိမိ၏ အခံရောဂါများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ ကုသမှုခံယူပါ။
  • အဆုတ်ကျန်းမာရေး ကောင်းမွန်စေရန် အားထုတ်ခြင်း
    အဆုတ်ရောဂါရှိသူများအတွက် အသက်ရှူလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။
  • အဆုတ်နှင့် အသက်ရှူလမ်းကြောင်း ထိခိုက်စေမည့်အရာများ ရှောင်ရှားခြင်း
    ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းမှုနှင့် မိမိနှင့် ဓာတ်မတည့်သည့် အရာများ ထိတွေ့ခြင်းတို့ကို ရှောင်ပါ။
  • ရာသီဥတုအခြေအနေကို သတိပြုနေထိုင်ခြင်း
    အလွန်ပူပြင်းခြင်း သို့မဟုတ် အေးလွန်းခြင်းကဲ့သို့သော ပြင်းထန်သည့် ရာသီဥတုအခြေအနေများကို ရှောင်ပါ။
  • ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံ လိုက်နာကျင့်သုံးခြင်း
    ကိုယ်အလေးချိန် ထိန်းညှိခြင်း၊ ပုံမှန်အားကစားလုပ်ခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်နေထိုင်ခြင်းတို့သည် မောပန်းခြင်းကို လျှော့ချရန် ကူညီပေးသည်။
  • ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
    နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါလက္ခဏာများကို စောစီးစွာသိရှိနိုင်ပြီး ကုသမှုခံယူနိုင်သည်။
  • ကူးစက်ရောဂါများမှ ကာကွယ်ခြင်း
    တုပ်ကွေးနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပါ။ ကာကွယ်ဆေးများထိုးနှံပါ။

References:

  1. Brigham and Women’s Hospital. (n.d.). What is dyspnea/shortness of breath? Brigham and Women’s Hospital. Retrieved August 26, 2025, from https://www.brighamandwomens.org/lung-center/diseases-and-conditions/dyspnea-shortness-of-breath#:~:text=What%20is%20dyspnea%2
  2. Cleveland Clinic. (2022). Dyspnea. Cleveland Clinic. Retrieved August 26, 2025, from https://my.clevelandclinic.org/health/symptoms/16942-dyspnea
  3. Mayo Clinic. (2025). Shortness of breath: When to see a doctor. Mayo Clinic. Retrieved August 26, 2025, from https://www.mayoclinic.org/symptoms/shortness-of-breath/basics/when-to-see-doctor/sym-20050890

Published: 30 August 2024

Last updated: 12 October 2025

Share

Category

26 August 2025
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.