အောက်စီတိုစင် (Oxytocin) သည် ဦးနှောက်ရှိ ဟိုက်ပိုသဲလမတ်စ် (Hypothalamus) တွင် ထုတ်လုပ်ပြီး ပီကျူထရီဂလင်း (Pituitary gland) မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့သို့ ထုတ်လွှတ်သော အရေးပါသည့် ဟော်မုန်းတစ်မျိုးဖြစ်သည်။ ၎င်းသည် ခန္ဓာကိုယ်တွင်း၌ သဘာဝအတိုင်း ထုတ်လုပ်နိုင်သကဲ့သို့ ဆေးဝါးအဖြစ်လည်း ထုတ်လုပ်သုံးစွဲနိုင်သည်။ အောက်စီတိုစင်ကို လူအချင်းချင်း ဆက်ဆံရေးတွင် ယုံကြည်မှုနှင့် ချစ်ခင်တွယ်တာမှုကို မြှင့်တင်ပေးသောကြောင့် သံယောဇဉ်ဟော်မုန်း (Hormone of Attachment) ဟုလည်း လူသိများသည်။
အောက်စီတိုစင်၏ အရေးပါသော လုပ်ငန်းဆောင်တာများ
- ကလေးမွေးဖွားခြင်း
ကလေးမွေးဖွားစဉ်တွင် မိခင်၏ သားအိမ်ညှစ်အားကို ကောင်းမွန်စေပြီး မွေးဖွားမှုကို လွယ်ကူစေသည်။ မွေးဖွားပြီးနောက်တွင်လည်း မိခင်နို့ထွက်နှုန်းကို ပိုမိုကောင်းမွန်လာစေရန် အထောက်အကူပြုသည်။ - လူမှုဆက်ဆံရေးနှင့် စိတ်ပိုင်းဆိုင်ရာ
မိဘနှင့် သားသမီးများ၊ လူအချင်းချင်းအကြားတွင် ချစ်ခင်တွယ်တာမှု၊ ယုံကြည်မှုနှင့် သံယောဇဉ်ကို တိုးပွားစေသည်။ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး စိတ်ချမ်းသာမှုကို မြှင့်တင်ပေးသည်။ လူသားချင်းစာနာစိတ်နှင့် ကရုဏာစိတ်ကိုလည်း တိုးပွားစေသည်ဟု သုတေသနများက ဖော်ပြသည်။ - လိင်ပိုင်းဆိုင်ရာ
လိင်မှုရေးရာကိစ္စများတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည်။
သုံးစွဲရန်လိုအပ်သော ရောဂါနှင့်အခြေအနေများ
အောက်စီတိုစင် (Oxytocin) ကို ဆေးဝါးအဖြစ် သုံးစွဲရာတွင် အောက်ပါ ရောဂါများနှင့်အခြေအနေများ၌ လိုအပ်သလို အသုံးပြုနိုင်သည်။
- မီးဖွားချိန်တွင် သားအိမ်ညှစ်အားကောင်းစေရန် – မီးဖွားမှုဖြစ်စဉ်ကို အားကောင်းစေပြီး ပုံမှန်အတိုင်း ရှေ့ဆက်နိုင်ရန်
- မီးဖွားပြီးနောက် သွေးဆင်းခြင်းကို ထိန်းချုပ်ရန်– သားအိမ်ကို ကျုံ့စေပြီး သွေးထွက်လွန်ခြင်းမှ ကာကွယ်ရန်
- သားပျက်သားလျှောဖြစ်စဉ်များတွင် သားအိမ်ညှစ်အားကောင်းစေရန်
- မွေးဖွားပြီးနောက် မိခင်နို့ထွက်အားကို မြှင့်တင်ရန်
- စိတ်ပိုင်းဆိုင်ရာ ကုထုံးများ _ စိတ်ဖိစီးမှုနှင့် စိတ်ကျရောဂါအချို့အတွက် အသုံးပြုရန်
- အရက်စွဲခြင်းကို ကုသရန်
စိတ်ပိုင်းဆိုင်ရာနှင့် အာရုံကြောဆိုင်ရာ သုတေသနများ
- စိတ်ကျန်းမာရေးကုထုံးများ
အောက်စီတိုစင် နှာခေါင်းဖျန်းဆေးများသည် စိတ်ကျရောဂါ (Depression)၊ စိုးရိမ်စိတ်လွန်ကဲမှု (Anxiety) နှင့် စိတ်ဖိစီးမှုများကို လျှော့ချရာတွင် အကျိုးပြုနိုင်ကြောင်း သုတေသနအချို့က ဖော်ပြသည်။ လူမှုဆက်ဆံရေးကို အားကောင်းစေနိုင်သည့် ၎င်း၏အာနိသင်ကြောင့် အထူးသဖြင့် အော်တစ်ဇင် (Autism Spectrum Disorder) ရှိသူများအတွက် လူမှုဆက်ဆံရေးစွမ်းရည်ကို တိုးတက်စေရန် ကုထုံးများတွင် အသုံးပြုရန် စူးစမ်းလျက်ရှိသည်။ - အရက်စွဲခြင်းနှင့် မူးယစ်ဆေးစွဲခြင်း
အောက်စီတိုစင်သည် အရက်စွဲခြင်းနှင့် မူးယစ်ဆေးစွဲခြင်းကို ကုသရာတွင် ကူညီနိုင်ကြောင်း တွေ့ရှိချက်များလည်းရှိသည်။ ၎င်းသည် စွဲလမ်းမှုဆိုင်ရာ ဆန္ဒကို လျှော့ချပေးနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုပေးနိုင်သည်ဟု ယူဆရသည်။
အောက်စီတိုစင်ကို မသုံးစွဲသင့်သည့် အခြေအနေများ
အောက်စီတိုစင်သည် အချို့သောအခြေအနေများတွင် ဘေးအန္တရာယ်ဖြစ်စေနိုင်သောကြောင့် အောက်ပါအချက်များရှိပါက လုံးဝမသုံးစွဲသင့်ပေ။
- အောက်စီတိုစင်နှင့် ဓာတ်မတည့်ခြင်း
- ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများ
- ကိုယ်ဝန်ဆောင်နေချိန်နှင့် နို့တိုက်နေချိန်
- မီးဖွားချိန်တွင် အထူးဂရုပြုရမည့်အချက်များ
- မိခင်တွင် သွေးနှင့်ပတ်သက်သော ပြဿနာများ (ဥပမာ _ ဦးခေါင်းတွင်း သွေးယိုစီးမှု) ရှိနေခြင်း
- မွေးလမ်းကြောင်းကျဉ်းလွန်းခြင်း သို့မဟုတ် ကလေးအရွယ်အစားကြီးခြင်း
- သားအိမ်ခေါင်းကင်ဆာရှိခြင်း
- ယခင်က သားအိမ် (သို့မဟုတ်) သားအိမ်ခေါင်းတွင် ခွဲစိတ်မှုကြီးများ လုပ်ဖူးခြင်း
- ယခင်က ကလေးခွဲမွေးဖူးခြင်း
- ကလေး (၅) ဦးထက်ပို၍ မွေးဖူးသော မိခင်ဖြစ်နေခြင်း
- ကလေးအနေအထားမမှန်ခြင်း
- မွေးလမ်းကြောင်းဖြင့် မွေးရန်မဖြစ်နိုင်ဘဲ ခွဲမွေးရန်လိုအပ်သော အခြေအနေများ (ဥပမာ _ အချင်းရှေ့ရောက်နေခြင်း၊ အချင်းမှ သွေးစိမ့်နေခြင်း၊ ချက်ကြိုးထွက်ကျနေခြင်း) ရှိနေခြင်း
- သန္ဓေသားဘက်မှ အခြေအနေများ _ သန္ဓေသား အောက်ဆီဂျင်မလုံလောက်ခြင်း၊ လမစေ့သေးသော ကလေးဖြစ်ခြင်း
သုံးစွဲပုံနည်းလမ်းများ
ဆေးအမျိုးအစားများ
အောက်စီတိုစင်ဆေးသည် သွေးပြန်ကြောထဲသို့လည်းကောင်း (Intravenous injection)၊ အသားထဲသို့လည်းကောင်း (Intramuscular injection) ထိုးရသည့် ဆေးဖြစ်ပြီး ဖန်ပုလင်းငယ်ပုံစံ (Ampoule) ဖြင့် ထုတ်လုပ်သည်။
ပါဝင်သောပမာဏ
ထုတ်လုပ်သည့် ဆေးကုမ္ပဏီပေါ်မူတည်၍ ဆေးတစ်လုံးတွင် တစ်မီလီလီတာအရည်ပါရှိပြီး (၁၀) အင်တာနေရှယ်ယူနစ် (သို့မဟုတ်) (၅) အင်တာနေရှင်နယ်ယူနစ်ပမာဏ (10 IU/ml or 5 IU/ml) ပါရှိသည်။
သိမ်းဆည်းပုံ
အောက်စီတိုစင်ဆေးကို ထားသိုသိမ်းဆည်းချိန်တွင် တိုက်ရိုက်နေရောင်ခြည်မထိရန်နှင့် စိုစွတ်မှု မရှိစေရန် ဂရုပြုရမည်ဖြစ်ပြီး ရေခဲသေတ္တာ၏ မခဲသော အကန့်ထဲတွင် ထားသိုသိမ်းဆည်းခြင်းသည် အကောင်းဆုံးဖြစ်သည်၊ အေးခဲသွားပါက ဆေးအာနိသင် ပျက်ပြယ်နိုင်သည်။
ဆေးအသုံးပြုပုံ
အောက်စီတိုစင်ဆေးကို အသုံးပြုပုံသည် ရည်ရွယ်ချက်ပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆရာဝန်၏ ကြီးကြပ်မှုအောက်တွင်သာ အသုံးပြုသင့်သည်။
- မီးဖွားချိန် သားအိမ်ညှစ်အားကောင်းစေခြင်း
အောက်စီတိုစင်ကို သတ်မှတ်ထားသော ဆေးပမာဏဖြစ်အောင် ဖျော်ပြီး သွေးကြောမှ စတင်သွင်းပေးသည်။ လိုအပ်သော သားအိမ်ညှစ်အားရရှိရန် ဆေးပမာဏကို တဖြည်းဖြည်းတိုးပြီး ချိန်ဆပေးနိုင်သည်။ ဆေးသွင်းနေစဉ် ကလေး၏ နှလုံးခုန်နှုန်းအပါအဝင် မိခင်၏ အရေးကြီးသော ကျန်းမာရေးအခြေအနေများကို အဆက်မပြတ် စောင့်ကြည့်နေရန် အရေးကြီးသည်။ - မီးဖွားပြီးနောက် သွေးဆင်းခြင်းကို ထိန်းချုပ်ခြင်း
ကလေးနှင့် အချင်းထွက်ပြီးနောက်တွင် အောက်စီတိုစင်ကို မိခင်၏ ကြွက်သားထဲ (သို့မဟုတ်) သွေးပြန်ကြောထဲသို့ တိုက်ရိုက်ထိုးနိုင်သည်။ ဆက်လက်သွေးဆင်းခြင်းကို ထိန်းချုပ်ရန်အတွက် အောက်စီတိုစင်ကို သတ်မှတ်ပမာဏအတိုင်း သင့်လျော်သောနှုန်းဖြင့် အကြောဆေးသွင်းပေးနိုင်သည်။ - သားပျက်သားလျှောဖြစ်စဉ်များ
သားအိမ်ခြစ်ပြီးနောက် သားအိမ်ညှစ်အားကောင်းစေရန် အောက်စီတိုစင် သတ်မှတ်ပမာဏကို အကြောသွင်းဆေးအဖြစ် ပေးနိုင်သည်။ သားအိမ်ညှစ်အား လိုအပ်သည့် ပမာဏရရှိစေရန် သင့်လျော်သောနှုန်းဖြင့် ချိန်ဆ၍ ပေးရန် လိုအပ်သည်။
နောက်ဆက်တွဲဆိုးကျိုးများ
အောက်စီတိုစင်သည် အကျိုးရှိသောဆေးဖြစ်သော်လည်း သုံးစွဲသည့်အခါ ဘေးထွက်ဆိုးကျိုးအချို့ ဖြစ်ပေါ်နိုင်သည်။
အဖြစ်များနိုင်သည့် ဘေးထွက်ဆိုးကျိုးများ
- ပျို့ခြင်း၊ အန်ခြင်း
- ခေါင်းကိုက်ခြင်း
- မျက်နှာနှင့် ရင်ဘတ်တို့ နီရဲလာခြင်း၊ ပူနွေးလာခြင်းတို့ဖြစ်သည်။
ရှားပါးသော်လည်း ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ
အောက်ပါလက္ခဏာများ တွေ့ရှိပါက ဆေးအသုံးပြုခြင်းကို ချက်ချင်းရပ်ပြီး လိုအပ်သည့် ကုသမှုများပေးရမည်။
- ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လက္ခဏာများ – စိတ်အာရုံထွေပြားခြင်း၊ တက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း၊ အဆက်မပြတ် သို့မဟုတ် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- နှလုံးနှင့် သွေးလည်ပတ်မှုဆိုင်ရာ လက္ခဏာများ – နှလုံးခုန်မြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်ထဲ တင်းကျပ်နေသလို ခံစားရခြင်း
- အရေပြားဆိုင်ရာ လက္ခဏာများ – အင်ပြင်ထခြင်း၊ အရေပြားနီရဲ ယားယံခြင်း၊ မျက်နှာ၊ မျက်ခွံ၊ နှုတ်ခမ်း သို့မဟုတ် လျှာရောင်ရမ်းခြင်း
- အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ – ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်း၊ အသက်ရှူရကျပ်ခြင်း သို့မဟုတ် အသက်ရှူသံ တရွှီရွှီမြည်ခြင်း
- မီးယပ်ဆိုင်ရာ လက္ခဏာများ – မိန်းမကိုယ်မှ သွေးဆင်းများလာခြင်း သို့မဟုတ် မရပ်မနားဆင်းခြင်း၊ ကလေးမွေးပြီးနောက် သွေးအလွန်အကျွံဆင်းခြင်း
- အထွေထွေ လက္ခဏာများ – ဝမ်းဗိုက် (သို့မဟုတ်) တင်ပါးဆုံရိုး နာကျင်ခြင်း၊ ပုံမှန်မဟုတ်ဘဲ အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း
ထို့အပြင် သွေးခဲခြင်းဆိုင်ရာ ပြဿနာများ၊ ကိုယ်အလေးချိန် ရုတ်တရက်တိုးလာခြင်း စသည်တို့သည်လည်း အောက်စီတိုစင်သုံးစွဲမှုနှင့် ဆက်စပ်နိုင်သည်။
ဆေးအလွန်အကျွံသုံးစွဲမိခြင်း
အောက်စီတိုစင်ဆေးကို ပုံမှန်သတ်မှတ်ထားသော ပမာဏထက် ပိုမိုသုံးစွဲမိပါက အသက်အန္တရာယ် ထိခိုက်နိုင်သည့် ပြင်းထန်သော လက္ခဏာများ ခံစားရနိုင်ပြီး အရေးပေါ် ဆေးကုသမှု ချက်ချင်းခံယူရန် လိုအပ်သည်။
အောက်စီတိုစင် အလွန်အကျွံသုံးစွဲမိပါက ဖြစ်ပေါ်နိုင်သော လက္ခဏာများမှာ _
- စကားပီပီသသမပြောနိုင်ခြင်း (slurred speech)
- စိတ်ဂနာမငြိမ်ဖြစ်ခြင်း (Restlessness)
- လှုပ်ခါနေခြင်း (shakiness)
- အလွန်အိပ်ခြင်း (sleepiness)
- တုံ့ပြန်မှုနှေးကွေးခြင်း (slow to respond)
- သတိလစ်ခြင်း (unconsciousness)
အချို့သော ဘေးထွက်ဆိုးကျိုးများသည် ဆေးကုသမှုမလိုဘဲ သက်သာသွားနိုင်သော်လည်း အချို့မှာ အရေးပေါ်စောင့်ရှောက်မှု လိုအပ်သည်။ ထို့ကြောင့် သတ်မှတ်ထားသော ပမာဏထက်ပို၍ သုံးမိသည်ဟု သံသယရှိပါက ဆရာဝန် သို့မဟုတ် အရေးပေါ်ဌာနသို့ ချက်ချင်းဆက်သွယ်ရမည်။
သတိပြုသင့်သည့်အချက်များ
အောက်စီတိုစင်ဆေးသည် မီးဖွားရာတွင် အလွန်အထောက်အကူဖြစ်စေသော်လည်း ဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန် သုံးစွဲရာ၌ အထူးသတိပြုရန် လိုအပ်သည်။
- သားအိမ်နှင့် သန္ဓေသားအပေါ် သက်ရောက်မှု
အောက်စီတိုစင်ဆေးပမာဏ အလွန်များပါက သားအိမ်ကြွက်သား ညှစ်အားကို လိုအပ်သည်ထက် ပိုမိုအားကောင်းစေနိုင်ပြီး သားအိမ်ကို ထိခိုက်စေနိုင်သည်။ ထို့ပြင် သန္ဓေသားဆီသို့ ရောက်ရှိမည့် အောက်ဆီဂျင်နှင့် သွေးပမာဏကိုပါ လျော့နည်းစေနိုင်သဖြင့် သန္ဓေသားအတွက် အန္တရာယ်ရှိနိုင်သည်။ ထို့ကြောင့် ဆေးသွင်းနေစဉ်အတွင်း သားအိမ်ညှစ်အားနှင့် သန္ဓေသား၏ အခြေအနေကို အဆက်မပြတ်စောင့်ကြည့်နေရန် အရေးကြီးသည်။ - မွေးကင်းစကလေးငယ်များအပေါ် သက်ရောက်မှု
အောက်စီတိုစင်သည် မွေးကင်းစကလေးငယ်အချို့တွင် မျက်စိမြင်လွှာသွေးကြောများ ထိခိုက်ခြင်း (retinal hemorrhage) နှင့် အသားဝါခြင်းများ ဖြစ်စေနိုင်သည်။ - ဆေးဝါးဓါတ်ပြုမှု
အောက်စီတိုစင်သည် အခြားသော ဆေးဝါးများ၊ အစားအသောက် (သို့မဟုတ်) အရက်တို့နှင့် ဓါတ်ပြုနိုင်ပြီး ဆေးအာနိသင်ကို ပြောင်းလဲစေခြင်း သို့မဟုတ် ဘေးထွက်ဆိုးကျိုးများ ပိုမိုဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် လက်ရှိသောက်သုံးနေသော ဆေးဝါးများအကြောင်းကို ဆရာဝန်အား အသေးစိတ်ပြောပြသင့်သည်။ - ကျန်းမာရေးပြဿနာများ
လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေသည် ဆေး၏ အာနိသင်အပေါ် သက်ရောက်မှု ရှိနိုင်သည်။ ဥပမာအားဖြင့် ကျောက်ကပ်ရောဂါရှိသူများတွင် ခန္ဓာကိုယ်မှ ဆေးဖယ်ရှားမှု နှေးကွေးနိုင်သောကြောင့် ဆေးအာနိသင် ပိုမိုပြင်းထန်လာနိုင်သည်။ ထို့ကြောင့် ရှိရင်းစွဲရောဂါအခြေအနေများကို ဆရာဝန်အား အတိအကျပြောပြရန် လိုအပ်သည်။
References:
- Mayo Clinic. (n.d.). Oxytocin (intravenous route, intramuscular route) – Side effects & uses. Mayo Foundation for Medical Education and Research. Retrieved September 29, 2025, from https://www.mayoclinic.org/drugs-supplements/oxytocin-intravenous-route-intramuscular-route/description/drg-20065251
- Cleveland Clinic. (n.d.). Oxytocin: What it is, function & effects. Cleveland Clinic. Retrieved September 29, 2025, from https://my.clevelandclinic.org/health/articles/oxytocin
- Healthdirect Australia. (n.d.). Oxytocin. Retrieved September 29, 2025, from https://www.healthdirect.gov.au/oxytocin
- Drugs.com. (n.d.). Oxytocin dosage guide + max dose, adjustments. Retrieved September 29, 2025, from https://www.drugs.com/dosage/oxytocin.html
- Kim, Y., et al. (2022). Oxytocin for reducing alcohol and drug cravings: A systematic review. Journal of Psychopharmacology, 36(8), 912–925.
- Guastella, A. J., et al. (2023). Oxytocin for improving social cognition in adults with autism spectrum disorder: A randomized controlled trial. Biological Psychiatry, 93(1), 32–41.
- Grewal, D., et al. (2022). Advances in the role of oxytocin in psychiatric and neurological disorders. Neuroscience & Biobehavioral Reviews, 141, 104868.
Published: 10 October 2025
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.