ပြင်းထန်အဆုတ်ရောင်ရောဂါသည် Streptococcus pneumoniae ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွါးသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ထိုဘက်တီးရီးယားပိုးသည် နားအတွင်း အလယ်ခန်းရောင်ရမ်းခြင်း (Otitis media)၊ ထိပ်ကပ်နာ (Sinusitis)၊ ဦးနှောက်အမြှေးရောင်ရောဂါ (Meningitis) နှင့် ပိုးဆိပ်ပျံ့ခြင်း (Septicemia) စသည့် ပြင်းထန်သောရောဂါများကိုလည်း ဖြစ်စေနိုင်သည်။ ပြင်းထန်အဆုတ်ရောင်ရောဂါကို ဖြစ်ပွါးစေသည့် အဆိုပါအဓိကဘက်တီးရီးယားပိုးကို ကာကွယ်သဖြင့် ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးဟု ခေါ်ဆိုသော်လည်း အထက်ဖော်ပြပါ ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော အခြားပြင်းထန်ရောဂါများ ဖြစ်ပွါးမှုကိုပါ ကာကွယ်သည်။ ပြင်းထန်အဆုတ်ရောင်ရောဂါပိုး အမျိုးအစားပေါင်း (၉၀) ကျော်ရှိပြီး၊ ကာကွယ်ဆေးများသည် ပြင်းထန်ရောဂါများဖြစ်စေသော ပိုးအမျိုးအစားအများစုကို ကာကွယ်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။ ကာကွယ်ဆေးအမျိုးအစား (၂) မျိုးရှိပြီး ကာကွယ်ဆေးတစ်မျိုးချင်းစီသည် ကာကွယ်နိုင်သော ဘက်တီးရီးယားမျိုးစိတ်များ ကွာခြားမှုရှိသည်။
ကာကွယ်ဆေးအမျိုးအစားများ
- ဘက်တီးရီးယားပိုး၏ သကြားမော်လီကျူးများ ပေါင်းစပ်ဖွဲ့စည်းထားသော ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး (Pneumococcal polysaccharide vaccine)
- PPSV23 – ပိုးအမျိုးအစား (၂၃) မျိုးကိုကာကွယ်ပေးသည်
- သကြားမော်လီကျူးများကို နောက်ထပ်ပရိုတင်းတစ်ခုဖြင့် ထပ်မံချိတ်ဆက်ပြီး ခန္ဓာကိုယ်ခုခံစွမ်းအားကို အချိန်ကြာကြာဖြင့် ပိုမိုအားကောင်းစေသော ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေး (Pneumococcal conjugate vaccines – PCV)
- ဥပမာ – PCV10, PCV13, PCV15, PCV20 တို့ဖြစ်ပြီး ကလေးများအတွက် ပိုမိုအသုံးဝင်သည်၊ ကာကွယ်ဆေးနာမည်တွင်ပါဝင်သော နံပါတ်သည် ကာကွယ်ဆေးမှ ကာကွယ်နိုင်သည့် ပြင်းထန်အဆုတ်ရောင်ရောဂါပိုး၏ မျိုးစိတ်အရေအတွက်ကို ရည်ညွှန်းခြင်းဖြစ်သည်
ဆေးသယ်ဆောင်သိမ်းဆည်းပုံ
ကာကွယ်ဆေးများအား သေချာစွာ ထိန်းသိမ်းခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းသည် ကာကွယ်ဆေးများ၏ အာနိသင်အပြည့်အဝ ရရှိရေးအတွက် အလွန်အရေးကြီးသည်။ ယေဘုယျအားဖြင့်_
- ကာကွယ်ဆေးများကို ဆေးဘူးပေါ်ရှိ သက်တမ်းကုန်ဆုံးရက်မတိုင်မီ အသုံးပြုရမည်
- ကာကွယ်ဆေးကို ရေခဲသေတ္တာ အပူချိန် (၂-၈) ဒီဂရီစင်တီဂရိတ်အတွင်း၌ သိမ်းဆည်းထားရမည်၊ အေးခဲထားခြင်း မပြုလုပ်ရပါ
- ကာကွယ်ဆေးအား မူလထုပ်ပိုးမှုအတိုင်း သိမ်းဆည်းရမည်
- အလင်းရောင်နှင့် တိုက်ရိုက်ထိတွေ့သော နေရာများတွင် မထားရပါ
- ကာကွယ်ဆေးများကို ဖျော်စပ်ရာတွင် မူလထုပ်ပိုးမှုတွင်ပါရှိသည့် ဆေးရည်ဖြင့်သာ ဖျော်ရမည်၊ အသုံးပြုရန် ညွှန်ကြားထားသော ပမာဏအတိုင်း ဖျော်စပ်ရမည်
- ကာကွယ်ဆေးများကို ဖောက်ပြီး၊ ဖျော်စပ်ပြီးလျှင် ချက်ချင်း သို့မဟုတ် သတ်မှတ်အချိန်အတွင်း (အထူးသဖြင့် အကြိမ်များစွာ ထိုးနှံနိုင်သော Multidose အမျိုးအစားများအတွက်) အသုံးပြုရမည်၊ အသုံးပြုရာတွင် သတ်မှတ်ထားသော အပူချိန်အတွင်း ထားရှိအသုံးပြုရမည်
- သက်တမ်းလွန်နေသော၊ သတ်မှတ်ချိန်ထက် ကျော်လွန်သွားသော၊ အေးခဲသွားသော၊ အနည်ကျနေသော၊ အရောင်ပြောင်းသွားသော ကာကွယ်ဆေးများကို လုံးဝအသုံးမပြုဘဲ စွန့်ပစ်ရမည်
- ကာကွယ်ဆေး သိုလှောင်၊ သယ်ဆောင်၊ သုံးစွဲသည့် အဆင့်တိုင်းတွင် ရောဂါပိုးကူးစက်မှု ကာကွယ်ခြင်းနည်းနာများကို အတိအကျ လိုက်နာကျင့်သုံးရမည်
ကာကွယ်ဆေးများကို ဘေးအန္တရာယ်ကင်းရှင်းစွာနှင့် အထိရောက်ဆုံးကာကွယ်မှုရရှိစေရန် သက်ဆိုင်ရာကာကွယ်ဆေးအလိုက် ထုတ်လုပ်သူများ၏ ညွှန်ကြားချက်များကို အတိအကျ လိုက်နာရမည်။
ဆေးမထိုးမီသိရမည့်အချက်များ
- မတူညီသော ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး အမျိုးအစားများကို တစ်ပြိုင်နက်တည်းမထိုးရပါ၊
- ထိုးနှံရန်လိုအပ်ပါက ဆရာဝန်၏ညွှန်ကြားချက်အတိုင်း အချိန်ခြား၍ထိုးရမည်
- ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးကို အခြားသောကာကွယ်ဆေးများနှင့် တစ်ပြိုင်နက်တည်းတွဲ၍ ထိုးနှံနိုင်သည်
- ကာကွယ်ဆေးထိုးမည့်နေ့တွင် ကလေးဖျားနေပါက ဆေးမထိုးမီ မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန်များနှင့် ဦးစွာတိုင်ပင်သင့်သည်
သုံးစွဲပုံနည်းလမ်းများ
ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးကို ကလေး၏အသက်အရွယ်အပေါ်တွင် မူတည်၍ လက်မောင်း သို့မဟုတ် ပေါင်ရှိ ကြွက်သားနေရာများတွင် ထိုးနှံနိုင်သည်။ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ထိုးနှံရမည့် ကာကွယ်ဆေးအမျိုးအစားများ ကွာခြားမှုရှိနိုင်သည်။
ကာကွယ်ဆေးထိုးသင့်သောသူများနှင့် ဆေးထိုးရမည့်အချိန်နှင့် အသက်အရွယ်
အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာနမှ အောက်ပါအသက်အရွယ်များတွင် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးအားထိုးနှံသင့်ကြောင်း လမ်းညွှန်ထားသည်။
- အသက် (၅) နှစ်အောက် ကလေးငယ်များအားလုံး
- အသက် (၅၀) နှစ်နှင့်အထက် လူကြီးများအားလုံး
- အသက် (၅)နှစ် မှ (၄၉)နှစ်ကြားတွင် ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ဝင်နိုင်ခြေများသော ကျန်းမာရေးအခြေအနေရှိသည့်သူများ
- အသက် (၅) နှစ်အောက် ကလေးငယ်များအားလုံး
- အသက် (၅) နှစ်အောက် ကလေးများတွင် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်တွင် ထိုးရန် သတ်မှတ်ထားသည်
- PCV 10 သို့မဟုတ် PCV 13 သို့မဟုတ် PCV 15 သို့မဟုတ် PCV 20 ဆေးတစ်မျိုးမျိုးကို အောက်ဖော်ပြပါအသက်များတွင် ထိုးနှံရန် လိုအပ်သည်
- အသက် (၂) လ
- အသက် (၄) လ
- အသက် (၆) လ
- အသက် (၁၂)လ မှ (၁၅)လတွင် တစ်ကြိမ်စီ စုစုပေါင်း လေးကြိမ် ထိုးနှံသင့်သည်
- ကာကွယ်ဆေးထိုးသင့်သည့် အသက်အပိုင်းအခြားတွင် မထိုးမိဘဲ နောက်ကျပါကလည်း အသက် (၅) နှစ်မပြည့်သေးမီအထိ လေးကြိမ်ပြည့်အောင် ပြန်လည်ထိုးနှံနိုင်သည်
- မြန်မာနိုင်ငံ ကာကွယ်ဆေးထိုးစီမံချက်တွင် ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးကို ကလေးအသက် (၂) လ၊ (၄) လနှင့် (၆) လတွင် တစ်ကြိမ်စီ ထိုးနှံပေးလျက်ရှိသည်
- အသက် (၅၀) နှစ်နှင့်အထက် လူကြီးများအားလုံး
- ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံထားခြင်းမရှိသူများ
- ကာကွယ်ဆေးထိုးထားသည့် ရာဇဝင်ကို သေချာစွာမသိသူများတွင် PCV 15, PCV 20 သို့မဟုတ် PCV 21 ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး ထိုးနှံရန် လမ်းညွှန်ထားသည်
- ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး PCV 15 ကိုထိုးနှံပါက PPSV 23 ကာကွယ်ဆေးအား တစ်နှစ်အကြာတွင် ထပ်မံထိုးရန် လိုအပ်သည်
- PCV 20 သို့မဟုတ် PCV 21 ကာကွယ်ဆေးအား ထိုးထားပါက PPSV23 ကာကွယ်ဆေးအား ထပ်မံထိုးနှံရန်မလိုပါ
- ထို့အပြင် အသက် (၆၅) နှစ်အထက် လူကြီးများအတွက်မူ ယခင်က PCV 13 အမျိုးအစားကိုသာ ထိုးဖူးသူများတွင် PCV 20 သို့မဟုတ် PCV 21 တစ်မျိုးကို ပြန်လည်ထိုးနှံနိုင်သည်ဟု လမ်းညွှန်ထားသည်၊ အကယ်၍ PCV 15 သို့မဟုတ် PCV 20 သို့မဟုတ် PCV 21 တစ်မျိုးမျိုးကို ထိုးနှံဖူးပါက နောက်ထပ်ပြန်လည်ထိုးနှံရန် မလိုအပ်ပါ
- အသက် (၅)နှစ် မှ (၄၉)နှစ်ကြားတွင် ပြင်းထန်အဆုတ်ရောင်ရောဂါပိုး ဝင်နိုင်ခြေများသော ကျန်းမာရေးအခြေအနေ ရှိသည့်သူများ
ထိုသူများတွင် ဆရာဝန်၏လမ်းညွှန်ချက်အတိုင်း ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး ထိုးရမည်ဖြစ်သည်။- ဖြစ်နိုင်ခြေများသော ကျန်းမာရေးအခြေအနေများ_
- ကိုယ်ခံအားစနစ်ကျနေသောသူများ (အိတ်ချ်အိုင်ဗွီ ရောဂါပိုးရှိသူများ၊ သွေးကင်ဆာရောဂါသည်များ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးထားသူများ)
- အတွင်းနားအစားထိုး အီလက်ထရွန်နစ်ကိရိယာ တပ်ဆင်ထားရသူများ
- ဦးနှောက်တွင် ထိခိုက်ဒဏ်ရာကြောင့် သို့မဟုတ် ခွဲစိတ်မှုကြောင့် ဦးနှောက်အတွင်းရှိ ဦးနှောက်နှင့် အာရုံကြောပြန်ရည် (CSF) သည် နား သို့မဟုတ် နှာခေါင်းမှ ယိုစိမ့်ကျနေသူများ
- နာတာရှည်ကျောက်ကပ်ရောဂါသည်များ၊ ဆီးတွင်းအသားဓာတ်ပါ ကျောက်ကပ်ရောင်ရောဂါ ခံစားနေရသူများ
- ဘေလုံး ကောင်းမွန်စွာ အလုပ်မလုပ်နိုင်သူများ၊ ဘေလုံးဖြတ်ထုတ်ထားသူများ
- နာတာရှည်နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အသည်းရောဂါခံစားနေရသူများ
- ဆီးချိုရောဂါသည်များ
- အရက်အလွန်အကျွံသောက်သူများ
- ဖြစ်နိုင်ခြေများသော ကျန်းမာရေးအခြေအနေများ_
ကာကွယ်ဆေးမထိုးသင့်သောသူများ
- ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး အမျိုးအစားတစ်မျိုးနှင့် ပြင်းထန်ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ
- ဆုံဆို့ကာကွယ်ဆေးနှင့် ပြင်းထန်ဓာတ်မတည့်ခြင်း ဖြစ်ဖူးသူများ
- PPSV23 ကာကွယ်ဆေးကို အသက်နှစ်နှစ်အောက်ကလေးများတွင် ထိုးနှံခြင်းအား ရှောင်ကြဥ်ရမည်
ဘေးထွက်ဆိုးကျိုးများ
ယေဘုယျအားဖြင့် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လေ့မရှိဘဲ ကာကွယ်ဆေးများ၏ သာမန်ဘေးထွက်ဆိုးကျိုးများသာ ဖြစ်နိုင်ပြီး အများအားဖြင့် (၂) ရက်အတွင်း သက်သာသွားနိုင်သည်။
ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးများမှာ_
- ကာကွယ်ဆေးထိုးထားသောနေရာတွင် နီခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း
- ဖျားခြင်း၊ ချမ်းတုန်ခြင်း
- အစားအသောက်ပျက်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများကိုက်ခဲခြင်း၊ အဆစ်များနာကျင်ခြင်း
- ကလေးငယ်များတွင် ဂနာမငြိမ်ဖြစ်တတ်ခြင်း အစရှိသည်တို့ ဖြစ်နိုင်သည်။
ကလေးသည် နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်းများ ရှိပါက ဆရာဝန်နှင့် တိုင်ပင်၍ ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက်ဆေးများ ပေးနိုင်သည်။ ကာကွယ်ဆေး ထိုးထားသည့်နေရာတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သက်သာစေရန် အေး၍စိုစွတ်သော အဝတ်ဖြင့် ကပ်ပေးခြင်း၊ ရေခဲဝတ်ကပ်ပေးခြင်း စသည်တို့ ပြုလုပ်ပေးနိုင်သည်။ တစ်ခါကပ်လျှင် (၁၅) မိနစ်ခန့်ဖြင့် တစ်နေ့လျှင် (၃) ကြိမ်ခန့် ကပ်ပေးနိုင်သည်။ မသက်သာပါက မိသားစုဆရာဝန်ဖြင့် ချက်ခြင်းပြသပါ။
References:
- Centers for Disease Control and Prevention. (n.d.). About pneumococcal disease. Retrieved January 5, 2026, from https://www.cdc.gov/pneumococcal/about/index.html
- MSD Manuals. (n.d.). Pneumococcal vaccine. Retrieved January 5, 2026, from https://www.msdmanuals.com/home/infections/immunization/pneumococcal-vaccine
- Centers for Disease Control and Prevention. (n.d.). Pneumococcal vaccine recommendations for healthcare professionals. Retrieved January 5, 2026, from https://www.cdc.gov/pneumococcal/hcp/vaccine-recommendations/index.html
- Nemours Children’s Health. (n.d.). Pneumococcal vaccine. KidsHealth. Retrieved January 5, 2026, from https://kidshealth.org/en/parents/pneumococcal-vaccine.html
Published: 10 January 2025
Last updated: 10 February 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.