အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ် (Acoustic neuroma) သည် အကြားအာရုံနှင့် ဟန်ချက်ထိန်းညှိခြင်းဆိုင်ရာ အာရုံကြော (Vestibulocochlear nerve) တွင် ဖြစ်ပွားသော ကင်ဆာမဟုတ်သည့် အကျိတ်တစ်မျိုးဖြစ်သည်။ Vestibulocochlear nerve သည် အဋ္ဌမမြောက် ဦးနှောက်အာရုံကြော (8th cranial nerve) ဖြစ်ပြီး နားအတွင်းပိုင်း (inner ear) မှ ဦးနှောက် (brain) သို့ သတင်းအချက်အလက်များ ပို့ဆောင်ပေးသော အာရုံကြောဖြစ်သည်။ ထိုအာရုံကြော၏ အပြင်ဘက်တွင် ဖုံးအုပ်ထားသော ဆဲလ်တစ်မျိုးဖြစ်သည့် Schwann ဆဲလ်များမှ စတင်ဖြစ်ပေါ်သောကြောင့် Vestibular schwannoma ဟုလည်း ခေါ်ဆိုသည်။ လူကြီးများတွင် ပိုမိုအဖြစ်များသော်လည်း ကလေးများနှင့် ဆယ်ကျော်သက်များတွင်လည်း ဖြစ်ပွားနိုင်သည်။ အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ်သည် ဖြစ်ပွားမှု ရှားပါးသော်လည်း နှစ်စဉ် လူဦးရေ (၁၀၀,၀၀၀) လျှင် (၁) ဦးခန့်တွင် ဖြစ်ပွားကြောင်း တွေ့ရှိရသည်။ အကျိတ်၏ အရွယ်အစားနှင့် ရောဂါလက္ခဏာများပေါ် မူတည်၍ ကုသမှုနည်းလမ်းများရှိသဖြင့် ရောဂါကို ဆောလျင်စွာ ရှာဖွေတွေ့ရှိပြီး သင့်လျော်သောကုသမှု ရရှိပါက အကြားအာရုံ၊ မျက်နှာအာရုံကြော လုပ်ဆောင်မှုနှင့် လူနေမှုဘဝအရည်အသွေးကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အာရုံကြောကို ဖုံးအုပ်ထားသော Schwann ဆဲလ်များ အဆမတန်ပွားများလာသောကြောင့် ဖြစ်ပွားသော်လည်း ထိုသို့ပွားများစေနိုင်သော အကြောင်းရင်းများကို တိကျစွာ မသိရှိရသေးပါ။ အာရုံကြောအကျိတ်များကို အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်သည်။
- နားတစ်ဖက်တည်းတွင်သာဖြစ်သော အာရုံကြောအကျိတ် (Sporadic, unilateral acoustic neuroma)
- လူနာအများစု (၉၅%) ခန့်တွင် အကျိတ်သည် နားတစ်ဖက်တည်းတွင်သာ ဖြစ်ပွားလေ့ရှိပြီး မျိုးရိုးလိုက်ခြင်းနှင့် မသက်ဆိုင်ဘဲ အလိုအလျောက် ဖြစ်ပွားခြင်းဖြစ်သည်၊ ထိုအကျိတ်များသည် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း အသက် (၃၀) မှ (၆၀) ကြား လူများတွင် အများဆုံး ဖြစ်ပေါ်သည်ကို တွေ့ရသည်
- မျိုးရိုးလိုက်ပြီး နားနှစ်ဖက်လုံးတွင် ဖြစ်သော အာရုံကြောအကျိတ် (Genetic, bilateral acoustic neuroma)
- အချို့အာရုံကြောအကျိတ်များသည် ရှားပါးစွာဖြင့် Neurofibromatosis Type 2 (NF2) ကဲ့သို့သော မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးနှင့် ဆက်စပ်၍ ဖြစ်ပွားသည်ကိုလည်း တွေ့ရသည်
- Neurofibromatosis Type 2 (NF2) ရောဂါသည် ခရိုမိုဆုမ်းနံမှတ် (၂၂) (Chromosome 22) ပေါ်ရှိ NF2 မျိုးဗီဇ၌ ချို့ယွင်းမှုများ ဖြစ်ပေါ်ခြင်းကြောင့် ဖြစ်ပွားသည်
- ထိုမျိုးဗီဇသည် ပုံမှန်အားဖြင့် အာရုံကြောမျှင်များကို ဖုံးအုပ်ကာကွယ်ပေးသော Schwann ဆဲလ်များ၏ ကြီးထွားမှုကို ထိန်းချုပ်ပေးသည်
- NF2 မျိုးဗီဇ ချို့ယွင်းသောအခါ ဆဲလ်များသည် ထိန်းချုပ်မှုမရှိဘဲ ကြီးထွားပွားများလာပြီး အာရုံကြောအကျိတ်များ ဖြစ်ပေါ်လာသည်၊ အကျိတ်များသည် နားနှစ်ဖက်စလုံးရှိ အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောများတွင် ဖြစ်ပေါ်လေ့ရှိသလို ခန္ဓာကိုယ်၏ အခြားနေရာရှိ အာရုံကြောများတွင်လည်း တွေ့ရနိုင်သည်
- နားနှစ်ဖက်လုံးတွင် ဖြစ်ပွားလေ့ရှိသောကြောင့် Bilateral Vestibular Schwannomas ဟုခေါ်ဆိုပြီး အသက်ငယ်သူများ (၁၈ မှ ၂၄ နှစ်) ကြားတွင် ရောဂါလက္ခဏာများ စတင်ပြလေ့ရှိသည်
- အချို့အာရုံကြောအကျိတ်များသည် ရှားပါးစွာဖြင့် Neurofibromatosis Type 2 (NF2) ကဲ့သို့သော မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးနှင့် ဆက်စပ်၍ ဖြစ်ပွားသည်ကိုလည်း တွေ့ရသည်
ရောဂါဖြစ်နိုင်ခြေ များစေသောအချက်များ
ရောဂါဖြစ်နိုင်ခြေကို များစေသော အဓိကအချက်မှာ မိဘတစ်ဦးတွင် NF2 ရောဂါရှိခြင်းဖြစ်သည်။ မျိုးဗီဇချို့ယွင်းမှုသည် မိဘထံမှ သားသမီးသို့ (၅၀%) လက်ဆင့်ကမ်းနိုင်ပြီး၊ သားသမီးများတွင် NF2 ရောဂါနှင့် အာရုံကြောအကျိတ်များ ဖြစ်ပေါ်နိုင်သည်။
ရောဂါလက္ခဏာများ
အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ်သည် ပုံမှန်အားဖြင့် အလွန်နှေးကွေးစွာ ကြီးထွားလေ့ရှိပြီး ရောဂါလက္ခဏာများသည် အကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် အနီးအနားရှိ အာရုံကြောများအပေါ် ဖိအားသက်ရောက်မှုတို့အပေါ် မူတည်၍ ကွဲပြားနိုင်သည်။
အစောပိုင်းတွေ့ရလေ့ရှိသော အကြားအာရုံဆိုင်ရာ ရောဂါလက္ခဏာများ
- အာရုံကြောအကျိတ်၏ အစောပိုင်းတွေ့ရသော အဓိကလက္ခဏာမှာ အကျိတ်ဖြစ်ပေါ်သော နားတစ်ဖက်၌ အကြားအာရုံ တဖြည်းဖြည်း လျော့နည်းလာခြင်း (Hearing loss) ဖြစ်သည်
- ထိုသူများတွင် ဆူညံသောနေရာများတွင် စကားနားထောင်ရခက်ခြင်း၊ အသံလားရာကို ခွဲခြားရန်ခက်ခဲခြင်း သို့မဟုတ် ဖုန်းကို ကောင်းစွာကြားရသော နားတစ်ဖက်တည်းဖြင့်သာ ပြောလေ့ရှိခြင်းတို့ကို တွေ့ရသည်
- အကြားအာရုံလျော့နည်းမှုသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်ပြီး အချို့လူနာများတွင် ရုတ်တရက် အကြားအာရုံဆုံးရှုံးခြင်းလည်း ရှားပါးစွာ ဖြစ်ပေါ်နိုင်သည်
- ထို့အပြင် တွေ့ရများသော အခြားလက္ခဏာတစ်ခုမှာ နားအူခြင်း (Tinnitus) ဖြစ်သည်
- အချို့လူနာများတွင် နားအူခြင်းကိုသာ ခံစားရပြီး အကြားအာရုံလျော့နည်းမှု မရှိသေးသည်ကိုလည်း တွေ့နိုင်သည်၊ နားအူခြင်းအပြင် နားအတွင်း၌ ပြည့်နေသကဲ့သို့ ခံစားရပြီး ဖိထားသကဲ့သို့ တင်းကြပ်ကြပ် ဖြစ်နေသည်ကိုလည်း ခံစားရနိုင်သည်။
ဟန်ချက်ထိန်းချုပ်မှုဆိုင်ရာ လက္ခဏာများ
Acoustic neuroma သည် ဟန်ချက်ထိန်းညှိမှုအာရုံကြော (Vestibular nerve) ကိုလည်း ထိခိုက်စေသောကြောင့် လမ်းလျှောက်ရာတွင် ဟန်ချက်ပျက်ခြင်း၊ လဲကျလွယ်ခြင်းနှင့် ချာချာလည်မူးခြင်း (Vertigo) တို့ ဖြစ်ပေါ်စေနိုင်သည်၊ အကျိတ်အရွယ်အစား ကြီးလာသည်နှင့်အမျှ အဆိုပါလက္ခဏာများ ပိုမိုဆိုးရွားလာနိုင်သည်။
အကျိတ်ဖိအားကြောင့် ဖြစ်ပေါ် နိုင်သော လက္ခဏာများ
အကျိတ်အရွယ်အစား ကြီးထွားလာသည်နှင့်အမျှ အနီးအနားရှိ ဦးနှောက်အာရုံကြောများဖြစ်သော Trigeminal nerve နှင့် Facial nerve ကို ဖိအားသက်ရောက်ပါက
- မျက်နှာကြွက်သားတစ်ဖက် အားနည်းခြင်း သို့မဟုတ် မျက်နှာတစ်ဖက် အကြောသေခြင်း (Facial palsy)
- မျက်နှာတစ်ဖက် ထုံကျဥ်ခြင်း (Facial numbness)
- ပါး သို့မဟုတ် ပါးစပ်ထောင့်တွင် ကျဥ်သကဲ့သို့ ခံစားရခြင်း (Tingling)
- မျက်နှာကြွက်သားများ တုန်ခါခြင်း (Facial twitching)
- အရသာခံနိုင်စွမ်း ပြောင်းလဲခြင်း
- မျက်လုံးခြောက်ခြင်း သို့မဟုတ် မျက်ရည်အလွန်အကျွံ ထွက်ခြင်းတို့ ဖြစ်နိုင်သည်။
ထို့အပြင် အကျိတ်သည် အနီးအနားရှိ အခြားအာရုံကြောများကို ဖိမိသောအခါ မျိုချရခက်ခြင်း၊ အသံပြောင်းလဲခြင်း၊ လျှာလှုပ်ရှားမှု ထိခိုက်ခြင်း စသည့်လက္ခဏာများလည်း ဖြစ်ပေါ်နိုင်သလို အကျိတ်အရွယ်အစား ပိုမိုကြီးထွားလာပြီး ဦးနှောက်အောက်ခြေ အစိတ်အပိုင်းများကို ဖိအားသက်ရောက်မှု ဖြစ်လာသောအခါ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အန်ခြင်း၊ အမြင်ဝေဝါးခြင်း နှင့် ပုံရိပ်နှစ်ထပ်မြင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။
နောက်ဆက်တွဲပြဿနာများ
Acoustic neuroma ကို မကုသဘဲထားပါက အကျိတ်သည် တဖြည်းဖြည်း ကြီးထွားလာပြီး ဦးနှောက်ရိုးတံ brain stem ကို ဖိမိပြီး ဦးနှောက်နှင့်ကျောရိုးအကြား စီးဆင်းနေသော စီအက်စ်အက်ဖ်အရည်များ စီးဆင်းမှုကို ပိတ်ဆို့စေနိုင်သောကြောင့် ဦးနှောက်အခန်းငယ်များအတွင်း အရည်များစု၍ ကျယ်လာခြင်း (Hydrocephalus) ဖြစ်ပေါ်နိုင်သည်။ ထိုသို့ အရည်များလွန်ကဲစွာ စုပုံလာပါက ဦးနှောက်ကို ဖိအားဖြစ်စေသောကြောင့် အောက်ပါ ပြင်းထန်သော လက္ခဏာများ ဖြစ်ပေါ်စေနိုင်သည်။
- ဟန်ချက်မထိန်းနိုင်ခြင်း (Ataxia)
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
- စိတ်အာရုံထွေပြားခြင်း (Confusion)
ဆေးရုံ၊ ဆေးခန်းပြသရန်
အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ် (Acoustic neuroma) သည် စောစီးစွာ ရှာဖွေတွေ့ရှိ၍ ကုသမှုခံယူပါက အကြားအာရုံကို ထိန်းသိမ်းနိုင်ပြီး ကုသမှုရလဒ်ကောင်းများ ရရှိနိုင်သည်။ သို့ဖြစ်၍ နားတစ်ဖက်တည်း အကြားအာရုံ လျော့နည်းခြင်း၊ နားအူခြင်း၊ မူးဝေခြင်း သို့မဟုတ် ဟန်ချက်ပျက်ခြင်းစသည့် လက္ခဏာများ ရှိပါက မိသားစုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လိုအပ်ပါက နားနှာခေါင်းလည်ချောင်း အထူးကုဆရာဝန် သို့မဟုတ် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆရာဝန်နှင့် ပြသ၍ ကုသမှုခံယူရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ်ကို ရှာဖွေဖော်ထုတ်ရန် ရောဂါရာဇဝင်မေးမြန်းခြင်း၊ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်သည်။ ရောဂါအစပိုင်း လက္ခဏာများသည် အခြားနားရောဂါများ၏ လက္ခဏာများနှင့် ဆင်တူနိုင်သောကြောင့် ရောဂါရှာဖွေသတ်မှတ်ရန် ခက်ခဲနိုင်သည်။ ရောဂါရှာဖွေရေး စစ်ဆေးမှုများတွင်
- နားအကြားအာရုံစစ်ဆေးခြင်း (Audiometry)
Audiometry သည် အကြားအာရုံလုပ်ဆောင်နိုင်စွမ်းကို စစ်ဆေးသည့် စမ်းသပ်မှုဖြစ်ပြီး အကြားနှင့် ဟန်ချက်ထိန်း အာရုံကြောအကျိတ်ကို ရောဂါရှာဖွေရာတွင် ပထမဆုံး ပြုလုပ်လေ့ရှိသော စမ်းသပ်စစ်ဆေးမှုဖြစ်သည်။ စစ်ဆေးစဉ်တွင် လူနာသည် နားကြပ် (earphones) ကို တပ်ဆင်ထားပြီး အသံများနှင့် စကားပြောသံများကို နားထောင်ပြီး တုံ့ပြန်မှုများကို စက်တွင်မှတ်တမ်းတင်ကာ အကြားအာရုံ လုပ်ဆောင်နိုင်စွမ်းကို တိုင်းတာပေးသည်။ အာရုံကြောအကျိတ်ရှိပါက အကြားအာရုံစစ်ဆေးမှုတွင် အောက်ပါပြောင်းလဲမှုများကို တွေ့ရှိရနိုင်သည်။- အသံတစ်ခုကို စတင်ကြားနိုင်သော အနိမ့်ဆုံးအသံနှုန်းကို တိုင်းတာသည့် စံနှုန်း (Pure Tone Average – PTA) မြင့်တက်ခြင်း – PTA တန်ဖိုးမြင့်လေ အကြားအာရုံ ပိုမိုဆိုးရွားလေဖြစ်သည်
- စကားပြောသံကို စတင်ကြားနိုင်သော အနိမ့်ဆုံးအသံနှုန်းကို တိုင်းတာသည့် တန်ဖိုး (Speech Reception Threshold – SRT) မြင့်နေခြင်း – SRT တန်ဖိုး မြင့်လေလေ အကြားအာရုံ ပိုမိုဆိုးရွားလေဖြစ်သည်
- နားတစ်ဖက်ချင်းစီတွင် အချိန်တိုအတွင်း ပြတ်သားစွာကြားနိုင်သော စကားလုံးများကို စစ်ဆေးမှုအဖြေ (Speech Discrimination – SD) လျော့နည်းခြင်း – SD တန်ဖိုး နိမ့်လေလေ အကြားအာရုံချို့ယွင်းမှု ပိုမိုပြင်းထန်လေဖြစ်သည်
- သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်း
အခြားစစ်ဆေးမှုများပြလုပ်ခြင်းဖြင့် အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ်ဖြစ်နိုင်သည်ဟု သံသယရှိပါက ဦးခေါင်းကို သံလိုက်ဓာတ်မှန် (MRI) ရိုက်ခြင်းဖြင့် ရောဂါကို ရှာဖွေအတည်ပြုနိုင်သည်။ သံလိုက်ဓာတ်မှန်တွင် ဆေးရည် (Contrast Dye) သုံး၍ ပုံဖော်ရိုက်ကူးခြင်းဖြင့် အကျိတ်သည် ပုံမှန်ဦးနှောက်တစ်ရှူးများထက် ဆေးရည်ကို ပိုမိုစုပ်ယူသောကြောင့် အကျိတ်၏ တည်နေရာနှင့် အရွယ်အစားကို ပိုမိုတိကျစွာ သိရှိနိုင်သည်။ - လျှပ်စစ်လှိုင်းများဖြင့် မျက်လုံးအာရုံကြောများနှင့် မျက်လုံးလှုပ်ရှားမှုများကို စမ်းသပ်စစ်ဆေးခြင်း (Electronystagmography – ENG)
- ဟန်ချက်ထိန်းညှိမှု စစ်ဆေးခြင်း (Balance Test)
ကုသခြင်း
အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ် (Acoustic neuroma) အတွက် ကုသမှုနည်းလမ်းကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသည်။
- အကျိတ်၏ အရွယ်အစားနှင့် တည်နေရာ
- အကြားအာရုံနှင့် ဟန်ချက်အပေါ် သက်ရောက်မှု
- အသက်အရွယ်
- ယေဘုယျကျန်းမာရေးအခြေအနေ
- အကျိတ်၏ကြီးထွားမှုနှုန်း
- ရောဂါလက္ခဏာများ
ကုသမှုမှာ တစ်ဦးနှင့်တစ်ဦး မတူညီနိုင်သောကြောင့် သင့်တော်သော ကုသမှုနည်းလမ်းနှင့် ဖြစ်နိုင်သော နောက်ဆက်တွဲပြဿနာများကို သိရှိပြီး၊ လိုအပ်ပါက အကြားအာရုံ၊ ဟန်ချက်နှင့် မျက်နှာကြွက်သား လုပ်ဆောင်မှုများကို ပြန်လည်ထိန်းသိမ်းရန် သင့်လျော်သော ကုသမှုများ ဆက်လက်ပြုလုပ်ပေးရန် လိုအပ်သည်။
ကုသမှု၏ အဓိကရည်ရွယ်ချက်များမှာ
- မျက်နှာအာရုံကြော (Facial nerve) ၏ လုပ်ဆောင်မှုကို ထိန်းသိမ်းရန်
- အကြားအာရုံကို တတ်နိုင်သမျှ ကာကွယ်ထိန်းသိမ်းရန်
- လူနေမှုအရည်အသွေးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ရန် စသည်တို့ဖြစ်သည်။
စောင့်ကြည့်ကုသခြင်း (Observation)
Acoustic neuroma သည် ကင်ဆာမဟုတ်သော အကျိတ်ဖြစ်ပြီး ပုံမှန်အားဖြင့် အလွန်နှေးကွေးစွာ ကြီးထွားသောကြောင့် အကျိတ်အားလုံးကို ချက်ချင်းကုသရန် မလိုအပ်ပါ။ ထို့ကြောင့် အောက်ပါ အခြေအနေများတွင် စောင့်ကြည့်ကုသခြင်းကို ရွေးချယ်နိုင်သည်။
- အကျိတ်အရွယ်အစား သေးငယ်သူများ
- ရောဂါလက္ခဏာ မပြသေးသူများ သို့မဟုတ် လက္ခဏာများ အနည်းငယ်သာ ပြသောသူများ
- အသက်အရွယ်ကြီးသူများ
- အခြား ပြင်းထန်သောရောဂါများ အခံရှိသူများ
စောင့်ကြည့်နေစဉ်အတွင်း ပုံရိပ်ဖော်စစ်ဆေးခြင်း (Imaging) နှင့် အကြားအာရုံစစ်ဆေးခြင်း (Hearing test) များကို ပုံမှန်ပြုလုပ်ရန် လိုအပ်ပြီး ပုံမှန်အားဖြင့် (၆) လ မှ (၁၂) လ တစ်ကြိမ် စစ်ဆေးမှုပြုလုပ်သည်။ အဆိုပါစစ်ဆေးမှုများမှ အကျိတ်ကြီးထွားလာခြင်း ရှိမရှိနှင့် ကြီးထွားနှုန်းကို သိရှိနိုင်သည်။ စစ်ဆေးချက်များတွင် အကျိတ်ကြီးထွားလာကြောင်း တွေ့ရှိပါက သို့မဟုတ် လက္ခဏာများ ပိုမိုဆိုးရွားလာပါက ကုသမှုစတင်ပြုလုပ်ရန် လိုအပ်နိုင်သည်။
ခွဲစိတ်ကုသခြင်း (Surgery)
ခွဲစိတ်ကုသခြင်းသည် Acoustic neuroma အတွက် အလွန်ထိရောက်သော ကုသမှုတစ်ခုဖြစ်သည်။ အကျိတ်သည် ဆက်လက်ကြီးထွားလာခြင်း၊ ရောဂါသိရှိချိန်တွင် အကျိတ်အရွယ်အစားကြီးခြင်းနှင့် အကျိတ်ကြောင့် လက္ခဏာများ ဖြစ်ပေါ်လာခြင်း စသည့်အချက်များသည် ခွဲစိတ်မှုခံယူသင့်သော အခြေအနေများ ဖြစ်သည်။ ခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်မှာ_
- အကျိတ်ကို ဖယ်ရှားရန်
- မျက်နှာအာရုံကြော (Facial nerve) ကို ထိန်းသိမ်းရန်
- အကြားအာရုံကို တတ်နိုင်သမျှ ထိန်းသိမ်းရန် စသည့်တို့ဖြစ်သည်။
အကျိတ်ကြောင့် ဆုံးရှုံးသွားသော အကြားအာရုံကို ပြန်လည်ရရှိစေရန် မဖြစ်နိုင်သော်လည်း ကျန်ရှိနေသော အကြားအာရုံကို ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် ကုသမှုပေးနိုင်သည်။ ထို့အပြင် ဟန်ချက်မညီခြင်း၊ မျက်နှာထုံကျဥ်ခြင်း စသည့်လက္ခဏာများကိုလည်း သက်သာစေနိုင်သည်။
ခွဲစိတ်အထူးကုဆရာဝန်များသည် ပုံမှန်အားဖြင့် အကြားနှင့်ဟန်ချက်ထိန်း အာရုံကြောအကျိတ် ခွဲစိတ်ဖယ်ရှားရန် ဦးခေါင်းခွံ၏ အစိတ်အပိုင်းတစ်ခုကို ဖွင့်ခြင်း (craniotomy) ဖြင့် အကျိတ်အရွယ်အစား၊ အကြားအာရုံ အခြေအနေနှင့် အခြားအချက်များပေါ် မူတည်ပြီး ခွဲစိတ်နည်းလမ်းအမျိုးမျိုးကို အသုံးပြုနိုင်သည်။
ခွဲစိတ်နည်းလမ်းများ
- နောက်စေ့ဘက်မှ ဦးခေါင်းခွံကို ဖွင့်၍ ခွဲစိတ်ခြင်း နည်းလမ်း (Suboccipital / Retrosigmoid approach)
အသုံးအများဆုံးနည်းလမ်းဖြစ်ပြီး အကျိတ်အရွယ်အစား အမျိုးမျိုးတွင် အသုံးပြုနိုင်သည်။ ဦးခေါင်း၏ အနောက်ဘက်မှ ဝင်ရောက်ဖယ်ရှားခြင်းဖြစ်သောကြောင့် ဦးနှောက်ရိုးတံ (Brainstem) ကို ကောင်းစွာ မြင်နိုင်သည်။ အချို့အခြေအနေများတွင် အကြားအာရုံကို ထိန်းသိမ်းနိုင်ခြေရှိသည်။ - နားနောက်ဘက် အရိုးကို ဖယ်ရှား၍ အတွင်းနားမှတစ်ဆင့် ခွဲစိတ်ခြင်းနည်းလမ်း (Translabyrinthine approach)
နားအတွင်းပိုင်းရှိ အရိုးမှတစ်ဆင့် ခွဲစိတ်ခြင်းဖြစ်ပြီး အဆိုပါခွဲစိတ်နည်းလမ်းကို အသုံးပြုပါက ခွဲစိတ်သည့်ဘက်ခြမ်း၏ အကြားအာရုံကို ဆုံးရှုံးစေနိုင်မည် ဖြစ်သော်လည်း မြင်ကွင်းကျယ်ကျယ် မြင်နိုင်သောကြောင့် အရွယ်အစားကြီးသော အကျိတ်များကို ဘေးကင်းစွာ ဖယ်ရှားနိုင်သည်။ ထို့အပြင် မျက်နှာအာရုံကြော (Facial nerve) ထိခိုက်မှုကိုလည်း ကာကွယ်နိုင်သည်။ အကြားအာရုံ ဆုံးရှုံးထားသော အခြေအနေများတွင် ထိုနည်းလမ်းကို အသုံးပြုနိုင်သည်။ - နားအပေါ်ဘက်မှ ဦးခေါင်းခွံကို အပေါက်ငယ်တစ်ခုဖွင့်၍ ခွဲစိတ်ခြင်းနည်းလမ်း (Middle Fossa approach)
အကျိတ်အရွယ်အစား သေးငယ်ပြီး အကြားအာရုံ အကောင်းအတိုင်းရှိနေသေးသော အခြေအနေများတွင် အသုံးပြုနိုင်သည်။ အများအားဖြင့် အကျိတ်သေးငယ်ပြီး အကြားအာရုံကို ထိန်းသိမ်းရန် အဓိကရည်ရွယ်၍ ထိုနည်းလမ်းကို အသုံးပြုသည်။
ခွဲစိတ်ပြီးနောက် ဖြစ်ပေါ် နိုင်သော နောက်ဆက်တွဲပြဿနာများတွင်
- အကြားအာရုံလျော့နည်းခြင်း၊ နားအူခြင်း
- ဟန်ချက်ထိန်းရန် ခက်ခဲခြင်း
- မျက်နှာတစ်ဖက် ကြွက်သားလှုပ်ရှားမှု အားနည်းခြင်း၊ မျက်နှာထုံကျဥ်ခြင်း
- ရက်ကြာကြာ ခေါင်းကိုက်ခြင်း
- ခွဲစိတ်ရာနေရာတွင် ပိုးဝင်ခြင်း
- ဦးနှောက်အမြှေးရောင်ခြင်း
- ခွဲစိတ်ထားသောနေရာမှ စီအက်စ်အက်ဖ်အရည်များ စိမ့်ထွက်ခြင်း
- ရှားပါးစွာဖြင့် လေဖြတ်ခြင်း၊ ဦးနှောက်တွင်း သွေးထွက်ခြင်းတို့ ပါဝင်နိုင်သည်။
ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy)
Acoustic neuroma ကို ကုသရန် ဓာတ်ရောင်ခြည်ဖြင့် ကုသနည်းအမျိုးမျိုးရှိသည်။
- Stereotactic Radiosurgery
Stereotactic radiosurgery သည် ခွဲစိတ်မှု မလိုအပ်သော ကုသမှုနည်းလမ်းတစ်ခုဖြစ်ပြီး အကျိတ်၏နေရာကို တိကျစွာ ချိန်မှတ်၍ ဓာတ်ရောင်ခြည်ပေးကုသခြင်းဖြစ်သည်။ ထိုနည်းလမ်း၏ရည်ရွယ်ချက်မှာ အကျိတ်ကို ပျောက်ကင်းစေရန် မဟုတ်ဘဲ အကျိတ်၏ ကြီးထွားမှုကို ရပ်တန့်စေရန် သို့မဟုတ် နှေးကွေးစေရန်ဖြစ်သည်။ ထို့အပြင် အနီးပတ်ဝန်းကျင်ရှိ အကြားအာရုံနှင့်ဟန်ချက်ထိန်း အာရုံကြောနှင့် မျက်နှာအာရုံကြောတို့ကို ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် ရည်ရွယ်သည်။ ထို့ကြောင့် အသက်ကြီးသူများ၊ ခွဲစိတ်ကုသမှု ခံယူရန် မသင့်တော်သူများနှင့် ခွဲစိတ်မှုဖြင့် အကျိတ်အားလုံး မဖယ်ရှားနိုင်သောသူများ စသည့်အခြေအနေများတွင် သင့်လျော်သည်။ - Fractionated stereotactic radiotherapy (SRT)
ဓာတ်ရောင်ခြည်ကို တစ်ကြိမ်တည်းပေးခြင်းမဟုတ်ဘဲ အကြိမ်ရေများစွာ ခွဲ၍ ပမာဏအနည်းငယ်စီပေး၍ ကုသသောနည်းလမ်းဖြစ်သည်။ ရည်ရွယ်ချက်မှာ အကျိတ်ကြီးထွားမှုကို နှေးကွေးစေရန်နှင့် အနီးရှိ ကျန်းမာသော ဦးနှောက်တစ်ရှူးများကို ကာကွယ်ရန်ဖြစ်သည်။ - Proton beam therapy
Proton ဟုခေါ်သော အမှုန်ငယ်များကို အသုံးပြု၍ အကျိတ်တည်နေရာကို တိကျစွာ ချိန်ရွယ်၍ ကုသသော ဓာတ်ရောင်ခြည်ကုသနည်းတစ်မျိုးဖြစ်သည်။ ထိုနည်းလမ်းသည် ကျန်းမာသော ဦးနှောက်အစိတ်အပိုင်းများသို့ ရောက်ရှိသော ဓာတ်ရောင်ခြည်ပမာဏကို လျှော့ချနိုင်ရန် ရည်ရွယ်သည်။
ဓာတ်ရောင်ခြည်ကုသမှုနောက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများမှာ_- အကြားအာရုံ လျော့နည်းခြင်း၊ ဆုံးရှုံးခြင်း
- နားအူခြင်း
- မျက်နှာတစ်ခြမ်း မလှုပ်နိုင်ခြင်း၊ ထုံကျဥ်ခြင်း
- လှုပ်ရှားမှုဟန်ချက် မထိန်းနိုင်ခြင်း
- အကျိတ်ဆက်လက်ကြီးထွားလာပြီး အခြားကုသမှုများ ထပ်မံလိုအပ်နိုင်ခြင်း
ဆေးဝါးဖြင့် ကုသခြင်း (Chemotherapy)
အချို့ရှားပါးသော အခြေအနေများတွင် Bevacizumab ကဲ့သို့သော ဆေးဝါးများကို အသုံးပြုနိုင်သည်။ ဤဆေးသည် အကျိတ်အရွယ်အစားကို လျော့ကျစေနိုင်ပြီး အထူးသဖြင့် ကလေးများတွင် အကြားအာရုံကို ပိုမိုကြာရှည်စွာ ထိန်းသိမ်းနိုင်ရန် အထောက်အကူပြုနိုင်သည်။ ထို့အပြင် ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းကြောင့် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် တစ်ရှူးပျက်စီးခြင်း (radiation necrosis) ကို ကုသရာတွင်လည်း အသုံးပြုနိုင်သည်။
ဟန်ချက်ထိန်းညှိမှု ပြန်လည်သန်စွမ်းရေး ကုထုံး (Vestibular Rehabilitation Therapy)
ခွဲစိတ်ကုသမှုကြောင့် ဟန်ချက်ထိန်းချုပ်သော အာရုံကြောများ ထိခိုက်ပါက ဟန်ချက်ထိန်းညှိမှု ပြန်လည်သန်စွမ်းရေး ကုထုံး (Vestibular rehabilitation therapy) ကို အသုံးပြုခြင်းဖြင့် ပြန်လည်တိုးတက်ကောင်းမွန်စေရန် ကူညီပေးနိုင်သည်။
ပြန်လည်ဖြစ်ပွားနိုင်ခြင်း
Acoustic neuroma သည် ကုသမှုများ ခံယူပြီးသည့်တိုင် ပြန်လည်ကြီးထွားလာခြေရှိသည်။ ပြန်လည်ဖြစ်ပွားနိုင်ခြေသည် အသုံးပြုခဲ့သော ကုသမှုနည်းလမ်းနှင့် အကျိတ်ကို မည်မျှပမာဏအထိ ဖယ်ရှားနိုင်ခဲ့သည်ဆိုသည့် အချက်များပေါ် မူတည်သည်။
- ခွဲစိတ်ကုသမှုပြီးနောက်
အကျိတ်ကို လုံးဝဖယ်ရှားနိုင်ခဲ့ပါက အကျိတ် ပြန်လည်ကြီးထွားနိုင်ခြေမှာ ၅% အောက် အလွန်နည်းသည်။ သို့သော် အနီးရှိ မျက်နှာအာရုံကြော (Facial nerve) သို့မဟုတ် ဦးနှောက်ရိုးတံ (Brainstem) ကဲ့သို့ အရေးကြီးသော အစိတ်အပိုင်းများကို မထိခိုက်စေရန် အကျိတ်၏ အစိတ်အပိုင်းအချို့ကို ချန်ထားခဲ့ရပါက အကျိတ်ပြန်လည်ကြီးထွားနိုင်ခြေသည် ၁၀% မှ ၂၀% ခန့် အထိ ရှိနိုင်သည်။ - ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ပြုလုပ်ပြီးနောက်
အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်းမဟုတ်ဘဲ အကျိတ်၏ ကြီးထွားမှုကို ရပ်တန့်စေရန် သို့မဟုတ် နှေးကွေးစေရန် အသုံးပြုသော နည်းလမ်းများဖြစ်သည်။ ထို့ကြောင့် ကုသပြီးနောက် အများစုတွင် အကျိတ်သည် အရွယ်အစားမပြောင်းဘဲ ရပ်တန့်နေခြင်း သို့မဟုတ် တဖြည်းဖြည်း သေးငယ်လာခြင်း ဖြစ်နိုင်သည်။ သို့သော် ၅% မှ ၁၀% ခန့်တွင် အကျိတ်သည် ဆက်လက်ကြီးထွားလာခြင်း သို့မဟုတ် နောက်ပိုင်းတွင် ပြန်လည်ကြီးထွားလာခြင်းများလည်း ဖြစ်နိုင်သည်။
အရေးကြီးသည်မှာ ကုသပြီးနောက် သံလိုက်ဓာတ်မှန် (MRI) စစ်ဆေးမှုများ အချိန်မှန် ပြုလုပ်၍ အကျိတ်၏ အရွယ်အစားပြောင်းလဲမှုကို စောင့်ကြည့်ခြင်းဖြင့် ဆောလျင်စွာ သိရှိနိုင်ပြီး လိုအပ်ပါက ကုသမှု ထပ်မံပြုလုပ်နိုင်သည်။
ကာကွယ်ခြင်း
Acoustic neuroma ဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းကို လက်ရှိအချိန်အထိ မသိရှိရသေးပါ။
References:
- Cleveland Clinic. (n.d.). Acoustic neuroma. Retrieved October 9, 2026, from https://my.clevelandclinic.org/health/diseases/16400-acoustic-neuroma
- Johns Hopkins Medicine. (n.d.). Vestibular schwannoma. Retrieved October 9, 2026, from https://www.hopkinsmedicine.org/health/conditions-and-diseases/brain-tumor/vestibular-schwannoma
- Mayo Clinic. (n.d.). Acoustic neuroma: Diagnosis and treatment. Retrieved October 9, 2026, from https://www.mayoclinic.org/diseases-conditions/acoustic-neuroma/diagnosis-treatment/drc-20356132
- National Health Service. (n.d.). Acoustic neuroma. Retrieved October 9, 2026, from https://www.nhs.uk/conditions/acoustic-neuroma/
Published: 10 November 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.