ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါ (Trichotillomania) သည် မိမိ၏ ဆံပင်များကို ကိုယ်တိုင်ဆန္ဒပြင်းပြစွာ ဆွဲနှုတ်ချင်စိတ် ဖြစ်ပေါ်စေသော စိတ်ပိုင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။ ထိုသို့ဆွဲနှုတ်လိုက်ခြင်းက စိတ်ငြိမ်သွားစေသည် သို့မဟုတ် စိတ်သက်သာရာ ရသွားစေသည်ဟု ခံစားရနိုင်သော်လည်း၊ ထိုကဲ့သို့ ပြုမူခြင်းကြောင့် ဆံပင်ကျွတ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ ဆံပင်ဆွဲနှုတ်လိုစိတ်ကို ထိန်းချုပ်နိုင်ရန်နှင့် မိမိကိုယ်ကိုယ် ယုံကြည်မှု ပြန်လည်ရရှိလာစေရန် ကုထုံးများနှင့် ဆေးဝါးများကကူညီပေးနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါ ဖြစ်ပွားရသည့်အကြောင်းရင်းကို ယနေ့အထိ တိတိကျကျမသိသေးပါ။ ကျွမ်းကျင်သူများက ရောဂါလက္ခဏာ ဖြစ်ပေါ်စေနိုင်သည့် အကြောင်းရင်းများစွာရှိသည်ဟု ဖော်ပြကြသည်။ အဆိုပါအကြောင်းရင်းများတွင် အောက်ပါအခြေအနေတို့ ပါဝင်သည်။
- ဦးနှောက်ဖွဲ့စည်းပုံနှင့် ဓာတုပစ္စည်းများ (Brain chemistry and structure)
- စိတ်ခံစားမှုများ၊ အကျင့်စရိုက်များနှင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုများကို ထိန်းချုပ်ပေးသော ဦးနှောက်အစိတ်အပိုင်းများတွင် ကွဲပြားခြားနားမှုရှိခြင်းနှင့် ဦးနှောက်အတွင်းရှိ (Serotonin, Dopamine နှင့် Glutamate ကဲ့သို့သော) ဓာတုပစ္စည်းများ ပြောင်းလဲခြင်းတို့သည် အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်သည်
- မျိုးဗီဇ
- ဦးနှောက်ဆဲလ်များ အချင်းချင်းဆက်သွယ်သည့် လုပ်ငန်းစဉ်တွင် ပါဝင်သော မျိုးဗီဇ ပြောင်းလဲမှုများသည် ဤရောဂါ ဖြစ်ပွားရန် ပိုမိုလွယ်ကူစေနိုင်ကြောင်း သုတေသနအချို့က ဖော်ပြထားသည်၊ အကယ်၍ သွေးသားတော်စပ်သော မိသားစုဝင်တစ်ဦးဦးတွင် ၎င်း ရောဂါရှိနေပါက၊ ဤရောဂါဖြစ်ပွားရန် ဖြစ်နိုင်ခြေ ပိုများသည်၊ သို့သော်လည်း ရောဂါနှင့်ပတ်သက်သည့် မိသားစုရာဇဝင် မရှိလျှင်လည်း ဤရောဂါ ဖြစ်ပွားနိုင်သည်
- စိတ်ဖိစီးမှုနှင့် ရင်ဆိုင်ဖြေရှင်းခြင်း
- စိတ်ဖိစီးနေချိန် သို့မဟုတ် ပျင်းရိနေချိန်များတွင် ဆံပင်ဆွဲနှုတ်ခြင်း စတင်ဖြစ်ပေါ်နိုင်ပြီး ထိုအပြုအမူသည် ရပ်တန့်ရန်ခက်ခဲသော အမူအကျင့်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်
ရောဂါလက္ခဏာများ
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါသည် မည်သူမဆို၌ ဖြစ်ပွားနိုင်သည်။ အထူးသဖြင့် အောက်ပါအချက်များရှိပါက ပို၍ ဖြစ်ပွားနိုင်ခြေ များသည်။ ထိုအချက်များမှာ_
- အသက် ၁၀ နှစ် မှ ၁၃ နှစ်ကြားရှိသူများ
- စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် ပျင်းရိမှုကို ခံစားနေရသူများ
- အမျိုးသမီးများ
- မိမိကိုယ်ကို ယုံကြည်မှု နည်းပါးခြင်းကို ရင်ဆိုင်ကြုံတွေ့နေရသူများ အစရှိသူများဖြစ်သည်။
အဓိကလက္ခဏာမှာ မိမိ၏ ဆံပင်များကို မိမိကိုယ်တိုင် ဆွဲနှုတ်ခြင်းဖြစ်သည်။ ထိုသူသည် ထိုအပြုအမူကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဆံပင်များ နေရာမကျဖြစ်နေသည်ဟု ခံစားရသောအခါ သို့မဟုတ် နေရာမကျဖြစ်နေသည်ဟု မြင်ရသောအခါမျိုးတွင်ဖြစ်သည်။ အခြားအချိန်များတွင်မူ ထိုသူသည် ရည်ရွယ်ချက်မရှိဘဲ (အလိုအလျောက်) ဆွဲနှုတ်မိသကဲ့သို့လည်း ဖြစ်နိုင်သည်။
အခြားတွေ့ရတတ်သော ရောဂါလက္ခဏာများမှာ_
- အကြိမ်ဖန်များစွာ ဆံပင်ဆွဲနှုတ်ခြင်းကြောင့် ဆံပင်များ သိသိသာသာ ကျွတ်သွားခြင်း
- ဆံပင်ဆွဲနှုတ်ခြင်းကို ရပ်တန့်ရန် ကြိုးစားသော်လည်း၊ ထိုသို့ ဆွဲနှုတ်ရန် လှုံ့ဆော်လိုစိတ်ကို မထိန်းချုပ် နိုင်ခြင်း
- ဆံပင်မဆွဲနှုတ်မီ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဖိစီးမှု ခံစားရပြီး၊ ဆွဲနှုတ်ပြီးသွားသောအခါ စိတ် သက်သာရာရသွားခြင်း သို့မဟုတ် စိတ်ကျေနပ်မှုရရှိခြင်း
- မျက်ခုံးမွေး သို့မဟုတ် မျက်တောင်မွေးများကဲ့သို့သော နေရာများကိုပါ ဆွဲနှုတ်တတ်ခြင်း
- ဆွဲနှုတ်ထားသော ဆံပင် (သို့မဟုတ် အမွေးအမျှင်) များကို ဝါးခြင်း သို့မဟုတ် စားတတ်ခြင်း
- ဆံပင်ဆွဲနှုတ်ခြင်းကြောင့် စိတ်ဖိစီးခြင်း သို့မဟုတ် ရှက်ရွံ့ခြင်း၊ သို့မဟုတ် လုပ်ငန်းခွင်၊ ကျောင်း သို့မဟုတ် လူမှုဆက်ဆံရေးများတွင် အခက်အခဲများကြုံတွေ့ရခြင်း အစရှိသည်တို့ဖြစ်သည်။
ထို့အပြင် မိမိ၏အသားကို ကုတ်ဖဲ့ခြင်း သို့မဟုတ် လက်သည်းကိုက်ခြင်းကဲ့သို့သော အပြုအမူများလည်း ဖြစ်ပေါ်နိုင်သည်။
နောက်ဆက်တွဲပြဿနာများ
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါသည် ကိုယ်ခန္ဓာကျန်းမာရေးနှင့် စိတ်ကျန်းမာရေး နှစ်မျိုးလုံးကို ထိခိုက်စေနိုင်သည်။ အဖြစ်များသော နောက်ဆက်တွဲပြဿနာများမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဆံပင်နှင့် အရေပြားများ ပျက်စီးခြင်း
- ကြိမ်ဖန်များစွာ ထပ်ခါ ထပ်ခါ ဆွဲနှုတ်ခြင်းကြောင့် ယားယံခြင်း၊ အမာရွတ်ဖြစ်ခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း (အမွေးအမျှင်များ ထပ်မပေါက်တော့ခြင်း) တို့ကို ဖြစ်စေနိုင်သည်။ တစ်ခါတစ်ရံတွင် အရေပြားတွင် နာကျင်လာခြင်း သို့မဟုတ် ရောဂါပိုးဝင်ခြင်းများ ဖြစ်လာနိုင်သည်
- ဆံပင်များကိုစားခြင်း (Trichophagia)
- ဆံပင်ဆွဲနှုတ်သည့်ရောဂါရှိသူ ၁၀ ဦးတွင် ၁-၂ ဦးခန့်သည် ၎င်းတို့၏ ဆွဲနှုတ်ထားသော ဆံပင်များကို ဝါးစားတတ်ကြသည်။ ထိုသို့စားခြင်းကြောင့် အစာအိမ် သို့မဟုတ် အူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်သော ဆံပင်အထွေးလုံးများ (Trichobezoars) ဖြစ်ပေါ်လာစေပြီး တစ်ခါတစ်ရံတွင် ဖယ်ရှားရန် သို့မဟုတ် ခွဲစိတ်ရန်အထိ လိုအပ်လာနိုင်သည်
- စိတ်ပိုင်းဆိုင်ရာဖိစီးမှု
- ဆံပင်ဆွဲနှုတ်ခြင်းနှင့်ပတ်သက်၍ ရှက်ရွံ့ခြင်း၊ အပြစ်ရှိသကဲ့သို့ ခံစားရခြင်းများ ဖြစ်နိုင်သည်။ ထိုမှတစ်ဆင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် အခြားသူများနှင့် ၀ေးကွာအောင် သီးသန့်ခွဲထွက်နေထိုင်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်သည်
- နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှု
- ကျောင်း၊ လုပ်ငန်းခွင်နှင့် လူမှုဆက်ဆံရေး အခြေအနေများတွင်လည်း စိတ်ဖိစီးခြင်းများ ဖြစ်စေနိုင်သည်၊ အခြားသူများက မိမိဆံပင်ကျွတ်နေသည်ကို သတိထားမိမည်ကို စိုးရိမ်ပူပန်သောကြောင့် ရေကူးခြင်း၊ ဆံပင်ညှပ်ခြင်း သို့မဟုတ် ချိန်းတွေ့ခြင်းကဲ့သို့သော လူမှုဆက်ဆံရေး လှုပ်ရှားမှုများကိုလည်း ရှောင်ရှားလေ့ရှိကြသည်
အချို့သော စိတ်ကျန်းမာရေး အခြေအနေများသည် ဆံပင်အလွန်အကျွံဆွဲနှုတ်သည့် ရောဂါရှိသူများတွင် ပိုမိုအဖြစ်များတတ်သည်။ ၎င်းတို့သည် ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါနှင့် အတူတွဲ၍လည်း ဖြစ် ပေါ်နိုင်သည် သို့မဟုတ် ၎င်းရောဂါ၏ နောက်ဆက်တွဲရလဒ်အနေဖြင့်လည်း ဖြစ်ပေါ်လာနိုင်သည်။ ၎င်းစိတ်ပိုင်းဆိုင်ရာရောဂါများမှာ_
- စိုးရိမ်စိတ်လွန်ကဲသည့်ရောဂါများ (Anxiety disorders)
- စိတ်ကျရောဂါ (Depression)
- စိတ်အစွဲအလမ်းလွန်ကဲပြီး ထပ်တလဲလဲ ပြုမူတတ်သောရောဂါ (Obsessive-compulsive disorder)
- အရက်၊ မူးယစ်ဆေးနှင့် စိတ်ကို ပြောင်းလဲစေနိုင် သော ဆေးများစွဲလန်းသောရောဂါ (Substance use disorders)တို့ဖြစ်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါကြောင့် ဆံပင်နှင့် အရေပြားများ ပျက်စီးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးခြင်း၊ မိမိ၏လုပ်ငန်းဆောင်တာများ ထိခိုက်လာခြင်း၊ လူမှုပေါင်းသင်း ဆက်ဆံရေးများ ထိခိုက်လာခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်လာပါက အထွေထွေရောဂါကုဆရာဝန်၊ ကလေးအထူးကုဆရာ၀န်၊ မိသားစုဆရာဝန်၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန် စသည့်တတ်ကျွမ်းနားလည်သူများနှင့် တိုင်ပင်ပြသရန် လိုအပ်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရာဇဝင် သေချာစွာစစ်ဆေး မေးမြန်းခြင်း၊ ကာယကံရှင်အကြောင်း ပြောပြနိုင်သည့် မိသားစုဝင်၊ မိတ်ဆွေများထံမှ သိလိုချက်များ မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း၊ အခြားလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါနှင့် ၎င်းကိုဖြစ်စေနိုင်သော အကြောင်းရင်းခံများကို ရောဂါဖော်ထုတ် သတ်မှတ်နိုင်သည်။
ကုသခြင်း
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါကို ထိရောက်စွာ ကုသမှုခံယူရန် လိုအပ်သည်။ ရောဂါအခြေအနေပေါ် မူတည်ပြီး ဆေးဝါးများဖြင့်ကုသမှု၊ စိတ်ပိုင်းဆိုင်ရာကုထုံး၊ အခြားကုသမှုများ၊ ရုပ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေ အကြောင်းရင်းများကို ကုသမှုစသည်တို့ကို လိုအပ်သလို ပေါင်းစပ်ဆောင်ရွက်ပေးရသည်။
အလေ့အကျင့်ကိုပြောင်းလဲသင်ကြားပေးသော စိတ်ကုထုံး (Habit Reversal Therapy – HRT)
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါအတွက် အဓိကကုသမှုနည်းလမ်းမှာ အလေ့အကျင့်ကို ပြောင်းလဲသင်ကြားပေးသော စိတ်ကုထုံး (Habit reversal therapy – HRT) ဖြစ်သည်။ ဤကုထုံးသည် ကာယကံရှင်အနေနှင့် မည်သည့်အချိန်နှင့် မည်သည့်အကြောင်းကြောင့် ဆံပင်ဆွဲနှုတ်တတ်သည်ကို သတိပြုမိစေရန် ကူညီပေးပြီး၊ ထိုသို့ဆွဲနှုတ်လိုစိတ်များ ဖြစ်ပေါ်လာသောအခါ တုံ့ပြန်နိုင်မည့် နည်းလမ်းသစ်များကို သင်ကြားပေးသည်။ အခြားအထောက်အကူပြုသော ကုထုံးများတွင် စိတ်ခံစားမှုနှင့် အပြုအမူ ထိန်းချုပ်ခြင်းကုထုံး (Dialectical Behavior Therapy) နှင့် လက်ခံခြင်းနှင့် ကတိကဝတ်ပြုခြင်းကုထုံး (Acceptance and Commitment Therapy) တို့ပါဝင်သည်။
ဆေးဝါးများဖြင့်ကုသခြင်း (Pharmacotherapy)
ဆေးဝါးများကို စိတ်ပိုင်းဆိုင်ရာ (Therapy) နှင့် တွဲဖက်အသုံးပြုလေ့ရှိပြီး၊ ပုံမှန်အားဖြင့် ဆေးဝါးတစ်မျိုးတည်းဖြင့် ကုသခြင်းမရှိပါ။ ထို့အပြင် ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါကို လုံး၀ပျောက်ကင်းစေသော ဆေးဝါးမျိုး မရှိသေးပါ။ သို့သော် အချို့သော ဆေးဝါးများသည် စိုးရိမ်ပူပန်မှု (Anxiety)၊ စိတ်ကျရောဂါ (Depression) သို့မဟုတ် ဆံပင် ဆွဲနှုတ်လိုသော စိတ်ဆန္ဒပြင်းပြမှု (Urges) ကို လျော့နည်းစေရန် ကူညီပေးနိုင်သည်။ သက်ဆိုင်ရာဆရာဝန်သည် ကာယကံရှင်၏ ရောဂါလက္ခဏာများ၊ ကျန်းမာရေးအခြေအနေနှင့် ကုသမှုအပေါ် တုံ့ပြန်မှုကို အခြေခံ၍ အသင့်တော်ဆုံး ကုသမှုအစီအစဉ်ကို ရွေးချယ်ကုသပေးသည်။
ဆံပင်ကျွတ်ခြင်းနှင့် အရေပြားထိခိုက်မှုကို ကုသခြင်း
ဆံပင်ဆွဲနှုတ်ခြင်းကြောင့် ဆံပင်ကျွတ်ခြင်း၊ အမာရွတ်ဖြစ်ခြင်း သို့မဟုတ် အရေပြား ထိခိုက်မှုများ ဖြစ်ပေါ်လာပါက၊ ထိုပြဿနာများကို ကုသရန် သင့်လျော်သောနည်းလမ်းများကို ဆရာ၀န်များက အကြံပြုပေးနိုင်သည်။
အချို့သောအခြေအနေများတွင် အလှအပရေးရာ ပြုပြင်ပေးသော ခွဲစိတ်အထူးကုဆရာဝန် (Plastic Surgeon) များမှ အရေပြား အစားထိုးခွဲစိတ်မှု (Skin Graft) ကဲ့သို့သော ခွဲစိတ်ကုသမှုများဖြင့် အရေပြားကို ပြန်လည် ပြုပြင်ပေးနိုင်သည်။ ထို့အပြင် အခြားကျွမ်းကျင်ဆရာဝန်များ ဆံပင် ပြန်လည်ပေါက်လာစေရန် ကုသမှုနည်းလမ်းများ ကို အကြံပြုပေးနိုင်သည်။ သို့သော်လည်း ဆံပင်များ ပြန်လည်ပေါက်လာမည်ဟု အမြဲတမ်းအာမခံ၍ မရပါ။
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါကို စောစီးစွာသိရှိ၍ စိတ်ကုထုံးနှင့် ဆေးဝါးကုသမှုကို ခံယူခြင်းသည် ဆံပင်နှုတ်ချင်သော စိတ်ဆန္ဒကို ထိန်းချုပ်နိုင်စေပြီး ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများကို လျော့နည်းစေရန် အထောက်အကူပြုနိုင်သည်။ သက်ဆိုင်ရာဆရာဝန် အနေနှင့် ဆံပင်အလွန်အကျွံဆွဲနှုတ်သည့် ရောဂါလက္ခဏာများကို ထိန်းချုပ်နိုင်ရန်အတွက် အချို့သောဆေးဝါးများကို အသုံးပြုတတ်ကြသည်။ ၄င်းတို့မှာ_
- အချို့သောစိတ်ကျရောဂါကုသဆေးများ (ဥပမာ – Selective Serotonin Reuptake Inhibitors-SSRIs) – စိတ်ခံစားမှုကို အထောက်အကူပြုရန်နှင့် ဆွဲနှုတ်လိုစိတ်များကို လျှော့ချရန်အတွက် အသုံးပြုသည့် ဆေးဝါးများ
- စိတ်ဖောက်ပြန်ရောဂါကုသသည့် အချို့သော ဆေးများ (Antipsychotics) – စွဲလမ်းခြင်းကြောင့် မလုပ်ဘဲ မနေနိုင်သော အပြုအမူများကို ထိန်းချုပ်ရန်အတွက် အသုံးပြုသည့်ဆေးများ
- ဆရာဝန်ဆေးစာမလိုဘဲ ဝယ်ယူရရှိနိုင်သော ဖြည့်စွက် ဆေးဝါးများ (Over-the-counter supplements) – ဆံပင်ဆွဲနှုတ်လိုစိတ်ကို လျှော့ချပေးနိုင်သည့် (N-acetylcysteine ကဲ့သို့သော) အားဖြည့်ဆေးတို့ပါ၀င်သည်။
ကာကွယ်ခြင်း
ဆံပင်အလွန်အကျွံဆွဲနှုတ်သည့်ရောဂါဖြစ်လာနိုင်ခြေကို ကြိုတင်ကာကွယ်ရန် နည်းလမ်းဟူ၍ အတိအကျမရှိပါ။သို့သော်လည်း စိတ်ဖိစီးမှုများ လျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်စားသောက်ခြင်း၊ အရက်၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော အခြားဆေးများသုံးစွဲမှုကို ရှောင်ကြဥ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေရန် နေထိုင်သင့်သည်။
References:
- Cleveland Clinic. (n.d.). Trichotillomania (hair-pulling disorder). Retrieved July 21, 2026, from https://my.clevelandclinic.org/health/diseases/9880-trichotillomania
- Mayo Clinic. (n.d.). Trichotillomania (hair-pulling disorder): Symptoms and causes. Retrieved July 21, 2026, from https://www.mayoclinic.org/diseases-conditions/trichotillomania/symptoms-causes/syc-20355188
Published: 23 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.