Infantile Colic (ကလေးငယ်များတွင် ဖြစ်လေ့ရှိသော လေထိုးလေအောင့်ခြင်း)

Infantile Colic (ကလေးငယ်များတွင် ဖြစ်လေ့ရှိသော လေထိုးလေအောင့်ခြင်း)

ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ရှိသော လသားအရွယ်ကလေးငယ်တစ်ဦးတွင် သိသာထင်ရှားသော အကြောင်းရင်းမရှိဘဲ မကြာခဏ၊ အချိန်ကြာမြင့်စွာနှင့် ချော့မြှူရန်ခက်ခဲလောက်အောင် ငိုယိုခြင်း သို့မဟုတ် ဂျီကျခြင်းများ ဖြစ်ပေါ်ပါက လေထိုးလေအောင့်ခြင်း (Infantile colic) ဖြစ်နိုင်သည်။ ယင်းသည် ကလေးငယ်များတွင် အဖြစ်များပြီး အများအားဖြင့် အန္တရာယ်မရှိဘဲ အသက်ကြီးလာသည်နှင့်အမျှ အလိုအလျောက် သက်သာပျောက်ကင်းသွားတတ်သော်လည်း မိဘနှင့် စောင့်ရှောက်သူများကိ စိတ်ဖိစီးမှုများစွာ ဖြစ်စေနိုင်သည်။

လေထိုးလေအောင့်ခြင်းသည် ကလေးငယ်များ၏ ခန့်မှန်းခြေ ၁၀% မှ ၄၀% အထိတွင် တွေ့ရှိနိုင်သည်။ မွေးဖွားပြီး ပထမရက်သတ္တပတ်အနည်းငယ်အတွင်း စတင်ဖြစ်ပေါ်တတ်သည်။ ငိုယိုမှုသည် ညနေပိုင်းတွင် ပိုမိုဖြစ်ပွားတတ်ပြီး အသက် ၆ ပတ်ခန့်တွင် အများဆုံးဖြစ်ကာ ကလေးအများစုတွင် အသက် ၃ လ မှ ၄ လခန့်တွင် သိသိသာသာ လျော့နည်းလာပြီး အများအားဖြင့် ၆ လမတိုင်မီ သက်သာပျောက်ကင်းသွားတတ်သည်။

လေထိုးလေအောင့်ခြင်းအတွက် တိကျသေချာသော ကုသနည်းတစ်မျိုးတည်း မရှိသော်လည်း ကလေးကို သက်တောင့်သက်သာဖြစ်စေသော ပြုစုနည်းများ၊ သင့်လျော်သော နို့တိုက်ကျွေးမှုပုံစံနှင့် မိဘ၊ စောင့်ရှောက်သူများအား အထောက်အပံ့ပေးခြင်းတို့ဖြင့် ငိုယိုမှုနှင့် မိသားစု၏ စိတ်ဖိစီးမှုကို လျှော့ချရန် ကူညီနိုင်သည်။

ဖြစ်ပေါ်ရသောအကြောင်းရင်းများ

လေထိုးလေအောင့်ခြင်း ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အတိအကျ မသိရှိသေးဘဲ အကြောင်းရင်းတစ်ခုတည်းကြောင့် ဖြစ်ပေါ်ခြင်းမဟုတ်ဟု ယူဆထားသည်။ ကလေးငယ်၏ အစာခြေစနစ်နှင့် အာရုံကြောစနစ် ဖွံ့ဖြိုးရင့်ကျက်လာမှု၊ အူလမ်းကြောင်းရှိ ပိုးမွှားများ၏ ဖွဲ့စည်းပုံ (Gut microbiome) နှင့် ပတ်ဝန်းကျင်လှုံ့ဆော်မှုများအပေါ် တုံ့ပြန်မှုတို့အပါအဝင် အချက်များစွာ ပါဝင်နိုင်ကြောင်း လေ့လာချက်များအရ ခန့်မှန်းကြသည်။

လေထိုးလေအောင့်ခြင်းနှင့် ဆက်စပ်နိုင်သည်ဟု လေ့လာထားသော်လည်း အကြောင်းရင်းအဖြစ် အတည်ပြုနိုင်ခြင်းမရှိသေးသော အချက်များမှာ_

  • အစာခြေစနစ်နှင့် အာရုံကြောစနစ် အပြည့်အဝ မရင့်ကျက်သေးခြင်း
  • အူလမ်းကြောင်းရှိ ပိုးမွှားအစုအဝေး (Gut microbiome) ၏ ဖွဲ့စည်းပုံနှင့် မျိုးစုံကွဲပြားမှု ပြောင်းလဲနေခြင်း
  • အူလမ်းကြောင်းလှုပ်ရှားမှုနှင့် အာရုံခံစားမှု မရင့်ကျက်သေးခြင်း
  • ပြင်ပအလင်းရောင်၊ အသံနှင့် အခြားလှုံ့ဆော်မှုများအပေါ် အာရုံခံတုံ့ပြန်မှု များခြင်း
  • အချို့ကလေးများတွင် နွားနို့ပရိုတင်းဓာတ်မတည့်ခြင်း (Cow’s milk protein allergy) ကဲ့သို့သော အခြေအနေများနှင့် လက္ခဏာများ ဆင်တူခြင်း သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်ခြင်း
  • ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် မွေးဖွားပြီးနောက် ဆေးလိပ်ငွေ့နှင့် ထိတွေ့မှုရှိခြင်း တို့ဖြစ်သည်။

လေထိုးလေအောင့်ခြင်းကို လေဝင်ခြင်း၊ လေမထုတ်ပေးနိုင်ခြင်း သို့မဟုတ် မိဘ၏ ပြုစုစောင့်ရှောက်မှု ပုံစံကြောင့်သာ ဖြစ်ပေါ်သည်ဟု မယူဆသင့်ပါ။ ထို့အပြင် ပုံမှန်ကလေးငယ်များတွင် လက်တို့စ်ဓာတ်မတည့်ခြင်း (Lactose intolerance) သည် Infantile colic ၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ခိုင်မာသောအထောက်အထား မရှိသေးပါ။

ဖြစ်နိုင်ခြေများစေသော အချက်များ
လေထိုးလေအောင့်ခြင်း ဖြစ်နိုင်ခြေကို တိတိကျကျ ခန့်မှန်းနိုင်သည့် အချက်များကို မသိရှိသေးပါ။ အချို့လေ့လာမှုများတွင် ကိုယ်ဝန်ဆောင်စဉ် သို့မဟုတ် မွေးဖွားပြီးနောက် ဆေးလိပ်ငွေ့နှင့် ထိတွေ့မှုသည် ကလေးတွင် လေထိုးလေအောင့်ခြင်း ဖြစ်ပွားမှုနှင့် ဆက်စပ်နိုင်ကြောင်း တွေ့ရှိထားသည်။

ရောဂါလက္ခဏာများ

လသားအရွယ်ကလေးငယ်များတွင် ငိုယိုခြင်းနှင့် ဂျီကျခြင်းသည် ပုံမှန်ဖွံ့ဖြိုးမှု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသက် ၆ ပတ်ခန့်တွင် ငိုချိန်အများဆုံး ဖြစ်တတ်သည်။ လေထိုးလေအောင့်ခြင်း (Infantile colic) ဖြစ်သော ကလေးများတွင်မူ ကျန်းမာပြီး ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ရှိနေသော်လည်း သိသာထင်ရှားသော အကြောင်းရင်းမရှိဘဲ ထပ်တလဲလဲ အချိန်ကြာမြင့်စွာ ငိုယိုခြင်း၊ ဂျီကျခြင်း သို့မဟုတ် ချော့မြှူရန်ခက်ခဲခြင်းတို့ ဖြစ်ပေါ်တတ်သည်။

တွေ့ရလေ့ရှိသော လက္ခဏာများမှာ_

  • ရုတ်တရက် စတင်၍ ပြင်းထန်စွာ၊ အသံကျယ်ကျယ် ငိုယိုခြင်း
  • ဆာလောင်ခြင်း၊ အနှီးစိုခြင်း၊ ပူလွန်းအေးလွန်းခြင်းစသည့် သိသာသော အကြောင်းရင်းမရှိဘဲ ငိုယိုခြင်း
  • ပုံမှန်နည်းလမ်းများဖြင့် ချော့မြှူရန် ခက်ခဲခြင်း
  • ငိုယိုမှုလျော့သွားပြီးနောက်တွင်လည်း အချိန်အနည်းငယ် ဂနာမငြိမ်ဖြစ်နေခြင်း
  • နေ့စဉ် အချိန်တူတူခန့်တွင် ဖြစ်ပေါ်တတ်ပြီး အထူးသဖြင့် ညနေပိုင်းနှင့် ညဦးပိုင်းတွင် ပိုမိုတွေ့ရခြင်း
  • ငိုနေစဉ် မျက်နှာနီမြန်းလာခြင်း
  • ခြေထောက်များကို ဝမ်းဗိုက်ဘက်သို့ ကွေးထားခြင်း၊ လက်သီးဆုပ်ထားခြင်း၊ လက်နှင့်ခြေထောက်များ တောင့်တင်းခြင်း သို့မဟုတ် ကျောကော့ခြင်း
  • ဝမ်းဗိုက်တင်းနေသကဲ့သို့ တွေ့ရခြင်း တို့ဖြစ်သည်။

ငိုယိုနေစဉ် နာကျင်နေသကဲ့သို့ တွေ့ရနိုင်သော်လည်း ယင်းလက္ခဏာများသည် ကလေးတွင် အမှန်တကယ် ဝမ်းဗိုက်နာကျင်နေကြောင်း သက်သေပြခြင်းမဟုတ်ပါ။

လေထိုးလေအောင့်ခြင်းကို သတ်မှတ်ခြင်း
ယခင်က Rule of Three ဟုခေါ်သော သတ်မှတ်ချက်အရ တစ်နေ့လျှင် ၃ နာရီနှင့်အထက်၊ တစ်ပတ်လျှင် အနည်းဆုံး ၃ ရက်နှင့် ရက်သတ္တပတ် ၃ ပတ်နှင့်အထက် ငိုယိုခြင်းကို လေထိုးလေအောင့်ခြင်းဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် ယနေ့တွင် ယင်းအချိန်ကန့်သတ်ချက်များကို မဖြစ်မနေ ပြည့်မီရန် မလိုအပ်တော့ပါ။

လက်ရှိသတ်မှတ်ချက်များအရ အသက် ၅ လမပြည့်သေးသော ကလေးတွင် သိသာထင်ရှားသော အကြောင်းရင်းမရှိဘဲ ထပ်တလဲလဲ အချိန်ကြာမြင့်စွာ ငိုယိုခြင်း၊ ဂျီကျခြင်း သို့မဟုတ် ချော့မြှူရန်ခက်ခဲခြင်း ဖြစ်ပေါ်နေပြီး ကလေး၏ ကြီးထွားဖွံ့ဖြိုးမှု ပုံမှန်ရှိကာ ဖျားနာခြင်း သို့မဟုတ် အခြားရောဂါလက္ခဏာများ မရှိပါက လေထိုးလေအောင့်ခြင်းကို စဉ်းစားနိုင်သည်။

လေထိုးလေအောင့်ခြင်းနှင့် ဆင်တူနိုင်သော အခြားအခြေအနေများ
ကလေးငယ်တစ်ဦး အဆက်မပြတ် သို့မဟုတ် ပုံမှန်ထက်ပို၍ ငိုယိုခြင်းကို လေထိုးလေအောင့်ခြင်းဟု မသတ်မှတ်မီ အခြားနာကျင်မှုနှင့် ဖျားနာမှုများ ရှိမရှိ စစ်ဆေးရန် အရေးကြီးသည်။ ဆင်တူသောလက္ခဏာများ ဖြစ်စေနိုင်သည့် အခြေအနေများတွင်_

  • ရောဂါပိုးဝင်ခြင်းများ (ဥပမာ _ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ နားအလယ်ပိုင်းရောင်ခြင်း သို့မဟုတ် ဦးနှောက်အမြှေးရောင်ခြင်း)
  • နွားနို့ပရိုတင်းဓာတ်မတည့်ခြင်း (Cow’s milk protein allergy) သို့မဟုတ် အခြားအစာကျွေးမှုဆိုင်ရာ ပြဿနာများ
  • အစာပြန်တက်ခြင်းနှင့် ဆက်စပ်သော ရောဂါအခြေအနေ (Gastroesophageal reflux disease)၊ အထူးသဖြင့် နို့တိုက်ရခက်ခြင်း၊ ကိုယ်အလေးချိန်မတက်ခြင်း သို့မဟုတ် အခြားစိုးရိမ်ဖွယ်လက္ခဏာများ တွဲရှိပါက
  • အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ အူအစိတ်အပိုင်းအတွင်းသို့ အခြားအူအစိတ်အပိုင်း တစ်ခုဝင်ရောက်ခြင်း (Intussusception) သို့မဟုတ် အူကျွံခြင်း (Hernia)
  • မျက်စိမျက်ကြည်လွှာထိခိုက်ခြင်း (Corneal abrasion) သို့မဟုတ် မျက်စိအတွင်းဖိအား မြင့်တက်ခြင်း
  • လက်ချောင်း သို့မဟုတ် ခြေချောင်းတွင် ဆံပင် သို့မဟုတ် အမျှင်ဖြင့် တင်းကျပ်စွာ ရစ်ပတ်နေခြင်း (Hair tourniquet)
  • အရိုး၊ ကြွက်သား သို့မဟုတ် အခြားကိုယ်ခန္ဓာအစိတ်အပိုင်း ထိခိုက်ဒဏ်ရာရခြင်း
  • ရှားပါးသော နှလုံးနှင့် အာရုံကြောစနစ်ဆိုင်ရာ အခြားရောဂါများ ပါဝင်သည်။
နောက်ဆက်တွဲပြဿနာများ

လေထိုးလေအောင့်ခြင်းသည် အများအားဖြင့် ကလေးအသက် ၃ လ မှ ၄ လခန့်တွင် လျော့နည်းလာပြီး ၆ လမတိုင်မီ သက်သာပျောက်ကင်းသွားတတ်ကာ ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုကို ရေရှည်ထိခိုက်စေသည်ဟု ခိုင်မာသောအထောက်အထား မရှိပါ။ သို့သော် ကလေး၏ အချိန်ကြာမြင့်စွာ ငိုယိုမှုသည် မိဘနှင့် စောင့်ရှောက်သူများအပေါ် သိသာသော စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝဆိုင်ရာ သက်ရောက်မှုများ ဖြစ်စေနိုင်သည်။

လေထိုးလေအောင့်ခြင်းရှိသော ကလေးများ၏ မိဘနှင့် စောင့်ရှောက်သူများတွင်

  • ပင်ပန်းနွမ်းနယ်ခြင်းနှင့် အိပ်ရေးပျက်ခြင်း
  • စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးခြင်း၊ ဒေါသထွက်ခြင်း သို့မဟုတ် အကူအညီမဲ့သကဲ့သို့ ခံစားရခြင်း
  • မိမိ၏ ပြုစုစောင့်ရှောက်မှု မကောင်း၍ ဖြစ်သည်ဟု အပြစ်ရှိသကဲ့သို့ ခံစားရခြင်း
  • ကလေးမွေးဖွားပြီးနောက် စိတ်ကျရောဂါ (Postpartum depression) ဖြစ်နိုင်ခြေ မြင့်တက်ခြင်း
  • မိခင်နို့တိုက်ကျွေးမှုကို မျှော်မှန်းထားသည်ထက် စောစီးစွာ ရပ်တန့်ခြင်းတို့ တွေ့ရှိရသည်။

အဆက်မပြတ်ငိုယိုနေသော ကလေးကို ပြုစုရင်း မိဘ သို့မဟုတ် စောင့်ရှောက်သူ အလွန်စိတ်ဖိစီးလာပါက ကလေးကို လှုပ်ခါခြင်း သို့မဟုတ် အခြားနည်းဖြင့် ထိခိုက်စေမိနိုင်သည့် အန္တရာယ် ရှိပြီး ထိုမှတဆင့် ဦးနှောက်နှင့် မျက်စိအပါအဝင် ကိုယ်ခန္ဓာကို ပြင်းထန်စွာ ထိခိုက်စေနိုင်ကာ အသက်အန္တရာယ်ထိရှိနိုင်သည်။

ဆေးရုံ၊ ဆေးခန်းပြသရန်

ကလေးငယ် အချိန်ကြာမြင့်စွာ ငိုယိုခြင်းသည် လေထိုးလေအောင့်ခြင်း (Infantile colic) ကြောင့် ဖြစ်နိုင်သော်လည်း ဖျားနာခြင်း၊ နာကျင်ခြင်း သို့မဟုတ် အခြားရောဂါအခြေအနေများကြောင့်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ယခင်က မရှိခဲ့သော ပြင်းထန်စွာ ငိုယိုခြင်း ရုတ်တရက်စတင်လာပါက အခြားအကြောင်းရင်း ရှိမရှိ သတိပြုရန် လိုအပ်သည်။

အောက်ပါစိုးရိမ်ဖွယ်လက္ခဏာများရှိပါက ဆရာဝန်ထံ အမြန်ပြသသင့်သည်။

  • အသက် ၃ လမပြည့်သေးသော ကလေးတွင် ကိုယ်အပူချိန် ၃၈°C သို့မဟုတ် ထို့ထက်မြင့်ခြင်း
  • နို့မစို့ခြင်း သို့မဟုတ် ပုံမှန်ထက် သိသိသာသာ နို့စို့နည်းခြင်း
  • အလွန်ပြင်းထန်စွာ သို့မဟုတ် ပုံမှန်နှင့်မတူဘဲ ငိုယိုခြင်း၊ ချော့မြှူ၍မရခြင်း
  • ကလေးအလွန်မှိန်းခြင်း၊ နိုးရန်ခက်ခြင်း သို့မဟုတ် တုံ့ပြန်မှု ပုံမှန်မဟုတ်ခြင်း
  • အသက်ရှူရခက်ခြင်း၊ နှုတ်ခမ်း သို့မဟုတ် အရေပြား ပြာလာခြင်း
  • အစိမ်းရောင်အန်ခြင်း၊ အန်သည့် အကြိမ်အရေများခြင်း သို့မဟုတ် ဝမ်းဗိုက်ဖောင်းတင်းခြင်း
  • ဝမ်းထဲ သွေးပါခြင်း
  • ဆီးသွားနည်းခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများရှိခြင်း
  • ကိုယ်အလေးချိန် မတက်ခြင်း သို့မဟုတ် ကြီးထွားမှု မကောင်းခြင်း
  • ငိုယိုမှုသည် အသက် ၄ လ မှ ၆ လကျော်သည်အထိ ဆက်လက်ပြင်းထန်နေခြင်း တို့ဖြစ်သည်။

မိဘ သို့မဟုတ် စောင့်ရှောက်သူက ကလေး၏ ငိုယိုမှုနှင့်ပတ်သက်၍ စိုးရိမ်နေပါက စိုးရိမ်ဖွယ်လက္ခဏာ မရှိသော်လည်း ဆရာဝန်နှင့် တိုင်ပင်နိုင်သည်။

ရောဂါရှာဖွေခြင်း

လေထိုးလေအောင့်ခြင်းကို သီးခြားသွေးစစ်ဆေးမှု သို့မဟုတ် ဓာတ်မှန်စစ်ဆေးမှုတစ်ခုဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။ ဆရာဝန်သည် ကလေး၏ ငိုယိုသည့်ပုံစံ၊ နို့တိုက်ကျွေးမှု၊ အန်ခြင်းနှင့် ဝမ်းသွားခြင်း၊ အိပ်စက်မှု၊ ဖျားနာမှုနှင့် ကြီးထွားမှုတို့ကို မေးမြန်းပြီး စနစ်တကျ ကိုယ်ခန္ဓာစစ်ဆေးမည်ဖြစ်သည်။

ကလေး၏ ကိုယ်အလေးချိန်နှင့် ကြီးထွားမှု၊ ကိုယ်အပူချိန်နှင့် အထွေထွေအခြေအနေ၊ နှလုံး၊ အဆုတ်နှင့် ဝမ်းဗိုက်၊ မျက်စိ၊ နား၊ ပါးစပ်၊ အရေပြား၊ လက်ချောင်းနှင့် ခြေချောင်းများအပါအဝင် နာကျင်မှု သို့မဟုတ် ဖျားနာမှု ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများ ရှိမရှိကို စစ်ဆေးမည်ဖြစ်သည်။

ကလေးသည် ကျန်းမာ၍ ကြီးထွားမှုကောင်းပြီး စိုးရိမ်ဖွယ်လက္ခဏာများ မရှိပါက သွေးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း သို့မဟုတ် အခြားစစ်ဆေးမှုများကို ပုံမှန်အားဖြင့် မလိုအပ်ပါ။ အခြားရောဂါတစ်ခုကို သံသယရှိမှသာ လိုအပ်သည့် စစ်ဆေးမှုများကို ရွေးချယ်ပြုလုပ်မည်ဖြစ်သည်။

ကုသခြင်း

လေထိုးလေအောင့်ခြင်းအတွက် ကလေးတိုင်းတွင် ထိရောက်သော သီးခြားဆေးဝါး သို့မဟုတ် ကုသနည်းတစ်မျိုးတည်း မရှိပါ။ ကုသစောင့်ရှောက်မှု၏ အဓိကရည်ရွယ်ချက်မှာ ကလေးကို သက်သောင့်သက်သာဖြစ်စေရန်၊ ပုံမှန်နို့တိုက်ကျွေးမှု ဆက်လက်ရရှိစေရန်နှင့် မိဘ၊ စောင့်ရှောက်သူများ၏ စိတ်ဖိစီးမှုကို လျှော့ချရန်ဖြစ်သည်။

  1. ကလေးကို သက်သာစေခြင်း
    • ကလေးတစ်ဦးနှင့်တစ်ဦး သက်သာစေသောနည်းလမ်း မတူနိုင်သဖြင့် အောက်ပါ ရိုးရှင်းပြီး ဘေးကင်းသော နည်းလမ်းများကို စမ်းသပ်အသုံးပြုနိုင်သည်
      • ကလေးကို ချီပွေ့၍ ဖြည်းညင်းစွာ လှုပ်ရှားပေးခြင်း
      • အသားချင်းထိတွေ့၍ ချီထားခြင်း (Skin-to-skin contact)
      • ပတ်ဝန်းကျင်ကို တိတ်ဆိတ်အေးချမ်းစေပြီး အလင်းရောင်နှင့် အသံကဲ့သို့သော လှုံ့ဆော်မှုများကို လျှော့ချပေးခြင်း
      • နူးညံ့သောအသံဖြင့် စကားပြောခြင်း၊ သီချင်းဆိုပေးခြင်း သို့မဟုတ် အသံညင်သာညီညာသော White noise ကို အသုံးပြုခြင်း
      • ကလေးအသက်နှင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် ဘေးကင်းစွာ အနှီးပတ်ထုပ်ပေးခြင်း (Swaddling) တို့ကို ပြုလုပ်နိုင်သည်။
    • ကလေးအိပ်ပျော်သွားပါက ကျောပေါ်လှဲ၍ မာကျောပြန့်ပြူးသော သီးသန့်ကလေးအိပ်ရာပေါ်တွင် အိပ်စေရန် အရေးကြီးသည်၊ ဆိုဖာ၊ လူကြီးအိပ်ရာ၊ ပုခက်၊ ကလေးလှုပ်ခုံ သို့မဟုတ် အခြားထိုင်ခုံများကို ပုံမှန်အိပ်စက်ရန် နေရာအဖြစ် မသုံးသင့်ပါ
  2. နို့တိုက်ကျွေးမှု
    ကလေးကို ဆာလောင်သည့် လက္ခဏာများအလိုက် သင့်လျော်စွာ နို့တိုက်ပေးပြီး နို့တိုက်စဉ် ကလေး၏ ပါးစပ်နှင့် နို့သီးခေါင်း ကောင်းစွာချိတ်ဆက်နိုင်ခြင်းနှင့် နို့တိုက်ကျွေးပုံ မှန်ကန်မှုကို စစ်ဆေးသင့်သည်။ နို့ဘူးတိုက်သော ကလေးများတွင်လည်း ကလေးကို အလွန်အကျွံ မတိုက်မိစေရန်နှင့် နို့တိုက်နေစဉ် လေမျိုချမှု နည်းစေရန် သင့်လျော်သော နို့တိုက်နည်းကို အသုံးပြုနိုင်သည်။ နို့တိုက်နေစဉ်နှင့် နို့တိုက်ပြီးနောက် လိုအပ်သလို လေထုတ်ပေးနိုင်သည်။
    လေထိုးလေအောင့်ခြင်းတစ်ခုတည်းကြောင့် မိခင်နို့တိုက်ကျွေးခြင်းကို ရပ်တန့်ရန် မလိုအပ်ပါ။
  3. အစားအသောက်နှင့် ဖော်မြူလာ ပြောင်းလဲခြင်း
    လေထိုးလေအောင့်ခြင်းရှိသော ကလေးတိုင်းတွင် မိခင်၏ အစားအသောက်များကို အမျိုးမျိုးကန့်သတ်ခြင်း သို့မဟုတ် ဖော်မြူလာနို့ကို မကြာခဏ ပြောင်းလဲခြင်း မလိုအပ်ပါ။
    နွားနို့ပရိုတင်းဓာတ်မတည့်ခြင်း (Cow’s milk protein allergy) ကို သံသယဖြစ်စေသော လက္ခဏာများရှိပါက ဆရာဝန်၏ အကြံပြုချက်ဖြင့်သာ နို့တိုက်မိခင်တွင် နို့နှင့်နို့ထွက်ပစ္စည်းများကို ယာယီရှောင်ကြဉ်ခြင်း သို့မဟုတ် ဖော်မြူလာနို့တိုက်ကလေးတွင် နို့ပရိုတင်းကို အလွန်သေးငယ်စွာ ခွဲခြမ်းထားသည့် ဖော်မြူလာနို့(Extensively hydrolyzed formula) ကို အချိန်ကန့်သတ်၍ စမ်းသပ်အသုံးပြုနိုင်သည်။ အစားအသောက်ကန့်သတ်မှုများ ပြုလုပ်ပါက ကလေးနှင့် မိခင်၏ အာဟာရလုံလောက်မှုကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
မိဘနှင့် စောင့်ရှောက်သူများအတွက် ကူညီထောက်ပံ့ခြင်း

ကလေး၏ အချိန်ကြာမြင့်စွာ ငိုယိုမှုသည် မိဘနှင့် စောင့်ရှောက်သူများကို အလွန်ပင်ပန်းစေနိုင်သည်။ မိသားစုဝင်များအလှည့်ကျ ပြုစုခြင်း၊ အနားယူရန် အချိန်ယူခြင်းနှင့် လိုအပ်ပါက မိသားစု၊ မိတ်ဆွေ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းများထံမှ အကူအညီတောင်းခံခြင်းသည် အရေးကြီးသည်။

ကလေးငိုနေစဉ် စိတ်ဖိစီးမှု မထိန်းနိုင်တော့သကဲ့သို့ ခံစားရပါက ကလေးကို လုံခြုံသော ကလေးအိပ်ရာတွင် ခဏထားပြီး မိမိကိုယ်ကို စိတ်ငြိမ်အောင် အချိန်ယူသင့်သည်။ ကလေးကို မည်သည့်အခါမျှ ပြင်းထန်စွာ လှုပ်ခါခြင်း မပြုလုပ်သင့်ပါ။

Probiotics နှင့် အခြားကုထုံးများ

Probiotics ၏ အကျိုးသက်ရောက်မှုသည် အသုံးပြုသည့် ပိုးမျိုးစိတ်နှင့် ကလေး၏ နို့တိုက်ကျွေးမှုပုံစံအပေါ် မူတည်၍ ကွာခြားနိုင်သည်။ Lactobacillus reuteri DSM 17938 သည် မိခင်နို့အဓိကတိုက်ကျွေးသော colic ရှိသည့် ကလေးအချို့တွင် ငိုယိုချိန် လျော့နည်းစေနိုင်ကြောင်း လေ့လာမှုများရှိသော်လည်း ကလေးအားလုံးအတွက် ပုံမှန်အသုံးပြုရန် အထောက်အထား မလုံလောက်သေးပါ။ ထို့ကြောင့် probiotic အသုံးပြုလိုပါက ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်သင့်သည်။

Gripe water၊ ဆေးဖက်ဝင်အပင်ထုတ်ကုန်များ၊ herbal tea၊ သကြားရည်နှင့် အခြားအစားထိုးကုထုံးများသည် လေထိုးလေအောင့်ခြင်းကို ထိရောက်စွာကုသနိုင်ကြောင်း ခိုင်မာသောအထောက်အထား မရှိသေးပါ။ ထို့အပြင် လသားအရွယ်ကလေးကို မိခင်နို့ သို့မဟုတ် ဖော်မြူလာနို့အစား အခြားအရည်များ ပေးခြင်းသည် နို့သောက်သုံးမှုနှင့် အာဟာရရရှိမှုကို လျော့နည်းစေနိုင်သဖြင့် ဆရာဝန်၏ အကြံပြုချက်မရှိဘဲ မပေးသင့်ပါ။

ကာကွယ်ခြင်း

လေထိုးလေအောင့်ခြင်း ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို အတိအကျ မသိရှိသေးသောကြောင့် လုံးဝမဖြစ်အောင် ကာကွယ်နိုင်သည့် နည်းလမ်း မရှိသေးပါ။ သို့သော် သင့်လျော်သော နို့တိုက်ကျွေးမှု၊ ဘေးကင်းသော ကလေးပြုစုစောင့်ရှောက်မှုနှင့် မိဘ၊ စောင့်ရှောက်သူများအတွက် လုံလောက်သော အထောက်အပံ့ရရှိခြင်းတို့ဖြင့် ကလေး၏ ငိုယိုမှုနှင့် မိသားစုအပေါ် သက်ရောက်မှုကို လျှော့ချနိုင်သည်။

References:

  1. Garrison, M. M., & Christakis, D. A. (2015). Infantile colic: Recognition and treatment. American Family Physician, 92(7), 577–582. https://www.aafp.org/afp/2015/1001/p577
  2. Mayo Clinic. (n.d.). Colic: Diagnosis and treatment. Retrieved August 28, 2026, from https://www.mayoclinic.org/diseases-conditions/colic/diagnosis-treatment/drc-20371081
  3. Mayo Clinic. (n.d.). Colic: Symptoms and causes. Retrieved August 28, 2026, from https://www.mayoclinic.org/diseases-conditions/colic/symptoms-causes/syc-20371074
  4. National Health Service. (n.d.). Colic. Retrieved August 28, 2026, from https://www.nhs.uk/conditions/colic/
  5. National Health Service. (n.d.). Colic. Retrieved August 28, 2026, from https://www.nhs.uk/best-start-in-life/baby/feeding-your-baby/breastfeeding/breastfeeding-challenges/colic/
  6. StatPearls Publishing. (2025). Infantile colic. In StatPearls. Retrieved August 28, 2026, from https://www.ncbi.nlm.nih.gov/books/NBK518962/
  7. WebMD. (n.d.). What is colic? Retrieved August 28, 2026, from https://www.webmd.com/parenting/baby/what-is-colic

Published: 23 October 2026

Share

17 September 2026
Medically reviewed:

Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။

Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.