ခြေဖဝါးခုံးလွန်းခြင်း (Pes Cavus/High Arch Feet) ဆိုသည်မှာ ခြေဖဝါးအတွင်းဘက်ရှိ ခြေဖဝါးခုံး (Arch of Foot) သည် ပုံမှန်ထက် ပိုမိုမြင့်မားခုံးနေသည့် အခြေအနေကို ခေါ်ဆိုသည်။ ခြေဖဝါးခုံး မြင့်မားလွန်းခြင်းကြောင့် မတ်တပ်ရပ်ခြင်းနှင့် လမ်းလျှောက်ခြင်းတို့တွင် ခန္ဓာကိုယ်အလေးချိန်နှင့် ဖိအားကို ခြေဖဝါးတစ်လျှောက် မျှတစွာ ဖြန့်ဝေနိုင်မှု လျော့နည်းသွားပြီး ခြေထောက်နာကျင်ခြင်းနှင့် မတည်ငြိမ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ အချို့သူများတွင် အချိန်ကြာလာသည်နှင့်အမျှ ခြေဖဝါးနှင့် ခြေချောင်းပုံသဏ္ဌာန်များပါ ပြောင်းလဲလာနိုင်သည်။ အထူးသဖြင့် ခြေဖဝါးခုံးသည် တဖြည်းဖြည်း ပိုမိုမြင့်လာခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပိုမိုပြောင်းလဲလာခြင်းသည် အာရုံကြောနှင့် ကြွက်သားဆိုင်ရာ နောက်ခံရောဂါအခြေအနေတစ်ခုနှင့် ဆက်စပ်နေနိုင်သည်။
ခြေဖဝါးခုံးသည် ခြေဖနောင့်နှင့် ခြေဖဝါးရှေ့ပိုင်းကြားရှိ ကွေးညွှတ်နိုင်သော အစိတ်အပိုင်းဖြစ်ပြီး မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းတို့တွင် ခန္ဓာကိုယ်အလေးချိန်ကို ဖြန့်ဝေပေးခြင်း၊ ရိုက်ခတ်မှုဒဏ်ကို စုပ်ယူလျှော့ချပေးခြင်းနှင့် ဟန်ချက်ထိန်းသိမ်းပေးခြင်းတို့တွင် အရေးပါသည်။ ပုံမှန်ခြေဖဝါးခုံးသည် ကိုယ်အလေးချိန် သက်ရောက်လာသောအခါ အနည်းငယ် ပြားဆင်း၍ လိုက်လျောညီထွေ ကွေးညွှတ်ပေးနိုင်သည်။
ခြေဖဝါး ခုံးလွန်းသူများတွင်မူ မတ်တပ်ရပ်၍ ကိုယ်အလေးချိန် သက်ရောက်နေချိန်တွင်ပင် ခြေဖဝါးခုံးသည် မြင့်မားစွာ ဆက်လက်တည်ရှိပြီး ပုံမှန်ကဲ့သို့ ပြားဆင်းနိုင်မှု နည်းပါးတတ်သည်။ ထို့ကြောင့် စိုစွတ်သောခြေဖြင့် မြေပြင်ပေါ် နင်းကြည့်သည့်အခါ ခြေဖနောင့်နှင့် ခြေဖဝါးရှေ့ပိုင်းကို ဆက်သွယ်ထားသော ခြေရာအလယ်ပိုင်းသည် အရှေ့ အနောက် အလွန်ဝေးနေခြင်း သို့မဟုတ် မထင်ရှားခြင်းကို တွေ့ရနိုင်သည်။
ခြေဖဝါး ခုံးလွန်းခြင်းသည် ခြေထောက်တစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်ပေါ်နိုင်ပြီး အချို့သူများတွင် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုသိသာလာနိုင်သည်။ ခြေဖဝါးခုံး မြင့်မားလွန်းပြီး ခြေဖဝါး၏ ကွေးညွှတ်နိုင်စွမ်း လျော့နည်းလာပါက ကိုယ်အလေးချိန်နှင့် ဖိအားသည် အဓိကအားဖြင့် ခြေဖနောင့်နှင့် ခြေဖဝါးရှေ့ပိုင်းတို့အပေါ် ပိုမိုသက်ရောက်လာသည်။ ယင်းကြောင့် ခြေထောက်နာကျင်ခြင်း၊ လမ်းလျှောက်ပုံ ပြောင်းလဲခြင်းနှင့် ခြေကျင်းဝတ် မတည်ငြိမ်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
ခြေဖဝါး ခုံးလွန်းခြင်းရောဂါသည် ရောဂါအကြောင်းအရင်း အတိအကျမသိဘဲလည်း ဖြစ်ပွားနိုင်သကဲ့သို့ အောက်ပါအကြောင်းရင်း တစ်ခုခုကြောင့် ဖြစ်ပွားလေ့ရှိသည်။
- အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါများ (Neuromuscular disorders)
မျိုးရိုးလိုက် အာရုံကြောနှင့် ကြွက်သားရောဂါ (Charcot-Marie-Tooth disease)၊ ကြွက်သားအားနည်း ပျက်စီးရောဂါ (Muscular dystrophy)၊ မွေးရာပါ ကျောရိုးကွင်းမဆက်ခြင်း (Spina bifida occulta)၊ စီပီရောဂါ (Cerebral palsy)၊ ပိုလီယိုအကြောသေရောဂါကဲ့သို့သော ရောဂါများသည် ဦးနှောက်နှင့် အာရုံကြောများမှ ကြွက်သားများသို့ သတင်းအချက်အလက် ပို့ဆောင်မှုကို ထိခိုက်စေပြီး ကြွက်သားအချို့ကို အလုပ်မလုပ်နိုင်တော့အောင် ဖြစ်စေသည်။ အချို့သော ကြွက်သားများ ပုံမှန်မဟုတ်ဘဲ အားနည်းသွားသောအခါ အခြားကြွက်သားများက ပုံမှန်မဟုတ်ဘဲ တင်းကြပ်လာပြီး ခြေဖဝါးကို ပုံသဏ္ဌာန်ပျက်အောင် ဆွဲယူလိုက်ကြသဖြင့် ခြေထောက်၏ခြေခုံးကို မြင့်တက်လာစေနိုင်သည်။ - ဒဏ်ရာရရှိခြင်းနှင့် အကြောများ ကျုံ့သွားခြင်း
အရိုးများ မညီမညာ ဆက်သွားခြင်းကြောင့် ကြွက်သားနှင့် အရွတ်ကြောများ မညီမျှမှုကို ဖြစ်စေနိုင်သည်။ ဒဏ်ရာရပြီးနောက် လှုပ်ရှားမှု နည်းလွန်းပါက ကြွက်သားများ တင်းကြပ်ကျုံ့ဝင်သွားနိုင်သည်။ - မျိုးရိုးလိုက်ခြင်း (Genetics)
လူအများအပြားတွင် ခြေဖဝါး ခုံးလွန်းခြင်းရောဂါသည် မျိုးရိုးလိုက်၍ ဖြစ်ပွားတတ်ပြီး သိသာထင်ရှားသော အာရုံကြော သို့မဟုတ် ကြွက်သားဆိုင်ရာ ချို့ယွင်းချက် မရှိဘဲ ပုံမှန်အားဖြင့်ပင် လက္ခဏာ ပေါ်ပေါက်လာတတ်သည်။
ဖြစ်ပွါးနိုင်ခြေများသူများ
ခြေဖဝါး ခုံးလွန်းခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသူများမှာ_
- ခြေထောက် သို့မဟုတ် ခြေကျင်းဝတ် ဒဏ်ရာရရှိဖူးသူများ
- အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါရှိသူများ
- ကျောရိုး အကျိတ် (Spinal tumors)ရောဂါရှိသူများ
- လေဖြတ်ရောဂါ (Stroke) ရှိသူများ
- ရူမတွိုက် အဆစ်အမြစ်ရောင် ရောဂါ (rheumatoid arthritis) ရှိသူများ
- ဆီးချိုရောဂါရှိသူများ
- မိသားစုတွင် ခြေဖဝါး ခုံးလွန်းသည့် ရာဇဝင်ရှိသူများ
ရောဂါလက္ခဏာများ
ပုံမှန်ခြေဖဝါးသည် လမ်းလျှောက်သည့်အခါ ခြေဖဝါးအပြင်ဘက်မှ အတွင်းဘက်သို့ အနည်းငယ် စောင်းဝင်ခြင်း (Pronation) ဖြစ်ပေါ်ပြီး ရိုက်ခတ်မှုဒဏ်ကို စုပ်ယူလျှော့ချပေးကာ မညီညာသော မြေမျက်နှာပြင်များနှင့် လိုက်လျောညီထွေဖြစ်စေရန် ကူညီပေးသည်။ ခြေဖဝါး ခုံးလွန်းသူများတွင်မူ ခြေဖဝါးသည် ပိုမိုတောင့်တင်းပြီး ပုံမှန်အတိုင်း ကွေးညွှတ်၍ စောင်းဝင်နိုင်မှု နည်းပါးတတ်သည်။ ထို့ကြောင့် ကိုယ်အလေးချိန်နှင့် ဖိအားသည် ခြေဖဝါးအပြင်ဘက်၊ ခြေဖနောင့်နှင့် ခြေဖဝါးရှေ့ပိုင်းတို့တွင် ပိုမိုသက်ရောက်နိုင်ပြီး အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်သည်။
- ခြေထောက် နာကျင်ခြင်း (Foot pain) – ခြေဖနောင့်၊ ခြေဖဝါးခုံး သို့မဟုတ် ခြေဖဝါးရှေ့ပိုင်းတို့တွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း
- အရေပြား မာကျောခြင်း (Calluses) – ဖိအားပိုမိုသက်ရောက်သည့် ခြေဖနောင့်၊ ခြေဖဝါးရှေ့ပိုင်း သို့မဟုတ် ခြေဖဝါးအပြင်ဘက်တို့တွင် အရေပြားထူထဲမာကျောလာပြီး နာကျင်ခြင်း
- ခြေချောင်းများ ကွေးကောက်ခြင်း (Claw Toes/Hammertoes) – ခြေချောင်းများ ပုံမှန်အနေအထားမှ ကွေးကောက်၍ ပုံသဏ္ဌာန်ပြောင်းလဲလာခြင်း
- ခြေကျင်းဝတ် မတည်ငြိမ်ခြင်း (Ankle instability) – ခြေဖဝါးအပြင်ဘက်သို့ ကိုယ်အလေးချိန် ပိုမိုသက်ရောက်ခြင်းကြောင့် ခြေကျင်းဝတ် မကြာခဏ ခေါက်ခြင်း သို့မဟုတ် လိမ်ခြင်း ဖြစ်နိုင်ခြေ မြင့်တက်ခြင်း
- ဖိနပ်စီးရခက်ခဲခြင်း (Difficulty finding comfortable shoes) – ခြေဖဝါးခုံးမြင့်ခြင်းနှင့် ခြေထောက်ပုံသဏ္ဌာန် ပြောင်းလဲခြင်းတို့ကြောင့် သင့်လျော်သောဖိနပ် ရွေးချယ်ရခက်ခဲခြင်း သို့မဟုတ် ဖိနပ်စီးရာတွင် မသက်မသာဖြစ်ခြင်း
နောက်ဆက်တွဲပြဿနာများ
ခြေဖဝါး ခုံးလွန်းခြင်းသည် လူတိုင်းတွင် နောက်ဆက်တွဲပြဿနာများ ဖြစ်စေမည်မဟုတ်သော်လည်း ပြင်းထန်သော သို့မဟုတ် တဖြည်းဖြည်း ပိုမိုဆိုးရွားလာသော အခြေအနေများတွင် ခြေဖဝါး၏ ပုံသဏ္ဌာန်နှင့် လမ်းလျှောက်ပုံ ပြောင်းလဲလာနိုင်သည်။ ခြေဖဝါး၏ အချို့နေရာများတွင် ဖိအားထပ်ခါတလဲလဲ သက်ရောက်ခြင်းနှင့် ခြေကျင်းဝတ် မတည်ငြိမ်ခြင်းတို့ကြောင့် အောက်ပါပြဿနာများ ဖြစ်ပေါ်နိုင်သည်။
- ခြေဖဝါးရှေ့ပိုင်း နာကျင်ခြင်း (Metatarsalgia)
- ခြေဖဝါးအောက်ရှိ အကြောမျှင်ရောင်ရမ်းနာကျင်ခြင်း (Plantar fasciitis)
- ခြေကျင်းဝတ်အပြင်ဘက်ရှိ အရွတ်ကြောများ ရောင်ရမ်းနာကျင်ခြင်း (Peroneal tendinopathy)
- ခြေကျင်းဝတ် မကြာခဏ ခေါက်ခြင်း သို့မဟုတ် လိမ်ခြင်း (Recurrent ankle sprains)
- ခြေဖဝါးနှင့် ခြေကျင်းဝတ် အဆစ်များ ယိုယွင်းနာကျင်ခြင်း (Arthritis)
- ခြေဖဝါးနှင့် ခြေကျင်းဝတ်အရိုးများတွင် ဖိအားကြောင့် အက်ကွဲခြင်း (Stress fractures)
- ခြေချောင်းများ ပိုမိုကွေးကောက်၍ ပုံသဏ္ဌာန်ပြောင်းလဲလာခြင်း
- လမ်းလျှောက်ပုံ ပြောင်းလဲခြင်းနှင့် ဟန်ချက်ထိန်းရခက်ခဲခြင်း
ဆေးရုံ၊ ဆေးခန်းပြသရန်
ခြေဖဝါးခုံးလွန်းခြင်းသည် လူတိုင်းတွင် ပြဿနာဖြစ်စေခြင်း မရှိသဖြင့် နာကျင်မှုမရှိဘဲ နေ့စဉ်လှုပ်ရှားမှုများကို မထိခိုက်ပါက အထူးကုသမှု မလိုအပ်နိုင်ပါ။ သို့သော် အောက်ပါအခြေအနေများရှိပါက မိသားစုဆရာဝန်နှင့် ပြသစစ်ဆေးသင့်သည်။
- ခြေထောက် သို့မဟုတ် ခြေကျင်းဝတ် နာကျင်ခြင်း
- လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် နေ့စဉ်လှုပ်ရှားမှုများတွင် အခက်အခဲရှိခြင်း
- ခြေကျင်းဝတ် မကြာခဏ ခေါက်ခြင်း သို့မဟုတ် လိမ်ခြင်း
- ခြေချောင်းများ ကွေးကောက်လာခြင်း သို့မဟုတ် ခြေထောက်ပုံသဏ္ဌာန် ပြောင်းလဲလာခြင်း
- ခြေဖဝါးခုံးသည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုမြင့်မားလာခြင်း
- ခြေထောက်အားနည်းခြင်း၊ ထုံကျဉ်ခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း သို့မဟုတ် လမ်းလျှောက်ပုံ ပြောင်းလဲလာခြင်း
အထူးသဖြင့် ခြေဖဝါးခုံးသည် တဖြည်းဖြည်း ပိုမိုမြင့်လာခြင်း၊ ခြေထောက်အားနည်းခြင်း သို့မဟုတ် အာရုံကြောဆိုင်ရာ လက္ခဏာများ တွဲဖက်ပေါ်ပေါက်လာခြင်း ရှိပါက နောက်ခံ အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါအခြေအနေ ရှိမရှိ ဆက်လက်စစ်ဆေးရန် အရေးကြီးသည်။ လိုအပ်ပါက အရိုးအထူးကုဆရာဝန် (Orthopedic Surgeon)၊ ခြေထောက်ဆိုင်ရာ အထူးကုဆရာဝန် (Podiatrist) သို့မဟုတ် ဦးနှောက်အာရုံကြောအထူးကုဆရာဝန်ထံ ညွှန်းပို့စစ်ဆေးနိုင်သည်။
အရေးပေါ်ပြသရန်
နာကျင်မှုမရှိဘဲ အခြားလက္ခဏာမရှိသော ခြေဖဝါးခုံးလွန်းခြင်းအတွက် အရေးပေါ်ကုသမှု ခံယူရန် မလိုအပ်ပါ။ သို့သော် ခြေဖဝါးခုံးလွန်းခြင်းနှင့်အတူ အောက်ပါအခြေအနေများ ရုတ်တရက် ဖြစ်ပေါ်လာပါက အရေးပေါ်ဆေးကုသမှု ခံယူသင့်သည်။
- ခြေထောက်၊ ခြေကျင်းဝတ် သို့မဟုတ် ခြေသလုံးတွင် ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းခြင်း
- လမ်းမလျှောက်နိုင်ခြင်း သို့မဟုတ် ခြေထောက်ပေါ် ကိုယ်အလေးချိန် မတင်နိုင်ခြင်း
- ဖျားခြင်း၊ မကျန်းမာခြင်းတို့နှင့်အတူ ခြေထောက်နာကျင်ရောင်ရမ်းခြင်း သို့မဟုတ် ထော့နဲ့ထော့နဲ့ လျှောက်ခြင်း ရုတ်တရက် ဖြစ်ပေါ်လာခြင်း
- ပြင်းထန်သော ထိခိုက်ဒဏ်ရာရပြီးနောက် ခြေထောက် သို့မဟုတ် ခြေကျင်းဝတ် ပုံသဏ္ဌာန်ပြောင်းလဲခြင်း၊ ပြင်းထန်စွာ နာကျင်ခြင်း သို့မဟုတ် လမ်းမလျှောက်နိုင်ခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်မှ လူနာ၏ ရောဂါရာဇဝင်ကို အသေးစိတ်မေးမြန်းပြီး ခြေဖဝါး၏ ပုံသဏ္ဌာန်၊ လှုပ်ရှားမှုနှင့် မတ်တပ်ရပ် လမ်းလျှောက်ပုံတို့ကို စမ်းသပ်စစ်ဆေးမှုများပြုလုပ်ကာ ရောဂါအတည်ပြုမည်ဖြစ်သည်။ ထို့ပြင်လူနာ နေ့စဉ်စီးလေ့ရှိသော ဖိနပ်များကိုပါ လေ့လာစစ်ဆေးမည်ဖြစ်သည်။ ခြေဖဝါးခုံးလွန်းရသည့်အကြောင်းရင်းကို အဖြေရှာရရန်နှင့် ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိရှိနိုင်ရန် အောက်ပါပုံရိပ်ဖော်စစ်ဆေးမှုများကိုပါ ဆက်လက်လုပ်ဆောင်ရနိုင်သည်။
- ဓာတ်မှန်ရိုက်ခြင်း (X-rays) – ခြေဖဝါးအရိုးများနှင့် အဆစ်များ၏ ပုံရိပ်များကို ရယူနိုင်ပြီး၊ ခြေဖဝါး အနေအထား စစ်ဆေးခြင်းနှင့် အဆစ်ရောင်ရောဂါ ရှိမရှိ စိစစ်ဖော်ထုတ်နိုင်သည်
- ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT scan) – ရိုးရိုးဓာတ်မှန် (X-ray) ထက် ပိုမိုအသေးစိတ်ကျသော အချက်အလက်များကို ပေးစွမ်းနိုင်သည်
- အာထရာဆောင်းရိုက်ခြင်း (Ultrasound) – ကြွက်သားကြော ဒဏ်ရာရရှိမှု ရှိမရှိ ဆုံးဖြတ်ရန်အတွက် ခြေဖဝါးအတွင်းရှိ နူးညံ့သော တစ်ရှူးများ၏ ပုံရိပ်များကို ရယူပေးနိုင်သည်၊ အာထရာဆောင်းသည် အသံလှိုင်းများကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ အရွတ်ကြောများကဲ့သို့သော အပျော့စားတစ်ရှူးများ၏ အသေးစိတ်ပုံရိပ်များကို ထုတ်လုပ်ပေးသည်
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – MRI သည် အရိုးကြွက်သားနှင့် အရွတ်ကြောအပါအဝင် အပျော့စားတစ်ရှူး တို့၏ အလွန်ကောင်းမွန်သော အသေးစိတ်ပုံရိပ်များကို ပေးစွမ်းနိုင်သည်
- အာရုံကြော လျှပ်စီးကြောင်း စစ်ဆေးမှု (Nerve conduction study) – အကယ်၍ အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါဟု သံသယရှိပါက EMG စစ်ဆေးမှု သို့မဟုတ် အာရုံကြော လျှပ်စီးကြောင်း စစ်ဆေးမှု (Nerve conduction study) ပြုလုပ်ရန် အကြံပြုနိုင်သည်။
ကုသခြင်း
ခြေဖဝါးခုံးလွန်းခြင်းကို ကုသရာတွင် နာကျင်မှုနှင့် လှုပ်ရှားမှုထိခိုက်မှု အတိုင်းအတာ၊ ခြေဖဝါးပုံသဏ္ဌာန် ပြောင်းလဲမှု၊ ခြေဖဝါးသည် ကွေးညွှတ်နိုင်ခြင်းရှိမရှိနှင့် ဖြစ်ပေါ်စေသော နောက်ခံအကြောင်းရင်းတို့အပေါ် မူတည်၍ ကုသမှုရွေးချယ်သည်။ နာကျင်မှုမရှိဘဲ နေ့စဉ်လှုပ်ရှားမှုကို မထိခိုက်သော အခြေအနေများတွင် ပုံမှန်အားဖြင့် ကုသမှုမလိုအပ်ဘဲ စောင့်ကြည့်နိုင်သည်။ ရောဂါလက္ခဏာရှိသော သို့မဟုတ် တဖြည်းဖြည်း ပိုမိုဆိုးရွားလာသော အခြေအနေများတွင်မူ ခွဲစိတ်မှုမဟုတ်သော ကုသနည်းများကို ဦးစွာအသုံးပြုနိုင်ပြီး ပြင်းထန်သော ပုံသဏ္ဌာန်ပျက်ယွင်းမှု၊ တောင့်တင်းမှု သို့မဟုတ် နာကျင်မှုရှိပါက ခွဲစိတ်ကုသမှု လိုအပ်နိုင်သည်။ ထို့ကြောင့် ခြေဖဝဝါးမာတောင့်မသွားမီ ကုသမှုကိုစတင်သင့်သည်။
အထူးသဖြင့် ခြေဖဝါးခုံး တဖြည်းဖြည်း ပိုမိုမြင့်လာခြင်း သို့မဟုတ် ခြေထောက်ပုံသဏ္ဌာန် ပြောင်းလဲလာခြင်း ရှိပါက နောက်ခံအာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါရှိမရှိ ရှာဖွေ၍ ကုသရန်လည်း အရေးကြီးသည်။
ခွဲစိတ်မှုမဟုတ်သော ကုသနည်းများ (Non-operative Treatment)
ခွဲစိတ်မှုမဟုတ်သော ကုသမှုများ၏ အဓိကရည်ရွယ်ချက်မှာ ခြေဖဝါးပေါ်သို့ သက်ရောက်သော ဖိအားကို ပိုမိုမျှတစွာ ဖြန့်ဝေပေးခြင်း၊ ခြေကျင်းဝတ်ကို တည်ငြိမ်စေခြင်း၊ နာကျင်မှုကို သက်သာစေခြင်းနှင့် လမ်းလျှောက်နိုင်စွမ်းကို ကောင်းမွန်စေခြင်းတို့ဖြစ်သည်။ ယင်းကုသမှုများသည် လက္ခဏာများကို ထိန်းချုပ်ရာတွင် အထောက်အကူပြုသော်လည်း ခြေဖဝါးပုံသဏ္ဌာန်ကို အမြဲတမ်း ပြန်လည်ပြုပြင်ပေးနိုင်ခြင်း မရှိပါ။
- သီးသန့်ပြုလုပ်ထားသော အထောက်အကူပြုကိရိယာများ (Custom Orthotics)
ခြေဖဝါးပုံသဏ္ဌာန်နှင့် ကိုက်ညီသော ဖိနပ်အတွင်းခံများ သို့မဟုတ် အထောက်အကူပြုဖိနပ်များသည် ခြေဖဝါးပေါ်ရှိ ဖိအားကို ပိုမိုမျှတစွာ ဖြန့်ဝေပေးပြီး နာကျင်မှုနှင့် မသက်မသာဖြစ်မှုကို လျှော့ချပေးနိုင်သည်။ - ခြေကျင်းဝတ်ထိန်း ကိရိယာများ (Braces)
ခြေကျင်းဝတ် မတည်ငြိမ်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်းရှိသူများတွင် ခြေထောက်နှင့် ခြေကျင်းဝတ်ကို ထောက်ပံ့၍ လမ်းလျှောက်ရာတွင် ပိုမိုတည်ငြိမ်စေနိုင်သည်။ - ကာယကုထုံး (Physical Therapy)
ကြွက်သားများ၏ သန်မာမှု၊ ကွေးညွှတ်နိုင်စွမ်းနှင့် ဟန်ချက်ထိန်းနိုင်စွမ်းကို တိုးတက်စေသော လေ့ကျင့်ခန်းများ၊ တင်းကျပ်နေသော ကြွက်သားနှင့် အရွတ်ကြောများကို ဆန့်ပေးသည့် လေ့ကျင့်ခန်းများက လှုပ်ရှားမှုနှင့် ခြေကျင်းဝတ်တည်ငြိမ်မှုကို ကောင်းမွန်စေနိုင်သည်။ - နာကျင်မှု သက်သာစေခြင်း (Pain Relief)
လိုအပ်ပါက သင့်လျော်သော အကိုက်အခဲပျောက်ဆေးများနှင့် ရေခဲကပ်ခြင်းတို့ကို အသုံးပြု၍ နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေနိုင်သည်။
ခွဲစိတ်ကုသခြင်း (Operative Treatment)
ခွဲစိတ်မှုမဟုတ်သော ကုသနည်းများဖြင့် လုံလောက်စွာ မသက်သာဘဲ နာကျင်မှုကြောင့် နေ့စဉ်လှုပ်ရှားမှု ထိခိုက်နေခြင်း၊ ခြေဖဝါးပုံသဏ္ဌာန် တဖြည်းဖြည်း ပိုမိုပျက်ယွင်းလာခြင်း သို့မဟုတ် ခြေဖဝါး တောင့်တင်းလာခြင်းတို့ ရှိပါက ခွဲစိတ်ကုသမှုကို စဉ်းစားနိုင်သည်။ ခွဲစိတ်မှုအမျိုးအစားကို လူနာ၏ အသက်၊ နောက်ခံအကြောင်းရင်း၊ ပုံသဏ္ဌာန်ပျက်ယွင်းမှု၏ ပြင်းထန်မှုနှင့် တည်နေရာ၊ ခြေဖဝါး၏ ကွေးညွှတ်နိုင်မှုနှင့် ကြွက်သားအား မညီမျှမှုတို့အပေါ် မူတည်၍ ရွေးချယ်သည်။
ခွဲစိတ်ကုသမှု၏ ရည်ရွယ်ချက်မှာ နာကျင်မှုကို လျှော့ချရန်၊ ခြေဖဝါးကို မြေပြင်ပေါ်တွင် ပိုမိုညီညာစွာ ထောက်ထားနိုင်စေရန်၊ လမ်းလျှောက်နိုင်စွမ်းနှင့် တည်ငြိမ်မှုကို ကောင်းမွန်စေရန်နှင့် ဖြစ်နိုင်သမျှ အဆစ်လှုပ်ရှားမှုကို ထိန်းသိမ်းထားရန် ဖြစ်သည်။ လိုအပ်ပါက အောက်ပါခွဲစိတ်နည်းတစ်မျိုး သို့မဟုတ် အများအပြားကို ပေါင်းစပ်ပြုလုပ်နိုင်သည်။
- တင်းကျပ်နေသော တစ်ရှူးများ ဖြေလျှော့ခြင်း (Soft Tissue Release)
ခြေဖဝါးအောက်ရှိ တင်းကျပ်နေသော အရွတ်နှင့် အခြားတစ်ရှူးများကို ဖြေလျှော့၍ ပုံသဏ္ဌာန်ပြောင်းလဲမှုကို ပြုပြင်ရန် ကူညီခြင်းဖြစ်သည်။ - အရိုးပုံသဏ္ဌာန် ပြန်လည်ပြင်ဆင်ခြင်း (Osteotomies)
ခြေဖဝါးပေါ် ကိုယ်အလေးချိန် ပိုမိုမျှတစွာ သက်ရောက်စေရန် ပထမခြေချောင်းရိုး (First Metatarsal)၊ ခြေဖဝါးအလယ်ပိုင်းအရိုးများ သို့မဟုတ် ဖနောင့်ရိုး (Calcaneus) ကို လိုအပ်သလို ဖြတ်၍ အနေအထား ပြန်လည်ညှိပေးခြင်းဖြစ်သည်။ - အရွတ်ကြော နေရာပြောင်းခြင်း (Tendon Transfers)
ကြွက်သားအား မညီမျှမှုကို ပြန်လည်ချိန်ညှိရန် အလုပ်လုပ်နိုင်သော အရွတ်ကြောတစ်ခု၏ ဆွဲအားကို အခြားနေရာသို့ ပြောင်းလဲအသုံးပြုခြင်းဖြစ်သည်။ - အဆစ်ပူးဆက်ခြင်း (Joint Fusion/Arthrodesis)
အလွန်တောင့်တင်း၍ ပြင်းထန်စွာ ပုံသဏ္ဌာန်ပျက်ယွင်းနေသော သို့မဟုတ် အဆစ်နာကျင်ပျက်စီးမှုရှိသော အခြေအနေများတွင် ရွေးချယ်နိုင်သည်။ ခြေဖဝါးအနောက်ပိုင်းရှိ အဆစ်သုံးခုဖြစ်သော Subtalar, Talonavicular နှင့် Calcaneocuboid အဆစ်များကို ပူးဆက်သည့် Triple Arthrodesis ကိုလည်း လိုအပ်သောအခြေအနေအချို့တွင် ပြုလုပ်နိုင်သည်။
ခွဲစိတ်ပြီးနောက် ဆရာဝန်ညွှန်ကြားသည့်အတိုင်း ခြေထောက်ပေါ် ကိုယ်အလေးချိန် ပြန်တင်ရမည့်အချိန်၊ လှုပ်ရှားမှုများ ပြန်လည်စတင်ရမည့်အချိန်နှင့် ကာယကုထုံးလေ့ကျင့်ခန်းများကို စနစ်တကျ လိုက်နာခြင်းသည် ပြန်လည်သန်စွမ်းရေးနှင့် ရေရှည်ရလဒ်ကောင်းမွန်ရေးအတွက် အရေးကြီးသည်။
ရောဂါရလဒ် ခန့်မှန်းချက် (Prognosis)
ခြေဖဝါးခုံးလွန်းခြင်း၏ ရောဂါရလဒ်သည် ဖြစ်ပေါ်ရသည့် အကြောင်းရင်း၊ ခြေဖဝါးပုံသဏ္ဌာန်ပြောင်းလဲမှု၏ ပြင်းထန်မှု၊ ခြေဖဝါး၏ ကွေးညွှတ်နိုင်မှုနှင့် နောက်ခံအာရုံကြော၊ ကြွက်သားဆိုင်ရာ ရောဂါရှိမရှိတို့အပေါ် မူတည်သည်။
အာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါအချို့နှင့် ဆက်စပ်သော ခြေဖဝါးခုံးလွန်းခြင်းသည် နောက်ခံရောဂါ၏ သဘောသဘာဝပေါ် မူတည်၍ အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်သည်။ ထို့ကြောင့် ခြေဖဝါးပုံသဏ္ဌာန် တဖြည်းဖြည်း ပြောင်းလဲလာခြင်း၊ ခြေထောက်အားနည်းလာခြင်း သို့မဟုတ် လမ်းလျှောက်ပုံ ပြောင်းလဲလာခြင်းရှိပါက စောစီးစွာ စစ်ဆေးကုသရန် အရေးကြီးသည်။ အချို့သူများတွင်မူ ခြေဖဝါးခုံးမြင့်ခြင်းသည် တည်ငြိမ်နေပြီး အချိန်ကြာလာသော်လည်း သိသိသာသာ ပိုမိုဆိုးရွားခြင်း မရှိနိုင်ပါ။
လိုအပ်သောအချိန်တွင် သင့်လျော်သော ကုသမှုခံယူခြင်းဖြင့် နာကျင်မှုနှင့် လှုပ်ရှားမှုဆိုင်ရာ အခက်အခဲများကို လျှော့ချနိုင်သည်။
ကာကွယ်ခြင်း
မျိုးဗီဇဆိုင်ရာအကြောင်းရင်း သို့မဟုတ် အာရုံကြောနှင့် ကြွက်သားဆိုင်ရာ နောက်ခံရောဂါများကြောင့် ဖြစ်ပေါ်သော ခြေဖဝါးခုံးလွန်းခြင်းကို အပြည့်အဝ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်း မရှိပါ။ သို့သော် သင့်လျော်သော ဖိနပ်နှင့် အထောက်အကူပြုကိရိယာများ အသုံးပြုခြင်း၊ လိုအပ်သည့် ကာယကုထုံးနှင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ခြေဖဝါးနှင့် ခြေကျင်းဝတ်ကို ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ခြင်းတို့ဖြင့် နာကျင်မှုနှင့် အခြားနောက်ဆက်တွဲပြဿနာများကို လျှော့ချနိုင်သည်။
အထူးသဖြင့် ကလေးများတွင် ခြေဖဝါးခုံး တဖြည်းဖြည်း ပိုမိုမြင့်လာခြင်း၊ ခြေထောက်အားနည်းလာခြင်း၊ ခြေချောင်းများ ကွေးကောက်လာခြင်း သို့မဟုတ် လမ်းလျှောက်ပုံ ပြောင်းလဲလာခြင်း တို့ရှိပါက နောက်ခံအာရုံကြောနှင့် ကြွက်သားဆိုင်ရာ ရောဂါ ရှိမရှိ စောစီးစွာ စစ်ဆေးခြင်းသည် အရေးကြီးသည်။
References:
- Cleveland Clinic. (n.d.). High arch feet (pes cavus). Retrieved August 15, 2026, from https://my.clevelandclinic.org/health/diseases/high-arch-feet-pes-cavus
- Hospital for Special Surgery. (n.d.). Cavus foot. Retrieved August 15, 2026, from https://www.hss.edu/health-library/conditions-and-treatments/list/cavus-foot
- Pediatric Orthopaedic Society of North America. (n.d.). Cavus foot. Retrieved August 15, 2026, from https://posna.org/physician-education/study-guide/cavus-foot
Published: 6 October 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.