ကပ်ပါးပိုးများကြောင့် ဖြစ်ပွားသော ရောဂါများ (Parasitic infections) သည် ကမ္ဘာတစ်ဝန်းတွင် အထူးသဖြင့် အပူပိုင်းနှင့် အပူလျော့ပိုင်း ဒေသများ၌ လူသန်းပေါင်းများစွာကို ပြင်းထန်စွာ နာမကျန်းဖြစ်ခြင်း၊ မသန်စွမ်းဖြစ်ခြင်းနှင့် သေဆုံးခြင်းတို့ကို ဖြစ်စေသည့် အဓိက ကျန်းမာရေးပြဿနာကြီးတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ ကပ်ပါးပိုးဆိုသည်မှာ အခြားသော သက်ရှိ (လက်ခံကောင် – host) ၏ ခန္ဓာကိုယ်ပေါ်တွင်ဖြစ်စေ၊ ခန္ဓာကိုယ်တွင်း၌ဖြစ်စေ မှီတင်းနေထိုင်ပြီး၊ ၎င်းလက်ခံသက်ရှိ၏ အာဟာရများကို ရယူကာ အသက်ရှင်သန်ကြသော သက်ရှိများ ဖြစ်ကြသည်။
ကပ်ပါးပိုးများသည် ၎င်းတို့၏ တည်ဆောက်ပုံ၊ ကြီးထွားအရွယ်ရောက်သည့် အသက်ရှင်သန်မှု သံသရာနှင့် ခန္ဓာကိုယ်တွင်း နေထိုင်ရာနေရာများအပေါ် မူတည်၍ တစ်ကောင်နှင့်တစ်ကောင် အလွန်ကွာခြားကြသည်။ ထို့ကြောင့် ၎င်းတို့ကို နှိမ်နင်းရာတွင် အသုံးပြုသော ကပ်ပါးပိုးတိုက်ဖျက်သောဆေးဝါး (Anti-parasitic medications) များမှာလည်း အမျိုးအစားများစွာရှိသည်။ ကပ်ပါးပိုးတိုက်ဖျက်ဆေး တစ်မျိုးတည်းနှင့် ကပ်ပါးပိုးအားလုံးကို မနှိမ်နင်းနိုင်ပါ။ ဆေးဝါးတစ်မျိုးစီကို သတ်မှတ်ထားသော ကပ်ပါးပိုးအုပ်စုတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသောအုပ်စုများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နိုင်ရန် ပုံစံထုတ်ထားသည်။ ဤဆေးဝါးများသည် ကပ်ပါးပိုးများကို သေစေခြင်း၊ ၎င်းတို့၏ ကြီးထွားမှုကို ရပ်တန့်စေခြင်း သို့မဟုတ် ၎င်းတို့၏အာရုံကြောများ အလုပ်မလုပ်နိုင်ဖြစ်စေခြင်းစသည်ဖြင့် အာနိသင်များ သက်ရောက်စေသည်။
ကပ်ပါးပိုး အမျိုးအစားများ၊ ကူးစက်ပုံနှင့် ရောဂါလက္ခဏာများ
ကပ်ပါးပိုးများသည် ပတ်ဝန်းကျင်၌ ထောင်နှင့်ချီ၍ ရှိကြသော်လည်း လူကို နာမကျန်း ဖြစ်စေနိုင်သော ကပ်ပါးပိုးများကို အဓိက အမျိုးအစားကြီး (၃) မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့မှာ_
- ဆဲလ်တစ်ခုတည်းရှိသော အဏုဇီဝသက်ရှိများ (Protozoa)
- ကပ်ပါးသန်ကောင်များ (Helminths)
- ပြင်ပကပ်ပါးပိုးများ (Ectoparasites) တို့ဖြစ်သည်။
ဆဲလ်တစ်ခုတည်းရှိသော အဏုဇီဝသက်ရှိများ (Protozoa)
အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော သက်ရှိများဖြစ်ကြပြီး အများစုသည် လူတို့၏ခန္ဓာကိုယ်ထဲတွင် အရေအတွက် အဆမတန် ပွားများနိုင်ကြသဖြင့် ပြင်းထန်သော ကူးစက်ရောဂါများ ဖြစ်ပွားစေနိုင်သည်။ ရွေ့လျားသွားလာပုံပေါ် မူတည်၍ အုပ်စုခွဲ (၄)မျိုး ထပ်ဆင့် ခွဲနိုင်သည်။ ၎င်းတို့မှာ_
- Sarcodina – အမီးဘား အုပ်စုဝင်များ
- Mastigophora – အမြီးမျှင်ပါ အုပ်စုဝင်များ
- Apicomplexa – Sporozoa အုပ်စုဝင်များ
- Ciliophora – စီလီယိတ် အုပ်စုဝင်များ ဖြစ်ကြသည်။
- Sarcodina (အမီးဘား အုပ်စုဝင်များ) – ခြေတုပုံစံ (Pseudopodia) ဖြင့် ရွေ့လျားသွားလာသော ထိုအုပ်စုဝင်ကပ်ပါးပိုးများကြောင့် အဖြစ်များသော ရောဂါများမှာ_
- Amoebiasis ဝမ်းကိုက်ရောဂါ – Entamoeba histolytica ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေမှတစ်ဆင့် ကူးစက်တတ်ပြီး ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်းတို့အပြင် တစ်ခါတစ်ရံ အသည်းပြည်တည်နာအထိ ဖြစ်ပွားစေနိုင်သည်
- Dientamoebiasis ဝမ်းပျက်ရောဂါ – Dientamoeba fragilis ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- ပိုးပါရှိသောမစင်နှင့် ထိတွေ့ထားသည့် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေများကို စားသောက်ရာမှ ကူးစက်တတ်ပြီး အူမကြီးရောင်ရမ်းကာ ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်းနှင့် ပျို့အန်ခြင်းတို့ကို ဖြစ်စေသည်
- Acanthamoeba ကူးစက်ရောဂါ – Acanthamoeba ပိုးကြောင့် ဖြစ်သည်
- ပိုးရှိနေသော ညစ်ညမ်းသည့် ရေနှင့်ထိတွေ့ထားသော မျက်ကပ်မှန်များမှတစ်ဆင့် သို့မဟုတ် အရေပြား ပွန်းပဲ့နာများနှင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်တတ်သည်
- မျက်စိပြင်းထန်စွာ ကိုက်ခဲခြင်းနှင့် အမြင်အာရုံ ဆုံးရှုံးသည်အထိ ဖြစ်နိုင်သော မျက်စိကူးစက်ရောဂါကို ဖြစ်စေသည့်အပြင်၊ ကိုယ်ခံအားကျဆင်းနေသူများတွင် အသက်အန္တရာယ်ရှိသော ပြင်းထန်သည့် ဦးနှောက်ရောင်ရောဂါကိုပါ ဖြစ်ပွားစေနိုင်သည်
- Amoebiasis ဝမ်းကိုက်ရောဂါ – Entamoeba histolytica ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- Mastigophora (အမြီးမျှင်ပါ အုပ်စုဝင်များ) – ကြာပွတ်သဏ္ဌာန် အမြီးရှည်ပုံစံအမျှင် (Flagella) ကို အသုံးပြု၍ ရွေ့လျားသော ကပ်ပါးပိုးအုပ်စုဖြစ်ပြီး ၎င်းတို့ကြောင့် ဖြစ်ပွားသော ရောဂါများမှာ_
- Giardiasis ဝမ်းပျက်ရောဂါ – Giardia lamblia သို့မဟုတ် G. intestinalis ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေမှတစ်ဆင့် ဖြစ်စေ၊ လူတစ်ဦးမှတစ်ဦးသို့ တိုက်ရိုက်ကူးစက်ခြင်းဖြင့်ဖြစ်စေ ပြန့်ပွားတတ်ပြီး ဝမ်းသွားခြင်း၊ လေပွခြင်း၊ ဗိုက်ရစ်နာခြင်း၊ အနံ့ဆိုးဆိုး ဝမ်းများသွားခြင်းနှင့် ကိုယ်အလေးချိန် ကျဆင်းခြင်းတို့ကို ဖြစ်စေသည်
- African sleeping sickness ရောဂါ – Trypanosoma brucei ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- ပိုးသယ်ဆောင်ထားသော ယင်ကောင်တစ်မျိုး (Tsetse fly) ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ဖျားခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ နေ့ဘက်တွင် အလွန်အမင်း အိပ်ငိုက်ခြင်းတို့ကို ဖြစ်စေကာ ကုသမှုမခံယူပါက သတိလစ်မေ့မြောခြင်းအထိ ဖြစ်ပွားနိုင်သည်
- Chagas ရောဂါ – Trypanosoma cruzi ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- အဓိကအားဖြင့် ပိုးရှိနေသော လူသွေးစုပ် အင်းဆက် (Kissing bug) ၏ မစင်မှတစ်ဆင့် လူသို့ ကူးစက်တတ်ပြီး ပြင်းထန်စွာဖျားခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးညှစ်အားကျခြင်းနှင့် အစာရေမြိုပြွန် သို့မဟုတ် အူမကြီး ပုံမှန်ထက် အဆမတန်ကြီးလာခြင်းကဲ့သို့ အသက်အန္တရာယ်ရှိသည့် ရောဂါအခြေအနေတို့ကို ဖြစ်ပွားစေနိုင်သည်
- အရေပြားနှင့် အမြှေးပါးတွင်ဖြစ်သော Mucocutaneous leishmaniasis ရောဂါ – Leishmania ကပ်ပါးမျိုးစိတ်များကြောင့် ဖြစ်ပွားသည်
- ဖြုတ် (sandfly) ကိုက်ခြင်းကြောင့် ကူးစက်တတ်ပြီး အနာကျက်နှေးသော အရေပြားအနာများကို ဖြစ်စေသကဲ့သို့ နှာခေါင်း၊ ပါးစပ်နှင့် လည်ချောင်းအတွင်းရှိ အမြှေးပါးများကို ရောင်ရမ်းပျက်စီးစေသည်
- ကိုယ်တွင်းအင်္ဂါများတွင် ဖြစ်သော Visceral leishmaniasis/ Kala-azar – ရက်ရှည်ဖျားနာခြင်း၊ အသည်းနှင့် သရက်ရွက် ကြီးလာခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ သွေးအားနည်းခြင်းကို ဖြစ်စေသည်
- လိင်မှတစ်ဆင့် ကူးစက်သော Trichomoniasis – Trichomonas vaginalis ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်ပြီး အမျိုးသမီးများတွင် မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ ယားယံခြင်းနှင့် ဆီးပူ၊ ဆီးကျင်ခြင်းတို့ကို ဖြစ်စေသော်လည်း ကူးစက်ခံရသူအများစု (အထူးသဖြင့် အမျိုးသားများ) တွင် မည်သည့်လက္ခဏာမျှ ပြလေ့မရှိပါ
- Giardiasis ဝမ်းပျက်ရောဂါ – Giardia lamblia သို့မဟုတ် G. intestinalis ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- Apicomplexa (Sporozoa အုပ်စုဝင်များ) – Apical complex ဟုခေါ်သော အထူးပြုလုပ်ထားသည့် တည်ဆောက်ပုံဖြင့် ဖွဲ့စည်းထားသော ကပ်ပါးအုပ်စုဖြစ်ပြီး gliding movement ခေါ် လျောတိုက်ရွေ့လျားမှုဖြင့် လှုပ်ရှားသည်။ အဖြစ်များသော ရောဂါများမှာ_
- ငှက်ဖျားရောဂါ (Malaria) – Plasmodium ကပ်ပါးပိုးမျိုးစိတ်များကြောင့် ဖြစ်ပွားသည်
- ပိုးရှိသော အနောဖလစ်ခြင် ကိုက်ခြင်းကြောင့် ကူးစက်တတ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ သွေးအားနည်းခြင်းနှင့် သရက်ရွက် ကြီးထွားလာခြင်းတို့ကို ဖြစ်စေကာ ပြင်းထန်ပါက ဦးနှောက်၊ ကျောက်ကပ် သို့မဟုတ် အဆုတ်တို့ကို ထိခိုက်နိုင်သည်
- တောက်ဆိုပလပ်စ်မာရောဂါ (Toxoplasmosis) – Toxoplasma gondii ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- မကျက်တကျက် ချက်ထားသော အသားများကို စားမိခြင်း၊ ကြောင်မစင်ဖြင့် တိတွေ့ထားသော အစားအစာ သို့မဟုတ် ရေကို စားသုံးမိခြင်း၊ သို့မဟုတ် ကိုယ်ဝန်ဆောင်စဉ်အတွင်း မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်းတို့ကြောင့် ဖြစ်တတ်သည်
- ပုံမှန်အားဖြင့် လက္ခဏာ မပြင်းထန်သော်လည်း ကိုယ်ခံအားကျဆင်းနေသူများတွင် ပြင်းထန်သော ဦးနှောက်ရောဂါကို ဖြစ်စေနိုင်ပြီး မွေးကင်းစကလေးများတွင် မွေးရာပါ ကူးစက်ရောဂါ ဖြစ်ပွားစေနိုင်သည်
- Cystoisosporiasis ဝမ်းပျက်ရောဂါ – Cystoisospora belli ကပ်ပါးပိုးကြောင့် ဖြစ်ပွားသည်
- ၎င်းသည် မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေမှတစ်ဆင့် ကူးစက်တတ်ပြီး ရက်ရှည် ဝမ်းသွားခြင်း၊ ဗိုက်ရစ်နာခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်းတို့ကို ဖြစ်စေကာ အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေသူများတွင် အဖြစ်များသည်
- Cryptosporidiosis ဝမ်းပျက်ရောဂါ – Cryptosporidium ကပ်ပါးပိုးမျိုးစိတ်များကြောင့် ဖြစ်ပွားသည်
- ညစ်ညမ်းသော ရေ၊ အစားအစာ သို့မဟုတ် လူတစ်ဦးမှတစ်ဦးသို့ တိုက်ရိုက်ကူးစက် ပြန့်ပွားတတ်ပြီး ဝမ်းသွားခြင်း၊ ဗိုက်ရစ်နာခြင်း၊ ပျို့အန်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းတို့ကို ဖြစ်စေသည်
- ၎င်းသည် ကိုယ်ခံအားကျဆင်းနေသူများတွင် ပြင်းထန်စွာ နာမကျန်းဖြစ်စေနိုင်သည်
- Babesiosis ကူးစက်ရောဂါ – Babesia မျိုးစိတ်များကြောင့် ဖြစ်ပွားသည်
- ပိုးရှိသောမွှား (Tick) ကိုက်ခြင်းနှင့် သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ သွေးအားနည်းခြင်းတို့ကို ဖြစ်စေသည်
- ငှက်ဖျားရောဂါ (Malaria) – Plasmodium ကပ်ပါးပိုးမျိုးစိတ်များကြောင့် ဖြစ်ပွားသည်
- Ciliophora (အမျှင်စုများရှိသော အုပ်စုဝင်များ) – “စီလီယာ” (Cilia) ဟုခေါ်သော အမွှေးအမျှင်ငယ်များကို စုစည်းအသုံးပြု၍ ရွေ့လျားကြသည်၊ အဖြစ်များသည့် ရောဂါမှာ_
- Balantidiasis ဝမ်းကိုက်ရောဂါ – Balantidium coli ကြောင့် ဖြစ်ပွားပြီး အထူးသဖြင့် ညစ်ညမ်းသော အစားအစာ သို့မဟုတ် ရေမှတစ်ဆင့် ကူးစက်တတ်ပြီး ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် တစ်ခါတစ်ရံတွင် သွေးနှင့် အကျိအချွဲများပါသော ဝမ်းကိုက်ခြင်းကို ဖြစ်စေသည်
ကပ်ပါးသန်ကောင်များ (Helminths)
ကပ်ပါးသန်ကောင်များသည် ဆဲလ်များစွာဖြင့် ဖွဲ့စည်းထားပြီး အရွယ်ကြီးမားသည့် သက်ရှိများဖြစ်ကြသည်။ အရွယ်ရောက်ပြီး သန်ကောင်များကို ပုံမှန်အားဖြင့် သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပြီး၊ အများစုသည် လူတို့၏ခန္ဓာကိုယ်ထဲတွင် အရေအတွက် ထပ်မံပွားများခြင်း မရှိကြပါ။ ကပ်ပါးသန်ကောင်များကို သယ်ဆောင်ထားသော အင်းဆက်အကိုက်ခံရခြင်း၊ ကပ်ပါးပိုး တွယ်ကပ်နေသော လက်ခံကောင် (တိရစ္ဆာန်) ၏ အသားကို စားသုံးမိခြင်း သို့မဟုတ် လူ၏အရေပြားကို ဖောက်ဝင်ခြင်းတို့မှတစ်ဆင့် ကူးစက်တတ်ကြသည်။ သန်ကောင်များကို အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်သည်။
- သန်လုံးကောင်များ (Nematodes)
သန်လုံးကောင်များ (Roundworms) ဟုလည်း ခေါ်ဆိုကြပြီး လူတို့တွင် အူလမ်းကြောင်းဆိုင်ရာရောဂါများ သို့မဟုတ် ခန္ဓာကိုယ်တွင်းရှိ အခြားတစ်ရှူးများကို ထိခိုက်စေသော ရောဂါအမျိုးမျိုးကို ဖြစ်ပွားစေသည်။ သန်လုံးကောင်များကြောင့် ဖြစ်ပွားသော အူလမ်းကြောင်းဆိုင်ရာရောဂါများမှာ_- အပ်ချည်မျှင်သန်ကောင်ရောဂါ (Enterobiasis / Pinworm infection) – Enterobius vermicularis သန်ကောင်ကြောင့် ဖြစ်ပွားသည်
- သန်ကောင်ပါသော မစင်နှင့် ထိတွေ့ထားသည့် မသန့်ရှင်းသော လက်များ၊ အဝတ်အထည်များနှင့် အိပ်ရာခင်းများမှတစ်ဆင့် ခံတွင်းသို့ဝင်ရောက်သည့် နည်းလမ်းဖြင့် ကူးစက်တတ်ပြီး အထူးသဖြင့် ညဘက်တွင် စအိုတစ်ဝိုက် ပြင်းထန်စွာယားယံခြင်းကို ဖြစ်စေသည်
- သန်လုံးကောင်ကြီးရောဂါ (Ascariasis) – Ascaris lumbricoides ကြောင့် ဖြစ်ပွားသည်
- မသန့်သော အစားအစာ သို့မဟုတ် ရေထဲမှ သန်ဥများကို မျိုချမိခြင်းကြောင့် ကူးစက်တတ်ပြီး ဗိုက်အောင့်ခြင်း၊ အူပိတ်ခြင်းတို့ကို ဖြစ်စေသည့်အပြင် သန်သားလောင်းများက အဆုတ်သို့ ရွေ့လျားဖြတ်သန်းချိန်၌ ချောင်းဆိုးခြင်းနှင့် ရင်ကျပ်ခြင်းတို့ကိုပါ ဖြစ်ပွားစေနိုင်သည်
- မြေကြီးသန်ကောင်ရောဂါ (Strongyloidiasis) – Strongyloides stercoralis ကြောင့် ဖြစ်ပွားသည်
- မသန့်ရှင်းသော မြေကြီးထဲရှိ သန်သားလောင်းများက အရေပြားကို ဖောက်ဝင်ရာမှတစ်ဆင့် ကူးစက်တတ်ပြီး ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်း၊ အရေပြား အနီစက်များထွက်ခြင်းတို့ကို ဖြစ်စေသလို အထူးသဖြင့် ကိုယ်ခံအားကျဆင်းနေသူများတွင် အသက်အန္တရာယ်ရှိနိုင်သော တစ်ကိုယ်လုံးပျံ့နှံ့သည့် ပြင်းထန်အခြေအနေကို ဖြစ်ပွားစေနိုင်သည်
- ကြာပွတ်သန်ကောင်ရောဂါ (Trichuriasis/Whipworm) – Trichuris trichiura (Whipworm) ကြောင့် ဖြစ်ပွားသည်
- မသန့်သော အစားအစာ၊ ရေထဲမှ သန်ဥများကို မျိုချမိခြင်းကြောင့် ကူးစက်သည်
- နာတာရှည် ဝမ်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ သွေးအားနည်းခြင်းတို့ကို ဖြစ်စေကာ ပြင်းထန်ပါက (အထူးသဖြင့် ကလေးငယ်များတွင်) စအိုကျွံခြင်း (Rectal prolapse) အထိ ဖြစ်ပွားစေနိုင်သည်
- ချိတ်သန်ကောင်ရောဂါ (Ancylostomiasis/Hookworm) – Ancylostoma duodenale သို့မဟုတ် Necator americanus ကြောင့် ဖြစ်ပွားသည်
- မြေကြီးထဲရှိ သန်သားလောင်းများက လူ့အရေပြားကို ဖောက်ဝင်ရာမှတစ်ဆင့် ကူးစက်တတ်ပြီး ဗိုက်မအီမသာဖြစ်ခြင်း၊ အူလမ်းကြောင်း နာတာရှည် သွေးစိမ့်ခြင်း၊ သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ကို ဖြစ်စေသည်
- ခန္ဓာကိုယ်တွင်းရှိ တစ်ရှူးများကို တိုက်ရိုက်ထိခိုက်စေသော သန်ကောင်ရောဂါများမှာ_
- မျက်စိသန်ကောင်ရောဂါ (Loiasis) – Loa loa ခေါ် မျက်စိသန်ကောင်ကြောင့် ဖြစ်ပွားသည်
- ပိုးရှိသော သမင်မှက်ခြင် (Deer flies) ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး မျက်လုံးအရေပြားများ ဖောင်း၍ရောင်ရမ်းခြင်းနှင့် တစ်ခါတစ်ရံ သန်ကောင်များက မျက်ကြည်လွှာမျက်နှာပြင်ပေါ် ဖြတ်သန်းရွေ့လျားချိန်တွင် မျက်စိနီ၍နာခြင်းကို ခံစားရစေသည်
- မြစ်ဝှမ်းဒေသ မျက်စိကွယ်ရောဂါ (Onchocerciasis – River blindness) – Onchocerca volvulus ကြောင့် ဖြစ်ပွားသည်
- ပိုးရှိသော ယင်မှက်မည်း (Blackflies) ကိုက်ခံရခြင်းကြောင့် ကူးစက်တတ်ပြီး အရေပြား ပြင်းထန်စွာယားယံခြင်း၊ အရေပြားအောက်တွင် အဖုအကျိတ်များဖြစ်ခြင်း၊ အမြင်အာရုံ အားနည်းခြင်းတို့ကို ဖြစ်စေကာ ကုသမှုမခံယူပါက အမြင်အာရုံ လုံးဝဆုံးရှုံးသွားနိုင်သည်
- ဆင်ခြေထောက်ရောဂါ (Lymphatic filariasis) – Wuchereria bancrofti ကြောင့် ဖြစ်ပွားသည်
- ခြင်မှတစ်ဆင့် ကူးစက်တတ်ပြီး ပြန်ရည်ကြောစနစ်ကို ပျက်စီးစေကာ ခြေလက်များ သို့မဟုတ် မျိုးပွားအင်္ဂါများ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေသည်
- ခွေးသန်ကောင်ရောဂါ (Toxocariasis) – Toxocara canis သို့မဟုတ် Toxocara cati ကြောင့် ဖြစ်ပွားသည်
- ခွေး၊ ကြောင်မစင်များဖြင့် ထိတွေ့မိသော မြေကြီးထဲမှ သန်ဥများကို မျိုချမိခြင်းကြောင့် ကူးစက်တတ်ပြီး ခန္ဓာကိုယ်တွင်း လှည့်လည်သွားလာသော သန်သားလောင်းများကြောင့် အသည်း၊ အဆုတ်၊ မျက်လုံး သို့မဟုတ် ဦးနှောက်တို့ကို ထိခိုက်ပျက်စီးစေနိုင်သည်
- မျက်စိသန်ကောင်ရောဂါ (Loiasis) – Loa loa ခေါ် မျက်စိသန်ကောင်ကြောင့် ဖြစ်ပွားသည်
- အပ်ချည်မျှင်သန်ကောင်ရောဂါ (Enterobiasis / Pinworm infection) – Enterobius vermicularis သန်ကောင်ကြောင့် ဖြစ်ပွားသည်
- သန်ပြားရှည်ကောင်များ (Cestodes)
အဆစ်များစွာပါရှိသော တိပ်ပြားရှည်ပုံသဏ္ဌာန် သန်ကောင်များ (Tapeworms) ဟုခေါ်ဆိုကြပြီး အောက်ပါရောဂါများကို ဖြစ်ပွားစေသည်။- ဝက်သန်ပြားကောင်ရောဂါ (Cysticercosis) – Taenia solium ခေါ် ဝက်သန်ပြားကောင်၏ သားလောင်းအဆင့်များ (Larval stage) ကြောင့် ဖြစ်ပွားသည်
- မသန့်ရှင်းသော အစားအစာ၊ ရေ သို့မဟုတ် လက်များမှတစ်ဆင့် သန်ကောင်ဥများ ပါးစပ်တွင်းသို့ ဝင်ရောက်ခြင်းကြောင့် ကူးစက်ပြီး ကြွက်သားများ၊ မျက်လုံးများ သို့မဟုတ် ဦးနှောက်ထဲတွင် အရည်အိတ် (Cysts) များ ဖြစ်ပေါ်စေသည်
- ဦးနှောက်အတွင်း အရည်အိတ်များကြောင့် အတက်ရောဂါကို ဖြစ်စေနိုင်သည်
- ခွေးသန်ပြားကောင်ရောဂါ (Echinococcosis/ Hydatid disease) – Echinococcus မျိုးစိတ်များ ၏ သားလောင်းအဆင့်ကြောင့် ဖြစ်ပွားသည်
- ခွေးမစင်ထိတွေ့ထားသော အစားအစာ၊ ရေ သို့မဟုတ် မြေကြီးထဲမှ သန်ကောင်ဥများသည် ပါးစပ်တွင်းသို့ ဝင်ရောက်၍ ကူးစက်တတ်ပြီး အဓိကအားဖြင့် အသည်းနှင့်အဆုတ်တို့တွင် အရည်ကြည်အိတ်များကို ဖြစ်ပေါ်စေသည်
- ငါးသန်ပြားကောင်ရောဂါ (Diphyllobothriasis) – Diphyllobothrium latum ကြောင့် ဖြစ်ပွားသည်
- ရေချိုငါးများကို အစိမ်းဖြစ်စေ၊ မကျက်တကျက်ဖြစ်စေ စားမိခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ဗိုက်မအီမသာဖြစ်ခြင်းနှင့် ဗီတာမင် B12 ချို့တဲ့ သွေးအားနည်းရောဂါကို ဖြစ်စေသည်
- သန်ပြားပုရောဂါ (Hymenolepiasis) – Hymenolepis nana ကြောင့် ဖြစ်ပွားသည်
- မသန့်သော အစားအစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်တတ်ပြီး အပျော့စား ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ခြင်းတို့ကို ဖြစ်စေနိုင်သော်လည်း လူအများအပြားတွင်မူ မည်သည့်လက္ခဏာမျှ ပြလေ့မရှိပါ
- ဝက်သန်ပြားကောင်ရောဂါ (Cysticercosis) – Taenia solium ခေါ် ဝက်သန်ပြားကောင်၏ သားလောင်းအဆင့်များ (Larval stage) ကြောင့် ဖြစ်ပွားသည်
- ဖက်ရွက်ပုံသန်ပြားကောင်များ (Trematodes)
ဖက်ပြားသန်ကောင် (Flukes) ဟုလည်း ခေါ် ကြပြီး ထိုသန်ပြားအုပ်စုသည် လူတို့တွင် ရောဂါအများအပြားကို ဖြစ်ပွားစေသည်။
ဤကပ်ပါးပိုးကြောင့် ဖြစ်သော တွေ့ရများသည့် ရောဂါများမှာ_- သွေးသန်ပြားရောဂါ (Schistosomiasis) – Schistosoma (သွေးတွင်းနေသည့် သန်ပြားကောင်) မျိုးစိတ်များကြောင့် ဖြစ်ပွားသည်
- သန်ကောင်ပါသော ခရုများနှင့် ထိတွေ့ထားသောရေမှတစ်ဆင့် သို့မဟုတ် အရေပြားနှင့် တိုက်ရိုက်ထိတွေ့မိခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး အူလမ်းကြောင်း၊ အသည်း သို့မဟုတ် ဆီးအိမ်တို့ကို ရောင်ရမ်းစေကာ ဗိုက်အောင့်ခြင်း၊ ဝမ်းထဲတွင် သွေးပါခြင်း သို့မဟုတ် ဆီးထဲတွင် သွေးပါခြင်းနှင့် ရေရှည်တွင် ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်းတို့ကို ဖြစ်ပေါ်စေသည်
- အသည်းသန်ပြားရောဂါ (Fascioliasis) – Fasciola hepatica, Fasciola gigantica တို့ကြောင့် ဖြစ်ပွားသည်
- ရေတွင်ပေါက်ရောက်သော ကန်စွန်းနှင့် ဟင်းနုနွယ်ဝင် အပင်များကို အစိမ်းစားမိခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ဖျားခြင်း၊ အသည်းရောင်ခြင်းနှင့် သည်းခြေပြွန်ဆိုင်ရာ ရောဂါများကို ဖြစ်စေသည်
- အဆုတ်သန်ပြားရောဂါ (Paragonimiasis) – Paragonimus သန်ပြားမျိုးစိတ်များကြောင့် ဖြစ်ပွားသည်
- ရေချိုဂဏန်း သို့မဟုတ် ပုစွန်များကို အစိမ်းဖြစ်စေ၊ မကျက်တကျက်ဖြစ်စေ စားမိခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး နာတာရှည် ချောင်းဆိုးသလိပ်ပါခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ သို့မဟုတ် သွေးအန်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ဖြစ်စေသည်
- သွေးသန်ပြားရောဂါ (Schistosomiasis) – Schistosoma (သွေးတွင်းနေသည့် သန်ပြားကောင်) မျိုးစိတ်များကြောင့် ဖြစ်ပွားသည်
ပြင်ပကပ်ပါးပိုးများ (Ectoparasites)
ထိုအုပ်စုဝင် ကပ်ပါးပိုးများသည် လက်ခံသက်ရှိ (Host) ၏ အရေပြား၊ ဆံပင်နှင့် အခြားအမွေးအမှင်များတွင် တွယ်ကပ်မှီတင်း နေထိုင်ကြသည်။ ထိုကပ်ပါးများတွင် မွှားကောင်များ၊ မွှားကြီးများ၊ လှေးများ၊ သန်းများနှင့် ကြမ်းပိုးများ ပါဝင်သည်။ ပြင်ပကပ်ပါးပိုးများကြောင့် ဖြစ်ပွားသော ရောဂါများမှာ_
- ယင်သားလောင်းကူးစက်ရောဂါ (Myiasis) – ယင်ကောင်သားလောင်းများ (လောက်များ) ကြောင့် ဖြစ်ပွားသည်
- ဒဏ်ရာကြောင့် ပျက်စီးနေသော အရေပြား သို့မဟုတ် ခန္ဓာကိုယ်၏ အပေါက်များတွင် ယင်ကောင်များက ဥများဥချရာမှတစ်ဆင့် ကူးစက်တတ်ပြီး အရေပြားအနာများ၊ ဖောင်း၍ ရောင်ရမ်းခြင်း၊ တစ်ရှူးများ ပျက်စီးခြင်းနှင့် ပြည်များထွက်ခြင်းတို့ကို ဖြစ်စေသည်
- သန်းစွဲခြင်းရောဂါ (Pediculosis) – Pediculus humanus capitis (ဦးရေပြားသန်း)၊ Pediculus humanus corporis (ခန္ဓာကိုယ်သန်း) သို့မဟုတ် Pthirus pubis (ဆီးစပ်ခုံမွေးရှိ သန်း) တို့ကြောင့် ဖြစ်ပွားသည်
- နီးကပ်စွာ ထိတွေ့ခြင်း သို့မဟုတ် အဝတ်အထည်၊ အိပ်ရာခင်းနှင့် ဘီးများကို မျှဝေသုံးစွဲခြင်းမှတစ်ဆင့် ကူးစက်တတ်ပြီး ပြင်းထန်စွာ ယားယံခြင်း၊ အရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်ခြင်းနှင့် တစ်ခါတစ်ရံတွင် ဘက်တီးရီးယားပိုး ထပ်ဆင့်ဝင်ရောက်ခြင်းတို့ကို ဖြစ်စေသည်
- ဝဲရောဂါ (Scabies) – Sarcoptes scabiei ကြောင့် ဖြစ်ပွားသည်
- အချိန်ကြာမြင့်စွာ အရေပြား တိုက်ရိုက်ထိတွေ့ခြင်း သို့မဟုတ် ပိုးရှိသော အဝတ်အထည် သို့မဟုတ် အိပ်ရာခင်းများမှတစ်ဆင့် ကူးစက်တတ်ပြီး အထူးသဖြင့် ညဘက်တွင် ပြင်းထန်စွာ ယားယံခြင်း၊ ဝဲအနီစက်များ ထွက်ခြင်းနှင့် အရေပြားထဲသို့ ဝဲပိုးဝင်ရောက်သောနေရာတွင် သေးငယ်သည့် လမ်းကြောင်းငယ်များကို တွေ့ရခြင်းတို့ကို ဖြစ်စေသည်
- လှေးကိုက်ခြင်း (Flea bites) – Xenopsylla cheopis ပိုးရှိသော လှေးများကိုက်ခြင်းကြောင့်ဖြစ်ပွားသည်
- နီရဲယားယံသော အရေပြားအနာများကို ဖြစ်စေသည်၊ အချို့လှေးမျိုးစိတ်များသည် ပလိပ်ရောဂါနှင့် ကြွက်မှတစ်ဆင့်ဖြစ်သော အဖျားရောဂါ (Murine typhus) တို့ကိုပါ ကူးစက်ပျံ့နှံ့စေနိုင်သည်
- ကြမ်းပိုးကိုက်ခြင်း (Bedbug bites) – Cimex lectularius ခေါ် အိမ်ကြမ်းပိုးကြောင့် ဖြစ်ပွားသည်
- အိပ်ရာခင်း၊ ပရိဘောဂနှင့် လူသုံးပစ္စည်းများတွင် ခိုအောင်းနေကာ လူများကိုကိုက်၍ သွေးစုပ်တတ်ပြီး နီရဲယားယံသော အရေပြားအနာများကို ဖြစ်စေသည်
- သို့သော်လည်း ကြမ်းပိုးများကို လူတို့တွင် ရောဂါကူးစက်စေသည့် အရေးပါသော ရောဂါသယ်ဆောင်သူအဖြစ် သတ်မှတ်ထားခြင်း မရှိပါ
နောက်ဆက်တွဲပြဿနာများ
ဖြစ်စေသော ကပ်ပါးပိုးနှင့် ဖြစ်ပွားသော ကိုယ်တွင်းအင်္ဂါများပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာအမျိုးမျိုး ဖြစ်နိုင်သည်။
- အူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ – နာတာရှည်ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်း၊ အူလမ်းကြောင်းရောင်ရမ်းခြင်း၊ အူမကြီး ဖောင်းလာခြင်း၊ အူပေါက်ခြင်း စသည့်အခြေအနေများ
- ကိုယ်တွင်းအင်္ဂါများတွင် အရည်အိတ်များဖြစ်ခြင်း၊ ပြည်တည်နာများ ဖြစ်ပေါ်ခြင်း (အဆုတ်၊ အသည်း၊ ဦးနှောက် စသည်)
- တစ်ကိုယ်လုံးပျံ့နှံ့သော နောက်ဆက်တွဲပြဿနာများ – နာတာရှည်ဖျားခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ သွေးအားနည်းခြင်း၊ နုံးချိခြင်း စသည်တို့ဖြစ်သည်
ဆေးရုံ၊ ဆေးခန်းပြသရန်
ဝမ်းပျက်ဝမ်းလျှောခြင်း၊ ရက်ရှည်ဖျားခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်အလေးချိန် ကျဆင်းခြင်း၊ အရေပြား ယားယံခြင်း၊ အနာဖြစ်ခြင်း၊ သန်ကောင် သို့မဟုတ် ပိုးဥများ တွေ့ရှိခြင်းကဲ့သို့ ကပ်ပါးပိုးကူးစက်မှုနှင့် သက်ဆိုင်နိုင်သော လက္ခဏာများရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်သည်။ လတ်တလော ခရီးသွားလာခဲ့ခြင်း၊ မသန့်ရှင်းသော အစားအစာ သို့မဟုတ် ရေကို စားသောက်ခဲ့ခြင်း၊ အသား သို့မဟုတ် ငါးအစိမ်းနှင့် မကျက်တကျက် အစားအစာများ စားခဲ့ခြင်း၊ ရေအိုင် သို့မဟုတ် စမ်းချောင်းများတွင် ရေကူးခဲ့ခြင်း၊ ခြင်၊ မှက်၊ လှေးနှင့် အခြားပိုးကောင်များ ကိုက်ခံခဲ့ရခြင်း၊ တိရစ္ဆာန်များနှင့် နီးကပ်စွာ ထိတွေ့ခဲ့ခြင်းတို့ကို ဆရာဝန်အား အသိပေးရန် လိုအပ်သည်။
အောက်ပါအရေးကြီးလက္ခဏာများ ရှိပါက အရေးပေါ်ပြသရန် လိုအပ်သည်။
- အဖျားကြီးခြင်း (၄၀ ဒီဂရီဆဲလ်စီးယပ်စ် သို့မဟုတ် ၁၀၃ ဒီဂရီဖာရင်ဟိုက်နှင့်အထက်)
- တက်ခြင်း
- သတိလစ်ခြင်း၊ စိတ်အာရုံထွေပြားခြင်း
- အရေပြားနှင့် မျက်လုံး ဝါခြင်း
- အလွန်အမင်း ရေငတ်ခြင်း၊ ဆီးသွားနည်းခြင်း၊ ကိုယ်လက်နုံးချိခြင်းနှင့် နှလုံးခုန်မြန်ခြင်းစသည့် ရေဓာတ်အလွန်ဆုံးရှုံးသည့် လက္ခဏာများ ရှိခြင်း
ရောဂါရှာဖွေခြင်း
ကပ်ပါးပိုးများကြောင့်ဖြစ်သော ရောဂါများကို ရှာဖွေအတည်ပြုရန် ကပ်ပါးပိုးကောင်များ သို့မဟုတ် ၎င်းတို့၏ သားလောင်းများ၊ ဥများကို ကိုယ်ခန္ဓာတစ်ရှူးများနှင့် အရည်များတွင် ရှာဖွေနိုင်သည်။ ကပ်ပါးပိုးများကို ရှာဖွေစစ်ဆေးရန် လူတို့၏ မစင်၊ သွေး၊ သလိပ်၊ အရေပြားနှင့် အခြားတစ်ရှူးများ၊ ကျောရိုးခါးဆစ်ကြားမှ စီအက်စ်အက်ဖ် – CSF စသည်တို့တွင် စစ်ဆေးနိုင်သည်။ လိုအပ်ပါက ပုံရိပ်ဖော်စစ်ဆေးခြင်း (ဥပမာ_ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်၊ သံလိုက်ဓာတ်မှန်များ ရိုက်ခြင်း) တို့ကို ပြုလုပ်မည်ဖြစ်သည်။ အခြားပိုးများကြောင့်ဖြစ်သော ရောဂါများနှင့် ခွဲခြားနိုင်ရန် လိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်ပေးမည်ဖြစ်သည်။
ကုသခြင်း
ကပ်ပါးပိုးကြောင့်ဖြစ်သော ရောဂါများကို ကုသခြင်းတွင် အဓိကအားဖြင့် ကပ်ပါးပိုးတိုက်ဖျက်သော ဆေးဝါးများ (Anti-parasitic medications) ဖြင့် ကုသသည်။ တစ်ခါတစ်ရံ ယှဥ်တွဲ၍ ဖြစ်ပေါ်တတ်သော ဘက်တီးရီးယားပိုးဝင်ခြင်းနှင့် မှိုပိုးဝင်ခြင်းတို့အတွက် ပဋိဇီဝပိုးသတ်ဆေးများနှင့် မှိုပိုးသတ်ဆေးများနှင့် တွဲ၍ပေးလေ့ရှိသည်။
ကပ်ပါးပိုးသတ်ဆေးများကို လိမ်းဆေး၊ သောက်ဆေးရည်နှင့် သွေးကြောထဲသွင်းရသော ဆေးရည်ပုံစံများဖြင့် ပေးနိုင်သည်။ ဖြစ်ပွားသော ကပ်ပါးပိုးအမျိုးအစားနှင့် ပြင်းထန်မှုပေါ် မူတည်၍ သင့်တော်သောဆေးဝါးများကို ဆရာဝန်မှ ရွေးချယ်ညွှန်ကြားမည်ဖြစ်သည်။ တစ်ခါတစ်ရံ ရောဂါကုသရန် အချိန်ကြာမြင့်ခြင်းနှင့် ရောဂါပျောက်ကင်းပြီးနောက် တစ်ဖန်ပြန်လည်ဖြစ်ပွားနိုင်ခြင်းကြောင့် ကုသမှုကြာမြင့်ချိန်များ ကွာခြားနိုင်သည်။
ကာကွယ်ခြင်း
ကပ်ပါးပိုးကူးစက်မှုကို လျှော့ချနိုင်ရန် ကိုယ်ရေးသန့်ရှင်းမှု၊ အစားအသောက်နှင့် သောက်သုံးရေသန့်ရှင်းမှု၊ ပိုးမွှားကာကွယ်ရေးနှင့် လုံခြုံသော နေထိုင်မှုပုံစံတို့ကို စနစ်တကျ လိုက်နာရန် အရေးကြီးသည်။
- အစားအစာ မပြင်ဆင်မီ၊ အစာမစားမီ၊ အိမ်သာအသုံးပြုပြီးနောက်နှင့် ကလေးအညစ်အကြေး ဒိုင်ပါ လဲလှယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် စနစ်တကျ ဆေးကြောပါ
- ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်တွင် ရေကူးကန်၊ ရေအိုင်နှင့် စမ်းချောင်းများတွင် ရေမကူးသင့်ပါ
- သန့်ရှင်းစိတ်ချရသောရေကိုသာ သောက်သုံးပြီး မသေချာသောရေကို ကြိုချက်သောက်ခြင်း သို့မဟုတ် သင့်လျော်စွာ သန့်စင်ပြီးမှ အသုံးပြုပါ
- အသား၊ ငါး၊ ပင်လယ်စာနှင့် အခြားအစားအစာများကို ကျက်အောင်ချက်ပြုတ်စားသုံးပါ၊ အသားစိမ်းနှင့် ချက်ပြီးသားအစားအစာများကို သီးခြားထား၍ သင့်လျော်သောအပူချိန်တွင် စနစ်တကျ သိုလှောင်ပါ
- အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို မစားသုံးမီ သန့်ရှင်းသောရေဖြင့် သေချာဆေးကြောပြီး လိုအပ်ပါက အခွံခွာ၍ စားသုံးပါ
- မြေကြီးအတွင်းရှိ ကပ်ပါးပိုးသားလောင်းများ အရေပြားမှတစ်ဆင့် ဝင်ရောက်ခြင်းကို ကာကွယ်ရန် အပြင်ထွက်ချိန်တွင် ဖိနပ်စီးပါ
- ခြင်၊ မှက်၊ လှေးနှင့် အခြားပိုးမွှားများ မကိုက်စေရန် ကိုယ်ခန္ဓာကို ဖုံးအုပ်နိုင်သော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ ပိုးမွှားကာကွယ်ဆေး လိမ်းခြင်းနှင့် ခြင်ထောင်ဖြင့် အိပ်ခြင်းတို့ကို လိုက်နာပါ
- အိမ်မွေးတိရစ္ဆာန်များကို တိရစ္ဆာန်ဆရာဝန်နှင့် ပုံမှန်ပြသ၍ သန်ချဆေးနှင့် လိုအပ်သော ကာကွယ်ကုသမှုများ ပြုလုပ်ပေးပါ၊ တိရစ္ဆာန်မစင်များကို လက်အိတ်အသုံးပြု၍ စနစ်တကျ စွန့်ပစ်ပြီးနောက် လက်ကို သေချာဆေးကြောပါ
- မျက်ကပ်မှန်များကို သန့်ရှင်းသော လက်ဖြင့်သာ ကိုင်တွယ်ပြီး ရေကန်၊ ရေချိုးခန်း သို့မဟုတ် ရေစီးရေကန်များတွင် မျက်ကပ်မှန်တပ်ထားခြင်းကို ရှောင်ကြဉ်ပါ
- လိင်မှတစ်ဆင့် ကူးစက်နိုင်သော ကပ်ပါးပိုးများမှ ကာကွယ်ရန် လိင်ဆက်ဆံစဉ် ကွန်ဒုံးကို စနစ်တကျ မှန်ကန်စွာ အသုံးပြုပါ
- ခရီးသွားမည့်ဒေသတွင် အဖြစ်များသော ကပ်ပါးရောဂါများနှင့် လိုအပ်သော ကာကွယ်ရေးနည်းလမ်းများကို ကြိုတင်လေ့လာပါ၊ လိုအပ်ပါက ခရီးမထွက်မီ ဆရာဝန်နှင့် တိုင်ပင်၍ ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် ရောဂါကာကွယ်ဆေးဝါးများ သောက်သုံးခြင်းကို ဆောင်ရွက်ပါ
References:
- Centers for Disease Control and Prevention. (n.d.). DPDx: Laboratory identification of parasites of public health concern (A–Z index). Retrieved July 10, 2026, from https://www.cdc.gov/dpdx/az.html
- Cleveland Clinic. (n.d.). Parasitic infections. Retrieved July 10, 2026, from https://my.clevelandclinic.org/health/diseases/24885-parasitic-infection
- Encyclopaedia Britannica. (n.d.). List of parasitic diseases. Retrieved July 10, 2026, from https://www.britannica.com/topic/list-of-parasitic-diseases-2030746
- MSD Manuals Professional Edition. (n.d.). Approach to parasitic infections. Retrieved July 10, 2026, from https://www.msdmanuals.com/professional/infectious-diseases/approach-to-parasitic-infections
Published: 27 August 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.