အမိုင်လွိုက်ဒိုးဆစ်ရောဂါ (Amyloidosis) ဆိုသည်မှာ အမိုင်းလွိုက် (Amyloid) ဟုခေါ်သော ပရိုတင်းများ ကိုယ်တွင်းအင်္ဂါများတွင် စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရှားပါးရောဂါတစ်မျိုး ဖြစ်သည်။ ထိုအမိုင်းလွိုက် ပရိုတင်းများသည် နှလုံး၊ ကျောက်ကပ်၊ အသည်း၊ ဘေလုံး၊ အာရုံကြောစနစ်၊ တစ်ရှူးများ၊ ကြွက်သားများနှင့် အစာခြေလမ်းကြောင်းအစရှိသည့် ကိုယ်တွင်းအင်္ဂါများတွင် စုပုံလာသောအခါ ၎င်းတို့၏ လုပ်ငန်းဆောင်တာ များကို ထိခိုက်စေနိုင်သည်။ အမိုင်လွိုက်ဒိုးဆစ်ရောဂါ အမျိုးအစားများစွာရှိပြီး အချို့မှာ အခြားရောဂါများနှင့် တွဲ၍ဖြစ်ပေါ်တတ်၍ ကုသမှုခံယူပါက သက်သာလာနိုင်သော်လည်း အခြားသောအမျိုးအစားများမှာမူ အသက်အန္တရာယ်စိုးရိမ်ရသည်အထိ ပြင်းထန်သော ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
ဖြစ်ပေါ်ရသောအကြောင်းရင်းများ
အမိုင်လွိုင်ဒိုးဆစ်ရောဂါသည် ခန္ဓာကိုယ်အတွင်းရှိ ပရိုတင်းဓာတ်များ ပုံသဏ္ဌာန်ပျက်ယွင်းပြီး စေးကပ်လာရာမှ ဖြစ်ပွားတတ်သော ရောဂါဖြစ်သည်။ ထိုပရိုတင်းများသည် ကိုယ်တွင်းအင်္ဂါများနှင့် တစ်ရှူးများတွင် အခဲများ သို့မဟုတ် အမျှင်ငယ်လေးများအဖြစ် သွားရောက်တွယ်ကပ်ကြသည်။ ခန္ဓာကိုယ်မှ အလွယ်တကူ ခြေဖျက်နိုင်သော သပ်ရပ်သည့် ကွင်းဆက်ရှည်များဖြစ်မလာဘဲ အမျှင်ငယ်များသည် ကိုယ်တွင်းအင်္ဂါများတွင် စုပုံလာပြီး ဝေဒနာဖြစ်ပေါ်စေသောကြောင့် ပရိုတင်းပုံသဏ္ဌာန် ပျက်ယွင်းသည့်ရောဂါ (Protein misfolding disorder) ဟု ခေါ်ဆိုကြသည်။
အမိုင်လွိုက်ဒိုးဆစ်ရောဂါ အမျိုးအစား အမျိုးမျိုးရှိကြသည်။ အချို့မှာ မျိုးရိုးလိုက်၍ ဖြစ်ပေါ်တတ်ပြီး အခြားသောအမျိုးအစားများမှာမူ ခန္ဓာကိုယ်တွင်းရောင်ရမ်းသည့် ရောဂါများ သို့မဟုတ် ကာလရှည် ကျောက်ကပ်ဆေးရခြင်း (Dialysis) ကဲ့သို့သော ပြင်ပအကြောင်းရင်းများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ အမျိုးအစားအများစုသည် ကိုယ်တွင်းအင်္ဂါအများအပြားကို ထိခိုက်စေတတ်ပြီး အချို့အမျိုးအစားများမှာမူ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်းကိုသာ ထိခိုက်စေတတ်သည်။
အမိုင်လွိုက်ဒိုးဆစ်ရောဂါ အမျိုးအစားများ
- AL အမိုင်လွိုက်ဒိုးဆစ်
- ပုံမှန်မဟုတ်သော အင်မြူနိုဂလိုဗျူလင် ပရိုတင်းများကြောင့် ဖြစ်ပေါ်လာပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အဖြစ်အများဆုံး အမိုင်လွိုက်ဒိုးဆစ်ရောဂါအမျိုးအစားများထဲမှ တစ်ခုဖြစ်သည်
- ၄င်းသည် နှလုံး၊ ကျောက်ကပ်၊ အသည်းနှင့် အာရုံကြောများကို အများဆုံး ထိခိုက်စေနိုင်သည်
- ထို့အပြင် သွေးကင်ဆာတစ်မျိုးဖြစ်သော ပလပ်စ်မာဆဲလ်ကင်ဆာ သို့မဟုတ် အခြားသော သွေးရောဂါများနှင့်လည်း ဆက်စပ်မှုရှိနိုင်သည်
- AA အမိုင်လွိုက်ဒိုးဆစ်
- အမိုင်လွိုက် A ပရိုတင်းအပိုင်းအစများ ကိုယ်တွင်းအင်္ဂါများတွင် စုပုံလာသောကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်
- ၄င်းသည် နာတာရှည်ရောင်ရမ်းမှုကို ဖြစ်ပေါ်စေသော ရောဂါများ (ဥပမာ – ရူမတွိုက် အဆစ်ရောင်ရောဂါ (Rheumatoid arthritis)၊ နာတာရှည်အူရောင်ရမ်းနာရောဂါများ) နှင့် နာတာရှည်ပိုးဝင်ခြင်း အစရှိသော အခြေအနေများတွင် ဖြစ်ပေါ်နိုင်သည်
- အများဆုံးထိခိုက်သော ကိုယ်တွင်းအင်္ဂါများမှာ ကျောက်ကပ်၊ အသည်းနှင့် ဘေလုံးတို့ဖြစ်ကြသည်
- ATTR အမိုင်လွိုက်ဒိုးဆစ်
အသည်းမှ ပုံမှန်မဟုတ်သော transthyretin ပရိုတင်းများကို ထုတ်လုပ်ပြီး ထိုပရိုတင်းများ နှလုံးနှင့် အာရုံကြောများတွင် စုပုံလာသောကြောင့်ဖြစ်သည်- မျိုးရိုးလိုက်၍ ဖြစ်သော ATTR အမိုင်လွိုက်ဒိုးဆစ်ရောဂါ (Hereditary ATTR amyloidosis)
- အာရုံကြော၊ နှလုံးနှင့် ကျောက်ကပ်တို့ကို အဓိကထိခိုက်စေနိုင်သည်
- အသက်အရွယ်ကြီးသူများတွင် ဖြစ်သော ATTR အမိုင်လွိုက်ဒိုးဆစ်ရောဂါ (Wild-type/Senile ATTR amyloidosis)
- အသက် (၆၀) အထက်အမျိုးသားများတွင် ဖြစ်ပွားလေ့ရှိပြီး နှလုံးကို အဓိကထိခိုက်စေတတ်သည်။ လက်ကောက်ဝတ်၌ အာရုံကြောပိခြင်း (Carpal tunnel syndrome) ကိုလည်း ဖြစ်ပေါ်စေနိုင်သည်
- မျိုးရိုးလိုက်၍ ဖြစ်သော ATTR အမိုင်လွိုက်ဒိုးဆစ်ရောဂါ (Hereditary ATTR amyloidosis)
- တစ်နေရာတည်းတွင် ဖြစ်သော အမိုင်လွိုင်ဒိုးဆစ်ရောဂါ
ဤအမျိုးအစားသည် ကိုယ်တွင်းအင်္ဂါအများအပြားကို ထိခိုက်စေနိုင်သော အမျိုးအစားများထက် ပို၍ ရောဂါရလဒ်ခန့်မှန်းချက် ကောင်းမွန်သည်။ အဓိကဖြစ်ပေါ်လေ့ရှိသော နေရာများမှာ ဆီးအိမ်၊ အရေပြား၊ လည်ပင်း သို့မဟုတ် အဆုတ်တို့တွင်ဖြစ်သည်။ ရှားပါးသောအမျိုးအစားဖြစ်သည့်အတွက် ထိရောက်သောကုသမှု ရရှိနိုင်ရန် ရောဂါကို မှန်ကန်စွာ ရှာဖွေအတည်ပြုနိုင်ရေးသည် အလွန်အရေးကြီးသည်။
ဖြစ်နိုင်ခြေများသော အခြေအနေများ
အောက်ဖော်ပြပါအခြေအနေများတွင် အမိုင်လွိုက်ဒိုးဆစ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။
- အသက်အရွယ် – အသက် (၅၀) အထက်တွင် အများဆုံးတွေ့ရသည်
- အမျိုးသားများ
- နာတာရှည် ပိုးဝင်ခြင်း သို့မဟုတ် ရောင်ရမ်းစေသော ရောဂါများ ရှိခြင်း
- မိသားစုမျိုးရိုးတွင် ရောဂါရာဇဝင်ရှိခြင်း
- အာဖရိကလူမျိုးများ
- ကျောက်ကပ်ဆေးခြင်း
- ကျောက်ကပ်ဆေးခြင်းသည် ကြီးမားသော ပရိုတင်းများကို သွေးထဲမှ အမြဲတစေ မဖယ်ရှားပေးနိုင်ပါ၊ အကယ်၍ ကျောက်ကပ်ဆေးနေရသူဖြစ်ပါက အချို့သော ပရိုတင်းများသည် သွေးထဲတွင်စုပုံလာပြီး နောက်ဆုံးတွင် တစ်ရှူးများ၌ စုပုံလာခြင်းဖြစ်သည်၊ သို့သော် ယခုခေတ်ပေါ် ကျောက်ကပ်ဆေးသည့် နည်းစနစ်များကြောင့် ဖြစ်ပွားမှုနှုန်း နည်းပါးသွားပြီဖြစ်သည်။
ရောဂါလက္ခဏာများ
အမိုင်လွိုက်ဒိုးဆစ်ရောဂါ ရင့်လာသည့်အချိန်မှသာ ရောဂါလက္ခဏာများ စတင်ခံစားရခြင်း ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများသည် ထိခိုက်သော ကိုယ်တွင်းအင်္ဂါများအပေါ်တွင် မူတည်၍ အမျိုးမျိုးကွဲပြားနိုင်သည်။
အဖြစ်များသော ရောဂါလက္ခဏာများမှာ_
- အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်းနှင့် အားနည်းခြင်း
- မောခြင်း၊ အသက်ရှူမဝခြင်း
- ခြေထောက်နှင့် လက်များတွင် ထုံခြင်း၊ ကျဥ်ခြင်း သို့မဟုတ် နာကျင်ခြင်း
- ခြေထောက်နှင့် ခြေကျင်းဝတ် ရောင်ရမ်းခြင်း တို့ဖြစ်ကြသည်။
အခြားသော ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများမှာ_
- မူးဝေခြင်း
- သွေးပေါင်ချိန်ကျခြင်း
- ဝမ်းသွားခြင်း (သွေးဝမ်းသွားခြင်း)
- ဝမ်းချုပ်ခြင်း
- ပျို့အန်ခြင်းနှင့် အစားအသောက်ပျက်ခြင်း
- ကိုယ်အလေးချိန်ကျဆင်းခြင်း
- လျှာကြီးလာခြင်း
- အရေပြားတွင် ပြောင်းလဲမှုများဖြစ်ပေါ်ခြင်း (ဥပမာ – အရေပြားပါးခြင်း၊ သွေးခြေဥလွယ်ခြင်း၊ မျက်လုံးတစ်ဝိုက် အမည်းကွက်များ သို့မဟုတ် ခရမ်းရောင်အကွက်များ ဖြစ်ပေါ်ခြင်း) တို့ဖြစ်ကြသည်။
နောက်ဆက်တွဲပြဿနာများ
အမိုင်လွိုက်ဒိုးဆစ်ရောဂါသည် အောက်ဖော်ပြပါ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။
- နှလုံးကိုထိခိုက်ခြင်း
အမိုင်လွိုက်ပရိုတင်းများ စုပုံလာခြင်းသည် နှလုံးခုန်နှုန်းတစ်ခုနှင့် တစ်ခုကြား နှလုံးထဲသို့ သွေးဖြည့်တင်းနိုင်စွမ်းကို လျော့ကျစေသည်။ ထို့ကြောင့် နှလုံးတစ်ချက်ခုန်တိုင်း ညှစ်ထုတ်ပေးသည့် သွေးပမာဏ လျော့နည်းသွားကာ မောပန်းခြင်းနှင့် အသက်ရှူမဝခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ အမိုင်လွိုက်ဒိုးဆစ်ရောဂါသည် နှလုံး၏ လျှပ်စစ်စီးဆင်းမှုစနစ်ကို ထိခိုက်ပါက နှလုံးခုန်နှုန်းမမှန်သည့် ပြဿနာများ ဖြစ်ပွားစေနိုင်သည်။ အမိုင်လွိုက်ဒိုးဆစ်ကြောင့်ဖြစ်သော နှလုံးပြဿနာများသည် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေအထိ ပြင်းထန်နိုင်သည်။ - ကျောက်ကပ်ထိခိုက်ခြင်း
အမိုင်လွိုက်ပရိုတင်းများသည် ကျောက်ကပ်၏ စစ်ထုတ်မှုစနစ်ကို ပျက်စီးစေနိုင်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်သည့် ကျောက်ကပ်၏စွမ်းဆောင်ရည်ကို ထိခိုက်စေသည်။ ထိုမှတစ်ဆင့် နောက်ဆုံးတွင် ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်သည်။ - အာရုံကြောစနစ်ထိခိုက်ခြင်း
အာရုံကြောများ ထိခိုက်ပျက်စီးခြင်းသည် လက်ချောင်းများနှင့် ခြေထောက်များတွင် ထုံခြင်း၊ ကျဥ်ခြင်း၊ နာကျင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ အမိုင်လွိုက်ပရိုတင်းများသည် အူလမ်းကြောင်းလုပ်ဆောင်ချက် ထိန်းချုပ်သည့် အာရုံကြောများကို ထိခိုက်ပါက ဝမ်းချုပ်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကို တစ်လှည့်စီ ဖြစ်ပွားစေတတ်သည်။ သွေးပေါင်ချိန်ကို ထိန်းချုပ်ပေးသည့် အာရုံကြောများကို ထိခိုက်ပါက အလွန်မြန်မြန် ထရပ်လိုက်သည့်အခါမျိုးတွင် မူးဝေခြင်း သို့မဟုတ် သတိလစ်ခြင်းတို့ကို ခံစားရစေနိုင်သည်။
ဆေးရုံ၊ ဆေးခန်းပြသရန်
အထက်တွင်ဖော်ပြခဲ့သော အမိုင်လွိုက်ဒိုးဆစ်ရောဂါနှင့် ပတ်သတ်သည့် ရောဂါလက္ခဏာများကို ခံစားရပါက မိသားစုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေး၍ ကုသမှုခံယူရန် လိုအပ်သည်။ လိုအပ်လျှင် အထူးကုဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်၍ ရောဂါရှာဖွေကုသမှု ခံယူခြင်းများ ပြုလုပ်နိုင်သည်။
ရောဂါရှာဖွေခြင်း
အမိုင်လွိုက်ဒိုးဆစ်ရောဂါ၏ လက္ခဏာများသည် ပိုမိုအဖြစ်များသော အခြားရောဂါဝေဒနာများ၏ လက္ခဏာများနှင့် ဆင်တူနေတတ်သောကြောင့် သတိမမူမိဘဲ ရှိနေတတ်သည်။ ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ခြင်းသည် ကိုယ်တွင်းအင်္ဂါများ ထပ်မံပျက်စီးခြင်းမှ ကာကွယ်ရန် ကူညီပေးနိုင်သည်။ အမိုင်လွိုက်ဒိုးဆစ်ရောဂါ အမျိုးအစားများကို အတိအကျသိရှိမှသာ ရောဂါအခြေအနေပေါ်မူတည်၍ ကုသမှုပုံစံ များစွာကွာခြားမှု ရှိနိုင်သည်။ ရောဂါရှာဖွေနိုင်ရန် လိုအပ်သောစစ်ဆေးမှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အသားစယူစစ်ဆေးခြင်း (Biopsy)
- ဝမ်းဗိုက်၏ အရေးပြားအောက်ရှိ အဆီ သို့မဟုတ် ရိုးတွင်းခြင်ဆီမှ အသားစယူစစ်ဆေးခြင်းဖြင့် အမိုင်လွိုက်ဒိုးဆစ်ရောဂါကို ရှာဖွေတွေ့ရှိနိုင်သည်၊ အချို့သူများတွင် ရောဂါဒဏ်ခံနေရသည့် အသည်း သို့မဟုတ် ကျောက်ကပ် အစရှိသော ကိုယ်တွင်းအင်္ဂါများမှ အသားစယူစစ်ဆေးရန် လိုအပ်နိုင်သည်၊ ထိုတစ်ရှူးစများတွင် မည်သည့်အမိုင်းလွိုက်အမျိုးအစား ပါဝင်နေသည်ကို သိရှိနိုင်ရန် စစ်ဆေးကြည့်နိုင်သည်။
- အမိုင်လွိုက်ဒိုးဆစ်ရောဂါ ဖြစ်စေသော ပရိုတင်းကို သွေးနှင့် ဆီးထဲတွင် ဓာတ်ခွဲစစ်ဆေးခြင်း (Plasma protein electrophoresis and urine protein electrophoresis)
- ကိုယ်တွင်းအင်္ဂါများ ပါဝင်မှုကို စစ်ဆေးခြင်း
- ကျောက်ကပ် – ဆီးစစ်ဆေးခြင်း၊ သွေးတွင်း ကျောက်ကပ်လုပ်ငန်းစွမ်းဆောင်ရည် စစ်ဆေးခြင်း (renal function test)
- အသည်း – သွေးတွင်း အသည်းလုပ်ငန်းစွမ်းဆောင်ရည် စစ်ဆေးခြင်း (liver function test)
- အဆုတ် – ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း၊ အဆုတ်လုပ်ငန်းစစ်ဆေးခြင်း (Pulmonary Function test)
- နှလုံး – နှလုံး အီးစီဂျီဆွဲခြင်း၊ သွေးတွင်း BNP သို့မဟုတ် NT-pro-BNP နှင့် troponinတို့ကို စစ်ဆေးခြင်း
- ပုံရိပ်ဖော်စစ်ဆေးခြင်း
- အသံလှိုင်းသုံး နှလုံးပုံရိပ်ဖော်စက်ဖြင့် စစ်ဆေးခြင်း (Echocardiogram)
- သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI)
- အဏုမြူရောင်ခြည်ဖြင့် ပုံရိပ်ဖော်စစ်ဆေးခြင်း (Nuclear imaging)
- မျိုးဗီဇ စစ်ဆေးခြင်း
ကုသခြင်း
အမိုင်လွိုက်ဒိုးဆစ်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးသော်လည်း ဆေးကုသမှုခံယူခြင်းဖြင့် အမိုင်းလွိုက်ပရိုတင်း ထုတ်လုပ်ခြင်းကို လျော့နည်းအောင် သို့မဟုတ် ရပ်တန့်အောင် ကူညီပေးနိုင်သည်။ ကုသမှုသည် ရောဂါလက္ခဏာများကို သက်သာကောင်းမွန်နိုင်စေပြီး နေထိုင်ရမည့်သက်တမ်းလည်း ရှည်ကြာလာနိုင်ခြေရှိသည်။ အကယ်၍ အမိုင်လွိုက်ဒိုးဆစ်ရောဂါသည် ရူးမတွိုက်အဆစ်ရောင်ရောဂါ သို့မဟုတ် တီဘီရောဂါကဲ့သို့သော အခြေခံအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်ပါက ထိုအခံရောဂါကို ကုသခြင်းသည် များစွာအထောက်အကူပြုသည်။
- ဆေးဝါးများဖြင့် ကုသခြင်း
- ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
အချို့သော ကင်ဆာဆေးဝါးများကို AL အမိုင်လွိုက်ဒိုးဆစ်ရောဂါအမျိုးအစားတွင် အမိုင်းရွိုက်ပရိုတင်းထုတ်လုပ်သော ဆဲလ်များ၏ ကြီးထွားမှုကို ရပ်တန့်စေရန် အသုံးပြုနိုင်သည်။ - ATTR ကုထုံးများ (ATTR therapies)
ဤကုထုံးသည် အသည်းတွင် transthyretin (TTR) ပရိုတင်းထုတ်လုပ်မှုကို တားဆီးပေးပြီး အမိုင်းလွိုက်ပရိုတင်းစုပုံမှုကို ကာကွယ်ပေးသည်။ နှလုံးတွင် အမိုင်းလွိုက်ပရိုတင်း စုပုံလာခြင်းကိုလည်း နှေးကွေးသွားစေသဖြင့် ရောဂါလက္ခဏာများ သက်သာစေသည့်အပြင် ဘဝသက်တမ်းကိုလည်း ပိုကြာရှည်စေနိုင်သည် - နှလုံးအတွက် ဆေးဝါးများ
- နှလုံးထိခိုက်ခံရပါက သွေးခဲများဖြစ်ပေါ်နိုင်ခြေ လျော့နည်းစေရေး သွေးမခဲဆေးများ အသုံးပြုရန် လိုအပ်နိုင်သည်။ ထို့အပြင် နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးသော ဆေးဝါးများ၊ နှလုံးနှင့် ကျောက်ကပ်အပေါ် သက်ရောက်နေသော ဖိစီးမှုများကို လျော့ကျနိုင်စေရန် ဆီးဆေးများလည်း လိုအပ်နိုင်သည်။
- ကင်ဆာဆေးသွင်းကုသခြင်း (Chemotherapy)
- အခြားသောကုသမှုနည်းလမ်းများ
- ကိုယ်ပိုင်သွေးပင်မဆဲလ် အစားထိုးကုသခြင်း (Autologous Blood Stem Cell Transplant)
သွေးတွင်း ပင်မဆဲလ်များကို သွေးပြန်ကြောမှတစ်ဆင့် စုဆောင်းပြီးနောက် ကင်ဆာဆေးသွင်းကုသမှု ခံယူနေစဥ်အတွင်း ၄င်းတို့ကို အချိန်တိုတစ်ခုအထိ သိမ်းဆည်းထားသည်။ ထို့နောက် အဆိုပါပင်မဆဲလ်များကို သွေးပြန်ကြောမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်သွင်းပေးသည်။ ဤကုသမှုသည် ရောဂါအခြေအနေ အလွန်မပြင်းထန်သေးသည့်အပြင် နှလုံးကိုလည်း အလွန်အမင်းထိခိုက်ခြင်း မရှိသေးသော AL အမိုင်လွိုက်ဒိုးဆစ် ရောဂါဝေဒနာရှင်များအတွက် အသင့်တော်ဆုံးဖြစ်သည်။ - ကိုယ်တွင်းအင်္ဂါများ အစားထိုးကုသခြင်း (Organ transplant)
အကယ်၍ အမိုင်းလွိုက်များစုပုံမှုကြောင့် နှလုံး သို့မဟုတ် ကျောက်ကပ်များ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားပါက အဆိုပါကိုယ်တွင်းအင်္ဂါများကို အစားထိုးလဲလှယ်ရန် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်နိုင်သည်။ အချို့သော အမိုင်းလွိုက်အမျိုးအစားများသည် အသည်းထဲတွင် စုပုံ ဖြစ်ပေါ်တတ်သောကြောင့် အသည်းအစားထိုးကုသမှုခံယူခြင်းဖြင့် ထိုပရိုတင်းများ ထုတ်လုပ်မှုကို ရပ်တန့်စေနိုင်သည်။
- ကိုယ်ပိုင်သွေးပင်မဆဲလ် အစားထိုးကုသခြင်း (Autologous Blood Stem Cell Transplant)
ကာကွယ်ခြင်း
မျိုးရိုးလိုက်၍ဖြစ်ပေါ်သော အမိုင်လွိုက်ဒိုးဆစ်ရောဂါများကို ကာကွယ်၍ မရသော်လည်း နာတာရှည် ရောင်ရမ်းစေသောရောဂါများကြောင့် ဖြစ်ပေါ်သော အမိုင်လွိုက်ဒိုးဆစ်ရောဂါများအတွက် နောက်ခံရောဂါများကို ကောင်းမွန်စွာ ကုသမှုခံယူပြီး ထိန်းချုပ်နိုင်ပါက အမိုင်လွိုက်ဒိုးဆစ်ရောဂါဖြစ်နိုင်ခြေ နည်းပါးသွားမည်ဖြစ်သည်။
References:
- Cleveland Clinic. (n.d.). Amyloidosis. Retrieved June 29, 2026, from https://my.clevelandclinic.org/health/diseases/23398-amyloidosis
- Harvard Health Publishing. (n.d.). Amyloidosis. Retrieved June 29, 2026, from https://www.health.harvard.edu/diseases-and-conditions/amyloidosis-a-to-z
- Mayo Clinic. (n.d.). Amyloidosis: Symptoms and causes. Retrieved June 29, 2026, from https://www.mayoclinic.org/diseases-conditions/amyloidosis/symptoms-causes/syc-20353178
- MSD Manuals Professional Edition. (n.d.). Amyloidosis. Retrieved June 29, 2026, from https://www.msdmanuals.com/professional/hematology-and-oncology/amyloidosis/amyloidosis#Prognosis_v991489
Published: 24 July 2026
Share
Category
Terms of use:
ဤအချက်အလက်များသည် ကျန်းမာရေးပညာပေးရည်ရွယ်ချက်ဖြင့်သာ ဖော်ပြထားခြင်းဖြစ်သောကြောင့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ၏ ရောဂါရှာဖွေခြင်း၊ ကုထုံး၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းများအား အစားထိုးရန် မသင့်ပါ။ မည်သည့်ဆေးဝါးကိုမဆို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်သည်။
သင်၏ကျန်းမာရေးပြဿနာများနှင့် ပတ်သက်၍ လိုအပ်ပါက သင့်မိသားစုဆရာဝန် သို့မဟုတ် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်းများ၏ အကြံဉာဏ်ကိုသာ ရယူသင့်ပါသည်။
Copyrights : All content appearing on “ကျန်းမာသုတ”which is owned and operated by CLL HEALTH, is protected by copyright and may not be reused or reproduced without explicit permission.